ချင်းယွင်ဂိုဏ်းတွင်တော့...
ဂိုဏ်းကြီးမှာ အခြားသော အင်အားစုများ အားလုံးထက် သာလွန်မြင့်မားနေပြီး လူတိုင်း တမ်းတကြရသည့် ကျင့်ကြံခြင်း နေရာတစ်ခု ဖြစ်ကာ အရှေ့ဘက် ဒေသ၏ သန့်စင်သော နယ်မြေအဖြစ် ရပ်တည်နေဆဲပင်။
ကြယ်စင် စီးကြောင်း အလွှာများကြားတွင် ကြီးမားလှသော နန်းတော်ကြီး တစ်ခု ရှိနေ၏။ ၎င်းကို အင်မော်တယ် အလင်းတန်းများက ဝန်းရံထားပြီး ကြီးမားသော ဝင်္ကပါ တစ်ခုဖြင့် ထောက်ပံ့ပေးထားသည်။ မုန်တိုင်းများ တိုက်ခတ်နေပြီး ရာသီဥတုများ အဆက်မပြတ် ပြောင်းလဲနေသည့်တိုင် နန်းတော်ကြီးမှာ အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။
နန်းတော်ထဲတွင် အဘိုးအို တစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။
ထိုအချိန်တွင် လင်းဟန် ပျံသန်းလာပြီး အဘိုးအိုအား ဦးညွှတ်ကာ... “ဂါရဝပြုပါတယ်... မဟာ အကြီးအကဲ”
“မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လိုနေလဲ” ထိုအဘိုးအိုမှာ ချင်းဖုန်ဇီပင်။ သူက နောက်ကျောဘက် လက်ပိုက်ထားရင်း ကောင်းကင်ကို ဖြတ်၍ ကျိုယန်ဂိုဏ်းရှိရာ အရပ်ဆီသို့ လှမ်းကြည့်နေခဲ့၏။
“သိပ်မကောင်းပါဘူး” လင်းဟန်က ခါးသီးစွာ ပြုံးလိုက်သည်။ “ကျွန်တော်က လျှို့ဝှက်ဆန်းကြယ် ရေခဲခန္ဓာကိုယ် ပိုင်ရှင်ဆိုတော့ ရေ တာအိုကို နားလည်ထားပေမဲ့ အစွန်းရောက် ယင် တာအိုကို နားလည်ဖို့ကျတော့ ရှေ့ဆက်တိုးလို့ မရဘူး ဖြစ်နေတယ်... ဒါကြောင့် ဆက်ပြီး စုဆောင်းနေရမလား... ဒါမှမဟုတ် ရေ တာအိုနဲ့ပဲ မူလဝိညာဉ် အဆင့်ကို တက်ရမလား မသေချာဘူး ဖြစ်နေတယ်”
“ရေ တာအိုနဲ့ အဆင့်တက်တာလည်း တော်တော်လေး ကောင်းပါတယ်... မင်းကိုယ်မင်း စမ်းသပ်လို့ရအောင် ငါ မင်းကို တာဝန်တစ်ခု ပေးမယ်... အဲ့ဒီတာဝန် ပြီးတဲ့အထိမှ မအောင်မြင်သေးဘူး ဆိုရင်တော့ အဆင့်တက်ဖို့ပဲ ကြိုးစားလိုက်တော့” ချင်းဖုန်းဇီက ပြန်ဖြေလိုက်၏။
“အမိန့်ရှိပါ အကြီးအကဲ”
“အရှေ့ဘက် ဒေသကို ရောက်လာတဲ့ လုံယွမ်၊ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ ယင်မိစ္ဆာဂိုဏ်းက လူတွေ အားလုံး အဲ့ဒီညက အသတ်ခံလိုက်ရတယ်လေ... ဒီနှစ်ထဲမှာ လုံယွမ်နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့က ကျွမ်းကျင်သူ အများအပြား လာရောက် စူးစမ်းခဲ့ကြပေမဲ့ ဒီမှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်သူကမှ ဗြောင်ကျကျ ထွက်မလာရဲကြဘူး... ဒါပေမဲ့ အခုကျတော့ အနောက်ဘက် ဒေသက ဖိုဂိုဏ်းက လူတွေအားလုံးကို မဟာယာနဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာအောင် တရားဟောဖို့ ရောက်လာကြတယ်... သူတို့ရဲ့ လုပ်ရပ်တွေက ငါတို့ ချင်းယွင်ဂိုဏ်းကို သိသိသာသာ အထင်သေးနေတာပဲ... ဘာပဲဖြစ်ဖြစ် လက်ရှိ အရှေ့ဘက် ဒေသမှာ ငါတို့ စိုးရိမ်ရတဲ့ တစ်ခုတည်းသော ဂိုဏ်းက ကျိုယန်ဂိုဏ်းပဲ”
“ကျိုယန်ဂိုဏ်း ဟုတ်လား”
“ဟုတ်တယ်... ဘာကြောင့်လဲ ဆိုတာကိုတော့ မင်း သိစရာ မလိုပါဘူး... ဒီနေ့တင် ဖိုဂိုဏ်းရဲ့ တပည့်တစ်ယောက်က ကျိုယန်ဂိုဏ်းကို သွားတယ်... ဒါကြောင့် ငါ မင်းကို အဲ့ဒီကို သွားစေချင်တယ်... အရှေ့ဘက် ဒေသဟာ အရှေ့ဘက် ဒေသက လူတွေနဲ့ပဲ သက်ဆိုင်တယ် ဆိုတဲ့ သတင်းစကားကို ကျိုယန်ဂိုဏ်းဆီ ပါးလိုက်ပါ... ပြီးတော့ ချူယန် တောင်ထွတ်က ဘာတွေများ ထူးခြားနေလဲ ဆိုတာကိုပါ စစ်ဆေးကြည့်ခဲ့ဦး”
“အမိန့်နာခံပါ့မယ်... မဟာ အကြီးအကဲ”
လင်းဟန် ထွက်ခွာသွားချိန်တွင်ပင် ချင်ဖုန်းဇီမှာ ကျိုယန်ဂိုဏ်းရှိရာ အရပ်သို့ ကြည့်နေဆဲပင်။
“အဲ့ဒီညက ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ငါ ရှာဖွေဖို့ ကြိုးစားနေခဲ့တာ တစ်နှစ်ကျော်နေပြီ... ဒါပေမဲ့ အချည်းနှီးပဲ... အနန္တဆေးလုံး စံအိမ်၊ ရီယွဲ့ ဂိုဏ်း၊ ထျန်းယွမ် ကျောင်းတော်၊ လုံယွမ်နဲ့ တခြား ဂိုဏ်းတွေတောင် စုံစမ်းနေခဲ့ပေမဲ့ ဘာအဖြေမှ မရခဲ့ကြဘူး... အဲ့ဒီညက အဲ့ဒီလို လုပ်ခဲ့တဲ့သူက ဘယ်သူများလဲ... သူက အင်မော်တယ် တစ်ပါးများလား... ပြီးတော့ မဟာယာနဗုဒ္ဓဂိုဏ်းကကော... သူတို့ရဲ့ အစီအစဉ်က တကယ်တမ်း ဘာလဲ... သူတို့က ကမ္ဘာကြီးကို တာအိုဗုဒ္ဓတရားတော်တွေ ဖြန့်ဝေဖို့ သက်သက်နဲ့ သူတို့ရဲ့ ဂိုဏ်းကို တကယ်ပဲ ဆန္ဒအလျောက် စွန့်လွှတ်လိုက်ကြတာလား... တစ်ခုခုတော့ မှားနေပြီလို့ ထင်တယ်... ပြဿနာတွေ များလွန်းတဲ့ နှစ်ပါလားကွာ” ချင်ဖုန်းဇီ သက်ပြင်းချလိုက်မိသည်။
ချင်းယွင်ဂိုဏ်းမှာ လက်ရှိ အရှေ့ဘက် ဒေသတွင် အကြီးဆုံး ဂိုဏ်းကြီး အဖြစ် ရပ်တည်နေဆဲ ဖြစ်သော်လည်း ယခင်ကလောက် တန်ခိုးမကြီးတော့ကြောင်း သူ ကောင်းကောင်း နားလည်ထား၏။
ကျိုယန်ဂိုဏ်းတွင်မူ...
ဟွေရှင်း ရောက်လာခြင်းနှင့်အတူ ရှီမင်ကွမ်ဟိုင်က ဧည့်ခံပြုစုရန် တာဝန်ယူလိုက်သည်။
ဂိုဏ်းချုပ်ကလည်း သူ့ အစီအစဉ်ကို သိပ်အများကြီး မစဉ်းစားဘဲ ခွင့်ပြုပေးလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဟွေရှင်းမှာ သန့်စင်သော တာအိုဗုဒ္ဓသားတော် တစ်ပါး မဟုတ်ဘဲ အနောက်ဘက် ဒေသမှ လာသော သာမန် တပည့်တစ်ယောက်မျှသာ ဖြစ်သည်။ သို့ဖြစ်ရာ ဂိုဏ်းချုပ် ကိုယ်တိုင် ဧည့်ခံပြုစုရန် မသင့်တော်ပေ။
“ဟွေရှင်း... မတွေ့ရတာ ကြာပြီနော်... ငါတို့ ပြန်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး... ငါ အခုမှ ပြန်ရောက်တာရယ်၊ မင်း အရှေ့ဘက် ဒေသကို ရောက်လာတာရယ်က တကယ့်ကို ရေစက်ပဲ... အခု ငါက အိမ်ရှင်ဆိုတော့ မင်းကို ဧည့်ခံပြုစုခွင့် ပေးပါ... ပြီးတော့ ကျိုယန်ဂိုဏ်း တစ်ဝိုက်ကိုလည်း လိုက်ပြပေးမယ်” ရုပ်ရည်ချောမောသော ရှီမင်ကွမ်ဟိုင်က ကျယ်လောင်သော အသံဖြင့် ဆိုလိုက်သည်။
“အစ်ကိုကြီး ရှီမင် ပြန်ရောက်နေမှန်း ကျွန်တော် သိပါတယ်... ဒါကြောင့် ဒီရောက်ရောက်ချင်း အစ်ကိုကြီးဆီ လာလည်တာလေ” ဟွေရှင်းက ပြုံး၍ ပြောလာ၏။
ထိုနှစ်ယောက်မှာ သဟဇာတ ဖြစ်စွာ စကားစမြည် ပြောဆိုနေကြသည်။ ရယ်မောသံများနှင့် ကောင်းမွန်သော စကားဝိုင်းလေး တစ်ခုပင်။
“အစ်ကိုကြီး ရှီမင်... အရှေ့ဘက် ဒေသက ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတယ်လို့ ကျွန်တော် ကြားဖူးတယ်... အထူးသဖြင့် ကျိုယန်ဂိုဏ်းမှာပေါ့... တောင်ထွတ် တစ်ခုစီက ပါရမီရှင်တွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးလို့ ရမလား” ဟွေရှင်းက မေးလိုက်သည်။
“ရတာပေါ့” ရှီမင်ကွမ်ဟိုင်၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် လက်ခံလိုက်၏။ ထို့နောက် တောင်ထွတ် တစ်ခုစီမှ ပါရမီရှင်များကို ဖိတ်ကြားရန် တပည့်တစ်ယောက်အား အမိန့်ပေးလိုက်တော့သည်။
ချူယန် တောင်ထွတ်တွင်တော့...
ချန်ရိမင်က ချောက်ကမ်းပါး တစ်ဖက်ရှိ ကျောက်တုံးအိမ်လေးထဲတွင် တင်ပျဉ်ခွေ ထိုင်နေခဲ့၏။
ထိုအချိန်တွင် စက္ကူငှက်လေး တစ်ကောင် ပျံသန်းလာသဖြင့် သူ မျက်လုံးဖွင့်၍ ဖမ်းယူလိုက်သည်။ ထို့နောက် မဟာယာနဗုဒ္ဓဂိုဏ်း၏ ပထမ အဓိက တပည့် အလည်အပတ် လာရောက်ခြင်းအား ကြိုဆိုရန် သူတို့၏ အစ်ကိုကြီးက တောင်ထွတ် အားလုံးမှ အကြီးအကဲများကို ခေါ်ယူနေကြောင်း သတင်းစကား ရရှိလိုက်၏။
“စိတ်ဝင်စားစရာပဲ” ချန်ရိမင်က တွေးတောရင်း မတ်တပ်ထရပ်လိုက်ရာ စက္ကူငှက်လေး တစ်ကောင် စံအိမ်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
သူက ခဏတာ မတ်တပ်ရပ်နေပြီးမှ ကျန်းမင်ထံသို့ ပျံသန်းသွားလိုက်တော့သည်။
“ညီလေး ကျန်း” သူက ကျန်းမင်ကို နှုတ်ဆက်ရင်း ခေါင်မိုးပေါ်သို့ ဆင်းသက်လာခဲ့၏။
ထိုအချိန်တွင် ကျန်းမင် တစ်ယောက်တည်းကိုသာ တွေ့ရပြီး ဇီလင်းလုံမှာ အနီးအနားတွင် မရှိပေ။
“သွားမလို့လား” ချန်ရိမင်က ပြုံးရင်း မေးလိုက်သည်။ သူက ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားကာ ထိုင်ချလိုက်ပြီး လက်ဖက်ရည် တစ်ခွက်ပင် ငှဲ့လိုက်သေး၏။
“ဟင့်အင်း... လုံးဝ စိတ်ဝင်စားစရာ မကောင်းဘူး” ကျန်းမင်က ခေါင်းခါယမ်း၍ ရှင်းပြလာသည်။ “သူက ထိုက်ယန် တောင်ထွတ်ရဲ့ အကြီးအကဲ တစ်ယောက်ပဲလေ... ဒါကြောင့် ငါတို့ အားလုံးကို အတင်းအကြပ် ခေါ်ပိုင်ခွင့် မရှိဘူး... ခင်ဗျားကကော ဘယ်လိုလဲ”
“မင်းပြောသလိုပဲ လုံးဝ စိတ်ဝင်စားစရာ မကောင်းဘူး... မဟာယာနဗုဒ္ဓဂိုဏ်းက တပည့်က မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လာတာ သေချာတယ်... သူတို့ ဒီမှာ နေမယ်ဆိုရင် တာအိုဗုဒ္ဓတရားတော်တွေ ဖြန့်ဝေဖို့ ငါတို့ရဲ့ နယ်မြေတွေနဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်ဖို့ လာကြတာလေ... ပြီးတော့ ပြင်ပလူတွေ ဖြစ်တဲ့အပြင် ငါတို့ဂိုဏ်းကို လာရောက် ဂါရဝပြုတာတောင်မှ သာမန် တပည့်တစ်ယောက်ကိုပဲ လွှတ်လိုက်သေးတယ်... သူတို့ ငါတို့ကို အထင်သေးနေတာလား”
သူက နှာမှုတ်လိုက်ပြီး ဆက်ပြောသည်။ “ရှီမင်ကွမ်ဟိုင်က ဒါကို မသိဘူးဆိုတာ ငါ မယုံဘူး... ပြီးတော့ သူက တောင်ထွတ် တစ်ခုစီက အကြီးအကဲ အားလုံးကို အဲ့ဒီကိုလာပြီး ထောက်ခံပေးဖို့ တောင်းဆိုချင်နေတာလား... ဟား... ဒါကတော့ လွန်သွားပြီ”
“လျစ်လျူရှုထားလိုက်ကြတာပေါ့... အစ်ကိုကြီး ကျန်းကကော ဘယ်လိုလဲ... သူ့ကို မတွေ့ရတာ တော်တော်ကြာပြီ” ကျန်းမင်က ပြုံး၍ မေးလိုက်သည်။
“သူက ဂိုဏ်းပြင်ပက တခြား နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်” ချန်ရိမင်က ကောက်ကျစ်စွာ ပြန်ဖြေလာ၏။
ဒီနှစ်ထဲတွင် ဂိုဏ်းသား အများအပြားမှာ တောင်တန်းများကို ဖြိုခွင်းရန်၊ မြစ်များကို ခွဲဝေရန်နှင့် ဒုက္ခသည်များကို ကူညီရန် ထွက်သွားခဲ့ကြသည်။ ချင်းပြည်နယ် တစ်ခုလုံးကို ကျိုယန်ဂိုဏ်းပိုင် ဖြစ်လာစေရန် ကြိုးပမ်းသည့် အနေဖြင့် နယ်မြေများကိုလည်း သိမ်းပိုက်နေကြ၏။
တစ်နည်းအားဖြင့် ပြောရလျှင် ချင်းယွမ် ဂိုဏ်းမှာ နယ်မြေ ချဲ့ထွင်နေခြင်း ဖြစ်သည်။ စစ်ပွဲအတွင်း အင်အားစု အများအပြား ဖျက်ဆီးခံရပြီးနောက် အသက်ရှင် ကျန်ရစ်သူများ အနေဖြင့် သူတို့၏ နယ်နိမိတ်မျဉ်းများကို သဘာဝကျကျ ပြန်လည် ရေးဆွဲရမည် မဟုတ်ပါလား။
ကျန်းကျွင်ပေါင်မှာလည်း ထိုကိစ္စများကို အကောင်အထည်ဖော်ရန် ထွက်သွားသော တပည့်များထဲမှ တစ်ယောက် အပါအဝင်ပင်။
“မင်း နေရာလေးကမှ အေးအေးဆေးဆေး ရှိသေးတယ်... ဂိုဏ်းရဲ့ တာဝန်တွေကိုလည်း ဂရုစိုက်စရာ မလိုသလို တပည့်တွေကြားက ရှုပ်ထွေးတဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း ဖြေရှင်းစရာ မလိုဘူး... အကြီးအကဲ ကျန်း... ငါတော့ ချူယန် တောင်ထွတ်ကို ပြောင်းလာပြီး ကျန်တာတွေ အားလုံးကို မေ့ထားလိုက်တော့မယ် ထင်တယ်” ချန်ရိမင်က ရုတ်တရက် အာမေဋိတ်သံဖြင့် ပြောလာသည်။
“တကယ်လို့ ခင်ဗျားသာ ဒီမှာ နေမယ်ဆိုရင် ဦးလေးတော် ချန်က ခင်ဗျားကို သေချာပေါက် ကြိုးတုပ်ပြီး ရိုက်လိမ့်မယ် ထင်တယ်”
“ဟား... အဲ့ဒီ အဘိုးကြီးက ရူးနေတာ... မင်း အဘိုးကြီးထက်တောင် အားကိုးလို့ မရသေးတယ်”
“ဦးလေးတော် ချန်က အမြဲတမ်း အရက်မူးနေတတ်တော့ ဖြစ်နိုင်ပါတယ်လေ... ဒါနဲ့ စီနီယာ အစ်မတော် မိုမိုကကော ဘယ်လိုနေလဲ”
“သူမ နေကောင်းပါတယ်”
“ဝမ်းသာစရာပဲ... အဟမ်း... ခင်ဗျားကို တစ်ခုလောက် မေးပါရစေ... တကယ်လို့ ကျင့်ကြံလို့ မရတဲ့၊ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မသန့်စင်နိုင်တဲ့ သာမန် မိန်းမတစ်ယောက် ရှိတယ် ဆိုပါစို့... ဒါကြောင့် သူ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးကောင်လေးတွေနဲ့ တခြားအရာတွေကို မဖယ်ရှားနိုင်ဘူးပေါ့... ပြီးတော့ ခင်ဗျားက သူမကို ချစ်မိသွားတယ် ဆိုပါစို့... သူမရဲ့ မျက်နှာပေါ်မှာ ခွက်အရွယ်အစားလောက် ကြီးတဲ့ ဆီပေါက်တွေ ပြည့်နေပြီး ပိုးကောင်တွေ တွားသွားနေတာကို မြင်ရရင်ကော ခင်ဗျား သူမကို အနမ်းပေးနိုင်ပါ့မလား”
ချန်ရိမင် တစ်ယောက် ပျို့တက်သွားတော့၏။
“ဟားဟား... ခင်ဗျား တကယ်ကြီး ကြုံဖူးတာများလား”
“ဟူး... ပြောရရင်တော့ ဇာတ်လမ်းက ရှည်ပါတယ်... ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ငါ ကြုံဖူးတယ်”
ချန်ရိမင် တစ်ယောက် မိန်းမများ အားလုံးအပေါ် စိတ်ပျက်လုနီးပါး ဖြစ်ခဲ့ရသည့် အချိန်ကို ပြန်လည် သတိရသွားမိသည်။
မိစ္ဆာကောင်များကို သတ်ဖြတ်ရသည့် တာဝန်တစ်ခုတွင် သူ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့၏။ ထို့ကြောင့် ပြည့်တန်ဆာအိမ် တစ်ခုသို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် ဆွဲဆောင်မှုရှိစွာ၊ ညှို့ငင်နိုင်စွမ်းရှိစွာ ကခုန်နေကြသူ အများအပြား ရှိနေခဲ့သည်။
သူ့ကို အဖော်ပြုပေးရန် တစ်ယောက်ကို ခေါ်လိုက်၏။ သူက အသက် အများကြီး ပိုကြီးနေသော်လည်း အချိန်အများစုကို တောင်ပေါ်တွင်သာ ကုန်ဆုံးခဲ့ရသဖြင့် ကောင်မလေး တစ်ယောက်၏ အဆုံးမဲ့ မြူဆွယ်မှုများကို မည်သို့များ ခုခံနိုင်မည်နည်း။
သို့သော်လည်း သူက သတိဝီရိယ ရှိနေဆဲပင်။
သူ့ဓမ္မ မျက်လုံးများကို အနည်းငယ် အသုံးပြုလိုက်ရာ သူမ မျက်နှာပေါ်ရှိ ချွေးပေါက်များ ရုတ်တရက် ပန်းကန်လုံး အရွယ်အစားခန့် ကြီးမားလာသည်ကို မြင်လိုက်ရ၏။ ချွေးပေါက်များ အတွင်း၌ ပျို့အန်ချင်စရာ ကောင်းသော စေးကပ်ကပ် အကျိအချွဲများ စိမ့်ထွက်နေပြီး ပိုးကောင်များလည်း တွားသွားနေကြသည်။
သူ အလွန် ရွံရှာသွားသဖြင့် ပြည့်တန်ဆာအိမ်ကိုပင် ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားရ၏။ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးလာခဲ့ပြီး စိတ်တည်ငြိမ်အောင် အချိန်အတော်ကြာ ယူခဲ့ရလေသည်။
နောက်ပိုင်းတွင် သာမန် မိန်းမများနှင့် အလုပ်ဖြစ်နေကျ အတွေ့အကြုံရှိ သက်ကြီးရွယ်အို တစ်ယောက်နှင့် တွေ့ဆုံခဲ့၏။ ထို့ကြောင့် ထိုသူအား မေးမြန်းကြည့်ရာ ရိုးရှင်းသော အဖြေတစ်ခုသာ ရရှိခဲ့သည်။ ထိုသူက “အာရုံခံစားမှု အားလုံးကို ပိတ်ထားလိုက်... ဒါဆိုရင် လှပတဲ့ မိန်းမတစ်ယောက်က လှပနေတုန်းပဲ... မဟုတ်ရင်တော့ နတ်သမီးလေးတွေ သီးသန့် ပေးတဲ့ ပြည့်တန်ဆာအိမ်ကို သွားပေါ့... ဈေးတော့ အရမ်းကြီးတယ်” ဟု ပြောခဲ့လေသည်။
“တော်တော် ကောင်းတဲ့ ဖြေရှင်းနည်းပဲ... ဒါဆို ခင်ဗျားလည်း အဲ့ဒီလို စလုပ်နေပြီလား” ကျန်းမင်က ရယ်မောလိုက်၏။
“ဟင့်အင်း... လျှောက်မပြောနဲ့... ငါက အခုထိ လူပျိုစစ်စစ်ပဲ ရှိသေးတာ”
“ဟားဟား”
ထိုနှစ်ယောက်မှာ စကားစမြည် ပြောဆိုနေကြသည်။
ချန်ရိမင်က အစည်းအဝေးသို့ မတက်ရောက်ခဲ့သလို ကျန်းမင်လည်း ထိုသို့ မတက်ရောက်ရသည့် အကြောင်းရင်းကို ကောင်းကောင်း သိထား၏။
ကျန်းမင်မှာ နောက်ထပ် ဘာတွေ ဆက်ဖြစ်လာမည်ကို အတော်လေး မျှော်လင့်နေမိသည်။
မွန်းတည့်ချိန်သို့ နီးကပ်လာသောအခါ...
လူတစ်စု လေထဲတွင် လျှောက်လှမ်းလာပြီး ဧည့်ခံရေး တောင်ထွတ်ဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်ရလေပြီ။
End
***