"ခဏလေးနေပါဦး... ငါတို့က ညစ်ညမ်းမှာကို ကြောက်တာ မဟုတ်ဘူးလား...။ အကယ်၍များ ငါတို့က အပြင်ဘက်က ဟင်းလင်းပြင်ကို ဝါးမြိုလိုက်ရင် ညစ်ညမ်းမှုတွေ ကင်းဝေးသွားမှာ မဟုတ်ဘူးလား...။"
[ဒါပေါ့... မဟုတ်ပါဘူး။ ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်နိုင်တယ်ဆိုတာက မြင့်မြတ်တဲ့ နယ်မြေရဲ့ ဟင်းလင်းပြင်မှာ အပြင်ကမြေတွေကို ပေါင်းစည်းဖို့အတွက် ပိုလျှံနေတဲ့ စွမ်းအင်တွေ ရှိနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ…။]
[အဲဒီလို စုပ်ယူလိုက်တဲ့မြေတွေဟာ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ထဲမှာရှိတဲ့ မြေတွေနဲ့ တူညီတဲ့ အဆင့်ရောက်အောင် တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲသွားမှာပါ…။]
စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းဖန်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်လာတော့ သည်။
အကယ်၍ ဤဝါးမြိုခြင်း လုပ်ဆောင်ချက်သာ ပေါ်လာပါက ထျန်းယွမ်တိုက်ကြီးပေါ်ရှိ အင်အားစုများ ကို သိမ်းပိုက်ခြင်းမှာ ထမင်းစားရေသောက်သလောက် လွယ်ကူသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် "ပေါင်းစည်းသိမ်းပိုက်ခြင်း" ဆိုသည့် စကားလုံးမှာ စာသားအတိုင်း "ဝါးမြိုပစ်ခြင်း" ဖြစ်သွားပေလိမ့် မည်။ အကယ်၍ ဂိုဏ်းတစ်ခုလုံး၏ နယ်မြေကို မိမိ၏ မြင့်မြတ်ရာနယ်မြေ ဟင်းလင်းပြင်ထဲသို့ ဝါးမြို ထည့်လိုက်ပါက ထိုသူများမှာ မိမိလက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။
*နေပါဦး... ဘာလို့ ဂိုဏ်းတွေကိုပဲ ဝါးမြိုရမှာလဲ..။ ထျန်းယွမ်တိုက်ကြီးတစ်ခုလုံးကို ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ထဲ တိုက်ရိုက် ဝါးမြိုပစ်နိုင်မလားဆိုတာ ကြည့်ရတာပေါ့…။*
ထိုအချိန်တွင် စနစ်သည် လင်းဖန်၏ မျက်နှာပေါ်ရှိ ကောက်ကျစ်သော အပြုံးကို သတိပြုမိသွားပြီး သူ ဘာတွေးနေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားလေသည်။
[ပိုင်ရှင်... မျှော်လင့်ချက်တွေ သိပ်မကြီးပါနဲ့ဦး။ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ရဲ့ လုပ်ဆောင်ချက် တစ်ခုချင်းစီရဲ့ အစွမ်းဟာ ပိုင်ရှင်ရဲ့ ကျင့်ကြံမှုအဆင့်အပေါ်မှာ မူတည်နေပါတယ်…။]
[ပိုင်ရှင်ရဲ့ ဝါးမြိုနိုင်စွမ်းက ထျန်းယွမ်တိုက်ကြီးတစ်ခုလုံးကို ဝါးမြိုနိုင်တဲ့အထိ အားကောင်းချင်တယ် ဆိုရင် ဘယ်လိုကျင့်ကြံမှုအဆင့်မျိုး လိုအပ်မလဲဆိုတာ ကိုယ့်ဘာကိုယ်သာ စဉ်းစားကြည့်ပါတော့…။]
စနစ်၏ ရေအေးဖြင့် ပက်လိုက်သလို စကားကြောင့် လင်းဖန်၏ စိတ်ကူးယဉ်မှုများ ပျက်ပြယ်သွားရ လေသည်။ ဤကဲ့သို့ လုပ်နိုင်ရန်အတွက် မည်မျှအထိ ကျင့်ကြံရပါမည်နည်း။
အနည်းဆုံးတော့ အင်မော်တယ်ဘုံသို့ တက်လှမ်းပြီးနောက် အဆင့်တစ်ခုခုလောက် ဖြစ်ပေလိမ့်မည်။
*ဟူး... ရှေ့လျှောက် လုပ်ရမည့် အလုပ်တွေက ခက်ခဲသလို ခရီးလမ်းကလည်း အဝေးကြီး လိုသေးပါ လား...။ ရှေ့ခရီးက ဝေးလံပြီး ခက်ခဲပေမဲ့ ပိုက်ဆံရဖို့အတွက်တော့ ငါ အစွမ်းကုန် ကြိုးစားရမှာပဲ...။*
လင်းဖန်က ရှေ့ဆက်မတွေးတော့ဘဲ သုံးဘီးစက်ဘီးကို ပို၍မြန်မြန် စတင်နင်းလိုက်တော့သည်။
သူတို့နှစ်ဦးသည် ချင်းယွင်ဂိုဏ်းကို ဆွဲယူကာ ကျုံးကျိုးသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်ပျံသန်း ခဲ့ကြ သည်။ အရှိန်ကို အမြင့်ဆုံးတင်နိုင်ရန် လင်းဖန်သည် ဆိုင်ကယ်ပေါ်တွင် မတ်တတ်ရပ်ကာ အားသွန် ခွန်စိုက် နင်းခဲ့လေသည်။
လီလဲ့ယန်က လင်းဖန်သည် ဤမျှ ပြင်းပြင်းထန်ထန် နင်းနေရသည်ကို မြင်သောအခါ အလွန်စာနာမိ သဖြင့် သူ၏ ကြွက်သားများ ပြေလျော့စေရန် နှိပ်နယ်ပေးခဲ့၏။ လီလဲ့ယန်၏ အားပေးကူညီမှုကြောင့် လင်းဖန်၏ အရှိန်မှာ ပို၍ပင် မြန်လာတော့သည်။
သူတို့သည် အချို့သော ဂိုဏ်းများအပေါ်မှ ဖြတ်ကျော်ပျံသန်းသွားသောအခါ အောက်တွင်ရှိသော တပည့် များသည် ကောင်းကင်ကြီး ရုတ်တရက် မှောင်အတိကျသွားသလို ခံစားလိုက်ရလေသည်။
သူတို့ ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် ကြီးမားလှသော အရာကြီးတစ်ခု အရှိန်အဟုန်ဖြင့် ဖြတ်ပျံသွားသည်ကို မြင်လိုက်ရသဖြင့် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
"ဘုရားရေ... ကောင်းကင်ကနေ ဘာကြီး ဖြတ်ပျံသွားတာလဲ….။"
"ကြည့်ရတာ မြေကွက်ကြီးတစ်ခုလိုပဲ... ဒါပေမဲ့ မြေကွက်ကြီးက ဘယ်လိုလုပ် ပျံနိုင်မှာလဲ…။"
"ငါ သိပြီ….။ ဒါက လောကကြီးထဲမှာ ရုတ်တရက် ပေါ်ထွက်လာတဲ့ ထူးခြားတဲ့ လျှို့ဝှက်နယ်မြေ ဖြစ်ရ မယ်။ မြန်မြန် လိုက်ကြစို့... အပေါ်မှာ ကံကောင်းမှု အခွင့်အရေးတွေ ရှိနေမှာ အသေအချာပဲ….။"
သို့သော်လည်း သူတို့၏ အမြန်နှုန်းက လင်းဖန်၏ စက်ဘီးနင်းသည့် အရှိန်ကို မည်သို့မှ မမီနိုင်ပေ။
ချင်းယွင်ဂိုဏ်းကြီးသည် သုံးဘီးစက်ဘီး ၏ ဆွဲယူမှုနှင့်အတူ သူတို့၏ မြင်ကွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
နောက်ဆုံးတွင် ၎င်းသည် အရှေ့ဘက်ဒေသရှိ ဂိုဏ်းများနှင့် အင်အားစုများစွာအတွက် "ပျံသန်းနေသော လျှို့ဝှက်နယ်မြေ" ဟူသော ဒဏ္ဍာရီများကို ချန်ထားရစ်ခဲ့လေသည်။
မကြာမီမှာပင် အရှိန်အဟုန်ဖြင့် မောင်းနှင်လာသော လင်းဖန်သည် ကျုံးကျိုးနယ်နိမိတ်ထဲသို့ ရောက်ရှိ လာခဲ့လေ၏။ သို့သော်လည်း အခက်အခဲအသစ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
လင်းဖန်သည် ယခင်က တယ်လီပို့စနစ်ဖြင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ တိုက်ရိုက်သွားခဲ့ခြင်းဖြစ် လေသည်။ ထို့ကြောင့် ကျုံးကျိုးနယ်နိမိတ်ထဲသို့ ဝင်ရောက်ပြီးနောက် မည်သည့်ဘက်သို့ သွားရမည်ကို မသိတော့ပေ။
လီလဲ့ယန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ နယ်ခြားဖြတ်ကျော်သင်္ဘောဖြင့် လာခဲ့ဖူးသော်လည်း ယခင်က အင်မော်တယ်တိမ်တိုက်မြို့တော်ကို ရှာဖွေခဲ့စဉ်က အဖြစ်အပျက်ကို အမှတ်ရမိသဖြင့် လင်းဖန်သည် သူမအား လမ်းမှတ်မိလိမ့်မည်ဟု မျှော်လင့်မထားပေ။
အခြားရွေးချယ်စရာမရှိတော့သဖြင့် လင်းဖန်သည် လျူအန်းရှန်းထံ ဆက်သွယ်ပြီး လာရောက်ကြိုဆိုရန် အကူအညီတောင်းလိုက်ရလေတော့သည်။
"စီနီယာလျူ... အခု အားလား...။ ကျွန်တော်တို့ကို လာကြိုပေးလို့ ရမလား... ကျွန်တော်တို့ လမ်းပျောက် နေလို့...။"
ကျင့်ကြံနေသော လျူအန်းရှန်းသည် လင်းဖန်၏ စိတ်ချင်းဆက်သွယ်မှု သတင်းစကားကို ကြားသော အခါ ချက်ချင်းပင် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"လမ်းပျောက်နေတယ် ဟုတ်လား...။ မင်းတို့ ဘယ်ကို သွားနေကြတာလဲ...။"
"နေပါဦး... မင်းတို့က တိုက်ရိုက် တယ်လီပို့လာလို့ ရတာပဲ မဟုတ်ဘူးလား...။ ဘာလို့ ငါက လာကြိုပေး ဖို့ လိုနေတာလဲ...။"
သူ၏ နောက်ကွယ်ရှိ ကြီးမားလှသော ချင်းယွင်ဂိုဏ်းကြီးကို ကြည့်ရင်း လင်းဖန်သည် မည်သို့ရှင်းပြရ မည်ကို သိလိုက်လေသည်။
"ဟူး... ဒါကို အချိန်တိုအတွင်း ရှင်းပြဖို့ ခက်တယ်...။ စီနီယာနဲ့ တွေ့မှပဲ အကျိုးအကြောင်း ရှင်းပြပါ တော့မယ်...။"
ထိုစကားကို ကြားသောအခါ လျူအန်းရှန်းမှာ နားမလည်နိုင် ဖြစ်နေသော်လည်း တည်နေရာကို မေးမြန်း လိုက်လေသည်။
"မင်းတို့ အခု ဘယ်မှာလဲ...။ ဘယ်ကို လာကြိုရမလဲ ငါ မသိသေးဘူးလေ...။"
လင်းဖန်သည်လည်း သူရောက်နေသည့်နေရာကို မသိပေ။ သို့သော်လည်း ဟင်းလင်းပြင်မြင့်မြတ် နယ်မြေကို ကြားခံအဖြစ် အသုံးပြုနိုင်သည့်အတွက် တိကျသောတည်နေရာကို သိရန် မလိုတော့ပေ။
"စီနီယာလျူ... ကျွန်တော်လည်း အခု ဘယ်ရောက်နေမှန်း မသိဘူး...။ ဒီလိုလုပ်ပါလား... စီနီယာက ဟင်းလင်းပြင်တိုကင်ကို သုံးပြီး မြင့်မြတ်ရာနယ်မြေ ဟင်းလင်းပြင်ထဲ ဝင်လာလိုက်...။"
"ပြီးရင် ကျွန်တော် ဒီဘက်ကနေ ဟင်းလင်းပြင် တံခါးတစ်ခု ဖွင့်ပေးမယ်၊ အဲဒီကနေပဲတန်းပြီး လာခဲ့ လိုက်တော့...။"
ခဏအကြာတွင် လျူအန်းရှန်းသည် လင်းဖန်၏ ဘေးရှိ ဟင်းလင်းပြင်တံခါးမှ ထွက်လာခဲ့သည်။
"ဘုရားရေ... ဒါ... ဒါကြီးက ဘာကြီးလဲ….။"
လျူအန်းရှန်းသည် ဟင်းလင်းပြင်တံခါးမှ ထွက်လာသည်နှင့် လင်းဖန်၏ နောက်ကွယ်ရှိ ကြီးမားလှသော ချင်းယွင်ဂိုဏ်းဌာနချုပ်ကြီးကို အရင်ဆုံး မြင်လိုက်ရသည်။ ထိုမြင်ကွင်းက လျူအန်းရှန်းကို အံ့သြလွန်း သဖြင့် စကားများပင် ထစ်သွားစေသည်ပင်။
ထိုအခြေနေကို မြင်သောအခါ လင်းဖန်က ရှင်းပြလိုက်လေသည်။
"ဟီးဟီး... စီနီယာ... ဒါကို မမှတ်မိတော့ဘူးလား။ ဒါက ချင်းယွင်ဂိုဏ်းရဲ့ ဌာနချုပ်လေ။ စီနီယာ အရင်က အဲဒီကို သွားဖူးတယ် မဟုတ်လား…။"
ထိတ်လန့်အံ့သြနေဆဲဖြစ်သော လျူအန်းရှန်းသည် စကားများ ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
"ငါ... ငါ ဒါက ချင်းယွင်ဂိုဏ်းရဲ့ ဌာနချုပ်ဆိုတာ သေချာပေါက် မှတ်မိတာပေါ့။ ဒါပေမဲ့... ဒါပေမဲ့...။"
"ချင်းယွင်ဂိုဏ်းရဲ့ ဌာနချုပ်ကြီးက ဘယ်လိုလုပ် ကျုံးကျိုးကို ရောက်နေတာလဲ….။"
တစ်ဖက်လူ၏ အံ့သြနေသော မျက်နှာအမူအရာကို ကြည့်ရင်း လင်းဖန်က ဆက်လက် ရှင်းပြလိုက် လေသည်။
"အဲဒါက... ကျွန်တော် ကျုံးကျိုးမှာ လုပ်ငန်းချဲ့ထွင်ဖို့ စီစဉ်နေတာလေ၊ အဲဒီမှာ အခြေစိုက်စခန်းတစ်ခု အနေနဲ့ သုံးဖို့ စဉ်းစားနေတာ...။"
"အခြေစိုက်စခန်း အသစ်ကို ပြန်ဆောက်မယ်ဆိုရင် အချိန်တွေရော အရင်းအမြစ်တွေရော အများကြီး ကုန်မှာပဲလေ...။"
"ဒါ့အပြင် လဲ့ယန် ဦးဆောင်တဲ့ ဂိုဏ်းသုံးဂိုဏ်းကလည်း သူတို့ရဲ့ အရင် ဂိုဏ်းနေရာဟောင်းတွေမှာ နေသားကျနေကြပြီလေ...။"
"အဲဒါကြောင့် ချင်းယွင်ဂိုဏ်းလို ဂိုဏ်းနေရာဟောင်းတွေကိုပဲ ဒီဘက်ကို ရွှေ့လိုက်တာပါ...။"
ထိုစကားကို ကြားသောအခါ လျူအန်းရှန်းသည် သုံးဘီးစက်ဘီးနှင့် ဂိုဏ်းကို ဆက်သွယ်ထားသော ကြိုးအချို့ကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့တော့သည်။
"ဆွဲ... ဆွဲလာတာလား...။ ဒါ…ဒါနဲ့လား...။"
"မောင်ရင်လင်း... မောင်ရင့်အောက်က ဒီမှော်လက်နက်က ဘယ်အဆင့်ရှိတာလဲ...။"
လင်းဖန်ကိုယ်တိုင်လည်း သုံးဘီးစက်ဘီး၏ အဆင့်အတန်းကို သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိပါချေ။
"အင်း... ဒါက မိသားစုအမွေအနှစ်ပါ... ဘယ်လိုအဆင့်လဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ဘာပဲဖြစ် ဖြစ် အသုံးပြုရတာတော့ တော်တော်အဆင်ပြေပါတယ်…။"
"စီနီယာ... တကယ်လို့ ခင်ဗျားတို့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက နောင်ကျရင် ဌာနချုပ်တည်နေရာ ကို ပြောင်းချင်တယ်ဆိုရင်လည်း... ကျွန်တော် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနိုင်ပါတယ်…။"
လင်းဖန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လျူအန်းရှန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွား ခဲ့လေသည်။ အတန်ကြာမှ ရှေ့မှမြင်ကွင်းကို ဖြည်းဖြည်းချင်း လက်ခံနိုင်သွားလေတော့သည်။
"မိတ်ဆွေငယ် လင်းရဲ့ နောက်ခံက တကယ့်ကို အံ့မခန်းပါပဲ….။ "
"အဲဒါက ကောင်းချီးပေးထားတဲ့ နယ်မြေတစ်ခုတင်မကဘဲ ဒီလောက်အစွမ်းထက်တဲ့ နတ်ဘုရားအဆင့် ရတနာမျိုးကိုပါ ပိုင်ဆိုင်ထားတာပဲ။ လဲ့ယန်နဲ့ တခြားလူတွေ မင်းနောက်ကို လိုက်သွားနိုင်တာက တကယ့်ကို သူတို့ရဲ့ ကံကောင်းမှုပါပဲ…။"
သူ၏ ခံစားချက်များကို ပြောပြပြီးနောက် လျူအန်းရှန်းသည် လင်းဖန်အတွက် လမ်းပြပေးတော့သည်။ ထိုသို့ဖြင့် သူတို့သုံးဦးသည် ချင်းယွင်ဂိုဏ်းကို ဆွဲလျက် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ အရှိန် အဟုန်ဖြင့် ပျံသန်းထွက်ခွာလာခဲ့ကြလေတော့သည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ သွားရာလမ်းတွင် အခြားသော ဂိုဏ်းများနှင့် အင်အားစုများစွာ ရှိနေ သည်မှာ ဓမ္မတာပင်။ လင်းဖန်နှင့် သူ၏ အဖော်နှစ်ဦးမှာ ကွေ့ပတ်သွားရန် ပျင်းရိသဖြင့် အခြားဂိုဏ်းများ ၏ အထက်ကောင်းကင်မှ တိုက်ရိုက် ဖြတ်ပျံခဲ့ကြသည်။
ဤသို့ လူသိရှင်ကြား လူမြင်သူမြင် ပြုမူခြင်းမှာ လင်းဖန်၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းပင် ဖြစ် လေသည်။ သူ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ မစတင်ရသေးပေ။ ကျုံးကျိုးတွင် မိမိကိုယ်ကိုယ် ကြော်ငြာရန်အတွက် ဤအခွင့်အရေးကို အသုံးချနိုင်ပေသည်ပင်။
သူတို့ အရှိန်အဟုန်ဖြင့် သွားနေစဉ်အတွင်း အချို့သော အဆင့်နိမ့်ဂိုဏ်းများသည် ချဉ်းကပ်ရန်ပင် မဝံ့ရဲ ဘဲ အဝေးမှသာ ကြည့်ရှုနေကြသည်။ ပြောရမည်ဆိုလျှင် ဂိုဏ်းတစ်ခုလုံးကို ကျောပိုးကာ ပျံသန်းနေ သော ပုံရိပ်ကို မြင်ရသည်မှာ သူတို့ မနှောင့်ယှက်ဝံ့သော အရာပင် ဖြစ်သည်။
အချို့သော အဆင့် (၈) ဂိုဏ်းများသည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသဖြင့် အခြေအနေကို စူးစမ်းရန် မေးခွန်းအချို့ မေးမြန်းရန် ကြိုးစားခဲ့ကြသည်။ ဤတွင် လျူအန်းရှန်းပင် အမည်မသိသော အဆင့် (၈) ဂိုဏ်းတစ်ခု ဖြစ်နေ၏။
မိမိတို့ ဂိုဏ်းရှိရာ ကောင်းကင်ယံသို့ အလွန်ကြီးမားသော အရာကြီးတစ်ခု အရှိန်အဟုန်ဖြင့် ဦးတည် လာသည်ကို မြင်သောအခါ... မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဂိုဏ်းအတွင်းမှ ချက်ချင်း ပျံထွက်လာပြီး ဂိုဏ်း၏ ရှေ့တွင် ခပ်လှမ်းလှမ်းမှ ရပ်တန့်စောင့်ဆိုင်းနေကြသည်။
"ဒါက ကျွန်တော်တို့ 'ရွှေဓားဂိုဏ်း' ရဲ့ အခြေစိုက်စခန်းပါ...။ ဘယ်စီနီယာကများ ကြွရောက်လာတာလဲ ဆိုတာ သိပါရစေ...။"
ရှေ့မှ ရွှေဓားဂိုဏ်း ကျင့်ကြံသူများ၏ နှုတ်ဆက်စကားကို ကြားပြီးနောက်။ လင်းဖန်သည် ဤအဆင့် (၈) ဂိုဏ်းအတွင်း၌ အတိဒုက္ခအဆင့် ကျင့်ကြံသူများလည်း ရှိနေနိုင်သည်ကို သဘောပေါက်လိုက်သည်။
ပြောရမည်ဆိုလျှင် သူတို့ သုံးဦးထဲတွင် ရှေ့ဆုံးမှ ဦးဆောင်လာသော လျူအန်းရှန်းမှာ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။ သူသည် အတိဒုက္ခတစ်ကြိမ်သာ ကျော်ဖြတ်ထားရသော ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း။
၎င်းမှာ မဟာယာနအဆင့် ကျင့်ကြံသူများ မစိန်ခေါ်ဝံ့သော အဆင့်အတန်းမျိုး ဖြစ်သည်။ သူတို့က ထွက်ပေါ်လာဝံ့သည်ဆိုခြင်းမှာ လျူအန်းရှန်းကို ရင်ဆိုင်ရန် ယုံကြည်မှုတစ်ခုခု ရှိနေ၍ပင် ဖြစ်ရပေမည်။
***