ကိုယ်ပွား တာအိုအရ ကိုယ်ပွား ခန္ဓာကိုယ်များ အားလုံးမှာ တစ်သားတည်း ဖြစ်ကြ၏။ သို့ဖြစ်ရာ ဂျူနီယာ ညီမလေး နှစ်ယောက်လုံး မည်သို့များ ငြင်းခုန်နိုင်ကြမည်နည်း။
“အစ်ကိုကြီး... ကျွန်မတို့တွေ အများကြီး ဖြစ်နေတော့ အစ်ကိုကြီး အကျင့်မပါဘဲ နေမှာစိုးလို့ သရုပ်ဆောင်ပြနေတာပါ” အာကာသ ကိုယ်ပွား ဖြစ်သော လင်းလုံ နံပါတ်တစ်က သူ့ဘယ်ဘက် လက်မောင်းကို ဖက်တွယ်ရင်း ပြောလာသည်။
“အစ်ကိုကြီး ဒေါသမထွက်ဘူး မဟုတ်လား” တစ်ချိန်တည်းမှာပင် ဓာတ်ကြီးငါးပါး လင်းလုံကလည်း သူ့ညာဘက် လက်မောင်းအား ဖက်တွယ် လှုပ်ယမ်းရင်း ဆို၏။
“နည်းနည်းတော့ အနေခက်သလိုပဲ” ကျန်းမင် ခေါင်းကုတ်ချင်စိတ် ပေါ်လာသော်လည်း လက်နှစ်ဖက်လုံး မလှုပ်ရှားနိုင်ပေ။
“ကျွန်မ နောက်တစ်ယောက် ထပ်တိုးလာတော့ ပိုပြီး ပျော်ရမှာ မဟုတ်ဘူးလား” ဇီလင်းလုံ နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
“အင်း... ပျော်ပါတယ်” ကျန်းမင်က တစ်ယောက်ကို ကြည့်လိုက်၊ နောက်တစ်ယောက်ကို ကြည့်လိုက်နှင့်။
ဘယ်ဘက်က တစ်ယောက်၊ ညာဘက်က တစ်ယောက် ဖက်တွယ်ထားခံရသဖြင့် သူ နတ်ပြည်ရောက်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေပြီ။
ကြိမ်ကုလားထိုင်ပေါ် လဲလျောင်းနေချိန်တွင်ပင် သူ့ဘေးတစ်ဖက်တစ်ချက်စီ၌ တစ်ယောက်စီ ရှိနေဆဲပင်။ သို့သော် ထိုအခြေအနေက အနည်းငယ် ကျယ်ဝန်းသော ကုလားထိုင်ကို ကျဉ်းမြောင်းသွားစေသယောင်။
ကျန်းမင်က သူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကာကွယ်ရန် ချူယန် တောင်ထွတ် တစ်ဝိုက်တွင် ပါးလွှာသော မြူခိုးများ ဖုံးလွှမ်းစေလိုက်ရာ ပြင်ပလူများ အနေဖြင့် ထိုးဖောက် မြင်ကွင်း မရနိုင်တော့ချေ။ ဤသည်က ရှီယောင်နှင့် ချန်ရိမင်တို့ အတွင်း၌ ဘာတွေဖြစ်နေမှန်း မသိနိုင်အောင် တားဆီးပေးလိုက်ခြင်းပင်။
“အစ်ကိုကြီး... ဓာတ်ကြီးငါးပါး ကိုယ်ပွားက ပြီးပြည့်စုံသွားပြီ... ဒါကြောင့် ကျွန်မ တံခါးပိတ် ကျင့်ကြံဖို့ စဉ်းစားထားတယ်” အာကာသ ကိုယ်ပွားလေးက သူ့ကိုယ်ပေါ် လက်ညှိုးဖြင့် စက်ဝိုင်းများ ရေးဆွဲရင်း ပြောလာ၏။
“တံခါးပိတ် ကျင့်ကြံမလို့... တစ်ချိန်တည်းမှာ ကျင့်ကြံနေတဲ့ ပင်မခန္ဓာကိုယ်အပေါ်ကော ထိခိုက်မှု မရှိနိုင်ဘူးလား” ကျန်းမင်က စိုးရိမ်တကြီး မေးလိုက်သည်။
“မရှိပါဘူး... ကျွန်မတို့က နှလုံးသား တစ်ခုတည်းကို မျှဝေခံစားကြပေမဲ့ သီးခြား ရပ်တည်နေတဲ့ လူတွေလေ... ကျွန်မတို့ရဲ့ စိတ်ချင်း ဆက်သွယ်မှုက ခေတ္တ ပြတ်တောက်သွားနိုင်ပေမဲ့ နောက်မှ အတွေးတွေကို ပြန်ပြီး ပေါင်းစပ်လို့ ရတယ်... ဒါကြောင့် အစ်ကိုကြီး... ကျွန်မက အခု အသစ်စက်စက် ကျွန်မပဲ” အာကာသ ကိုယ်ပွားလေးက ဆွဲဆောင်မှု ရှိစွာ ပြန်ဖြေသည်။
“ဟားဟား... မင်းက ဘာလို့ ဒီလောက်မြန်မြန် တံခါးပိတ် ကျင့်ကြံချင်ရတာလဲ... ပင်မခန္ဓာကိုယ်ရဲ့ ကျင့်ကြံခြင်း အဆင့်က ကိုယ်ပွားတွေကို ကန့်သတ်ထားတယ်လို့ ကြားဖူးတယ်... အဲ့ဒါ တကယ်ပဲလား” ကျန်းမင်၏ ခန္ဓာကိုယ်ထဲတွင် အပူရှိန်များ တောက်လောင်လာပြီး ဆူပွက်နေသော သွေးများ ပေါက်ကွဲထွက်မလာအောင် မနည်း ထိန်းချုပ်ထားရရင်း ဆိုလိုက်၏။
“ဟုတ်တယ်... ကိုယ်ပွား တစ်ခုရဲ့ ကျင့်ကြံခြင်းက အများဆုံး ပင်မခန္ဓာကိုယ်နဲ့ တစ်အဆင့်တည်းပဲ ရှိနိုင်တာ... ပင်မခန္ဓာကိုယ်က တာအို မျိုးစေ့ အဆင့်မှာ ရှိနေရင် ကျွန်မလည်း တာအို မျိုးစေ့ အဆင့်ရဲ့ အထွတ်အထိပ်ထိပဲ ရောက်နိုင်မှာပေါ့... ဒါပေမဲ့ အခု ကျွန်မက ဖွဲ့စည်းထားတာ မကြာသေးတော့ ကျင့်ကြံခြင်း အဆင့်က အရမ်း နိမ့်နေသေးတယ်လေ... ပြီးတော့ ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်ဖို့လည်း အများကြီး လိုသေးတယ်... ဒါကြောင့် အမြန်ဆုံး တိုးတက်အောင် လုပ်ရမယ်... ပြီးရင် တာအိုကို နားလည် သဘောပေါက်နိုင်မလား ဆိုတာ ကြိုးစားကြည့်ရဦးမယ်”
“ဒါလည်း အဓိပ္ပာယ်ရှိတာပါပဲ... တာအိုကို နားလည်ဖို့လား... အဲ့ဒီအချိန်ကျရင် ငါ မင်းကို ကူညီပေးနိုင်လောက်တယ်”
“တကယ်လား”
“သေချာတာပေါ့”
“ဝမ်းသာလိုက်တာ... အစ်ကိုကြီး... ကျွန်မ တာအို မျိုးစေ့ အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ ကူညီပေးရမယ်နော်... ဒါပေမဲ့ ကျွန်မကို တာအို နားလည်အောင် ဘယ်လို နည်းလမ်းမျိုး သုံးပြီး ကူညီပေးမှာလဲ... ယင်ယန် ပေါင်းဖက်ခြင်း ကျင့်စဉ်ကို သုံးမယ်လို့တော့ မပြောနဲ့နော်”
“အင်း... ခပ်ဆင်ဆင်ပါပဲ”
“အစ်ကိုကြီး... ဒါကြောင့် အစ်ကိုကြီးက အရမ်းဆိုးလာတာ... လတ်တလော အတွေးလွန်နေတယ် မဟုတ်လား”
“ငါက ခပ်ဆင်ဆင်လို့ပဲ ပြောတာလေ... မင်းဘာသာ ညစ်ညမ်းတဲ့ အတွေးတွေ တွေးနေတာ”
“ဟီးဟီး... အစ်ကိုကြီး... ဘာလို့ ရင်တွေ အရမ်း ခုန်နေရတာလဲ”
“အဟမ်း... ဒါက ငါ့ဆီမှာ သက်ဝင်လှုပ်ရှားမှုတွေ ပြည့်နှက်နေတယ် ဆိုတာ သက်သေပြနေတာပဲ”
“အစ်ကိုကြီး... ကျွန်မ အခု သွားကျင့်ကြံပြီး တာအို မျိုးစေ့ အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင် ကြိုးစားလိုက်ဦးမယ်... အဲ့ဒီအခါကျမှ ကျွန်မ အပြင်ထွက်ပြီး ကံကောင်းမှုတွေ မရှာခင် ယင်ယန် ပေါင်းဖက်ခြင်း ကျင့်စဉ်ကို အတူတူ လေ့ကျင့်လို့ ရပြီပေါ့”
“မင်း အပြင်ထွက်ဖို့ စဉ်းစားထားလို့လား”
“ဟုတ်တယ်... ပင်မခန္ဓာကိုယ်ရဲ့ သွေးကြော အမွေအနှစ် ကနေတစ်ဆင့် ကြီးမားတဲ့ ကံကောင်းမှု တစ်ခုကို အာရုံခံမိတယ်... ကျွန်မ အထွတ်အထိပ်ကို ရောက်တာနဲ့ အဲ့ဒါကို သေချာပေါက် ဆုပ်ကိုင်ရမယ်... ပြီးရင်တော့ တောင်ပေါ်မှာပဲ ကျင့်ကြံပြီး အစ်ကိုကြီး အနားမှာပဲ နေတော့မယ်... အပြင်ကို ထပ်မထွက်တော့ဘူး”
“ကံကောင်းမှုတွေ ဟုတ်လား... ကိုယ်ပွားတွေနဲ့ဆိုတော့ သိပ်တော့ အန္တရာယ် မများလောက်ပါဘူး... ဒါပေမဲ့ တစ်ခုခု လိုအပ်ရင် ငါ့ကို အမြဲ ပြောဖို့ သတိရနော်... ငါ တောင်ပေါ်ကနေ အပြင်မထွက်ပေမဲ့ ငါ့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်” ကျန်းမင်က မှာကြားလိုက်သည်။
ထို့နောက် သူက တိတ်ဆိတ်နေသော ဓာတ်ကြီးငါးပါး လင်းလုံ၏ လက်လေးကို ရုတ်တရက် ဆွဲကိုင်၍... “မင်းက ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားနေတာလား”
“ကျွန်မ သက်ရှိတွေရဲ့ စည်းချက်၊ ဆူပွက်နေတဲ့ သွေးပူတွေနဲ့ ဒေါသတကြီး ဖြစ်နေတဲ့ အစွန်းရောက် ယန် စွမ်းအင်တွေကို ခံစားနေရတယ်... အစ်ကိုကြီးအတွက် အဲ့ဒါတွေကို ငြိမ်သက်သွားအောင် လုပ်ပေးနိုင်မလား ကြည့်ရအောင်” ဓာတ်ကြီးငါးပါး လင်းလုံက လေးနက်စွာ ဆို၏။
“ဟီးဟီး” အာကာသ လင်းလုံက ပါးစပ်ကိုအုပ်၍ တခစ်ခစ် ရယ်မောလိုက်သည်။
ကျန်းမင်က သူမကို ကောက်ကျစ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
ထို့နောက် အာကာသ လင်းလုံလေးလည်း ပျံသန်း ထွက်ခွာသွားပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်တော့သည်။
ထိုအချိန်တွင် ဓာတ်ကြီးငါးပါး လင်းလုံမှာမူ နောက်ချန်ရစ်ခဲ့ပြီး ကျန်းမင်နှင့်အတူ အဖော်ပြုနေခဲ့၏။
“ဘာစားချင်လဲ... ငါ ချက်ကျွေးမယ်”
“အစ်ကိုကြီး ချက်တာဆို အကုန် စားကောင်းလို့ ဘာဖြစ်ဖြစ် ရပါတယ်”
“ကောင်းပြီလေ”
ကျန်းမင် လေထဲသို့ ပျံတက်၍ မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားလေပြီ။
မကြာမီမှာပင် ခေါင်မိုးပေါ်သို့ ခေါက်ဆွဲ နှစ်ပန်းကန် ယူဆောင်လာခဲ့သည်။
သူတို့နှစ်ယောက် ကျောက်စားပွဲရှေ့တွင် ထိုင်ကာ တစ်ယောက် တစ်ပန်းကန်စီ အားပါးတရ စားသောက်ကြ၏။
“ကြက်ဥ ခေါက်ဆွဲ... ဂျုံခေါက်ဆွဲ၊ ကြက်သွန်မြိတ်၊ ဟင်းရည်ကြည်နဲ့ ကြက်ဥ တစ်လုံး... ပါဝင်ပစ္စည်းတွေက ရိုးရှင်းပေမဲ့ တကယ်ကို အရသာရှိတဲ့ ခေါက်ဆွဲ တစ်ပန်းကန် ဖြစ်လာတာပဲ” ဓာတ်ကြီးငါးပါး လင်းလုံက မြိန်ရေယှက်ရေ စားသောက်ရင်း ဆိုသည်။
ထိုအချိန်တွင် အလင်းတန်း တစ်ခု ပျံသန်းလာ၏။ ကျန်းမင် ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ပေါ်သို့ ကျဆင်းလာပြီး ဂူဟိုင်ထံမှ ပေးပို့လိုက်သော စာရွက်တစ်ရွက် အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပါဝင်သော အကြောင်းအရာမှာ ရိုးရှင်းလှသည်။ ဂူဟိုင်က ကျိုယန်ဂိုဏ်းအတွက် ဆက်လက် အလုပ်အကျွေးပြုကာ ဂိုဏ်း၏ ပိုင်နက်များကို ချဲ့ထွင်ခြင်း၊ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲခြင်းနှင့် ချင်းပြည်နယ် တစ်ခုလုံးကို စိုးမိုးနိုင်ရန် ကြိုးပမ်းရာတွင် ဂိုဏ်းအား ကူညီသွားမည် ဖြစ်ကြောင်း ရေးသားထား၏။
နောက်ထပ် ကိစ္စတစ်ခုမှာ ဂိုဏ်းချုပ်၏ တပည့်ကြီး ရှီမင်ကွမ်ဟိုင် လာရောက် နှောင့်ယှက်ပါက ဂိုဏ်းချုပ်၏ မျက်နှာကို ထောက်ထား၍ သူ့ ဂျူနီယာ ညီမလေးအား ပြင်းပြင်းထန်ထန် မရိုက်နှက်မိစေရန် ကျန်းမင်ကို တောင်းဆိုထားခြင်းပင်။
နောက်ဆုံး အချက်ကတော့ ဖိုဂိုဏ်းမှ တပည့်တစ်စု ချင်းပြည်နယ်သို့ ရောက်ရှိလာပြီး တာအိုဗုဒ္ဓတရားတော်များ ဟောကြားရန် ဂိုဏ်းထံမှ မြေနေရာ တစ်ခု တောင်းခံနေကြောင်း ဖြစ်ပေသည်။
ကျန်းမင်က ဓာတ်ကြီးငါးပါး လင်းလုံ လှမ်းကြည့်နေသည်ကို မြင်လျှင် စာရွက်ကို ကမ်းပေးလိုက်သည်။ သူ မရယ်ဘဲ မနေနိုင်တော့။ “မင်းက အခု အရမ်း စွမ်းလာတော့ အဘိုးကြီးက မင်းကို နည်းနည်း ကြောက်နေပြီ... သူ မင်းကို တစ်ခုခု ပြောချင်ရင်တောင် ငါ့ကနေတစ်ဆင့် သွားနေရတယ်”
ဓာတ်ကြီးငါးပါး လင်းလုံက နှုတ်ခမ်းဆူလိုက်ပြီး... “သူ ကြောက်တာ မဟုတ်ပါဘူး... ရှီမင်ကွမ်ဟိုင် အသက်ကို ချမ်းသာပေးဖို့ သူကိုယ်တိုင် ဝင်ဖျောင်းဖျထားပြီးတော့ ရှီမင်ကွမ်ဟိုင်သာ ကျွန်မကို ထပ်လာဆွရင် နောက်တစ်ကြိမ် ဖျောင်းဖျဖို့ မလွယ်တော့မှာကို သူ စိုးရိမ်နေတာ... အခု အစ်ကိုကြီးကနေ တစ်ဆင့် ပြောတော့ အနာဂတ်မှာ ပြဿနာ တစ်ခုခု ဖြစ်လာရင်တောင် ကျွန်မကို ဆက်ပြီး ဖျောင်းဖျလို့ ရသေးတယ်လေ... ဒီအဘိုးကြီး တော်တော် လည်တာပဲ”
“မင်းက အရမ်းကို အေးစက်ပြီး ကြီးစိုးချင်တဲ့ ပုံပေါက်နေလို့ပါ... ဘာပဲဖြစ်ဖြစ် ငါတို့က ကျိုယန်ဂိုဏ်းသားတွေပဲလေ... ဂိုဏ်းသာ မရှိခဲ့ရင် ငါတို့လည်း အခုလို ဖြစ်လာမှာ မဟုတ်ဘူး မဟုတ်လား... ဒါကြောင့် ငါတို့ရဲ့ အခြေခံ အုတ်မြစ်ကို မမေ့သင့်ဘူး... သည်းမခံနိုင်စရာ သိပ်မရှိဘူး ဆိုရင် ဂိုဏ်းက ဘယ်တပည့်ကိုမှ သတ်ဖြတ်တာမျိုး မလုပ်သင့်ဘူး”
“အစ်ကိုကြီး... ကျွန်မ နားလည်ပါတယ်”
“ငါ မင်းကို အားကိုးလို့ ရမှန်း သိပါတယ်... ဒါနဲ့ မင်း ဝိညာဉ် စိုက်ခင်းထဲမှာ သွားကျင့်ကြံလို့ ရတယ်နော်... မင်းရဲ့ ဓာတ်ကြီးငါးပါး တာအိုမှာ ကျွမ်းကျင်မှု မြင့်မားတာရယ်၊ တာအိုကို နီးနီးစပ်စပ် နားလည်ထားတာရယ်ကြောင့် အဲ့ဒီကနေ ဝိညာဉ် အနှစ်သာရတွေကို ထုတ်ယူပြီး မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို အမြန်ဆုံး တိုးတက်အောင် အစွမ်းကုန် ကြိုးစားလို့ ရလောက်တယ်... နောက်ပိုင်း ပြဿနာတွေ ရှိလာနိုင်တယ် ဆိုတော့ မင်း ဖြေရှင်းပေးဖို့ လိုလိမ့်မယ်”
“အစ်ကိုကြီး ကိုယ်တိုင် နာမည် မကြီးချင်ဘူးလား”
“ငါ့အတွက် နာမည်ကြီးတာက ဘာတွေများ ကောင်းလို့လဲ... တိတ်တဆိတ် ကျင့်ကြံနေတာကမှ ပိုကောင်းဦးမယ်... မင်း တစ်ယောက်တည်း ရှိနေရင်ပဲ ချူယန် တောင်ထွတ်ကို ကိုယ်စားပြုဖို့ လုံလောက်နေပါပြီ... တကယ်လို့ မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုရင်တော့ ငါ လျှို့ဝှက်ပြီး ကူညီပေးမှာပေါ့... ငါတို့ အတူတူ အလုပ်လုပ်ကြမယ်... တစ်ယောက်က လူသိရှင်ကြား ကိုယ်စားလှယ် အနေနဲ့၊ နောက်တစ်ယောက်က နောက်ကွယ်ကနေ ထောက်ပံ့ပေးတဲ့ သူအနေနဲ့ဆိုရင် ငါတို့တွေ ဒီလောကမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ”
“ဟီးဟီး... အစ်ကိုကြီး... ပုံမှန်ဆို ယောကျာ်းလေးတွေကပဲ လူသိရှင်ကြား ထွက်တတ်ကြပေမဲ့ ကျွန်မတို့ကျတော့ ပြောင်းပြန် ဖြစ်နေတယ်နော်... ကျွန်မက အစ်ကိုကြီးထက်တောင် ယောကျာ်း ပိုဆန်နေသလားလို့”
“ဒီကောင်မလေးတော့...” ကျန်းမင် မျက်လုံး လှန်ပြလိုက်၏။
ဓာတ်ကြီးငါးပါး လင်းလုံက မတ်တပ်ထရပ်ပြီး နောက်လှည့်ကာ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်၍ သူမ၏ တင်ပါးဖြင့် ကျန်းမင်ဘက်သို့ လှည့်ပြသည်။
ပွပ်...
ကျန်းမင် ပါးစပ်ထဲရှိ ခေါက်ဆွဲများကို ချက်ချင်း ထွေးထုတ်လိုက်မိတော့သည်။
သူတို့ စားသောက်ပြီးနောက် ညကောင်းကင်ယံရှိ ကြယ်များကို ငေးကြည့်နေကြ၏။
ဓာတ်ကြီးငါးပါး လင်းလုံက ကျန်းမင်ကိုယ်ပေါ် လဲလျောင်းနေသည်။ သူမက လက်ကို ဆန့်ထုတ်၍ လေထုကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် ရှည်လျားသော ဝိညာဉ် အနှစ်သာရ စီးကြောင်း တစ်ခု စုစည်းလာပြီး သူမက ၎င်းကို မျိုချကာ စတင် သန့်စင်တော့သည်။
သန့်စင်နေသည်နှင့် တစ်ပြိုင်နက် သူမထံမှ စွဲမက်ဖွယ်ကောင်းသော ဓာတ်ကြီးငါးပါး အလင်းတန်းများ ဖြာထွက်နေလေပြီ။
ထိုအချိန်တွင် ကျန်းမင်က ဓာတ်ကြီးငါးပါး လင်းလုံကို ညင်သာစွာ ဖက်တွယ်ထားရင်း ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် ဓာတ်ကြီးငါးပါး တာအို လှိုင်းဂယက်များ ဖန်တီးကာ သူမ၏ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးနေခဲ့သည်။
တိတ်ဆိတ် ငြိမ်သက်နေသော ညတစ်ညပင်။
ကျန်းမင် တစ်ယောက် ထူးကဲသော အေးချမ်းမှုကို ခံစားနေရ၏။
ထိုအချိန်တွင် သူ ညစ်ညမ်းသော ကိစ္စများကိုပင် လုံးဝ မတွေးတောလိုတော့ပေ။
ရုတ်တရက် သူ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူ့မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်ကြည့်ရှုသွားပြီး မိုင်တစ်ထောင် အကွာရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။
ကိုယ်တော်တစ်ပါးက အထူးစွမ်းရည် တစ်ခုကို အသုံးပြု၍ ဤနေရာကို စူးစမ်းရန် ကြိုးစားနေသည်အား တွေ့လိုက်ရခြင်းပင်။
ကျန်းမင် အေးစက်စက် ပြုံးလိုက်ပြီး တိုက်ခိုက်ရေး သစ်သားလူရုပ်ကို ထုတ်ယူကာ ချောက်ကမ်းပါး၏ အခြားတစ်ဖက်တွင် ချထားကာ…
“သူတို့ဆီမှာ တကယ်ကို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ”
တိုက်ခိုက်ရေး သစ်သားရုပ်က ၎င်း၏ ဓားရှည်ကို ဆွဲထုတ်၍ လေဟာနယ်ကို ဖြတ်တောက် ခုတ်ပိုင်းလိုက်ရာ ထိုကိုယ်တော်မှာ ထက်ပိုင်းပြတ်သွားပြီး ပွဲချင်းပြီး သေဆုံးသွားတော့သည်။
ထိုဓားချက်မှာ အစွမ်းထက်သလို ဖုံးကွယ်ထားနိုင်သောကြောင့် ကျိုယန်ဂိုဏ်းရှိ မည်သူကမျှ ရိပ်မိခြင်း မရှိခဲ့ချေ။
ကျန်းမင်က တိုက်ခိုက်ရေး သစ်သားရုပ်ကို ပြန်လည် သိမ်းဆည်းခြင်း မပြုပေ။ ချောက်ကမ်းပါးတွင် ရပ်၍ အရှေ့ဘက်သို့ လှမ်းကြည့်နေယုံသာ။ သူ့ ပုံစံမှာ တောင်စောင့်နတ် တစ်ပါးနှင့်ပင် တူနေတော့သည်။
'ဂျူနီယာ ညီမလေးက လူသိရှင်ကြား ကျွမ်းကျင်သူ ဖြစ်လာလိမ့်မယ်... တိုက်ခိုက်ရေး သစ်သားရုပ်ကကျတော့ မျက်စိနဲ့ မမြင်နိုင်တဲ့သူ အနေနဲ့ သူမကို စောင့်ရှောက်ပေးပြီး တားဆီးပေးတဲ့ နေရာက ပါဝင်လိမ့်မယ်... တကယ်လို့ ပြဿနာကို မဖြေရှင်းနိုင်သေးရင်မှ ငါကိုယ်တိုင် ဝင်ပါတော့မယ်' ကျန်းမင်က ဂျူနီယာ ညီမလေးအား မြတ်နိုးယုယသော အကြည့်ဖြင့် ကြည့်ရင်း တွေးတောနေမိသည်။
ကျိုယန်ဂိုဏ်းမှ မိုင်တစ်သောင်း အကွာရှိ ဘုရားကျောင်း တစ်ခုတွင်မူ သူတော်စင် ဆယ်ပါးခန့် တင်ပျဉ်ခွေ ထိုင်နေကြသည်။ တစ်ပါးစီတိုင်းထံမှ ရွှေရောင် အလင်းတန်းများ၊ ငြိမ်းချမ်းပြီး နက်နဲသော အငွေ့အသက်များ ဖြာထွက်နေ၏။
ထိုစဉ် ဦးဆောင်နေသော ကိုယ်တော်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး... “အော်မီတော်ဖော်... ဂျူနီယာ ညီတော် ရွှမ်နင်း တာအိုဗုဒ္ဓရဲ့ ရင်ခွင်ထဲကို ပြန်လည် ရောက်ရှိသွားရှာပြီ” ဟု ဆိုလာသည်။
ထို့နောက် သူက တမလွန် ကျမ်းစာများကို စတင် ရွတ်ဖတ်တော့သည်။
“အော်မီတော်ဖော်” အခြားသော ကိုယ်တော်များ အားလုံးလည်း လေးနက်စွာ ခေါင်းငုံ့၍ ကျမ်းစာများ ရွတ်ဖတ်ကာ ဝိညာဉ်များအား ငရဲမှ လွတ်မြောက်စေရန် ဆုတောင်းပေးကြ၏။
အချိန်အတန်ကြာ ကျမ်းစာများ ရွတ်ဖတ်ပြီးနောက် သူတို့ ရပ်တန့်သွားကြသည်။
ဆရာတော်ကြီးက တိုးညှင်းသော လေသံဖြင့် ရှင်းပြလာသည်။ “ဂျူနီယာ ညီတော် ရွှမ်နင်းကို ကျိုယန်ဂိုဏ်းရဲ့ ချူယန် တောင်ထွတ်ကို စူးစမ်းဖို့ စေလွှတ်ခဲ့တာ... အရင် စူးစမ်းချက်တွေအရ ကျိုယန်ဂိုဏ်းက သာမန် အင်အားစု တစ်ခုလို့ သတ်မှတ်လို့ ရတယ်... သူတို့ဆီမှာ တောင်ထွတ် ကိုးခု ခွဲထားပြီး ချူယန် တောင်ထွတ်က နည်းနည်း လျှို့ဝှက်ဆန်းကြယ်တယ်... အဲ့ဒီမှာ အရှေ့ဘက် ဒေသနဲ့ ကျုံးပြည်နယ်က ပါရမီရှင်တွေ အားလုံးကို အနိုင်ယူခဲ့တဲ့ ဇီလင်းလုံ ရှိနေရုံသာမက အရှေ့ဘက် ဒေသရဲ့ ကပ်ဘေးကနေလည်း အသက်ရှင် လွတ်မြောက်ခဲ့ကြတာလေ... အဲ့ဒီမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေရမယ်လို့ ငါ ထင်တာကြောင့် နောက်ထပ် လှုပ်ရှားမှုတွေ မလုပ်ခင် သူတို့ကို သွားစစ်ဆေးဖို့ ဂျူနီယာ ညီတော် ရွှမ်နင်းကို စေလွှတ်ခဲ့တာ... ဒါပေမဲ့ သူ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ငါတို့ဆီ သတင်း မပို့နိုင်ခင် အသတ်ခံလိုက်ရတယ်... ငါ့ရဲ့ ကနဦး ခန့်မှန်းချက်အရတော့ အဲ့ဒီ တောင်ထွတ်ကို ကာကွယ်ပေးနေတဲ့ သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်များ ရှိနေမလား စိုးရိမ်ရတယ်”
ထို့နောက် သူက အခြားသူများ၏ အကြံဉာဏ်ကို တောင်းခံသည်။ “ဒါကြောင့် အရှင်ဘုရားတို့... နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ”
အားလုံးမှာ တိတ်ဆိတ်နေကြဆဲပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့အဖွဲ့မှာ သိပ်ပြီး အင်အား မကြီးမားလှချေ။ သူတို့၏ ခေါင်းဆောင် ဆရာတော်ကြီး ကိုယ်တိုင်ပင်လျှင် သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်မျှသာ ဖြစ်သည် မဟုတ်ပါလား။
ကိုယ်တော်ငယ် တစ်ပါးက လက်အုပ်ချီ၍ အကြံပြုလာသည်။ “ဆရာတော်... တပည့်တော် မနက်ဖြန် မဟာယာနဗုဒ္ဓဂိုဏ်းရဲ့ ပထမဆုံး အဓိက တပည့် တစ်ယောက် အနေနဲ့ ကျိုယန်ဂိုဏ်းကို အလည်အပတ် သွားပါ့မယ်... သူတို့ရဲ့ တပည့်ကြီး ရှီမင်ကွမ်ဟိုင်နဲ့ တပည့်တော်ရဲ့ ဆက်ဆံရေးအရဆိုရင် ခက်ခဲတဲ့ အခြေအနေမျိုး ကြုံရမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်... တစ်ချိန်တည်းမှာပဲ ချူယန် တောင်ထွတ်ကို စူးစမ်းဖို့ ကြိုးစားရင်း ကျိုယန်ဂိုဏ်းကိုလည်း တာအိုဗုဒ္ဓတရားတော်တွေဆီ လှည့်လာအောင်၊ ကြီးမြတ်တဲ့ သန့်စင်မှု၊ လွတ်လပ်မှုနဲ့ ကုသိုလ်တရားတွေကို ခံစားနိုင်အောင် ဖျောင်းဖျကြည့်ပါ့မယ်”
“ကောင်းလေစွ”
End
***