နေမင်းက ထွက်ပေါ်လာပြီး တောက်ပစွာ လင်းလက်နေ၏။
ကျန်းမင်က ခြံဝင်းကို တံမြက်စည်းလှည်းခြင်း၊ ရေခပ်ခြင်းနှင့် ထင်းခွဲခြင်းများကို လုပ်ဆောင်နေသည်။ အလုပ်များ အားလုံး ပြီးစီးသွားချိန်တွင် စနစ်ထံမှ ဆုလာဘ် အသိပေးသံ ကြားလိုက်ရသဖြင့် သူ အတော်လေး အနေရခက်သွားတော့၏။
“စနစ်... ငါ့ကို ခြံရှင်းခိုင်းပြီး ရေခပ်ခိုင်းတာက ဘာသဘောလဲ... ငါက စိတ်ကူးလိုက်ယုံနဲ့ ရေသန့်သန့် ရနိုင်တယ်လေ... သစ်ရွက်ကြွေတွေကို ပြောင်စင်အောင် ရှင်းလင်းပေးနိုင်တဲ့ ဝင်္ကပါလည်း ငါ့ဆီမှာ ရှိတယ်... ပြီးတော့ ထင်းခွဲတာကကော... ငါ့မှာ တခြား လုပ်စရာ အလုပ်မရှိလို့မှ မဟုတ်တာ” ကျန်းမင်မှာ အနေရခက်နေသည်မှာ အတန်ကြာခဲ့လေပြီ။
မည်သို့ပင်ဆိုစေကာမူ သူက ကြမ်းပြင်လှည်းနေသော ကိုယ်တော်တစ်ပါးလို ဟန်ဆောင်နိုင်မည့် သိုင်းလောကထဲ ရောက်နေခြင်း မဟုတ်ပေ။ လောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပြီး အဆုံးမဲ့ ဝင်္ကပါများနှင့် အသိစိတ် စွမ်းအားတို့၏ သက်တောင့်သက်သာ ရှိမှုကို ခံစားနိုင်သည့် စိတ်ကူးယဉ် နတ်ဘုရား လောကကြီးထဲ ရောက်နေခြင်း မဟုတ်ပါလား။
အပြင်စည်း တပည့်တစ်ယောက်ပင်လျှင် သူ့ ထွက်သက်ကို မုန်တိုင်း အဖြစ်သို့ ပြောင်းလဲနိုင်ပြီး လက်ဆန့်ထုတ်လိုက်ယုံဖြင့် ရေရနိုင်စွမ်း ရှိ၏။ သို့ဖြစ်ရာ အကြီးအကဲ တစ်ယောက်ဖြစ်သော ကျန်းမင် အနေဖြင့် အဘယ်ကြောင့် ရေကို ကိုယ်တိုင်ခပ်ပြီး ထင်းခွဲနေရဦးမည်နည်း။
ဤသည်က သူ့ကို အရူးတစ်ယောက်လို ဖြစ်သွားစေသည် မဟုတ်လော။
“ဒင်... လက်ရှိ ပိုင်ရှင်၏ အခြေအနေမှာ ကောင်းကင်ပေါ်တက်၍ လမင်းကို ဆုပ်ကိုင်နိုင်ပြီး ရေကန်ထဲဆင်းကာ လိပ်ဖမ်းနိုင်စွမ်း ရှိနေပြီ ဖြစ်သောကြောင့် နေ့စဉ် ဆုလာဘ်များအတွက် အောက်ပါ ပြောင်းလဲမှုများကို ပြုလုပ်နိုင်ပါသည်”
“ပထမ အချက် - လက်ရှိ အခြေအနေအတိုင်း ဆက်လက် ထိန်းသိမ်းထားရန်”
“ဒုတိယ အချက် - နေ့စဉ် အလုပ်ကြမ်းများ လုပ်ဆောင်ခြင်းအစား ဆုလာဘ်များအတွက် နေ့စဉ် ဝင်ရောက် စစ်ဆေးခြင်း အဖြစ် ပြောင်းလဲရန်။ သတ်မှတ်ထားသော အချိန်များမှလွဲ၍ အံ့အားသင့်စရာ ဆုလာဘ်များ ရရှိမည် မဟုတ်ပါ။ ကျန်သည့်အရာများ အားလုံး ပုံမှန်အတိုင်းပင် ဖြစ်သည်”
“တတိယ အချက် - ဆုလာဘ်များအတွက် နေ့စဉ် အလုပ်ကြမ်း လုပ်ဆောင်ခြင်းအစား ဆေးလုံး (သို့မဟုတ်) လက်နက်များ ဖန်တီးခြင်း အဖြစ် ပြောင်းလဲရန်။ ကျန်သည့်အရာများ ပုံမှန်အတိုင်းပင် ဖြစ်သည်”
“စတုတ္ထ အချက် - နေ့စဉ် အလုပ်ကြမ်း လုပ်ဆောင်ခြင်းအစား အစားအသောက် ချက်ပြုတ်ခြင်း အဖြစ် ပြောင်းလဲရန်။ ဆုလာဘ်များ တိုးလာမည် ဖြစ်ပြီး အလွန်ကောင်းမွန်သော ဆုလာဘ်ကြီးများပင် ရရှိနိုင်ပါသည်။ အံ့အားသင့်စရာများလည်း ရှိလာပါမည်။ ကျန်သည့်အရာများ ပုံမှန်အတိုင်းပင် ဖြစ်သည်”
“ဒင်... ကျေးဇူးပြု၍ တစ်ခု ရွေးချယ်ပါ”
ထိုအသိပေးချက်များကို နားထောင်ပြီးနောက် သူ အတော်လေး ဆွံ့အသွားရ၏။
စနစ်က ရွေးချယ်စရာ လေးခု ပေးထားသော်လည်း အမှန်တကယ်တော့ သူ့အတွက် သုံးခုသာ ရှိပေသည်။ မူဝါဒကတော့ အတူတူပင် ဖြစ်ပြီး သူ့ကို တောင်ပေါ်တွင် ဆက်လက် ချည်နှောင်ထားဆဲပင်။
ကျန်းမင်လည်း ထိုရွေးချယ်စရာ သုံးခု၏ အားသာချက်နှင့် အားနည်းချက်များကို စတင် ချိန်ဆကြည့်တော့သည်။
ဝင်ရောက် စစ်ဆေးခြင်းလား... ဒါပေမဲ့ အံ့အားသင့်စရာ ဆုလာဘ်တွေ မရနိုင်ဘူးပေါ့...
လက်နက် ဖန်တီးခြင်းလား... ဒါက အရမ်း ဒုက္ခများလွန်းတယ်။ ကျန်းမင် အနေဖြင့် အိမ်မှုကိစ္စများကိုသာ လုပ်ဆောင်ခြင်းက ပိုကောင်းမည်ဟု ခံစားမိ၏။ ထို့အပြင် သူ့ထံတွင် ဆေးလုံးများနှင့် တာအိုလက်နက်များ မရှားပါးလှချေ။ သို့ဖြစ်ရာ လက်နက်များ ဖန်တီးနေခြင်းမှာ အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။
အစားအသောက် ချက်ပြုတ်ခြင်းလား... သူ့ဂျူနီယာ ညီမလေး ကြိုက်နှစ်သက်ယုံသာမက သူကိုယ်တိုင်လည်း စားချင်နေမိသည်။ ပင်လယ်စာ စားပွဲကြီးကို စားသောက်ပြီးကတည်းက မိစ္ဆာကောင်များ၏ အသားအားလုံးကို သူ တပ်မက်နေခဲ့၏။ ထို့အပြင် အံ့အားသင့်စရာ ဆုလာဘ်များလည်း ရရှိနိုင်သေးသည် မဟုတ်ပါလား။
ရရှိနိုင်သော ရွေးချယ်စရာများ အားလုံးကို စဉ်းစားပြီးနောက် ဝင်ရောက် စစ်ဆေးခြင်း က အလွယ်ကူဆုံး ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
“ဒင်... ရွေးချယ်ပြီးပါက နှစ် (၁၀၀) ခန့် အထိ ထပ်မံ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း သတိပေးအပ်ပါသည်။ ယခုအခါ အချိန် နှစ် (၉၀) နှင့် သုံးလ ကျန်ရှိနေပါသေးသည်။ ကျေးဇူးပြု၍ ဂရုတစိုက် ရွေးချယ်ပါ”
“စနစ်... နှစ်ကိုးဆယ်တောင်... ငါ အဲ့ဒီမတိုင်ခင် အထက်ဘုံကို သေချာပေါက် တက်သွားနိုင်လောက်တယ်... အဲ့ဒီအခါကျရင် ဘယ်လိုလုပ်မလဲ” ကျန်းမင်က မေးမြန်းလိုက်သည်။
“ဒင်... အဖြေပေးရန် မရှိပါ”
“ငါ... ငါ... သွားပြီကွာ” ကျန်းမင် ကျိန်ဆဲလုနီးပါး ဖြစ်သွားရ၏။
“နှစ်ကိုးဆယ်စာ အလုပ်တွေလေ... ဘယ်လိုလုပ် ဒုက္ခမများဘဲ နေမလဲ” သူ စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ “ငါ နေ့စဉ် အစားအသောက် ချက်ပြုတ်တာကိုပဲ ရွေးလိုက်မယ်... အံ့အားသင့်စရာ ဆုလာဘ်တွေ ရနိုင်တဲ့ အားသာချက်က အစားအသောက် ချက်ပြုတ်ရတဲ့ ဒုက္ခထက် ပိုများနေတုန်းပဲ”
“ဒင်... ရွေးချယ်မှုအတွက် ဂုဏ်ယူပါသည်။ သတိပြုရန်... အချိန်မှတ်တမ်းမှာ ယခင်အတိုင်း ဆက်လက် ရေတွက်မည် ဖြစ်သော်လည်း တစ်ရက် ပျက်ကွက်သွားပါက စုဆောင်းထားသော အချိန်များ အားလုံး ပျက်ပြယ်သွားမည် ဖြစ်ပြီး အစမှ ပြန်လည် စတင်ရပါမည်”
ထိုအခါမှ ကျန်းမင်လည်း မီးဖိုချောင်ဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။
မကြာမီမှာပင် သူက ဗန်းတစ်ချပ်ကို ကိုင်ဆောင်၍ ခေါင်မိုးပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့၏။
ဗန်းပေါ်တွင် ဆန်ပြုတ် နှစ်ပန်းကန် ရှိနေပြီး ဓာတ်ကြီးငါးပါးနှင့် သက်ဆိုင်သော အရောင်ငါးမျိုး ဖြာထွက်နေသည်။ ထိုအလင်းတန်းများက လည်ပတ် ရောယှက်နေပြီး မတူညီသော မြင်ကွင်းမျိုးစုံကို ဖန်တီးပေးနေချေ၏။
ထို့အပြင် ဘီစကစ်မုန့် အနည်းငယ်လည်း ပါဝင်သေးသည်။
“ကောင်မလေး... အရင် စားကြရအောင်” ကျန်းမင်က ကျင့်ကြံနေဆဲ ဖြစ်သော ဓာတ်ကြီးငါးပါး လင်းလုံကို ညင်သာစွာ ခေါ်လိုက်သည်။
သူမ၏ ခေါင်းထက်တွင် စုစည်းနေသော ဝိညာဉ်အနှစ်သာရ ဝဲကတော့ကြီးမှာ ဆတ်ခနဲ တုန်ခါသွားပြီးနောက် ရုတ်တရက် လွင့်စင်သွားကာ လေပြင်း တစ်ရပ်အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ရှင်းပြ၍မရသော စွမ်းအားတစ်ခု၏ လွှမ်းမိုးမှုအောက်တွင် လတ်ဆတ်သော လေပြေလေး အဖြစ်သို့သာ ပြောင်းလဲသွားတော့သည်။
ဓာတ်ကြီးငါးပါး လင်းလုံက မျက်လုံးဖွင့်လာပြီး မျက်တောင်လေး ပုတ်ခတ်လိုက်သည်။ ထို့နောက် သွားရည်ယိုချင်စရာ ကောင်းလှသော အနံ့တစ်ခုက သူမကို ချက်ချင်း ဆွဲဆောင်သွားလေပြီ။ သူမက အနံ့ကို သေချာ ရှူရှိုက်ကြည့်လိုက်ရာ မျက်လုံးများ တောက်ပလာတော့၏။ “အစ်ကိုကြီး... ဘာအနံ့လေးက ဒီလောက်တောင် မွှေးနေရတာလဲ... တစ်ချက် ရှူလိုက်ယုံနဲ့တင် ကျွန်မရဲ့ ချီစွမ်းအင်တွေ သိသိသာသာ တိုးတက်လာပြီး ဓာတ်ကြီးငါးပါး တာအိုခန္ဓာကိုယ်က ပိုပြီး သန့်စင်သွားသလို ခံစားရတယ်... ဒီလောက် အရသာရှိမယ့်ပုံ ပေါက်နေတာ ဘာကြီးလဲ”
သူမက တစ်ချက် ခုန်ပျံလိုက်ပြီး ကျောက်စားပွဲရှေ့သို့ ဆင်းသက်လာခဲ့သည်။ စားပွဲပေါ်ရှိ အစားအစာကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးလေးများက လခြမ်းကွေးလေးလို မှေးစင်းသွားတော့၏။ “ဓာတ်ကြီးငါးပါးရဲ့ အံ့ဖွယ်တွေကို ဖော်ထုတ်ထားတဲ့ အရောင်ငါးမျိုး ဆန်ပြုတ်လား... အဓိက ပါဝင်ပစ္စည်း ငါးမျိုးဖြစ်တဲ့ ပဲတီစိမ်း၊ ပဲနီ၊ ပဲဝါ၊ ပဲဖြူနဲ့ ပဲမည်းတွေက သာမန်ပဲ ဖြစ်ပေမဲ့ အားလုံးက အဆင့်အမြင့်ဆုံး ဝိညာဉ်ပဲစေ့တွေချည်းပဲ... ဆန်ပြုတ်အဖြစ် ပြုတ်လိုက်တဲ့ အခါကျတော့ သူတို့ရဲ့ ဝိညာဉ်အနှစ်သာရတွေက ဆေးလုံးအဖြစ် ဖန်တီးလိုက်သလို ပေါင်းစပ်သွားတာပဲ... အံ့သြစရာပဲ... တကယ့်ကို အံ့သြစရာပဲ... ဒါက ကျွန်မအတွက် အရမ်းကို အထောက်အကူ ဖြစ်စေမှာပဲ... အစ်ကိုကြီးက တကယ်ကို တော်တာပဲ... အစ်ကိုကြီးကို အရမ်းချစ်တာပဲကွာ”
သူမက အာမေဋိတ်သံဖြင့် ပြောရင်း ကျန်းမင်ထံသို့ ပျံသန်းလာကာ ဖက်တွယ်လိုက်ပြီး မနေနိုင်ဘဲ အနမ်းတစ်ပွင့် ပေးလိုက်တော့သည်။
ကျန်းမင်က ညည်းတွားလိုက်ကာ…
“မင်း ပါးစပ်နံတယ်ကွ”
“အစ်ကိုကြီး... ကျွန်မ ဘာလို့ အစ်ကိုကြီးကို မကိုက်ဘဲ မနေနိုင်သလို ခံစားနေရတာလဲ”
စကားဆုံးသည်နှင့် သူမက ကျန်းမင်၏ ပခုံးပေါ်သို့ မှီချကာ ကိုက်ချလိုက်သည်။ သူမက အားကုန် ကိုက်ကြည့်သော်လည်း သွားရာပင် မထင်ခဲ့ချေ။ ထို့ကြောင့် ဒေါသတကြီး နှာမှုတ်လိုက်၏။
“တကယ်ကို ကျွန်မရဲ့ အစ်ကိုကြီး ပီသပါပေတယ်... အရေပြားကလည်း ထူလိုက်တာ” ဓာတ်ကြီးငါးပါး လင်းလုံက လျှပ်တစ်ပြက် အတွင်း သူမနေရာသို့ ပြန်သွားလိုက်သည်။
ကျန်းမင်က ရယ်မောကာ…
“မင်း အခုမှ သိတာလား”
နောက်ဆုံးတွင် သူတို့နှစ်ယောက်လုံး ထိုင်ချကာ မနက်စာကို မြိန်ရေယှက်ရေ စားသောက်ကြတော့သည်။
ထိုအချိန်တွင် အဝေးမှ ခိုင်မာအားကောင်းသော အငွေ့အသက် တစ်ခု ထွက်ပေါ်လာသည်။ သူတို့က တစ်ချက်မျှသာ လှမ်းကြည့်ပြီး အာရုံလွှဲလိုက်ကြ၏။ ထိုသည်မှာ ရှီယောင် အဆင့်တက်သွားခြင်း၏ ရလဒ်မှန်း သူတို့ ကောင်းကောင်း သိထားကြသည်။ သူမက မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာခဲ့လေပြီ။
“အစ်ကိုကြီး”
“အင်း”
“ရှီယောင်က လှလား”
“အတော်လေး လှပါတယ်”
“သူမရဲ့ အရည်အချင်းတွေကလည်း ကောင်းတယ် မဟုတ်လား”
“သိပ်တော့ မဆိုးပါဘူး”
“သူမရဲ့ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းတွေ ရှိတယ် မဟုတ်လား”
“မဆိုးပါဘူး”
“အစ်ကိုကြီး... ကျွန်မ မေးတာတွေကို လေးလေးနက်နက် မဖြေဘူးနော်”
“ရိုးရိုးသားသား ပြောရရင်... သူမက မင်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
“ဟီးဟီး... အစ်ကိုကြီး အမှန်တိုင်း မပြောဘူးနော်... ဘာပဲဖြစ်ဖြစ် သူမက သူတော်စင် သမီးတော်လေ... သူမကို အစ်ကိုကြီးရဲ့ ကိုယ်လုပ်တော် အဖြစ် ထားလိုက်ရင်ကော ဘယ်လိုလဲ”
ထိုသို့ ပြောနေစဉ် သူမက ကြောင်လေး တစ်ကောင်လို ဆန်ပြုတ်ကို စုပ်သောက်ရင်း မျက်လုံးများ ပြူးကျယ်ကာ ကျန်းမင်အား စိုက်ကြည့်နေ၏။
အရောင်ငါးမျိုး အလင်းတန်းများက သူမကို အဆက်မပြတ် ဝန်းရံနေပြီး သူမ၏ အငွေ့အသက်များကို တိုးပွားလာစေသလို သွေးများကလည်း ဟုန်းဟုန်းမြည်နေသော မြစ်ရေပြင်လို ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်။ ဤသည်မှာ အရောင်ငါးမျိုး ဆန်ပြုတ်၏ အံ့ဖွယ် ရလဒ်ပင်။
“ခေါင်းကိုက်လိုက်တာကွာ... မင်းမှာ တခြား လုပ်စရာ အလုပ်မရှိတော့ဘူးလား”
ကျန်းမင်က ပြန်လည် ချေပလိုက်သည်။
“အစ်ကိုကြီး... ကျွန်မ ခေါင်းမကိုက်ပါဘူး”
ပွပ်...
ကျန်းမင် ထွေးထုတ်၏။
ထို့နောက် သူက ပါးစပ်ကို သုတ်ရင်း ညည်းတွားကာ… “မင်းက ငယ်ငယ်တုန်းကလောက် မချစ်စရာကောင်းတော့ဘူးပဲ”
“ဒါဆို ဟွာဟော့နဲ့ တခြား သုံးယောက်ကို ဒီခေါ်လိုက်မယ်လေ... သူတို့က ငယ်သေးတယ်”
“မင်းတော့ အရိုက်ခံချင်နေပြီ မဟုတ်လား”
ကျန်းမင်က လက်ထဲရှိ ပန်းကန်ကို ချလိုက်ပြီး လက်ကို မြှောက်ကာ ဓာတ်ကြီးငါးပါး လင်းလုံကို ဆွဲယူ၍ သူ့ပေါင်ပေါ်တွင် မှောက်လျက်သား တင်လိုက်သည်။
ဖတ်... ဖတ် ဖတ်... ဖတ် ဖတ် ဖတ်... ကျန်းမင်က သူမကို ရိုက်နှက်တော့၏။
ထိုနှစ်ယောက်မှာ နောက်ပြောင် ကစားနေကြစဉ် ကျန်းမင်က သူ့ဂျူနီယာ ညီမလေးကို အခွင့်အရေး ယူကာ ပွတ်သပ်လိုက်သေး၏။
“ဒင်... ဝိညာဉ် အစားအစာ တစ်ခုကို ချက်ပြုတ်ခြင်း၊ အစားအစာကို မြိန်ရေယှက်ရေ စားသုံးခြင်း၊ ရိုက်နှက်ရသည်ကို သဘောကျခြင်းနှင့် အခိုက်အတန့် တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ခြင်းတို့အတွက် ဂုဏ်ယူပါသည်။ ထို့ကြောင့် ဆုလာဘ်အဖြစ် သုံးလစာ ကျင့်ကြံခြင်း စွမ်းအင်များနှင့် ဓာတ်ကြီးငါးပါး ကောင်းကင် နှလုံးသား ဆေးလုံး တစ်လုံးကို ချီးမြှင့်လိုက်ပါသည်”
စနစ်က ဆေးလုံး၏ ရှင်းလင်းချက်ကိုပါ ထည့်သွင်းပေးလာသည်။ “ဓာတ်ကြီးငါးပါး ကောင်းကင် နှလုံးသား ဆေးလုံး - ဓာတ်ကြီးငါးပါး တာအိုခန္ဓာကိုယ် ပိုင်ရှင်များ သောက်သုံးရန် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်ကြီးငါးပါးးနှင့် လိုက်ဖက်ညီသော ၎င်း၏ သဘာဝက သုံးစွဲသူအား ဓာတ်ကြီးငါးပါး တာအိုကို တိုက်ရိုက် နားလည် သဘောပေါက်စေနိုင်သည်။ အကယ်၍ သုံးစွဲသူတွင် အမြင့်မားဆုံး နားလည်နိုင်စွမ်း ရှိပါက သူ့ ဓာတ်ကြီးငါးပါး စွမ်းရည်မှာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားနိုင်ပါသည်”
သုံးလစာ ကျင့်ကြံခြင်း စွမ်းအင်များ... ထိုသည်က အလွန် အံ့မခန်း ဖြစ်ပေသည်။
သို့သော် ပေးအပ်လာသော ဆေးလုံးကြောင့် ကျန်းမင် ဆွံ့အသွားရ၏။ တကယ်တော့ ဘယ်သူက တကယ့် ပိုင်ရှင်လဲဟု တွေးမိကာ ကျန်းမင် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။ မည်သို့ပင်ဆိုစေကာမူ စနစ်က သူ့ဂျူနီယာ ညီမလေးအတွက် ပစ္စည်းတစ်ခုခု ပေးအပ်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ဂျူနီယာ ညီမလေး မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာနယ်မြေတွင် ရှိနေစဉ်က စနစ်က သူ့ကို တာအိုခန္ဓာကိုယ် အချို့ ပေးအပ်ခဲ့ဖူးသည်။ ၎င်းတို့မှာ သူ့အတွက် အသုံးမဝင်ကြောင်း ထင်ရှားသော်လည်း သူ့ဂျူနီယာ ညီမလေး အတွက်မူ အသုံးဝင်ပေသည်။ ထိုအချိန်က သူ့ဂျူနီယာ ညီမလေးမှာ ပြန်ရောက်သည်နှင့် ကိုယ်ပွားများ ကျင့်ကြံရန် ရည်ရွယ်ထားခဲ့၏။
ယခုလည်း စနစ်က ဝိညာဉ်ဆေးလုံးဟု ခေါ်ဆိုနိုင်သော ဤကဲ့သို့ ဆေးလုံးမျိုးကို ပေးအပ်လာပြန်သည်။ ဤဆေးလုံးမှာ သူ့ဂျူနီယာ ညီမလေးအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလွန်းလှသည်။
မည်သို့ပင်ဖြစ်စေ ကျန်းမင်က ဓာတ်ကြီးငါးပါး ဂျူနီယာ ညီမလေးထံသို့ ဆေးလုံးကို ပေးအပ်လိုက်ပြီး ၎င်း၏ အသုံးဝင်ပုံကို ရှင်းပြလိုက်သည်။
“အစ်ကိုကြီးဆီမှာ ဒီလို ဆေးလုံးမျိုးတောင် ရှိတာလား... အစ်ကိုကြီးက အရမ်း တော်တာပဲ” ဂျူနီယာ ညီမလေးက အာမေဋိတ်သံဖြင့် ပြောလာ၏။
“ငါက ယောကျာ်းလေးလေ... ငါ့ဆီမှာ အဲ့ဒီဟာမှ မရှိတာ” ကျန်းမင်က ကောက်ကျစ်စွာ ပြန်ပြောသည်။
သူ့ဂျူနီယာ ညီမလေးမှာ ပါးစပ်ထဲရှိ လက်ဖက်ရည်များကို အဝေးသို့ ထွေးထုတ်လိုက်မိတော့သည်။
ကျန်းမင် ရယ်မောလိုက်ပြီး မတ်တပ်ထရပ်ကာ ထိုက်ယန် တောင်ထွတ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
တာအို မျိုးစေ့ အဆင့်ရှိ ကိုယ်တော်တစ်ပါး လာနေသည်ကို မြင်လိုက်ရခြင်းပင်။
တာအို မျိုးစေ့ အဆင့်ဆိုသည်မှာ စုဆောင်းရသည့် အဆင့်တစ်ခု ဖြစ်ပြီး စုဆောင်းထားသော ပမာဏက လူတစ်ယောက်၏ အနာဂတ် အလားအလာကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ထို့ကြောင့် ပါရမီရှင် အများအပြားမှာ ဤအဆင့်တွင် တတ်နိုင်သမျှ ကြာရှည်စွာ နေထိုင်နိုင်ရန် မိမိတို့ကိုယ်ကို အတင်းအကျပ် ဖိနှိပ်ထားလေ့ ရှိကြသည်။
ရှီယောင်မှာလည်း ထိုအထဲမှ တစ်ယောက် ဖြစ်သည်။ သူမသာ အဆင့်တက်ချင်ပါက မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေသည်မှာ အချိန်အတော်ကြာခဲ့လောက်ပြီ။
ယခုတော့ သူမ၏ ကြိုးစားအားထုတ်မှု အားလုံး အရာထင်သွားခဲ့ပြီ။ သူမက အစွန်းရောက် ယင် တာအိုကို နားလည် သဘောပေါက်နိုင်ခဲ့ပြီး ဤတောင်ပေါ်တွင် တစ်နှစ်ခန့် ကျွမ်းကျင်လာသည်အထိ ကျင့်ကြံခဲ့ပြီးနောက် နောက်ဆုံးတွင် နောက်တစ်ဆင့်သို့ ကူးပြောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
'ငါ မနေ့က တစ်ယောက်ကို သတ်လိုက်တယ်... ဒီနေ့ကျတော့ နောက်တစ်ယောက်က ဗြောင်ကျကျ လာပြန်ပြီလား... ဟားဟား... မင်း ငါ့ကို လာမစသရွေ့ မင်းဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး... မဟုတ်ရင်တော့ ဟီးဟီး' ကျန်းမင်က တွေးတောနေရင်း မျက်နှာပေါ်တွင် အေးစက်စက် အမူအရာ တစ်ခု ထွက်ပေါ်လာ၏။
ကိုယ်တော်များ အရှေ့ဘက် ဒေသသို့ ရောက်လာရခြင်း၏ ရည်ရွယ်ချက်မှာ တာအိုဗုဒ္ဓတရားတော်များ ဟောကြားရန်နှင့် နယ်မြေ သိမ်းပိုက်ရန် ဖြစ်ကြောင်း သူ ခန့်မှန်းကြည့်ရန်ပင် မလိုပေ။
ထို့အပြင် ကိုယ်တော်များမှာ အခြားနေရာများသို့ မသွားဘဲ ကျိုယန်ဂိုဏ်းသို့ လာရန် ရွေးချယ်ခဲ့သည်ကို ကြည့်လျှင် မာနထောင်လွှားနေကျ ဖြစ်ရမည်ဟုလည်း တွေးမိသည်။ မည်သို့ပင်ဆိုစေကာမူ ကျိုယန်ဂိုဏ်းမှာ ကပ်ဘေးဆိုက်ပြီးနောက် အရှေ့ဘက် ဒေသတွင် အကြီးဆုံး ဂိုဏ်းကြီး ဖြစ်လာခဲ့သည် မဟုတ်ပါလား။
'အနောက်ဘက် ဒေသက မဟာယာနဗုဒ္ဓဂိုဏ်း ဖျက်ဆီးခံရတဲ့ ကိစ္စနောက်ကွယ်မှာ နက်ရှိုင်းတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေရမယ်'
ကျန်းမင် တွေးတောရင်း လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်သည်။
အမည် - ဟွေရှင်း
လူမျိုး - လူသား
လိင် - အထီး
ကျင့်ကြံခြင်း အဆင့် - တာအို မျိုးစေ့ အဆင့်
နောက်ခံ - မဟာယာနဗုဒ္ဓဂိုဏ်း၏ ပထမ အဓိက တပည့်
ဆက်ဆံရေး - ဝ
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - ဝမ်ဖူ သေဆုံးသွားပြီး သူ့ ဂိုဏ်း သိမ်းပိုက်ခံရမှုနှင့်အတူ သူ့ နှလုံးသားမှာ မိစ္ဆာမီးတောက်များဖြင့် ပြည့်နှက်နေသော်လည်း သူ တတ်နိုင်သည်က ဘာမှ မရှိပေ။ သူက ဆရာဖြစ်သူနှင့်အတူ အရှေ့ဘက် ဒေသသို့ လာရောက်ကာ နေထိုင်ရန် နေရာတစ်ခု ရှာဖွေပြီး တာအိုဗုဒ္ဓနိုင်ငံတော် အဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသည်။ ချင်းယွမ် ဂိုဏ်း တည်ရှိရာ ဖုန်းနှင့် ယွန်း ပြည်နယ်များမှလွဲ၍ အခြားသော ပြည်နယ် ခုနစ်ခုလုံးတွင် တာအိုဗုဒ္ဓတရားတော်များ ဟောကြားနေသည့် တာအိုဗုဒ္ဓ တပည့်များအဖွဲ့ တစ်ဖွဲ့စီ ရှိနေ၏။ ထိုအဖွဲ့ ခုနစ်ဖွဲ့အနက် တစ်ဖွဲ့ အောင်မြင်လျှင်ပင် ကြီးမြတ်သော တာအိုဗုဒ္ဓ ကုသိုလ်တော်ကြီး တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ကျိုယန်ဂိုဏ်းမှာ ချင်းပြည်နယ်တွင် အကြီးဆုံး ဂိုဏ်းကြီး ဖြစ်သည်။ ထို့ကြောင့် အခြားသော ဂိုဏ်းငယ်လေးများနှင့် မျိုးနွယ်စုများမှာ စိတ်ပူစရာ မရှိချေ။
အမှန်တကယ်တော့ သူတို့က ကျိုယန်ဂိုဏ်းကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် မသတ်မှတ်ဘဲ လျှို့ဝှက်ဆန်းကြယ်ပုံရသော ချူယန် တောင်ထွတ်ကိုသာ စိုးရိမ်နေခဲ့ကြသည်။ သူ့ ဦးလေးတော် ရွှမ်နင်း လာရောက် စူးစမ်းစဉ် အသတ်ခံလိုက်ရသည့် ကိစ္စက သူတို့၏ ထင်ကြေးများကို ပို၍ သက်သေပြလိုက်ခြင်းပင်။
ထို့ကြောင့် ယနေ့တွင် သူက အသေးစိတ် အချက်အလက်များကို ရှာဖွေရန်နှင့် ကျိုယန်ဂိုဏ်း၏ တောင်ထွတ် ကိုးခုလုံးရှိ လူများကို ဆင်းရဲဒုက္ခမှ လွတ်ကင်းစေရန်၊ တာအိုဗုဒ္ဓထံသို့ ပြန်လည် ရောက်ရှိစေရန်နှင့် ကြီးမြတ်သော သန့်စင်မှုနှင့် လွတ်လပ်မှုကို ခံစားနိုင်ရန် တရားဟောချွတ်ပေးဖို့ ဗြောင်ကျကျ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဟွေရှင်း၏ အခြေအနေကို ကြည့်ပြီးနောက် ကျန်းမင် မေးရိုးပြုတ်ကျမတတ် အံ့အားသင့်သွားရ၏။ “မဟာယာနဗုဒ္ဓဂိုဏ်းက ဒီအခွင့်အရေးကို ယူပြီး သူတို့ရဲ့ တာအိုဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေနေတာ သေချာသွားပြီ... မဟုတ်ရင် သူတို့က ဘာလို့ အဖွဲ့ ခုနစ်ဖွဲ့တောင် ဖွဲ့ထားရမှာလဲ... ပြီးတော့ ဒီဟွေရှင်း ဆိုတဲ့ကောင်... သာမန် တာအို မျိုးစေ့ အဆင့်လောက်လေးနဲ့ ကျိုယန်ဂိုဏ်း တစ်ခုလုံးကို တရားဟောချွတ်ချင်နေတာလား... သူက မာနထောင်လွှားနေတာလား၊ ဒါမှမဟုတ် ငါတို့ကို အထင်သေးနေတာလားပဲ... ဘာပဲဖြစ်ဖြစ် ဒီလောက် ရည်မှန်းချက် ကြီးမားနေတာတော့ တကယ်ကို အံ့မခန်းပဲ... ဟီးဟီး”
ကျန်းမင် မရယ်ဘဲ မနေနိုင်တော့ချေ။
End
***