လျူအန်းရှန်းသည်လည်း ဤအခြေအနေကို ကောင်းစွာ သိရှိပေသည်။ ထို့ကြောင့် ပဋိပက္ခမဖြစ်ပွား စေရန်အတွက် တစ်ဖက်လူ၏ နှုတ်ဆက်စကားကို လျစ်လျူမရှုခဲ့ပေ။
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အကြီးအကဲ လျူအန်းရှန်းပါ...။ ဒီနေရာကို ဖြတ်သွားရုံသက်သက်ပါ၊ ခင်ဗျားတို့နဲ့ ဘာမှမပတ်သက်ပါဘူး...။"
မျှော်လင့်ထားသည့်အတိုင်းပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အမည်နာမမှာ သူ၏ အတိဒုက္ခအဆင့် ကျင့်ကြံသူဟူသော ဂုဏ်ပုဒ်ထက်ပင် ပို၍ အစွမ်းထက်လှသည်။
လျူအန်းရှန်း၏ မည်သူမည်ဝါဖြစ် ကြောင်း ကြားလိုက်ရသည်နှင့် ရွှေဓားဂိုဏ်းမှ မဟာယာနကျင့်ကြံသူ နှစ်ဦးသည် ချက်ချင်းပင် ရိုရိုသေသေ ဖြစ်သွားကြတော့သည်။ သူတို့၏ နောက်ကွယ်တွင် ပုန်းကွယ်နေ သော အတိဒုက္ခအဆင့်ရှိ အကြီးအကဲများပင်လျှင် ဆက်လက်နှောင့်ယှက်ရန် မဝံ့ရဲကြတော့ပေ။
"ဪ... အင်မော်တယ်တိမ်တိုက်ဂိုဏ်းက စီနီယာဖြစ်နေတာကိုး...။"
"ကျွန်တော်တို့ စကားများသွားတာ ခွင့်လွှတ်ပါ စီနီယာ... ကြွပါ... ကြွပါ...။"
ပြောပြောဆိုဆိုနှင့်ပင် ထိုကျင့်ကြံသူနှစ်ဦးမှာ လင်းဖန်တို့အဖွဲ့ မိမိတို့ဂိုဏ်း၏ အထက်မှ ပျံသန်းသွားနိုင် ရန် လမ်းဖယ်ပေးလိုက်ကြလေသည်။
တစ်ဖက်လူ၏ သဘောထားကို မြင်သောအခါ လင်းဖန်သည် ခရီးဆက်ရန် မလောတော့ပေ။
ဤကဲ့သို့သော ကြော်ငြာရန် အခွင့်ရေးကောင်းကို လက်လွတ်မခံနိုင်သည် မဟုတ်ပါလား။
"ဟားဟား... ခင်ဗျားတို့ရဲ့ နားလည်ပေးမှုကို ကျေးဇူးတင်ပါတယ်...။"
"အမှန်အတိုင်း ပြောရရင် ကျွန်တော်က အခု ဂိုဏ်းနေရာ ရွှေ့နေတာလေ၊ လမ်းကွေ့ပြီးသွားမယ်ဆိုရင် အချိန်တွေ အများကြီး ကုန်မှာစိုးလို့ပါ...။"
"ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က အခုလို စေတနာထားပြီး လမ်းဖယ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ နောက်ကျရင် ခင်ဗျားတို့ဂိုဏ်း နေရာရွှေ့ချင်တယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ...။"
"အဲဒီအချိန်ကျရင် အထူးလျှော့စျေး ပေးပါ့မယ်...။"
လင်းဖန်၏ တစ်ယောက်တည်း ပြောနေသော စကားများက ရွှေဓားဂိုဏ်းမှ လူနှစ်ဦးကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
*ကျုံးကျိုးမှာ ဂိုဏ်းနေရာရွှေ့ပြောင်းပေးတဲ့ ဝန်ဆောင်မှုဆိုတာ ဘယ်တုန်းက ပေါ်လာတာလဲ….။*
သူတို့ကို လျှော့စျေးပေးမည်ဟူသော စကားမှာလည်း သူတို့ကို ဆွံ့အသွားစေသည်။
*ဘယ်ဂိုဏ်းကများ အားနေလို့ အိမ်ရွှေ့သလိုမျိုး ဂိုဏ်းနေရာကို ရွှေ့နေမှာလဲ…။*
"ဟီးဟီး... မိတ်ဆွေရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဂိုဏ်းတည်ရှိတဲ့နေရာရဲ့ ဖုန်းရွှေ က တော်တော်လေး ကောင်းမွန်နေတာမို့လို့ နေရာရွှေ့ဖို့ မလိုသေးပါဘူး….။"
*ဪ... ထျန်းယွမ်တိုက်ကြီးပေါ်က လူတွေက ဖုန်းရွှေကို ယုံကြတာလား….။*
*ဒါဆိုရင်တော့ ငါလည်း အဲဒီပညာကို လေ့လာထားမှ ဖြစ်မယ်။ ဖုန်းရွှေကြည့်တတ်သွားပြီဆိုရင်တော့ တခြားဂိုဏ်းတွေကို ဖုန်းရွှေပိုကောင်းတဲ့နေရာကို ရွှေ့ဖို့ လှည့်စားလို့ရတာပေါ့…။*
*အဲဒီလိုဆိုရင်တော့ အရင်က စဉ်းစားခဲ့တဲ့ ဝိညာဉ်စုဆေးတို့၊ အဆိပ်ငွေ့ဆေးတို့လို နည်းလမ်းညံ့တွေ သုံးတာထက်စာရင် ပိုက်ဆံကို သိက္ခာရှိရှိနဲ့ တရားဝင် ရှာလို့ရပြီပေါ့….။*
"ကောင်းပါပြီ... ဒါဆိုရင်လည်း အနီးအနားက တခြားဂိုဏ်းတွေကို မေးပေးပါဦး...။"
"လိုအပ်တာရှိရင် အချိန်မရွေး ဆက်သွယ်ပါ...။ အဲဒီအချိန်ကျရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို လာခဲ့ပြီး ကျွန်တော့်ကို ရှာလိုက်ပါ...။"
ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှာ နာမည်မကြီးသေးသဖြင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အမည် ကို အသုံးပြုရခြင်း ဖြစ်လေသည်။ ရွှေဓားဂိုဏ်းသားနှစ်ဦးမှာမူ လင်းဖန်၏ စကားကို အလိုက်သင့်ပင် ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့မှာ လင်းဖန်တို့နှင့် ကြာရှည် စကားမပြောချင်ဘဲ အမြန်ဆုံး ထွက်သွားစေချင်နေကြပုံရပေသည်။
တစ်ဖက်လူ၏ စိတ်မပါသော အမူအရာကို မြင်သဖြင့် လင်းဖန်လည်း ဘာမှဆက်မပြောတော့ဘဲ ချင်းယွင်ဂိုဏ်းဌာနချုပ်ကြီးကို ဆွဲကာ ရွှေဓားဂိုဏ်း၏ အထက်မှ ပျံသန်းထွက်ခွာလာခဲ့လေတော့သည်။
ခရီးစဉ်၏ ကျန်ရှိသော လမ်းတစ်လျှောက်တွင် လင်းဖန်တို့ သုံးဦးသည် အဟန့်အတားမရှိ ဆက်လက် မောင်းနှင်ခဲ့ကြလေသည်။ အတန်ကြာ သွားလာပြီးနောက် ရှေ့ဆုံးမှ ဦးဆောင်နေသော လျူအန်းရှန်း သည် ရုတ်တရက် ရပ်တန့်လိုက်လေသည်။
လင်းဖန်၏ မေးခွန်းထုတ်သော အကြည့်ကို မြင်သောအခါ လျူအန်းရှန်းက ဖြည်းဖြည်းချင်း ပြောလိုက် လေသည်။
"မိတ်ဆွေငယ် လင်း... ငါတို့ ဒီနေရာကို ရောက်ပြီဆိုရင်တော့ လမ်းကွေ့သွားမှ ဖြစ်တော့မယ်…။"
အဘယ်ကြောင့်နည်းဟု လင်းဖန် မေးမည့်ဆဲဆဲမှာပင် အဖြေကို ချက်ချင်းတွေးမိသွားလေသည်။
"စီနီယာ... ရှေ့မှာ နဝမအဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုခု ရှိနေလို့လား...။"
လျူအန်းရှန်းက ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်တယ်... ရှေ့မှာ ရှိနေတာက နဝမအဆင့် 'ရွှမ်းမင်ဂိုဏ်း'ရဲ့ နယ်မြေပဲ...။ သူတို့ရဲ့ အင်အားက ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းထက် မလျော့ဘူး...။"
"ဒါ့အပြင် အဲဒီဂိုဏ်းက တော်တော်လေးလည်း မောက်မာတတ်တော့ အမြန်ဆုံး လမ်းလွှဲသွားတာက ပိုကောင်းလိမ့်မယ်...။"
လျူအန်းရှန်းက ထိုသို့ပြောလာသဖြင့် လင်းဖန်လည်း ရှေ့ဆက်မတိုးတော့ပေ။
"ကောင်းပါပြီ... ဒါဆိုလည်း လမ်းလွှဲသွားကြတာပေါ့...။ စီနီယာပဲ ဆက်ပြီး လမ်းပြပေးပါ...။"
အကယ်၍ လင်းဖန် တစ်ယောက်တည်းဆိုလျှင်တော့ ဘာကိုမှ ဂရုစိုက်မည်မဟုတ်ပေ။
အန္တရာယ်တွေ့လျှင် အစောင့်အရှောက်ရုပ်သေးကို ထုတ်သုံးမည်၊ သို့မဟုတ် မြင့်မြတ်တဲ့နယ်မြေထဲ တိုက်ရိုက်ဝင်ပုန်းမည်။ သို့သော် ယခုမူ သူသည် ချင်းယွင်ဂိုဏ်းကြီးကို သယ်ဆောင်လာခြင်းဖြစ်သည်။
အကယ်၍ သူသာ မြင့်မြတ်တဲ့နယ်မြေထဲ ဝင်သွားပါက အပြင်တွင် ကျန်ရစ်မည့် ချင်းယွင်ဂိုဏ်းမှာ ဘေးကင်းမည်မဟုတ်ပေ။
လင်းဖန်တို့ လမ်းကွေ့ရန် ဆုံးဖြတ်လိုက်သည့်အချိန်မှာပင် မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။ ရှေ့တည့်တည့်မှ ကျင့်ကြံသူနှစ်ဦးသည် သူတို့ဆီသို့ ပျံသန်းလာပြီး လမ်းပိတ်လိုက် ကြလေသည်။
လျူအန်းရှန်း၏ အတိဒုက္ခအဆင့် ကျင့်ကြံမှုကို မြင်ပါလျက်နှင့် လာရောက်တားဆီးဝံ့သည်ဆိုခြင်းမှာ ထိုနှစ်ဦးသည်လည်း အတိဒုက္ခအဆင့် ကျင့်ကြံသူများ ဖြစ်ရချေမည်။
"ဟဲဟဲ... မိတ်ဆွေ... ဘာအကြောင်းပြချက်ကြောင့် ငါတို့ 'ရွှမ်းမင်ဂိုဏ်း' ရဲ့ နယ်မြေထဲကို ကျူးကျော် ဝင်ရောက်လာတာလဲ...။"
"ဒါမှမဟုတ် ငါတို့ ရွှမ်းမင်ဂိုဏ်းကိုလည်း ရွှေဓားဂိုဏ်းလို အမှိုက်ဂိုဏ်းလို့ ထင်နေတာလား...။"
တစ်ဖက်လူက စကားစသည်နှင့် ရန်စသည့်ပုံစံမျိုး ပြောလာသဖြင့် လင်းဖန်သည် တစ်ခုခုမှားနေပြီဟု ချက်ချင်း ခံစားလိုက်ရသည်။ ထိုအချိန်တွင် လျူအန်းရှန်းသည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ခင်ဗျားတို့ ဘာကို ဆိုလိုတာလဲ... ဒီနေရာက ခင်ဗျားတို့ ရွှမ်းမင်ဂိုဏ်းနဲ့ အတော်ဝေးသေးတာပဲ...။ ဘယ်တုန်းကများ ခင်ဗျားတို့ နယ်မြေ ဖြစ်သွားရတာလဲ...။"
လျူအန်းရှန်း၏ ပြန်လည်ချေပချက်ကို နားထောင်ရင်း လင်းဖန်သည် ဘာမှားနေသလဲဆိုသည်ကို သဘောပေါက်သွားခဲ့လေသည်။
တစ်ဖက်လူက အဆင့်မရှိသော ဂိုဏ်းဟု ပြောရာတွင် အဘယ်ကြောင့် ရွှေဓားဂိုဏ်းကိုမှ နမူနာပေးပြီး ပြောရသနည်း။ သူတို့ ရွှေဓားဂိုဏ်းအပေါ်မှ ဖြတ်ပျံလာသည်ကို တစ်ဖက်လူက သတိပြုမိသွားခြင်းများ လား။
ဤဂိုဏ်းကြီးများသည် တစ်ခုနှင့်တစ်ခု နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကြပြီး ရွှေဓားဂိုဏ်းအတွင်း၌ သူတို့၏ သူလျှိုများ ရှိနေနိုင်သည် မဟုတ်ပါလား။
ထို့အပြင် လျူအန်းရှန်း ပြောသည့်အတိုင်းဆိုလျှင် သူတို့သည် တစ်ဖက်ဂိုဏ်း၏ နယ်မြေထဲသို့ လုံးဝ မဝင်ရောက်ရသေးပေ။ ထိုအတိဒုက္ခအဆင့် ကျင့်ကြံသူ နှစ်ဦးသည် သူတို့အား ဤနေရာတွင် ကြိုတင် စောင့်ဆိုင်းနေခြင်းသာ ဖြစ်ရပေမည်။
ဤမျှ တိကျသော ရည်ရွယ်ချက်ရှိနေသည်မှာ သူ ရွှေဓားဂိုဏ်းတွင် ရှိနေစဉ်ကပင် သူတို့၏ အာရုံစိုက် မှုကို ခံလိုက်ရခြင်းလော။ သို့သော် သူသည် ရွှေဓားဂိုဏ်းတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကိုသာ ကြော်ငြာခဲ့သည် မဟုတ်ပါလား။ ရွှမ်းမင်ဂိုဏ်းကများ နေရာရွှေ့ချင်နေလို့လား။
*ဒုက္ခပါပဲ... ခင်ဗျားတို့က ပိုက်ဆံမပေးချင်ဘဲ ဓားပြတိုက်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်…။*
ဤသို့ ခန့်မှန်းမိလိုက်သောအခါ လင်းဖန်၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်ခြင်း မဟုတ်ဘဲ ပြိုင်ဘက် ကို သတိထားမိခြင်းသာ ဖြစ်၏။
တစ်ဖက်လူ၏ အပြုအမူမှာ သူ၏ ဓါးပြတိုက်ခြင်း စီးပွားရေး နှင့် အတော်လေး ဆင်တူနေသည် မဟုတ် ပါလား။ လုပ်ငန်းတူသူမှာ ရန်သူ ဆိုသည့်အတိုင်း လင်းဖန်သည် သူတို့ကို ပြိုင်ဘက်များအဖြစ် ချက်ချင်း သတ်မှတ်လိုက်လေသည်။
သို့သော်လည်း လင်းဖန်သည် ထိုသူများကို ဖျောင်းဖျရန် အခွင့်အရေး ရှာနေသေးသည်။ ပြိုင်ဘက်များ အဖြစ်မှ ဝယ်သူများအဖြစ် ပြောင်းလဲပစ်ချင်နေခြင်း ဖြစ်၏။ သို့သော် လင်းဖန် စကားမပြောရသေး မီမှာပင် တစ်ဖက်လူက ဆက်ပြောလိုက်လေသည်။
"မိတ်ဆွေက အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မဟုတ်လား... ဒါပေမဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ နာမည်က ဒီနေရာမှာတော့ အသုံးမဝင်ဘူး...။"
"ငါတို့ ရွှမ်းမင်ဂိုဏ်းရဲ့ အင်အားက တစ်နေ့ထက်တစ်နေ့ ကြီးထွားလာတာနဲ့အမျှ ငါတို့ရဲ့ နယ်မြေက လည်း ကျယ်ပြန့်လာတာပေါ့...။"
"ခင်ဗျားတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ မတူဘူးလေ...။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်ပွဲအပြီးမှာ ခင်ဗျားတို့ရဲ့ အင်အားက တိုးတက်လာဖို့ထက် ဆုတ်ယုတ်သွားတာ မဟုတ်လား...။"
တစ်ဖက်လူ ရည်ညွှန်းနေသည်မှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းတို့ကြား ဖြစ်ပွားခဲ့ သော စစ်ပွဲအကြောင်းပင် ဖြစ်သည်။
နဝမအဆင့် ဂိုဏ်းတစ်ခုသည် တိုက်ပွဲကြီးတစ်ခုတွင် အနိုင်ရခဲ့လျှင်ပင် ၎င်း၏ အင်အားမှာ အကြီး အကျယ် ဆုံးရှုံးသွားမည်မှာ အသေအချာပင်။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအနေဖြင့် နဝမအဆင့် ဂိုဏ်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်းမှာပင် သူတို့၏ အခြေခံအုတ်မြစ်မှာ မည်မျှ နက်ရှိုင်းကြောင်း ပြသနေခြင်းပင်ဖြစ်လေသည်။
တစ်ဖက်လူ၏ စကားကို ကြားသောအခါ လျူအန်းရှန်း၏ မျက်နှာမှာလည်း ပျက်ယွင်းသွားသည်။
အဆင့်တူ ဂိုဏ်းအချင်းချင်းကြားတွင် ဤကဲ့သို့ အထင်သေးခံရခြင်းကို မည်သူက သည်းခံနိုင်ပါ မည်နည်း။
"ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အင်အားဆုတ်ယုတ်သွားသလားဆိုတာ ခင်ဗျားတို့ ရွှမ်းမင်ဂို ဏ်းက စမ်းသပ်ကြည့်ချင်လို့လား…။"
လျူအန်းရှန်းက စကားနိုင်လုရုံဖြင့် တစ်ဖက်လူကို ကြောက်သွားလိမ့်မည်ဟု မယူဆပေ။ သို့သော် လင်းဖန်ကမူ ဤအခြေအနေကို နားမလည်ဘဲ နှစ်ဖက်စလုံး တင်းမာနေသဖြင့် ဂိုဏ်းစစ်ပွဲကြီးတစ်ခု တကယ်ပဲ ဖြစ်ပွားတော့မည်ဟု ထင်မှတ်နေသည်။
လျူအန်းရှန်းသည် သူ့အတွက်နှင့် ဤခရီးကို လိုက်ပါလာခြင်း ဖြစ်ရာ ဤကိစ္စကြောင့် အင်မော်တယ် တိမ်တိုက်ဂိုဏ်းမှာ နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်ပွားရလျှင်တော့ ဆိုးဝါးပေလိမ့်မည်။ထိုသို့ဖြစ်လျှင် သူ အားနာမိမည်မှာ အမှန်ပင်။ စစ်ပွဲဖြစ်လျှင် မည်သူနိုင်နိုင် ရှုံးရှုံး နှစ်ဖက်လုံးမှ လူအများအပြား သေကြေ ပျက်စီးကြရမည် မဟုတ်ပါလား။
ထိုသို့တွေးမိသည်နှင့် လင်းဖန်သည် နှစ်ဖက်ကြား တင်းမာမှုများကို လျှော့ချရန် ချက်ချင်း ကြားဝင် ပြောလိုက်လေသည်။
"လူကြီးမင်းတို့... စိတ်မဆိုးကြပါနဲ့... ရန်မဖြစ်ဘဲ အေးအေးဆေးဆေး စကားပြောကြတာက ပိုကောင်း ပါတယ်...။"
"ခင်ဗျားတို့ ကျွန်တော့်လမ်းကို ပိတ်နေတာက ကျွန်တော့်ရဲ့ ကုန်စည်သယ်ယူ ရွှေ့ပြောင်းရေး လုပ်ငန်း အကြောင်း ကြားမိလို့လား...။"
"အဲဒါဆိုရင်တော့ ဆွေးနွေးလို့ ရပါတယ်။ ရွှမ်းမင်ဂိုဏ်းကသာ လိုအပ်တယ်ဆိုရင် ကျွန်တော် လျှော့စျေး ပေးပါ့မယ်...။"
"လမ်းပေါ်မှာ ဓားပြတိုက်တဲ့ အလုပ်မျိုးတော့ မလုပ်ကြပါနဲ့...။ အတင်းအကျပ် လုပ်တဲ့ စီးပွားရေးက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး...။"
***