ဖန့်ချန်သည် ဝမ်ချုံစန်း၏ စကားများကို အလေးအနက် စဉ်းစားနေမိသည်။
အတန်ကြာမှ...
“မင်းဆိုလိုတာက... တစ်စုံတစ်ယောက်ဟာ မင်းလိုပဲ ကိုယ့် ကိုယ်ကိုယ် လူသားကျင့်ကြံသူလို့ ခံယူထားရင်တောင်မှ၊ အကျိုးစီးပွားရဲ့ တွန်းအားပေးမှုအောက်မှာ အဲဒီကောင်တွေက လူသားလောက နယ်မြေကိုးခုကို လုယူဖျက်ဆီးနေကြတာကို မတားဆီးဘဲ လက်ပိုက်ကြည့်နေဖို့ ဝန်လေးမှာမဟုတ်ဘူး... အဲဒီလိုလား”
ဖန့်ချန်က မေးလိုက်သည်။
ဝမ်ချုံစန်းက ခေါင်းညိတ်ပြပြီး
“ဒီအချက်ကို ဖယ်ထုတ်လို့မရဘူး၊ ဒါကြောင့် လူအတော်များများဟာ အပေါ်ယံကြည့်ရင် ယုံကြည်လို့ရပေမဲ့ တကယ်တမ်းတော့ ယုံကြည်လို့မရဘူး။ သူတို့လုပ်နေတဲ့ တချို့အရာတွေက မင်းအမြင်မှာ မှန်ကန်နေတယ်လို့ ထင်ရပေမဲ့၊ သူတို့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မင်းအတပ်ပြောနိုင်မလား ”
“ဥပမာ... မင်းလိုမျိုးလား ”
“မှန်တယ်၊ ဥပမာ ငါပေါ့။ ငါက မင်းကို တကယ်ကြီး ယုံကြည်မှာမဟုတ်သလို၊ မင်းကလည်း ငါ့ကို တကယ်ကြီး ယုံကြည်နေဖို့ မလိုဘူး ဒီကိစ္စကို အောင်မြင်အောင်လုပ်ဖို့ ငါတစ်ယောက်တည်းဆိုရင် လုံလောက်ပြီလို့ ငါယူဆတယ်။ မင်းက ငါ့ကို ဘေးကနေ ကူညီပေးလို့ရပေမဲ့၊ အဓိကကျတဲ့ အချက်အချာကိစ္စတွေကိုတော့ မင်းလက်ထဲ ငါထည့်ပေးမှာမဟုတ်သလို မင်းကိုလည်း ပြောပြမှာမဟုတ်ဘူး”
ဝမ်ချုံစန်းက ပြုံးလျက်
“ငါတို့ အချက်အလက်လေးတွေ ဖလှယ်ကြရင်ရော ဘယ်လိုလဲ ”
“ရတာပေါ့”
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်
“ငါအရင်မေးမယ်”
“ကောင်းပြီ၊ မေးလေ”
“ဘာကြောင့် ရှောင်ယွီ ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသန္ဓေသားကို ထည့်သွင်းခဲ့တာလဲ ဓားဂိုဏ်းမှာ လူတွေအများကြီးရှိတာကို ဘာလို့ သူ့ကိုမှ ရွေးခဲ့ရတာလဲ ပြီးတော့ သူကရော မင်းလိုမျိုး အရင်ဘဝက မှတ်ဉာဏ်တွေကို ချုပ်နှောင်ထားနိုင်ပါ့မလား ”
“ဒါက မေးခွန်းနှစ်ခု ဖြစ်သွားပြီပဲ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါမင်းကို ပြောပြနိုင်ပါတယ်။ သူ့ရဲ့ အရင်ဘဝ အဆင့်အတန်းက မရိုးရှင်းဘူး။ ငါ့ဆီမှာ တခြားသူတွေရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ကြည့်လို့ရတဲ့ ရတနာတစ်ခု ရှိခဲ့ဖူးတယ်၊ နှမြောစရာကောင်းတာက အဲဒီရတနာကို တစ်စုံတစ်ယောက်က လုသွားပြီလေ”
ဝမ်ချုံစန်း၏ မျက်နှာတွင် နှမြောတသဖြစ်နေသော အမူအရာ ပေါ်လာပြီး သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
“မှတ်ဉာဏ်ကို ချုပ်နှောင်နိုင်မလားဆိုတာကတော့ သူ့အပေါ်မှာပဲ အဓိက မူတည်ပါတယ်။ သူသာ ဆန္ဒရှိရင် ချုပ်နှောင်ထားလို့ ရနိုင်ပါတယ်။ ငါ ဒီနှစ်တွေထဲမှာ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ပြီးပြီ၊ မိစ္ဆာသန္ဓေသား ကြီးထွားလာတဲ့ ဖြစ်စဉ်မှာ အရင်ဘဝမှတ်ဉာဏ်တွေကို ခွဲထုတ်ပစ်ဖို့ကတော့ မဖြစ်နိုင်ဘူး”
အတိတ်နဲ့ ပစ္စုပ္ပန်ကို ကြည့်နိုင်တယ်
ထိုက်ဟောက် နတ်မှန်ပြောင်း လား
ဖန့်ချန်သည် ဝမ်ချုံစန်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုလူသည် စီနီယာအစ်မကြီးကို လိမ်ညာနေတုန်း ဖြစ်ပုံရသည်။
ထိုက်ဟောက် နတ်မှန်ပြောင်း သည် အစကတည်းက သူ၏လက်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ တစ်စုံတစ်ယောက်၏ လုယူခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ဝမ်ချုံစန်းသည် ထိုပစ္စည်း၏ သတင်းအချက်အလက်ကို အသုံးချကာ စီနီယာအစ်မကြီးထံမှ အစီရင်ဗဟိုချက် တစ်ခုကို လဲလှယ်ယူခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
“အခု ငါ့အလှည့်ပဲ။ ယင်လောကရဲ့ ငရဲမင်း အမွေအနှစ်က မင်းဆီကို ရောက်နေတာ ဟုတ်တယ်မလား ”
ဝမ်ချုံစန်းက အေးဆေးစွာ ပြုံး၍ မေးလိုက်သည်။
“ ဟုတ်တယ်”
ဖန့်ချန် ခေါင်းညိတ်ပြလိုက်ပြီး ပြုံး၍ ဆိုသည်
“ယင်လောက နတ်ဘုရားဝိညာဥ် လမ်းစဉ်က ဒီကိစ္စကြောင့် ဖြစ်လာမယ့် ဘေးအန္တရာယ်တွေကို တစ်ဖက်တစ်လမ်းကနေ လျှော့ချပေးနိုင်လိမ့်မယ်”
“ဟက်”
ဝမ်ချုံစန်းက လှောင်ရယ်လိုက်သည်
“ယင်လောက နတ်ဘုရားဝိညာဥ် လမ်းစဉ် ဟုတ်လား အဲဒါသာ တကယ် အသုံးဝင်ခဲ့ရင် ငါတို့ ဒီလောက်အထိ အရှုံးကြီး ရှုံးခဲ့မှာမဟုတ်ဘူး"
"ဒီလမ်းစဉ်က လျှောက်လှမ်းဖို့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ အခု လူသားလောက နယ်မြေကိုးခုမှာ ဒီကိစ္စအတွက် လှုပ်ရှားပေးနေတဲ့သူက ခပ်ရှားရှားပဲ။ မင်း ဒီလမ်းစဉ်ကိုသုံးပြီး မင်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ငါမကန့်ကွက်ပါဘူး”
“မင်းရော ဘွဲ့နှင်းခန့်အပ်ခြင်း တစ်ခုလောက် ယူဖို့ စိတ်ပါလား ဘွဲ့နှင်းခန့်အပ်မှု ရှိထားရင် မင်းအလုပ်လုပ်ရတာ ပိုအဆင်ပြေလိမ့်မယ်”
ဖန့်ချန်က ပြုံး၍ စလိုက်သည်။
“မလုပ်ပါနဲ့ဦး။ မင်းသာ ငါ့ကို ဘွဲ့နှင်းခန့်အပ်ဖို့ ကြိုးစားရင် ငါတို့နှစ်ယောက် လမ်းခွဲကြရလိမ့်မယ်၊ နောက်တစ်ခါ ဆုံရင်လည်း ရန်သူတွေပဲ ဖြစ်ကြလိမ့်မယ်”
ဝမ်ချုံစန်းက လက်ကာပြလိုက်၏။
“တကယ်တော့ အစကတည်းက ရန်သူတွေပါပဲ။ အရင်က မင်း ရှောင်ယွီကို လက်ဖျားနဲ့ ထိခဲ့ကတည်းက မင်းနဲ့ ငါ့ကြားမှာ ကံတရားအကျိုးပေး တစ်ခု ရှိနေခဲ့ပြီ။ သူ့ရဲ့ အရင်ဘဝက ဘယ်သူပဲဖြစ်ဖြစ်၊ ဒီဘဝမှာတော့ သူက ငါ့လူပဲ။ မင်းသာ မရှိခဲ့ရင် သူ အခုလို အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး”
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“သူ မသေသေးပါဘူး၊ ဒီဘဝရဲ့ မှတ်ဉာဏ်တွေက အားမကောင်းသေးတာပဲ ရှိတာပါ။ ငါ့အမြင်မှာတော့ ငါလုပ်ခဲ့တာ ဘာမှ မမှားဘူး။တကယ်လို့ မင်းက ဒီကိစ္စအတွက် ရန်ငြိုးဖွဲ့ချင်တယ်ဆိုရင်လည်း ငါကတော့ အဆင်သင့်ပါပဲ”
ဝမ်ချုံစန်းက ပြုံးလိုက်သည်။
သူ၏ မျက်ဝန်းများမှာ ရဲဝံ့တည်ကြည်နေပြီး နောင်တရခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။
“တကယ်လို့ သံသရာထဲမှာ တစ်ဖန်ပြန်လည်ဝင်စားမယ်ဆိုရင် မှတ်ဉာဏ်တွေက ချုပ်နှောင်ခံရမှာပဲ၊ ဟုတ်တယ်မလား ”
ဖန့်ချန်က မေးသည်။
“မှန်တယ်၊ မင်းက ကျွယ်မင်ယင်လောကကို အသုံးချပြီး သူ့ကို ကျွယ်မင်ကြယ်တာရာမှာ ပြန်ဝင်စားခိုင်းချင်တာလား ”
ဝမ်ချုံစန်း၏ မျက်နှာ အမူအရာ လှုပ်ရှားသွားသည်
“အဲဒါက လုပ်လို့တော့ ရပါတယ်၊ ဒါပေမဲ့ အဲဒီဖြစ်စဉ် တစ်ခုလုံးမှာ မင်းလက်ရှိ သတိမထားမိသေးတဲ့ လျှို့ဝှက်ရန်သူတွေကို ရှောင်ရှားနိုင်ရမယ်"
"တကယ်လို့သာ အသိခံလိုက်ရရင် မင်းကတော့ မြေမြှုပ်ဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး။ မင်းက ယင်လောက ငရဲမင်း ဖြစ်နေရင်တောင်မှ အသတ်ခံရမယ့် ဘေးကနေ လွတ်မှာမဟုတ်ဘူး”
“ဒီကိစ္စကို ငါ မင်းကို ကူညီပေးလို့ရတယ်”
“ဘယ်လို ကူညီမှာလဲ ”
“အခုလောလောဆယ်တော့ မရသေးဘူး၊ အချိန်တစ်ခု စောင့်ရဦးမယ်။ ငါ အဲဒီထဲကို အောင်အောင်မြင်မြင် ခိုးဝင်နိုင်တဲ့အခါကျမှ မင်းအတွက် ဒါကို စီစဉ်ပေးနိုင်လိမ့်မယ်”
ဝမ်ချုံစန်းက ပြုံးလျက် ဆိုသည်။
သူ ခဏမျှ ရပ်တန့်လိုက်ပြီး
“လတ်တလော ယွင်ဟယ် တို့ ဘာတွေ အလုပ်ရှုပ်နေကြလဲ ”
“မသိဘူး၊ သူတို့ကို မတွေ့ရတာ ကြာပြီ”
ဖန့်ချန်က ခေါင်းခါပြလိုက်သည်။
“ဒီထူးခြားသူ တွေ ... ဟူး... မင်း သိလား၊ သူတို့သာ တားမြစ်ထားတဲ့ နည်းပရိယာယ် တွေကို အသုံးမပြုခဲ့ရင် လူသားလောက နယ်မြေကိုးခုက ကျဆုံးသွားတာ ကြာလှပြီ။ သူတို့က လူဝင်စားတဲ့သူတွေရဲ့ ဝိညာဉ်ကို ချုပ်နှောင်ပြီး အရင်ဘဝက မှတ်ဉာဏ်တွေကို ပြန်မရအောင် တားဆီးပေးခဲ့ကြတာ"
"ဒါပေမဲ့ ဒီနည်းလမ်းက မူလစွမ်းအင် ကို အလွန်အမင်း ကုန်ခမ်းစေတယ်။ ဒါကြောင့်လည်း သူတို့တွေ မေ့တတ်တဲ့ ရောဂါ ရကုန်ကြတာပေါ့၊ မှတ်ဉာဏ်တွေက တစ်ခါတလေ ကြည်လင်လိုက်၊ တစ်ခါတလေ ဝေဝါးလိုက်နဲ့ ဖြစ်နေရတာ"
"ဒီအကြောင်းပြချက်သာ မရှိခဲ့ရင်၊ သူတို့သာ အင်ပြည့်အားပြည့် ထွက်တိုက်နိုင်ရင် ဖြစ်နိုင်တာက ဒီနေ့ဒီအချိန်မှာ လူသားကျင့်ကြံသူတွေက အသာစီး ရနေလောက်ပြီ”
ဝမ်ချုံစန်းက သက်ပြင်းချလိုက်သည်။
“ဒါက နယ်ရုပ်တွေ ရွှေ့နေသလိုပဲပေါ့၊ ဟိုဘက်က လူဝင်စားပြီး လွှတ်လိုက်တဲ့အခါ၊ ဒီဘက်က နယ်ရုပ်တစ်ခု ရွှေ့ပြီး သူတို့ မှတ်ဉာဏ်တွေ ပြန်မရအောင် ပိတ်ဆို့လိုက်တာမျိုးလား ”
“အဲဒီသဘောပါပဲ”
“အခုတော့ မိစ္ဆာသန္ဓေသားက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတော့၊ မင်းသာ သူတို့ဘက်က မရပ်တည်ဘူးဆိုရင် အခု အခြေအနေအရ သူတို့က ရှုံးဖို့ သေချာနေပြီ မဟုတ်လား ”
“ဟာသပဲ၊ ရှုံးဖို့ သေချာနေပြီ ဟုတ်လား ငါ့ရဲ့ အရင်ဘဝကပဲ မိစ္ဆာသန္ဓေသား နည်းပရိယာယ်ကို တတ်မြောက်ခဲ့တာ မဟုတ်ဘူး။ ဟိုဘက်ကလည်း ဒီဘက်က ထူးခြားသူတွေ က ဒီလို နယ်ရုပ်တစ်ခု ရွှေ့ထားမှန်း သိသွားလို့၊ အဲဒါကို ဖြေဖျက်ဖို့အတွက် မိစ္ဆာသန္ဓေသား နည်းလမ်းကို ထုတ်သုံးလာတာ"
"ဒီနည်းလမ်းကို တတ်မြောက်တဲ့သူတွေဟာ ကိုယ့်ဘာကိုယ် လူဝင်စားခြင်း လျှို့ဝှက်ချက်ကို ဖျက်ဆီးနိုင်မယ့် အခွင့်အရေး ရှိကြတယ်။ သူတို့သာ နိုးထလာပြီး ဒီနည်းလမ်းကို ထပ်ပြီး ဖြန့်ဝေလိုက်မယ်ဆိုရင် အဲဒီအချိန်ကျရင် ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ခွဲခြားဖို့ ခက်သွားလိမ့်မယ်”
ဝမ်ချုံစန်းက တည်ငြိမ်စွာ ဆိုလိုက်သည်
“မဟုတ်ရင် ငါ ဘာလို့ အနှစ်ပေါင်းများစွာ စမ်းသပ်မှုတွေ လုပ်ပြီး ဒါကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေရတယ်ဆိုတာကို ”
“အောင်မြင်မှုရော ရှိရဲ့လား ”
“အောင်မြင်မှုက ဖင်ပဲရှိတယ်”
“ဝိညာဥ်နတ်ဘုရားဂိုဏ်း နဲ့ ဝိညာဥ်သုတ်ခြင်းဌာန ကရော ဘယ်လိုလဲ ”
“မင်း ဒါကို သတိထားမိသွားပြီလား ”
ဝမ်ချုံစန်းက အနည်းငယ် အံ့ဩသွားပြီးနောက် အော်ဟစ်ရယ်မောလိုက်သည်
“အံ့ဩသွားပြီလား ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ အကြီးအကဲက ငါတို့လူ ဖြစ်ရမယ်၊ သူ့ရဲ့ လုပ်ရပ်တွေက ငါတို့ရဲ့ ဦးတည်ချက်နဲ့ တူညီနေတယ်။ ဒါပေမဲ့ နောက်ဆုံး ရည်မှန်းချက်က တူသလားဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး"
"ဒါပေမဲ့ အောက်ခြေက ဝိညာဥ်နတ်ဘုးရားဂိုဏ်း ကျင့်ကြံသူတွေကတော့ ဒါတွေကို ဘယ်သိပါ့မလဲ သူတို့ကတော့ သာမန်လူတွေရဲ့ သွေးကိုသုံးပြီး သွေးဝိညာဉ်ဆေး ဖော်စပ်ပြီး ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အုတ်မြစ်ကို ခိုင်မာအောင် လုပ်ချင်ကြတာ သက်သက်ပဲ"
"ဝိညာဥ်သုတ်သင်ခြင်းဌာန ကတော့ မင်းခန့်မှန်းထားသလိုပဲ ဖြစ်လိမ့်မယ်၊ အထက်က လူက ဟိုဘက်ကလူ ဖြစ်ပြီး လုပ်ဆောင်ချက်တွေကလည်း သူတို့ရဲ့ ရည်မှန်းချက်အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် သာမန်လူတိုင်းဟာ သူတို့ရဲ့ လူမျိုးတွေ ဖြစ်နေတာကိုး"
"ဒါပေမဲ့ အောက်ခြေကလူတွေကတော့ ဒါတွေကို မသိကြပါဘူး၊ သူတို့ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ တချို့က ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ ဘေးဒုက္ခကို ခံစားခဲ့ရလို့ ဆွေမျိုးတွေ သေဆုံးခဲ့ရလို့၊ တချို့ကလည်း ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ လုပ်ရပ်တွေကို မကြည့်ရက်လို့၊ အကြောင်းပြချက်တွေကတော့ အများကြီးပါပဲ၊ ရေတွက်လို့ မရနိုင်ဘူး”
ဝမ်ချုံစန်းက ပြုံးကာ ဆိုသည်
“ငါက နှစ်ဖက်စလုံးမှာ နေခဲ့ဖူးတော့ မင်းထက်စာရင် ပိုပြီး နှံ့နှံ့စပ်စပ် သိတာပေါ့။ မင်း အခု စိတ်ထဲမှာ နည်းနည်း ဝေခွဲမရ ဖြစ်နေပြီ မဟုတ်လား ရန်သူနဲ့ မိတ်ဆွေကို ခွဲရခက်နေပြီလား ”
“နည်းနည်းတော့ ဖြစ်မိတယ်”
ဖန့်ချန်က ခေါင်းညိတ်ပြသည်။
“ဒါက ရိုးရှင်းပါတယ်။ မင်းမှန်တယ်ထင်တဲ့ အရာကိုသာ လုပ်ဆောင်ပါ”
“ဒီလေလွင့်ဝိညာဉ်တွေက ငါတို့ရဲ့ မျိုးစေ့တွေပဲ။ မင်းက အရင်ဦးသွားမှတော့ မင်းပဲ စီမံခန့်ခွဲလိုက်တော့။ မူလကတော့ ငါက သူတို့ကို ခေါ်သွားပြီး ကျွယ်မင်ကြယ်တာရာမှာ တိတ်တဆိတ် သွားထားမလို့ပဲ”
ဝမ်ချုံစန်းက လက်ကာပြလိုက်သည်
“နောင်ကျရင် ကျွယ်မင်ယင်လောကထဲမှာ ငါ မင်းကို အရင် လာဆက်သွယ်မယ်၊ ဒါပေမဲ့ မင်းကတော့ ငါ့ကို လာမရှာနဲ့၊ နားလည်လား ”
“မင်း သူတို့ကို ကျွယ်မင်ယင်လောကထဲ ခေါ်သွားဖို့ ကြံစည်ထားတာလား ”
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
ဝမ်ချုံစန်းသည် နတ်မိမယ်ယွီ ၏ ကိစ္စကြောင့်မှသာ ထိုအတွေး ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အခုကြည့်ရသည်မှာ ဝမ်ချုံစန်းသည် အစကတည်းက ထိုမျိုးစေ့များကို ပျိုးကြဲရန် ကြံရွယ်ထားခြင်း ဖြစ်ပုံရသည်။
ထို့ပြင် သူသည် မကြာမီ အောင်မြင်တော့မည်ပင်...
“မင်းက ငရဲမင်းဆိုတော့ သူတို့ကို အခုလောလောဆယ် မင်းပဲ အခြေချပေးထားလိုက်ပါ။ ငါ ဒီကိစ္စကို လုပ်ဖို့ အချိန် နည်းနည်း ထပ်လိုသေးတယ်။ နောက်တစ်ခါ ငါ မင်းဆီကို လာရှာမယ်၊ မင်းဘက်က ငါနဲ့ ဆက်သွယ်ဖို့ လူတစ်ယောက် စီစဉ်ထားပေးလိုက်”
ဝမ်ချုံစန်းက ဆိုသည်။
“အစီရင်ဗဟိုချက်က ဘာကြောင့် ဒီနေရာက တားမြစ်ချက်ကို ဖြေဖျက်နိုင်ရတာလဲ ”
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
ဝမ်ချုံစန်းက တစ်ချက် မှင်သက်သွားပြီးနောက် ပြုံးလိုက်သည်
“ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ၊ ငါက မင်းကို တကယ်ကြီး ယုံကြည်နေတာမှ မဟုတ်တာ”
ထိုသို့ ပြောပြီးနောက် သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး ဝမ်ချွမ်းမြစ်ထဲသို့ ဆင်းသက်လိုက်သည်။
သူ၏ ခြေထောက်အောက်တွင် မသေမျိုးလှေတစ်စင်း ပေါ်လာပြီး လှိုင်းလုံးများကို ဖြတ်ကျော်ကာ ထွက်ခွာသွားတော့သည်။
***