လင်းဖန်၏ စကားများက ရွှမ်းမင်ဂိုဏ်းမှ လူနှစ်ဦး၏ အာရုံကို ဖမ်းစားသွားသည်။ လင်းဖန်သည်လည်း သူတို့ကို ကြည့်ကာ စီးပွားရေးသမားတစ်ဦး၏ အပြုံးမျိုးဖြင့် ပြုံးပြနေခဲ့လေသည်။
သို့သော် တစ်ဖက်လူ၏ နောက်ထပ်ထွက်ပေါ်လာသော စကားများကြောင့် လင်းဖန်၏ အပြုံးမှာ မျက်နှာ ပေါ်တွင်ပင် တောင့်ခဲသွားရတော့သည်။
"ဟင်း... မင်းတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ဒီလောက်တောင် စည်းကမ်းမရှိတာလား။ အတိဒုက္ခ အဆင့် ကျင့်ကြံသူတွေ စကားပြောနေတဲ့အချိန်မှာ မင်းလိုကောင်က ဘာလို့ ဝင်ပြောဝံ့ရတာလဲ…။"
"ဟက်... လျှော့စျေးပေးမယ် ဟုတ်လား..။ အခုပဲ မင်းရဲ့ ခြေထောက်တွေကို ငါ ရိုက်ချိုးပြမယ်။"
"မိတ်ဆွေလျူ... ခင်ဗျားတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေက စည်းကမ်းမရှိကြဘူးပဲ။ ဒါဆိုရင်တော့ ငါကပဲ ကိုယ်စား သင်ခန်းစာ ပေးလိုက်ရမှာပေါ့…။"
ပြောပြောဆိုဆိုဖြင့် ရွှမ်းမင်ဂိုဏ်းမှ လူနှစ်ဦးမှာ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ ၎င်းကို မြင်သောအခါ လျူအန်းရှန်းသည်လည်း သူ၏ ဓားပျံကို ထုတ်ယူကာ ထိုနှစ်ဦးကို တားဆီးရန် ပြင်လိုက်သည်။
သို့သော် လျူအန်းရှန်း လှုပ်ရှားမှု မပြုရသေးမီမှာပင်...
တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသော လင်းဖန်မှာ အလွန်အမင်း ဒေါသထွက်သွားလေတော့သည်။
"ဟေ့... မင်းတို့ မြေးလေးတွေ... ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက ဆိုးတယ်ဆိုတာ မသိကြဘူး လား...။"
"ဒီနေ့တော့ မင်းတို့ကို ချစ်လှစွာသော အဖေကြီးရဲ့ ဓားနဲ့ သားဖြစ်သူကို ဘယ်လို ဆုံးမရမလဲဆိုတာ ပြပေးရသေးတာပေါ့...။"
ပြောနေရင်းနှင့်ပင် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးဓားကို ဆွဲထုတ်ကာ ရှေ့ဆုံးမှ ပြေးဝင် တိုက်ခိုက် လိုက်လေတော့သည်။
လင်းဖန်သည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း မြင်သဖြင့် တစ်ဖက်လူမှာလည်း အထင်သေးစွာဖြင့် တုံ့ပြန်ရန် ပြင်လိုက်လေသည်။ သူတို့ထဲမှ တစ်ဦးမှာ ရှေ့သို့ တိုးလာပြီး လင်းဖန်ကို နေရာမှာတင် အသေသတ်ရန် ပြင်လိုက်၏။
ဘေးတွင် ရှိနေသော လျူအန်းရှန်းမှာ လင်းဖန်၏ ဘေးကင်းမှုကို စိုးရိမ်သဖြင့် အမြန် ကူညီရန် ကြိုးစား သော်လည်း အခြား အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
"လင်းဖန်... စိတ်မလောနဲ့၊ အခုချက်ချင်း ထွက်ပြေးတော့…။ ငါ သူတို့ကို တားထားပေးမယ်…။"
ထိုသို့ ပြောပြီးနောက် သူသည် ရှေ့မှ ကျင့်ကြံသူနှင့် စတင် တိုက်ခိုက်လေတော့သည်။ လျူအန်းရှန်းက လင်းဖန်ကို သတိပေးရန် ပြင်လိုက်ချိန်မှာပင်...
လင်းဖန်မှာမူ တစ်ဖက်မှ အတိဒုက္ခအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင် တိုက်ခိုက်နေပြီ ဖြစ်၏။ ရွှမ်းမင်ဂိုဏ်း ကျင့်ကြံသူ၏ ဓားပျံမှာ ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်များဖြင့် ပတ်ရစ်ကာ လင်းဖန်၏ လည်ပင်းဆီ သို့ ဦးတည်လာခဲ့လေသည်။ လင်းဖန်သည် တည်ငြိမ်စွာဖြင့်ပင် ခရမ်းရွှေ နတ်နဂါးဓားကို မြှောက်ကာ ထိုဓားကို ပိုင်းချလိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဖက်လူ၏ ဓားပျံမှာ လင်းဖန်၏ ဓားချက်အောက်တွင် နှစ်ပိုင်း ပြတ် သွားလေတော့သည်။
လင်းဖန်သည် မဟာယာနအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တစ်ဖက်လူ၏ ဓားပျံမှာ နဝမ အဆင့် မဟုတ်ပါက ခရမ်းရွှေနတ်နဂါးဓား၏ အစွမ်းကို မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။ နဝမအဆင့် မှော်ရတနာများမှာ အလွန် ရှားပါးလှသဖြင့် အတိဒုက္ခတစ်ကြိမ်သာ ကျော်ဖြတ်ထားသော ကျင့်ကြံသူ တစ်ဦးမှာ ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ချေ။
သူ၏ ဓားပျံ ပျက်စီးသွားသောအခါ အတိဒုက္ခအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်း သွားလေသည်။ ခံစားလိုက်ရသော တန်ပြန်သက်ရောက်မှုကို အတင်းအဓမ္မ ဖိနှိပ်ထားရင်း တစ်ဖက်လူ သည် လင်းဖန် လက်ထဲရှိ ဓားပျံကို စိုက်ကြည့်လိုက်လေသည်။
"ကောင်းလိုက်တဲ့ ကောင်လေး...။ မဟာယာနအဆင့်လေးနဲ့ ဒီလောက် အစွမ်းထက်တဲ့ မှော်ရတနာကို ပိုင်ဆိုင်ထားတာပဲ…။"
"ငါ့ရဲ့ ဓားကို မင်း ဖျက်ဆီးလိုက်တဲ့အတွက် မင်းလက်ထဲက ဓားနဲ့ မင်းရဲ့ အသက်ကိုပဲ လျော်ကြေးအဖြစ် ပေးလိုက်တော့…။"
ထိုသို့ပြောပြီးနောက် ထိုကျင့်ကြံသူသည် လင်းဖန်ကို တိုက်ရိုက် ရင်ဆိုင်ရန်အတွက် အခြား မှော်ရတနာ များကို မသုံးတော့ဘဲ အမျိုးမျိုးသော မှော်အတတ်များဖြင့် တိုက်ခိုက်ရန် ရွေးချယ်လိုက်လေသည်။
ရောက်ရှိလာသော မှော်အတတ်များကို ရင်ဆိုင်ရင်း လင်းဖန်သည် ခရမ်းရွှေနတ်နဂါးထီးမှာ မိမိနှင့်အတူ ရှိမနေကြောင်း ရုတ်တရက် သတိရလိုက်သည်။
ခရမ်းရွှေနတ်နဂါးထီး မရှိဘဲနှင့် သူ၏ မဟာယာန အဆင့် ကျင့်ကြံမှုမှာ တစ်ဖက်လူ၏ မှော်အတတ်များ ကို ဒဏ်ရာမရဘဲ တောင့်ခံနိုင်ရန် ခက်ခဲပေ လိမ့်မည်။ လင်းဖန်သည် ခရမ်းရွှေနတ်နဂါးအစီအရင် နယ်ပယ်ထဲသို့ ပြန်လည် ဆုတ်ခွာရန် ပြင်လိုက်ချိန်မှာပင်...
ဟင်းလင်းပြင်သားရဲတဲတွင် ပါဝင်သော ကိုယ်ပျောက်လုပ်ဆောင်ချက်ကို ရုတ်တရက် သတိရမိလိုက် သည်။ ဤကိုယ်ပျောက်လုပ်ဆောင်ချက်မှာ ဟင်းလင်းပြင်ထဲသို့ ပေါင်းစည်းသွားစေနိုင်ခြင်း ဖြစ်သည်။
ဤအခြေအနေတွင် တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်မလားဆိုသည်ကို သူ စမ်းသပ်လို စိတ် ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့တွေးမိသည်နှင့် လင်းဖန်သည် လုပ်ဆောင်ချက်ကို အသက်သွင်းကာ ဟင်းလင်းပြင်ထဲသို့ ပေါင်းစည်း ပျောက်ကွယ်သွားလေတော့သည်။
တစ်ဖက်မှ ကျင့်ကြံသူများမှာ လင်းဖန် ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွားသည်ကို မြင်သော အခါ အံ့သြသွားကြလေသည်။
သူ ထုတ်လွှတ်လိုက်သော မှော်အတတ်မှာ လင်းဖန် ပျောက်ကွယ်မသွားမီ ရှိနေခဲ့သည့် နေရာတွင်သာ အချည်းနှီး ပေါက်ကွဲသွားလေတော့သည်။ ဟင်းလင်းပြင်ထဲတွင် ရှိနေသော လင်းဖန်မှာမူ မိမိအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိကြောင်း သိလိုက်ရသဖြင့် တိတ်တဆိတ် ဝမ်းသာသွားမိသည်။
*ဟဲဟဲ... ဒါက တကယ့်ကို အထိအခိုက်မရှိတဲ့ နေရာပဲ...။*
လင်းဖန်သည် ကျေနပ်စွာဖြင့်ပင် ဟင်းလင်းပြင်ထဲမှနေ၍ တစ်ဖက်လူဆီသို့ တိုးကပ်သွားကာ သေစေ လောက်သော တိုက်ကွက်တစ်ခု ပေးရန် ပြင်လိုက်သည်။
သို့သော် အတိဒုက္ခအဆင့် ကျင့်ကြံသူများမှာ အာရုံခံစားမှု အလွန် ထက်မြက်ကြပေသည်။ လင်းဖန် အနားသို့ ကပ်လာသောအခါ တစ်ဖက်လူမှာ အန္တရာယ်ကို အာရုံခံမိသွားပြီး သူ၏ စိတ်အာရုံကို လင်းဖန် ရှိရာသို့ စုစည်းကာ သတိထားလိုက်သည်။
လင်းဖန်က တစ်ဖက်လူ၏ နောက်ကျောဘက်သို့ ပတ်သွားကာ ဓားဖြင့် ပိုင်းချရန် ပြင်လိုက်၏။ သို့သော် တစ်ဖက်လူကို ဓားဖြင့် တိုက်ခိုက်ရန်အတွက် ဟင်းလင်းပြင် အခြေအနေမှ ထွက်လာရန် လိုအပ်သည်။
ဓားမှာ ဟင်းလင်းပြင် အခြေအနေထဲတွင် မရှိသဖြင့် တစ်ဖက်လူ၏ စိတ်အာရုံတွင် ချက်ချင်းပင် အာရုံခံမိသွားသည်။ တစ်ဖက်လူသည် ကိုယ်ကို လှည့်ကာ လင်းဖန်၏ နောက်ပြောင်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေသည်။
သူ၏ နောက်ပြောင် တိုက်ခိုက်မှု မအောင်မြင်သဖြင့် လင်းဖန်မှာ စိတ်ပျက်သွားရသည်။
မှော်အတတ်အချို့ကို ဝယ်မထားမိသည့်အတွက် ပျံသန်းဓားကိုသာ သုံးပြီး အနီးကပ် တိုက်ခိုက်နေရခြင်း ကို သူ နောင်တရမိသည်။ အကယ်၍ မှော်အတတ်များသာ ရှိခဲ့လျှင် တစ်ဖက်လူကို နေရာအနှံ့သို့ ဗုံးကြဲ တိုက်ခိုက်ပစ်လိုက်မည် ဖြစ်ရာ သူ မည်သို့ ရှောင်နိုင်မည်ကို ကြည့်ရပေလိမ့်မည်။
သို့သော် လင်းဖန် စနစ်ဆိုင်ထဲရှိ အဆင့်မြင့် မှော်အတတ်များ၏ ကြီးမားလှသော ဈေးနှုန်းများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လက်လျှော့လိုက်လေတော့သည်။
*ထားလိုက်တော့... တခြားနည်းလမ်း စဉ်းစားရမှာပဲ။ မင်း တစ်ချိန်လုံး သတိထားနေနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့…။*
လင်းဖန် ဆိုင်ထဲရှိ မှော်အတတ်များကို စစ်ဆေးနေစဉ်မှာပင်...
တစ်ဖက်မှ အတိဒုက္ခအဆင့် ကျင့်ကြံသူသည်လည်း အခြေအနေကို သဘောပေါက်သွားသည်။
"ဟဲ... ဟင်းလင်းပြင်နဲ့ ပေါင်းစည်းတဲ့ အတတ်လား။ ဒါနဲ့ဆိုရင် မင်းကို ငါ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေ တာလား…။"
ပြောပြောဆိုဆိုဖြင့် ထိုကျင့်ကြံသူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်သည်။
နှမြောတသဖြစ်နေသော အမူအရာရှိသော်လည်း အံကို တင်းတင်းကြိတ်ကာ အဆောင်စာရွက်ကို အသက်သွင်းလိုက်လေသည်။ အဆောင်စာရွက် အလုပ်လုပ်သွားသည်နှင့် ပတ်ဝန်းကျင် ဟင်းလင်းပြင် မှာ ချက်ချင်းပင် ရှုပ်ထွေးသွားတော့သည်။
ထို့ကြောင့် လင်းဖန်မှာ ဟင်းလင်းပြင်ထဲမှ တိုက်ရိုက် ပြန်လည် ထွက်ပေါ်လာရသည်။ လင်းဖန်မှာ အနည်းငယ် ကြောင်အသွားရသည်။ သူ၏ စနစ်မှ ရရှိထားသော ပစ္စည်းများမှာ အမြဲတမ်း အနိုင်မရနိုင် သလို ဖြစ်နေခဲ့သော်လည်း ယခုမှာမူ ပထမဆုံးအကြိမ် အဟန့်အတားနှင့် တွေ့ကြုံရခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ထိုသူ သုံးလိုက်သော အဆောင်စာရွက်မှာ အတော်လေး အဆင့်မြင့်ပုံရသည်။
မှန်ပါသည်... ၎င်းမှာ မိမိ၏ ကျင့်ကြံမှုအဆင့်နှင့်လည်း သက်ဆိုင်နိုင်ပေသည်။ စနစ်မှ ပစ္စည်းများသည် မိမိနှင့်အတူ အဆင့်တက်နေခြင်း ဖြစ်သည်။ အကယ်၍ မိမိ၏ ကျင့်ကြံမှုအဆင့်သာ အတိဒုက္ခအဆင့် တွင် ရှိခဲ့ပါက ဤကိုယ်ပျောက်လုပ်ဆောင်ချက်မှာ ပျက်ပြယ်သွားမည် မဟုတ်ပေ။
"ကောင်လေး... အခု မင်း ဘယ်မှာ ပုန်းဦးမလဲ ကြည့်ရအောင်…။"
ပြောပြီးသည်နှင့် ထိုကျင့်ကြံသူသည် လင်းဖန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။ လင်းဖန်မှာ ရှောင်တိမ်းရင်း သုံးဘီးစက်ဘီးရှိရာသို့ ချဉ်းကပ်သွားလိုက်လေသည်။ သုံးဘီးစက်ဘီးမှာ ခရမ်းရွှေ နတ်နဂါးထီး၏ အစီအရင် နယ်ပယ်ထဲတွင် ရှိနေသဖြင့် လင်းဖန်မှာ ပြန်လည် ဘေးကင်းသွားသည်ဟု ခံစားလိုက်ရသည်။
အန္တရာယ်ကင်းသွားပြီ ဖြစ်သည့်အတွက် လင်းဖန်သည် ထိုကျင့်ကြံသူကို အေးအေးဆေးဆေးပင် ပြော လိုက်လေသည်။
"ငါက မင်းကို ပုံမှန်နည်းလမ်းနဲ့ပဲ တိုက်ခိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ မင်းက ငါ့ကို လှောင်ပြောင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး…။"
"ကောင်းပြီလေ... ငါ ဆက်ပြီး ဟန်မဆောင်တော့ဘူး။ အမှန်အတိုင်းပဲ ပြောတော့မယ်...။ ငါက ခိုးပြီး ကစားနေတာကွ…။"
"ငါ့ရဲ့ တန်သောင်းချီဘုရင်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ကြည့်ထားလိုက်စမ်း…။"
ပြောပြောဆိုဆိုဖြင့် သူသည် သုံးဘီးစက်ဘီး၏ တိုက်ခိုက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက် လေသည်။ ကားတိုက်ခံဖူးသူတိုင်း သိကြသည့်အတိုင်း ကားက ပိုလေးလေလေ၊ တိုက်ခိုက်မှုက ပိုပြင်း ထန်လေလေပင် ဖြစ်သည်။
ယခုအချိန်တွင် လင်းဖန်၏ သုံးဘီးစက်ဘီးမှာ ကုန်စည်များကို သယ်ဆောင်ထားလေသည်။ သူတို့ သယ်ဆောင်လာသော ကုန်စည်မှာ ဂိုဏ်းဌာနချုပ်တစ်ခု ဖြစ်ပေသည်။
ဤဂိုဏ်းဌာနချုပ်၏ အလေးချိန်မှာ တန်ချိန်သောင်းချီရုံတင်မကဘဲ ဘီလီယံနှင့်ချီသော တန်ချိန်များ ရှိနေနိုင်ပါသည်။ ဤအလေးချိန် အားလုံးမှာ သုံးဘီးစက်ဘီးပေါ်တွင် ရှိနေခြင်းဖြစ်၏။
ဘီလီယံနှင့်ချီသော တန်ချိန်များ၏ အရှိန်အဟုန်ဖြင့် ဤသုံးဘီးစက်ဘီး၏ တိုက်ခိုက်နိုင်စွမ်းမှာ အခြား အရာများနှင့် နှိုင်းယှဉ်၍မရအောင် ပြင်းထန်လှပေသည်။
သုံးဘီးစက်ဘီး မိမိဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ အတိဒုက္ခအဆင့် ကျင့်ကြံသူမှာ သတိ ထားလိုက်သည်။ သူသည် ခဏတာ ရှောင်တိမ်းရန် ပြင်လိုက်သည်။
သို့သော်လည်း သူသည် သုံးဘီးစက်ဘီး၏ အမြန်နှုန်းကို မည်သို့မှ မမီနိုင်ပေ။ လင်းဖန်မှာ စိတ်လှုပ်ရှား စွာဖြင့် စက်ဘီးပေါ်တွင် မတ်တတ်ရပ်ကာ နင်းလိုက်ပြီး စက်ဘီးနောက်တွဲအတွင်းရှိ လီလဲ့ယန်ကို ပြောလိုက်လေသည်။
"ဂျူနီယာညီမလေး... ရှေ့က လူကို မြင်လား။ သူ့ကို ငါတို့ သတ်ပစ်ကြမယ်…။"
ဘာဖြစ်နေမှန်း သဲသဲကွဲကွဲ မသိသော လီလဲ့ယန်မှာမူ "အင်…" ဟူ၍သာ ဇဝေဇဝါဖြင့် ပြန်ထူးနိုင်ရှာ သည်။
မကြာမီမှာပင် သုံးဘီးစက်ဘီးမှာ ထွက်ပြေးနေသော အတိဒုက္ခအဆင့် ကျင့်ကြံသူကို မီသွားတော့သည်။ တစ်ဖက်လူ၏ နောက်ကျောကို ပစ်မှတ်ထားကာ တည့်တည့်မတ်မတ် ဝင်တိုက်လိုက်တော့သည်။
ထိုအခါ အတိဒုက္ခအဆင့် ကျင့်ကြံသူမှာ ကန်ထုတ်ခံလိုက်ရသော ဘောလုံးတစ်လုံးကဲ့သို့ ကောင်းကင် ယံတွင် ဝိုက်ကာ လွင့်ထွက်သွားလေတော့သည်။ ကောင်းကင်ယံမှ သွေးစက်များ တဖွဲဖွဲ ကျဆင်းလာ သည်။ ခဏအကြာတွင် ထိုကျင့်ကြံသူမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ပြန်လည် ထမ လာနိုင်တော့ချေ။
အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးကို ဖြေရှင်းပြီးနောက် လင်းဖန်သည် လျူအန်းရှန်းနှင့် တိုက်ခိုက် နေသော ကျင့်ကြံသူဆီသို့ အကြည့်ပို့လိုက်သည်။ ထို့နောက် စက်ဘီးကို လှည့်ကာ ထိုလူဆီသို့ ဦးတည် ကာ တိုက်ရိုက် ပြေးဝင်သွားပြန်တော့သည်။
လျူအန်းရှန်းကို လမ်းဖယ်ပေးရန် သတိပေးရန်လည်း သူ မမေ့ခဲ့ပေ။
"စီနီယာလျူ... လမ်းဖယ်ပေးလိုက်ပါ၊ ဒီကောင့်ကို ငါပဲ အသေသတ်လိုက်မယ်…။"
***