လင်းဖန်၏ ရှင်းပြချက်မှာ တစ်ဖက်လူကို လုံးဝ ဆွဲဆောင်နိုင်ခြင်း မရှိသည်မှာ သိသာလှပါသည်။
"အဲဒီလိုမျိုး တကယ်ရှိလို့လား…။ ငါ တစ်ခါမှ မကြားဖူးပါဘူး…။"
"ဒါက မဖြစ်နိုင်ဘူးလေ။ ငါတို့ အသက်အရွယ်က ကျင့်ကြံသူတွေကြားမှာဆိုရင် အများကြီး ငယ်သေး ပါတယ်…။"
"ဟုတ်တယ်... ငါတို့ ကျင့်ကြံသူတွေမှာ ဆံပင်ကျွတ်တယ်ဆိုတဲ့ အယူအဆ မရှိဘူး။ ဟိုးရှေးဟောင်း မိစ္ဆာအိုကြီးတွေကို ကြည့်ပါဦး...။ ဘယ်သူက ဆံပင်မရှိဘဲ နေလို့လဲ…။"
လင်းဖန်၏ အကြောင်းပြချက်မှာ ပယ်ချခံလိုက်ရသဖြင့် သူလည်း မည်သို့ ဆက်ရှင်းပြရမှန်း မသိတော့ ပေ။ ထို့ကြောင့် ခေါင်းစဉ်ကို အမြန် ပြောင်းလိုက်ရလေသည်။
"ဟားဟား... ဦးလေးလီ... ဦးလေးတို့က အရမ်းငယ်သေးတာတောင် အရှေ့ဘက်ဒေသမှာ ဂိုဏ်းတစ်ခု ကို တည်ထောင်နိုင်ခဲ့တယ်...။ ဦးလေးတို့က တကယ့်ကို လူငယ်အောင်မြင်ကျော်ကြားသူတွေပါပဲ...။"
"ဒါနဲ့ ဦးလေးလီ...။ အရှေ့ဘက်ဒေသမှာ ဦးလေးတို့ တည်ဆောက်ခဲ့တဲ့ ဂိုဏ်းနေရာဟောင်းတွေကို လွမ်းနေပြီလား…။"
လင်းဖန် ဆက်ရှင်းပြမှာကို စောင့်နေကြသော လူသုံးဦးမှာ လင်းဖန်၏ သိသိသာသာ ခေါင်းစဉ်လွှဲလိုက်မှု ကို ကြားသောအခါ ဆွံ့အသွားကြသည်။ သို့သော် လင်းဖန်၏ ဆေးလုံးများမှာ စိတ်မချရကြောင်း သူတို့ သိထားပြီးဖြစ်သဖြင့် ထိုကိစ္စကို ဆက်ပြီး အတင်းမမေးတော့ပေ။
"ချင်းယွင်ဂိုဏ်းကို ပြောတာလား…၊ လွမ်းတာပေါ့ကွာ။ အဲဒါကို ငါကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့် ကစပြီး တည်ဆောက်ခဲ့တာပဲလေ…။"
"အခု မင်းပြောမှ ငါတောင် သတိရလာပြီ။ ငါ့ဆံပင်တွေ ပြန်ပေါက်လာရင်တော့ ဟိုဘက်ကို တစ်ခေါက် လောက် ပြန်သွားကြည့်ဖို့ စဉ်းစားထားတယ်…။"
"အင်း... ငါတို့ အတူတူ သွားကြတာပေါ့။ ဒါနဲ့ မြင့်မြတ်တဲ့အရှင်... ကျွန်တော်တို့ ဆံပင်တွေ အကုန် ပြန်ပေါက်ဖို့ ဘယ်လောက်ကြာဦးမလဲ…။"
လင်းဖန်၏ စကားကို နမူနာယူကာ ထိုသုံးဦးမှာ ဆံပင်ကိစ္စဆီသို့ စကားပြန်လှည့်ရန် ကြိုးစားကြပြန် သည်။ လင်းဖန်ကမူ ၎င်းကို လုံးဝ လျစ်လျူရှုလိုက်သည်။
"ဟားဟား... ဦးလေးတို့ ဂိုဏ်းနေရာဟောင်းကို လွမ်းနေမယ်ဆိုတာ ကျွန်တော် သိတာပေါ့…။"
"တခြား တပည့်တွေဆိုရင် ဦးလေးတို့ထက်တောင် ပိုပြီး လွမ်းနေကြမှာပဲ…။"
"တောင်... တောင်... တောင်... ဘာဖြစ်မလဲ ခန့်မှန်းကြည့်ပါဦး….။"
"ကျွန်တော် ခင်ဗျားတို့အတွက် ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ ဌာနချုပ်တွေနဲ့ ချင်းယွင်ဈေးကွက်ကိုပါ ကျုံးကျိုး ကို ရွှေ့ပေးခဲ့ပြီးပြီဗျ…။"
"အဲဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ မနီးမဝေးမှာ ရှိတယ်။ အံ့သြသွားလား…။"
လင်းဖန်၏ စကားကြောင့် သူတို့ သုံးယောက်စလုံး မှင်တက်သွားကြသည်။ သတိပြန်ဝင်လာပြီးနောက် တွင်မူ လီယွမ်ဖေးက မသေချာသကဲ့သို့ ပြန်မေးလိုက်၏။
"မြင့်မြတ်တဲ့... မြင့်မြတ်တဲ့အရှင်... ကျုံးကျိုးကို ရွှေ့လိုက်ပြီလို့ ပြောတာလား။ ဘာကို ဆိုလိုတာလဲ …။"
"အရှင်က ကျုံးကျိုးမှာ ကျွန်တော်တို့ ဂိုဏ်းပုံစံအတိုင်း အသစ်ပြန်ဆောက်ပေးလိုက်တာလား…။"
သူတို့၏ ထင်ကြေးအမျိုးမျိုးကို ကြည့်ကာ လင်းဖန်က ခေါင်းယမ်းလိုက်လေသည်။
"မဟုတ်ဘူး... ကျွန်တော် မြေကနေ လှန်ပြီး သယ်လာတာ…။"
"ဂိုဏ်းဌာနချုပ် သုံးခုလုံးကို အမြစ်ကနေ ဆွဲနှုတ်ပြီး အရှေ့ဘက်ဒေသကနေ ကျုံးကျိုးအထိ တစ်လမ်း လုံး ဆွဲလာခဲ့တာ…။"
ဤစကားက ထိုသုံးဦးကို ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားစေသည်။ လင်းဖန်၏ ရှင်းပြချက်မှာ သူတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသလို သူတို့လည်း လုံးဝ မယုံကြည်နိုင်ကြပေ။
၎င်းကို မြင်သောအခါ လင်းဖန်မှာ သူတို့ကို ကိုယ်တိုင် ပြသရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ ပေ။
"ထားလိုက်တော့... ရှင်းပြနေလို့လည်း ခင်ဗျားတို့ နားလည်မှာ မဟုတ်ဘူး...။ ကိုယ်တိုင်ပဲ သွားကြည့် လိုက်ကြတော့...။"
ပြောပြီးသည်နှင့် လင်းဖန်သည် ထိုသုံးဦးရှေ့မှ ပျောက်ကွယ်သွားကာ ဂိုဏ်းသုံးဂိုဏ်းကို နေရာချထား သော နေရာသို့ ရောက်ရှိသွားခဲ့လေသည်။ ထို့နောက် ထိုနေရာမှာပင် ဟင်းလင်းပြင်တံခါးတစ်ခုကို ဖွင့်လိုက်၏။
"ဦးလေးလီ... ထွက်လာပြီး ကြည့်လိုက်ပါဦး။ မြင်လိုက်ရင် ဘာဖြစ်နေလဲဆိုတာ သိသွားပါလိမ့်မယ်…။"
ယခုအချိန်တွင် လီယွမ်ဖေးနှင့် သူ၏အဖော်နှစ်ဦးမှာ သူတို့၏ ဆံပင်ကျဲကျဲများအကြောင်းကို ဂရုမစိုက် နိုင်တော့ပေ။ ဟင်းလင်းပြင်တံခါးမှ ချက်ချင်းပင် ထွက်လာခဲ့ကြလေသည်။
"ဘုရားရေ... ဒါ... ဒါကြီးက...။"
"စကားလုံးအတိုင်းပါပဲ...။ နေရာရွှေ့ပြောင်းလိုက်တာပေါ့…။"
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ မြင့်မြတ်တဲ့အရှင် ဖြစ်နေတာ မဆန်းပါဘူးလေ…။"
လင်းဖန်၏ စေတနာကို အံ့သြချီးကျူးရင်း ထိုသုံးဦးမှာ လင်းဖန်၏ ရိုးသားမှုကို ချက်ချင်း ခံစားလိုက် ရသည်။ ဤအချိန်တွင် လင်းဖန်ကို မြင့်မြတ်တဲ့အရှင်ဟု မခေါ်တော့ဘဲ လင်းဖန်ဟုပင် ရင်းနှီးစွာ ခေါ် လိုက်ကြလေသည်။
"လင်းဖန်... မင်း တကယ့်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ပေးခဲ့တာပဲ။ ဒါက တော်တော်လေး အားထုတ် ခဲ့ရမှာ အသေအချာပဲ…။"
"ငါတို့ မင်းကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး…။"
"မှန်တယ်...။ တကယ်လို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မင်းရဲ့ ရန်သူဖြစ်လာရင်တောင် ငါတို့က မင်းဘက်ကပဲ ရပ်တည်သွားမှာပါ…။"
ထိုသုံးဦး၏ စကားကို ကြားသောအခါ လင်းဖန်မှာ တော်တော်လေး စိတ်ကျေနပ်သွားသည်။ အထူး သဖြင့် သူတို့၏ နောက်ဆုံးစကားများက သူ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီး မဖြစ်ကြောင်း ပြသနေသည်ပင်။
"ဟေး... ဦးလေးလီတို့ကလည်း အားနာစရာကြီးဗျာ။ ဒါက ကိစ္စအသေးအဖွဲလေးပါ၊ စိတ်ထဲ ထည့် မနေပါနဲ့…။"
"အဲဒီအပြင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ငါတို့ လူတွေပဲလေ...။ သူတို့က ဘယ်လိုလုပ် ငါ့ရန်သူ ဖြစ်မှာလဲ…။"
"အဲဒါတင် မကသေးဘူး...။ အခု ငါတို့မှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့အတူ တူညီတဲ့ ရန်သူ တစ်ယောက် ရှိနေပြီ…။"
လင်းဖန်၏ နောက်ဆုံးစကားက ထိုသုံးဦးကို ကြောင်သွားစေသည်။
"တူညီတဲ့ ရန်သူ ဟုတ်လား..။ ဘာဖြစ်လို့လဲ…။"
"တကယ်လို့ တူညီတဲ့ ရန်သူဆိုရင်လည်း အင်မော်တယ်တိမ်တိုက်ဂိုဏ်းကိုပဲ လွှတ်ထားလိုက်ပါ။ ငါတို့ အဲဒီထဲ ဝင်မပါတာ အကောင်းဆုံးပဲ…။"
"ဟုတ်တယ်... အင်မော်တယ်တိမ်တိုက်ဂိုဏ်းက နဝမအဆင့် ဂိုဏ်းပဲလေ။ သူတို့ မဖြေရှင်းနိုင်တဲ့ ရန်သူ ဘာရှိမှာလဲ…။"
၎င်းကို ကြားသောအခါ လင်းဖန်က သူတို့ကို ကြိုတင်သတိပေးရန် ဆုံးဖြတ်လိုက်လေသည်။
"အင်း... ဒီရန်သူက တကယ့်ကို ကိုင်တွယ်ရ မလွယ်ဘူးဗျ။ ပြောရရင် ဒီရန်သူကို ငါတို့ကိုယ်တိုင် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတာ…။"
ထို့နောက် လင်းဖန်သည် ဇဝေဇဝါ ဖြစ်နေသော ထိုသုံးဦးအား နေရာရွှေ့ပြောင်းရေး ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်လေသည်။
"ဖြစ်စဉ်က ဒီလိုဗျ... ကျွန်တော် အရှေ့ဘက်ဒေသကနေ ကျုံးကျိုးကို လာတဲ့လမ်းမှာ ရွှမ်းမင်ဂိုဏ်းကို ဖြတ်သွားမိတယ်...။"
လင်းဖန် ပြောပြနေစဉ်အတွင်း ထိုသုံးဦးမှာ ဘာမှမပြောဘဲ တိတ်ဆိတ်နေကြပြီး နောက်ဆုံးတွင် လုံးဝ ဆွံ့အသွားကြတော့သည်။ နေရာရွှေ့တဲ့ကိစ္စလေးကနေ နဝမအဆင့် ဂိုဏ်းကြီးတွေ စစ်ဖြစ်ရတဲ့အထိ ဖြစ်သွားသည်ကို ဘယ်သူ့အား သွားတိုင်ရပါမည်နည်း။ သူတို့၏ မြင့်မြတ်တဲ့အရှင်မှာ ပြဿနာရှာတတ် တဲ့ ဗီဇရှိနေသည်ဟုသာ ဆိုရပေလိမ့်မည်။
"မြင့်မြတ်တဲ့အရှင်... ကျွန်တော့်အမြင်အရတော့ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး…။"
"ဟုတ်တယ်... ရွှမ်းမင်ဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို မျက်စိကျနေတာ ကြာလှပြီပဲ…။"
"တကယ်တော့ ဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အပြစ်လည်း ပါပါတယ်...။ သူတို့က ရန်ငြိုးဆွဲ ဆောင်ရာမှာ အရမ်း တော်လွန်းတာကိုး...။ အရင်က သွေးမိစ္ဆာဂိုဏ်း၊ အခုကျတော့ ရွှမ်းမင်ဂိုဏ်း...။"
"အင်း... နေရာရွှေ့တဲ့ကိစ္စ မဟုတ်ရင်တောင် ရွှမ်းမင်ဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို တိုက်ဖို့ တခြား အကြောင်းပြချက် ရှာမှာပါပဲ…။"
ထိုသုံးဦးမှာ တစ်ယောက်တစ်ပေါက်ဖြင့် အပြစ်အားလုံးကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် ရွှမ်းမင် ဂိုဏ်းတို့အပေါ်သို့ ပုံချလိုက်ကြလေသည်။
လင်းဖန်သည်လည်း သူတို့၏ စည်းရုံးမှုကို အလွယ်တကူ လက်ခံလိုက်သည်။ သို့သော်လည်း စည်းရုံး ခံရခြင်းက တစ်ပိုင်း၊ လျူအန်းရှန်းကို ထောက်ထားသောအားဖြင့် လင်းဖန်မှာ သူတို့ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ လက်ရှိအခြေအနေအရ ရွှမ်းမင်ဂိုဏ်းသာ တကယ်လာတိုက်လျှင် သူတို့ တောင့်ခံနိုင်မည်မဟုတ်ပေ။ လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို သိမ်းသွင်းရန် လီလဲ့ယန်၏ အကြံပြုချက်ကို မမေ့သေးပေ။
*မကြာခင် ငါတို့ပိုင်မယ့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို တခြားလူတွေ အနိုင်ကျင့်တာ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ…။*
"ဦးလေးလီတို့ ကျွန်တော့်ကို ဆက်ပြီး မစည်းရုံးပါနဲ့တော့…။"
"ဘာပဲဖြစ်ဖြစ် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကျွန်တော်တို့နဲ့ တော်တော်လေး ရင်းနှီးတာပဲလေ…။"
"ကျွန်တော် သူတို့ကို ဒီအကျပ်အတည်းကနေ ကျော်လွှားနိုင်အောင် ကူညီပေးသွားမှာပါ…။"
"ကဲ... ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကိုသွားပြီး သူတို့ကို အကူအညီအချို့ ပေးလိုက်ဦးမယ်…။"
"ဦးလေးလီတို့လည်း ပြန်သွားပြီး တပည့်တွေကို ဂိုဏ်းဌာနချုပ် ကျုံးကျိုးကို ရောက်ပြီဆိုတဲ့ သတင်း ကောင်းကို ပြောပြလိုက်ပါဦး…။"
လင်းဖန်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ထိုသုံးဦးမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်သွားခဲ့ ကြသည်။
ထိုသုံးဦးကို လွှတ်လိုက်ပြီးနောက် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ တိုက်ရိုက် ပျံသန်း သွားခဲ့လေသည်။
လမ်းခုလတ်တွင် လင်းဖန်သည် ကိုယ့်နဖူးကို ရိုက်လိုက်မိလေသည်။
*ဟာ…။ ဦးလေးလီတို့နဲ့ စကားပြောတာ များသွားလို့ အဓိက ရည်ရွယ်ချက်ကို မေ့သွားတယ်…။*
*ဂိုဏ်းဌာနချုပ် သုံးခုကို ဘယ်လို နေရာချရမလဲဆိုတာ သူတို့ကို မမေးရသေးဘူးပဲ…။*
*ထားလိုက်ပါတော့... အခုတော့ ရှိတဲ့နေရာမှာပဲ ထားလိုက်ဦးမယ်။ စိတ်တိုင်းမကျရင် နောက်မှ ပြန်ရွှေ့ တာပေါ့…။*
လင်းဖန်သည် ထိုကိစ္စကို ဆက်မတွေးတော့ဘဲ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ ဆက်လက် ပျံသန်းခဲ့ သည်။ ဤတစ်ကြိမ်တွင် လင်းဖန်သည် လျူအန်းရှန်း၏ ဘေးနားသို့ တယ်လီပို့စနစ်ဖြင့် တိုက်ရိုက် မသွားခဲ့ပေ။
အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ယခုအချိန်တွင် စစ်မဖြစ်မီ အစည်းအဝေးများစွာဖြင့် အလုပ်ရှုပ်နေ မည်ကို သူ သိနေခြင်းကြောင့် ဖြစ်သည်။
ယခုအချိန်တွင် လျူအန်းရှန်းသည် အခြားသော အတိဒုက္ခအဆင့် ကျင့်ကြံသူကြီးများနှင့် စုဝေးနေပေ လိမ့်မည်။ အကယ်၍ သူသာ ထိုနေရာသို့ ရုတ်တရက် ရောက်သွားပါက ရန်သူ့တိုက်ခိုက်မှုဟု အထင်မှား သွားလျှင် မည်သို့လုပ်မည်နည်း…။
မကြာမီမှာပင် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့လေသည်။ လျူအန်းရှန်း၏ ဂူဗိမာန်သို့ ရောက်သောအခါ မည်သူမျှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် အဆက်အသွယ်ပြုလုပ်သော အဆောင်စာရွက်ကို ထုတ်ယူကာ လျူအန်းရှန်းထံ သတင်းစကား ချန်ထားခဲ့လေသည်။
"စီနီယာလျူ... အလုပ်အားရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါဦး။ ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ပါ…။"
သတင်းပို့ပြီးနောက် ခဏအကြာမှာပင် လင်းဖန် ပြန်ကြားစာ ရရှိခဲ့လေသည်။
"လင်းဖန်... ငါ အခု မအားတာ မဟုတ်ပါဘူး။ မင်းကို အကူအညီတောင်းစရာ ရှိနေတာနဲ့ အတော်ပဲ။ မင်း ဒီနေရာကိုပဲ တယ်လီပို့နဲ့ လာခဲ့လိုက်တော့…။"
လျူအန်းရှန်း၏ ပြန်ကြားစာကို ကြားသောအခါ လင်းဖန်သည် ဝန်လေးမနေတော့ပေ။
ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ထဲသို့ တိုက်ရိုက်ဝင်ကာ တယ်လီပို့စနစ်ဖြင့် သူ၏ ဘေးနားသို့ ရောက်ရှိ သွားလေတော့သည်။
***