ယခုအချိန်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌ လျူအန်းရှန်းအပြင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများလည်း ရှိနေကြလေသည်။
ရုတ်တရက် ခန်းမဆောင်ကြီးအတွင်း၌ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် လင်းဖန်သည် ထိုအက်ကြောင်းထဲမှ တိုက်ရိုက် လမ်းလျှောက်ထွက်လာခဲ့လေသည်။
"စီနီယာလျူ... ခင်ဗျား... အာ…။"
*ဝါး…လူတွေ တော်တော်များသားပဲ…။*
ခန်းမဆောင်အတွင်း၌ လျူအန်းရှန်းအပြင် အခြားလူများစွာ ရှိနေသည်ကို မြင်လိုက်ရသဖြင့် လင်းဖန်မှာ ကြောင်အသွားရလေသည်။ ကံကောင်းထောက်မစွာဖြင့် လျူအန်းရှန်းက အချိန်မီ စကားပြောဆိုပြီး အခြေအနေကို လင်းဖန်အား မိတ်ဆက်ပေးခဲ့လေသည်။
"ဟားဟား... လင်းဖန်၊ ငါ မင်းကို မိတ်ဆက်ပေးပါရစေ။ ဒါက ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လီချန်းချင်း ပဲ…။"
"ဒီလူတွေကတော့ ငါ့လိုပဲ ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲတွေပေါ့…။"
လျူအန်းရှန်း၏ မိတ်ဆက်မှုအပြီးတွင်... ၊အင်မော်တယ်တိမ်တိုက်ဂိုဏ်းချုပ် လီချန်းချင်းက စကားကို တိုက်ရိုက်ပင် လိုရင်းရောက်အောင် မေးမြန်းလိုက်လေသည်။
"မိတ်ဆွေငယ် လင်း...၊ ဂျူနီယာညီအစ်ကို လျူက မင်းကို ဒီကို ဖိတ်ခေါ်လိုက်တာက အကူအညီ တောင်းစရာ ရှိလို့ပါ။ ငါ့ကို ဒီကိစ္စမှာ ကူညီပေးနိုင်မလားဆိုတာ သိချင်မိတယ်…။"
လီချန်းချင်း၏ စကားကြောင့် လင်းဖန် အံ့သြသွားခဲ့ရလေသည်။ လျူအန်းရှန်းထံမှ သူ့ကို အကူအညီ တောင်းစရာ ရှိသည်ဟူသော သတင်းစကားကို သူ ကြားထားခဲ့ခြင်းသာ ဖြစ်သည်။
လင်းဖန်က လျူအန်းရှန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စဟုသာ ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရ သည်မှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးက သူ့ကို အကူအညီတောင်းနေခြင်း ဖြစ်ပုံရသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဤကိစ္စမှာ တော်တော်လေး အရေးကြီးသော ကိစ္စ ဖြစ်ရပေမည်။
"အဲ... ဂိုဏ်းချုပ်လီ၊ ကျွန်တော် ကူညီပေးနိုင်တာ ဘာများရှိလို့ပါလဲ….။ ကျွန်တော်က မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ...။ သိပ်ပြီး ကြီးကျယ်တဲ့ကိစ္စတွေကိုတော့ ကျွန်တော် ကူညီပေးနိုင်မှာ မဟုတ်ဘူးနော်…။"
လင်းဖန်၏ စကားမှာ အတော်လေး ဝတ်ကျေတန်းကျေ နိုင်လှသည်။ ၎င်းမှာ "ကိစ္စကြီးကြီးတွေကို လည်း မတတ်နိုင်သလို၊ ကိစ္စသေးသေးလေးတွေကိုလည်း သေချာ မလုပ်ပေးနိုင်ဘူး" ဟု ပြောနေ သကဲ့သို့ပင်။
လီချန်းချင်းကမူ လင်းဖန်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို သတိမထားမိဟန်ဖြင့် ဆက်လက် ပြောဆိုလေသည်။
"မိတ်ဆွေငယ်လင်းကလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူ တစ်ယောက်ပဲဆိုတော့ ငါတို့ အင်မော် တယ်တိမ်တိုက်ဂိုဏ်းနဲ့ ရွှမ်းမင်ဂိုဏ်းကြားမှာ ပဋိပက္ခဖြစ်နေတာကို သိမှာပါ...။"
"တစ်ဖက်က ငါတို့ဂိုဏ်းကို စစ်ကြေညာထားပြီးပြီ...။"
"ဒီလို ဂိုဏ်းချင်း စစ်ပွဲတွေမှာ ဒဏ်ရာတွေကို ကုသပေးနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်ဖြည့်ပေး နိုင်တဲ့ ဆေးလုံးတွေက အသက်တမျှ အရေးကြီးလာတယ်...။"
"မိတ်ဆွေငယ်လင်းဆီမှာ ဒဏ်ရာတွေကို ကုသပေးနိုင်သလို စိတ်ဝိညာဉ်စွမ်းအားကိုပါ ပြန်ဖြည့်ပေးနိုင် တဲ့ 'ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး' ရှိတယ်လို့ ငါ ကြားထားတယ်...။"
"မိတ်ဆွေငယ်အနေနဲ့ ငါတို့ကို အဲဒီဆေးလုံးလေး အချို့ ရောင်းပေးနိုင်မလား...။"
၎င်းကို ကြားလိုက်ရသည့်အခါ လင်းဖန် စိတ်လှုပ်ရှားသွားတော့သည်။
*အရေးကြီးကိစ္စတစ်ခုခုမှတ်လို့၊ တကယ်တော့ စီးပွားရေးကိစ္စကိုး…။*
*အစောကတည်းက ပြောရောပေါ့…။*
ပိုက်ဆံရမည့် ကိစ္စနှင့် ပတ်သက်လာလျှင် လင်းဖန် မလုပ်ပေးနိုင်သည်မှာ ဘာမျှမရှိပေ။
"ဟားဟား... ဒါက ကိစ္စသေးသေးလေးပဲဥစ္စာ... ဘာခက်လို့လဲ...။"
"ကျွန်တော့်ဆီမှာ 'ကြီးမြတ်သော ဆေးလုံး' တင်မကဘူး၊ အလတ်စားနဲ့ အသေးစား ဆေးလုံးတွေပါ ရှိတယ်...။"
"ဂိုဏ်းချုပ်လီဆီမှာသာ စိတ်ဝိညာဉ်ကျောက်တုံး ရှိမယ်ဆိုရင် ခင်ဗျားတို့ဂိုဏ်းအတွက် အတတ်နိုင်ဆုံး ထောက်ပံ့ပေးပါ့မယ်...။"
လင်းဖန်၏ စကားကို ကြားလိုက်ရသဖြင့် လီချန်းချင်းနှင့် တခြားလူများ၏ မျက်နှာတွင် စိတ်သက်သာ ရာရသွားသည့် အမူအရာများ ချက်ချင်း ပေါ်လာတော့သည်။
အမှန်အတိုင်း ပြောရလျှင် ရွှမ်းမင်ဂိုဏ်းနှင့် တိုက်ပွဲတွင် သူတို့ အနိုင်ရနိုင်ခြေအတွက် ယုံကြည်ချက် မရှိကြပေ။ ထို့ကြောင့် လျူအန်းရှန်းက သူတို့ကို ဤကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး ကို ပြသလိုက်သည့်အခါ သူတို့သည် အသက်ကယ်ကြိုးကို တွေ့လိုက်ရသကဲ့သို့ ဆုပ်ကိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။
အကယ်၍ ဤဆေးလုံးကို လုံလောက်စွာ ရရှိမည်ဆိုလျှင် သူတို့ အနိုင်ရမည်ဟု အာမခံချက် မပေး နိုင်သော်လည်း အနည်းဆုံးတော့ အကျအဆုံးကို အတတ်နိုင်ဆုံး လျှော့ချနိုင်ပေလိမ့်မည်။
"မိတ်ဆွေငယ်လင်း... ဒါ တကယ့်ကို ကောင်းတာပဲ။ ငါတို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှားပါ ဘူး၊ မင်းအတွက် သင့်တင့်တဲ့ ဈေးနှုန်းတစ်ခု ပေးမယ်လို့လည်း အာမခံပါတယ်...။"
ပြောပြောဆိုဆိုနှင့်ပင် လီချန်းချင်းသည် သိုလှောင်လက်စွပ်တစ်ခုကို ထုတ်လိုက်၏။
"ဒီမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း ရှိတယ်...၊ ဒါကို ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပင်တွေအတွက် ကြိုတင်ပေးချေငွေအဖြစ် မင်းကို ပေးပါရစေ...။"
"မိတ်ဆွေငယ်အနေနဲ့ ဆေးပင်တွေ ဝယ်တဲ့အခါ ဈေးနှုန်းအတွက် စိတ်ပူစရာမလိုဘူး...၊ အကယ်၍ စိတ်ဝိညာဉ်ကျောက်တုံး မလောက်ဘူးဆိုရင် ငါ့ဆီကို ပြန်လာခဲ့လိုက်...။"
"ငါ မျှော်လင့်တာကတော့ မင်းအနေနဲ့ ဆေးပင်တွေကို အမြန်ဆုံး စုဆောင်းပြီး ဆေးလုံးတွေ အများကြီး ဖော်စပ်ပေးဖို့ပါပဲ...။"
ဤ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး ဖော်စပ်ရန် မည်သည့် ဆေးဖက်ဝင်အပင်များ လိုအပ် သည်ကို သူ မသိသဖြင့် လီချန်းချင်းသည် လင်းဖန်ကို ကိုယ်တိုင် ဝယ်ယူရန် စိတ်ဝိညာဉ်ကျောက်တုံး များ ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
ဤကဲ့သို့ ထူးခြားသော ဆေးလုံးများ၏ ဖော်မြူလာမှာ အလွန် လျှို့ဝှက်ထားရမည့်အရာ ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် လီချန်းချင်းသည် တစ်ဖက်လူအား ထိုလျှို့ဝှက်ချက်ကို မေးမြန်းခြင်းကဲ့သို့ သော အမှားမျိုးကို မပြုလုပ်ခဲ့ပေ။
သို့သော် လင်းဖန်ကမူ လီချန်းချင်း ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏ စိတ်ထဲတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း ဆိုသည့် စကားလုံးကသာ အပြည့်အဝ နေရာယူထား လေတော့သည်။
လီချန်းချင်း ကမ်းပေးလာသော သိုလှောင်လက်စွပ်ကို မြင်လိုက်ရသည့်အခါ လင်းဖန် မှင်တက်သွား ရသည်။
အမှန်ပင်... ဆင်းရဲသားတစ်ယောက်၏ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုမှာ ချမ်းသာသူတစ်ယောက် ၏ မပြောပလောက်သော စုဆောင်းမှုလောက်ပင် တန်ဖိုးမရှိပေ။
မဟာယာနအဆင့် ကျင့်ကြံသူတစ် ယောက် အတိဒုက္ခအဆင့်သို့ တက်လှမ်းရန် သုံးစွဲရမည့် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းကို တစ်ဖက်လူက အလွယ်တကူပင် ထုတ်ပေးလိုက်နိုင်သည်။ ဤအရာက ကျုံးကျိုးရှိ နဝမအဆင့် ဂိုဏ်းကြီးတစ်ခု၏ အင်အားကို လင်းဖန်အား အမှန်တကယ် ပြသလိုက်ခြင်းပင် ဖြစ်သည်။
ထိုအင်အားမှာ စိတ်ဝိညာဉ်ကျောက်တုံးများ၏ အင်အားပင် ဖြစ်သည်။
ယခုအချိန်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို သိမ်းသွင်းရန် လင်းဖန်၏ ရည်ရွယ်ချက်မှာ ပို၍ပင် ပြင်းထန်လာတော့သည်။
*အကယ်၍ သူတို့ကိုသာ ငါ့ရဲ့ မြင့်မြတ်တဲ့နယ်မြေထဲ ထည့်လိုက်မယ်ဆိုရင် ဒီစိတ်ဝိညာဉ်ကျောက်တုံး တွေက ငါ့ဟာ ဖြစ်သွားမှာ မဟုတ်ဘူးလား…။*
"မိတ်ဆွေငယ် လင်း…။ တစ်ခုခု မှားနေလို့လား…။"
လင်းဖန် ငိုင်နေသည်ကို မြင်သောအခါ လီချန်းချင်းက ထပ်မံ မေးမြန်းလိုက်သည်။ သတိပြန်ဝင်လာ သောအခါ လင်းဖန်က အမြန်ပင် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
"အဟမ်း... ဘာမှမမှားပါဘူး…။ ကျွန်တော်က လူကြီးမင်းလီတို့ဂိုဏ်းကို ဘယ်လိုနည်းနဲ့ အစွမ်းကုန် ကူညီပေးနိုင်မလဲဆိုတာကို စဉ်းစားနေတာပါ…။။"
ပြောပြောဆိုဆိုနှင့်ပင် လင်းဖန်သည် တစ်ဖက်လူ၏ လက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများကို အမြန်ပင် လှမ်းယူလိုက်တော့သည်။
၎င်းတို့ကို စနစ်အတွင်းသို့ ပစ်ထည့်လိုက်ပြီးနောက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ လင်းဖန်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင် တော့ပေ။
"ဟားဟားဟား... အဟားဟားဟား…။"
လင်းဖန်မှာ အားရပါးရ ရယ်မောမိသွားလေသည်။ လူအားလုံး၏ ဇဝေဇဝါဖြစ်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် ဉာဏ်နီဉာဏ်နက်များ ထွက်လာခဲ့လေတော့သည်။
"အဟမ်း... ခွင့်လွှတ်ပါ ခင်ဗျ။ ကျွန်တော်က ခင်ဗျားတို့ဂိုဏ်းကို အနိုင်မရနိုင်အောင် လုပ်ပေးမယ့် နည်းလမ်းတစ်ခုကို ရုတ်တရက် တွေးမိသွားလို့ပါ။ ခင်ဗျားတို့အတွက် ဝမ်းသာလွန်းလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားတာပါ…။"
၎င်းကို ကြားသောအခါ လင်းဖန်အပေါ် အားလုံး၏ ကြည်ညိုလေးစားမှုမှာ သိသိသာသာ မြင့်တက်လာ ကြလေသည်။
*ကြည့်စမ်း... သူက ငါတို့ဂိုဏ်းအတွက် တကယ့်ကို ကျေးဇူးရှင်ကြီးပဲ…။ ဂိုဏ်းအတွက် အကျအဆုံး လျော့နည်းအောင် ဆေးလုံးတွေ ဖော်စပ်ပေးရုံတင်မကဘဲ တခြားနည်းလမ်းတွေကိုပါ စဉ်းစားပေး နေတာပဲ…။*
သို့သော် လင်းဖန်အကြောင်းကို အတန်အသင့် သိထားသော လျူအန်းရှန်းကမူ သူ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်လိုက်မိလေသည်။ လင်းဖန်၏ အစောက ရယ်သံမှာ ပိုက်ဆံကို လောဘတက်နေသူ တစ်ဦး၏ ရယ်သံသာ ဖြစ်ကြောင်း သူ သေချာပေါက် သိနေခြင်းကြောင့် ဖြစ်သည်။
ယခုအချိန်တွင် လင်းဖန်သည် လူအားလုံး၏ ကြင်နာသနားစရာကောင်းသော မျက်နှာထားများကို ကြည့်ရင်း... ခရမ်းရွှေနတ်နဂါးထီးကို တိုက်ရိုက် ထုတ်ယူလိုက်လေသည်။
"လူကြီးမင်းတို့... ကျွန်တော့်ရဲ့ ဒီဘိုးဘွားစဉ်ဆက် ရတနာမှာ ဂိုဏ်းအတွက် အကာအကွယ် အစီအရင် တစ်ခု ပါဝင်ပါတယ်...။"
"အရေးကြီးတဲ့ အချိန်မှာ ဒီအစီအရင်ကြီးကို သုံးပြီး ခင်ဗျားတို့ဂိုဏ်းကို ကာကွယ်ထားသရွေ့ ရွှမ်းမင် ဂိုဏ်းက ခင်ဗျားတို့ကို ဘယ်လိုမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...။"
ယခင်ကဆိုလျှင် လင်းဖန်တွင် ဤမျှ ယုံကြည်မှု ရှိမည်မဟုတ်ပေ။ သို့သော် ယခု စိတ်ဝိညာဉ်ကျောက် တုံး ဆယ်သန်း ရရှိထားပြီဖြစ်သော လင်းဖန်မှာ အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်သည်။
ခရမ်းရွှေနတ်နဂါးထီးကဲ့သို့သော ပစ္စည်းများမှာလည်း လင်းဖန်နှင့်အတူ အဆင့်တက်သွားကြမည် သာဖြစ်သည်။
ယခင်က ရွှမ်းမင်ဂိုဏ်းတွင် မဟာယာနအဆင့်ရှိသော ခရမ်းရွှေနတ်နဂါးအစီအရင်၏ အကာအကွယ် အောက်မှာပင် သူ ခြိမ်းခြောက်မှုကို ခံစားခဲ့ရလေသည်။ သို့သော် လင်းဖန်သည် သူ၏ အတိဒုက္ခအဆင့် ရှိသော ခရမ်းရွှေနတ်နဂါးအစီအရင်ကို ထိုအမည်မသိ ခြိမ်းခြောက်မှုက ဖျက်ဆီးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ယခု အတိဒုက္ခအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော လင်းဖန်ကိုမူ 'အနိုင်မရနိုင်သူ' ဟု အမှန်တကယ်ပင် ခေါ်ဆိုနိုင်ပြီ ဖြစ်လေသည်။
လင်းဖန်၏ စကားကို ကြားသောအခါ လီချန်းချင်းနှင့် အခြားလူများ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားကြလသည်။ သူတို့သည် ခရမ်းရွှေနတ်နဂါးထီးကို ကိုယ်တိုင် မတွေ့ဖူးသော်လည်း ၎င်း ၏ သတင်းကိုမူ ကြားထားကြလေသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန် ဂိုဏ်းများကို သယ်ယူနေစဉ် တစ်ချိန်လုံး ဤထီးမှာ လင်းဖန်၏ အထက်တွင် ရှိနေခဲ့သည် မဟုတ်ပါလား။
"မိတ်ဆွေငယ်... ဒါက ရွှမ်းမင်ဂိုဏ်းထဲကို ဘာဒဏ်ရာမှမရဘဲ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ အဲဒီ နတ်ဘုရားအဆင့် ရတနာလား…။"
လင်းဖန်သည် ရွှမ်းမင်ဂိုဏ်းအတွင်း၌ အနှောင့်အယှက်မရှိ သောင်းကျန်းခဲ့သည့် သတင်းမှာ သဘာဝ အတိုင်းပင် ပြန့်နှံ့သွားခဲ့လေသည်။ လီချန်းချင်းနှင့် သူ၏ အပေါင်းအပါများမှာလည်း ၎င်းကို သိရှိရ သည့်အခါ အလွန် တုန်လှုပ်ခဲ့ကြရသည်။
သူတို့သည် လင်းဖန်ကို သူတို့ဂိုဏ်းကို ကာကွယ်ပေးရန် ကူညီတောင်းဖို့ အစောကတည်းက စဉ်းစား ခဲ့ကြသော်လည်း ထိုကဲ့သို့သော ရတနာမျိုးကို တစ်ဖက်လူက အလွယ်တကူ ငှားရမ်းပေးပါမည်လော။ မမျှော်လင့်ဘဲ လင်းဖန်ကိုယ်တိုင်က ထိုအကြောင်းကို စတင် ပြောဆိုလာခြင်းပင်။
လင်းဖန်က တစ်ဖက် လူ၏ မေးခွန်းကို ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်လေသည်။
"မှန်ပါတယ်...။ ဒီထီးကြောင့်ပဲ ကျွန်တော် ရွှမ်းမင်ဂိုဏ်းထဲကို ခုနစ်ကြိမ်တိုင်တိုင် စိတ်ကြိုက် ဝင်ထွက် နိုင်ခဲ့တာပါ…။"
အတည်ပြုချက် ရရှိလိုက်သောအခါ လီချန်းချင်းမှာ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"မိတ်ဆွေငယ် လင်း... မင်း ဒီမှော်ရတနာကို ငါတို့ဆီ ခဏလောက် ငှားပေးဖို့ ဆန္ဒရှိမလား။ စိတ်မပူပါ နဲ့... ။ ငှားရမ်းခကိုတော့ မင်း စိတ်ကျေနပ်စေရမယ်လို့ ငါ အာမခံပါတယ်…။"
၎င်းကို ကြားသောအခါ လင်းဖန်မှာ အစက ချက်ချင်း သဘောတူရန် ရည်ရွယ်ထားခဲ့သော်လည်း ရုတ် တရက် ပြဿနာတစ်ခုကို သတိရသွားသဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်လီ... ဒါကတော့...၊ ကျွန်တော် ခင်ဗျားတို့ ဂိုဏ်းကို အရေးကြီးတဲ့ အချိန်ကျမှပဲ ကာကွယ်ပေး နိုင်မှာပါ...။"
***