နက်မှောင်သော ကောင်းကင်ပြင်ကျယ်ထဲတွင် နဂါးနက်လှေသည် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။
ကြာနီနတ်မိမယ်က အနည်းငယ် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည် ။
"စီနီယာအစ်မကြီး... ဒီတစ်ခေါက် အောက်နယ်မြေ ခြောက်ခုကို သွားတဲ့အခါ ကျမတို့ရဲ့ ဦးတည်ရာက ဘယ်နေရာလဲဟင် "
"ရှေးဟောင်းနယ်မြေ ပဲ "
စီနီယာအစ်မကြီးက ပြုံး၍ ဖြေကြားပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ
"ဖန့်မောင်လေး... ရှေးဟောင်းနယ်မြေက ထျန်းရှန်းဂိုဏ်း အကြောင်း ကြားဖူးသလား "
"ကြားဖူးသလိုလိုတော့ ရှိပါတယ် "
ဖန့်ချန်က ပြန်ပြောလိုက်သည်။
သူ့စိတ်ထဲတွင်တော့ အနည်းငယ် အံ့ဩသွားမိသည်။
ထိုစီနီယာအစ်မကြီးက ဝမ်ချုံစန်းရဲ့ ဇာတိအိမ်ကို ဝင်မွှေဖို့ ပြင်နေတာများလား
သို့သော်လည်း ဝမ်ချုံစန်း၏ စရိုက်အရ အရေးကြီးသော အရာမှန်သမျှကို ထျန်းရှန်းဂိုဏ်းထဲမှာ ဝှက်ထားလိမ့်မည် မဟုတ်ပေ။
"အင်း... ထျန်းရှန်းဂိုဏ်းကလည်း တာအိုဂိုဏ်းတစ်ခုပဲ။ မင်းကလည်း ရှေးဟောင်းနယ်မြေက လာတာဖြစ်သလို တာအိုကျင့်ကြံသူလည်း ဖြစ်နေတော့၊ ဒီတစ်ခေါက် ငါ့ကို အကူအညီလေးတစ်ခုလောက် ပေးစေချင်တယ် "
စီနီယာအစ်မကြီးက ဆိုသည်။
"ဖန့်မိတ်ဆွေရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင်..."
ကြာနီနတ်မိမယ်၏ မျက်နှာထားက ထူးဆန်းသွားသည်။
"ထျန်းရှန်းဂိုဏ်းထဲမှာ ငါ့အတွက် အလွန်အရေးကြီးတဲ့ ပစ္စည်းတစ်ခု ဝှက်ထားနိုင်တယ်။ ဒါပေမဲ့ အဲဒီဂိုဏ်းထဲမှာ အဆင့် ၈ မသေမျိုးတစ်ပါး ပုန်းအောင်းနေနိုင်တယ်လို့ ငါသံသယရှိနေတာ။ အောက်နယ်မြေခြောက်ခုမှာ မသေမျိုးလှေအစီရင်ကို အသုံးပြုလို့မရသလို၊ အသုံးပြုဖို့လည်း ခွင့်မပြုထားဘူး။ ဒီနဂါးနက်လှေရဲ့ စွမ်းအားတစ်ခုတည်းနဲ့တော့ အဆင့် ၈ မသေမျိုးကို ငါမယှဉ်နိုင်သေးဘူး "
"ဒါကြောင့် ဒုတိယနည်းလမ်းအနေနဲ့... မင်းက ထျန်းရှန်းဂိုဏ်းထဲကို ဧည့်သည်တော်အဖြစ် ဝင်ရောက်ပြီး အဲဒီပစ္စည်းရဲ့ သဲလွန်စကို စုံစမ်းပေးရမယ်။ ငါ့လက်ထဲမှာ သဲလွန်စတချို့ ရှိပြီးသားပါ။ အဲဒီပစ္စည်း တကယ်ရှိနေတယ်ဆိုတာ အတည်ပြုနိုင်တာနဲ့ နောက်ပိုင်းကိစ္စတွေကို ငါကိုယ်တိုင် တာဝန်ယူဖြေရှင်းမယ် "
စီနီယာအစ်မကြီးက ရှင်းပြသည်။
အဆင့် ၈ ရှေးဟောင်းမသေမျိုး
ထျန်းရှန်းဂိုဏ်းမှာလား
ဖန့်ချန်သည် ထိုသတင်းကြောင့် အလွန်အံ့ဩသွားရသည်။
အကယ်၍ ရှေးဟောင်းနယ်မြေမှာ အဆင့် ၈ ရှေးဟောင်းမသေမျိုးသာ ရှိနေခဲ့လျှင် ဘာကြောင့် အခုထိ သတင်းမထွက်ပေါ်ခဲ့ရတာလဲ
ဝမ်ချုံစန်းနှင့် ပတ်သက်သော ကိစ္စများကြောင့်ပင် ထျန်းရှန်းဂိုဏ်းမှ ကျင့်ကြံသူများသည် ဝိညာဥ်နတ်ဘုရားဂိုဏ်းအတွင်း အမျိုးမျိုး နှိပ်ကွပ်ခံခဲ့ရဖူးသည်။
ဝမ်ချုံစန်း၏ ညီငယ်ဖြစ်သူ စုန့်ကျိလီ ဆိုလျှင်ပင် ဖန်တီးရှင်ဂြိုလ် လို ဝေးလံခေါင်သီတဲ့ နေရာမှာ အစောင့်အဖြစ် အပို့ခံခဲ့ရသည်။
အကယ်၍ ထိုအဆင့် ၈ မသေမျိုးသာ တကယ်ရှိနေပြီး လျှို့ဝှက်ပုန်းအောင်းနေခဲ့လျှင် သူ၏ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ ကြာနီနတ်မိမယ်ရဲ့ ဇာတိ နှင့်ရော ပတ်သက်နေမလား
သို့သော် စီနီယာအစ်မကြီး ပြောနေသည့် အရေးကြီးသော ပစ္စည်း ဆိုသည်မှာ ဘာဖြစ်မည်ကိုလည်း သူ သိချင်နေမိသည်။
ထိုက်ဟောက် နတ်မှန်ပြောင်း များလား ဝမ်ချုံစန်းက သူမကို လိမ်ညာခဲ့တာလား။
"စီနီယာအစ်မကြီး... တကယ်လို့ ထျန်းရှန်းဂိုဏ်းမှာ အဆင့် ၈ မသေမျိုး ရှိနေတာမှန်ရင် ဖန့်မိတ်ဆွေအတွက် အထဲဝင်စုံစမ်းဖို့က အန္တရာယ် မများလွန်းဘူးလား "
ကြာနီနတ်မိမယ်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဖန့်မောင်လေးက အခုထိ အမာခံတပည့်လည်း မဟုတ်သေးသလို၊ မင်းရဲ့ အဖော် လည်း ဖြစ်မနေသေးပါဘူး။ ဘာလဲ... မင်းက အခုကတည်းက သူ့အတွက် စိုးရိမ်နေပြီလား "
စီနီယာအစ်မကြီးက ပြုံးစစဖြင့် နောက်ပြောင်လိုက်သည်။
ကြာနီနတ်မိမယ်မှာ ခဏတာ မှင်သက်သွားပြီးနောက် တိုးညင်းစွာ ပြောရှာသည်
"သူက ကျမရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ။ အန္တရာယ် အရမ်းများမယ်ဆိုရင်တော့ ဒီကိစ္စထဲ သူ့ကို မပါစေချင်ဘူး "
သိသာသည်မှာ ကြာနီနတ်မိမယ်သည် ယခုအချိန်တွင် အမာခံတပည့် တစ်ယောက်၏ အဆင့်အတန်းဖြင့် စီနီယာအစ်မကြီးကို စကားပြောနေခြင်း ဖြစ်သည်။
ကျင့်စဉ်အဆင့်ချင်း ကွာခြားလွန်းလှသော်လည်း သူမ၏ အဖွဲ့ဝင်အတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးနေခြင်းပင်။
စီနီယာအစ်မကြီးက သူမ၏ တည်ကြည်သော မျက်နှာထားကို မြင်သောအခါ ရယ်မောလျက်
"စိတ်ချပါ... ငါ ဒီကိစ္စကို အမြဲစောင့်ကြည့်နေမှာပါ။ တကယ်လို့ အန္တရာယ် တစ်ခုခု ကြုံလာရင် ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ခေါင်းဆောင်အဖြစ် ငါကိုယ်တိုင် ပေါ်ထွက်လာပြီး သူ့ကို ခေါ်ထုတ်သွားမှာပေါ့။ အဆင့် ၈ မသေမျိုး ရှိနေရင်တောင် ဘာဖြစ်လဲ အဆင့် ၉ မသေမျိုး မဟုတ်သရွေ့တော့ ကျွယ်မင်နန်းတော် ဆိုတဲ့ နာမည်ကြားတာနဲ့ ငါ့ကို ရိုရိုသေသေ ဆက်ဆံရမှာပဲ "
"တကယ်လို့ ဖန့်မိတ်ဆွေ က မသွားချင်ဘူးဆိုရင်တော့..."
ကြာနီနတ်မိမယ်က ဖန့်ချန်ဘက်သို့ လှည့်ကြည့်သည်။
ဖန့်ချန်က ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်
"ဒီလောက် အကူအညီလေးကတော့ ကျနော် ပေးသင့်ပါတယ်။ စီနီယာအစ်မကြီး ပေးထားတဲ့ ကျူလုံလှေက တန်ဖိုးအရမ်းကြီးတာဆိုတော့ ဒီအခွင့်အရေးနဲ့ ကျေးဇူးပြန်ဆပ်တာပေါ့ "
"ဒါပေါ့... ဒါကိုမှ လောကဝတ် သိတယ်လို့ ခေါ်တာ။ ငါက မင်းကို ကျူလုံလှေ ပေးတယ်၊ မင်းက ငါ့ကို ဒီအကူအညီ ပြန်ပေးတယ်"
စီနီယာအစ်မကြီးက သဘောကျစွာ ခေါင်းညိတ်သည်
"ငါ ရှာခိုင်းချင်တဲ့ ပစ္စည်းက ထိုက်ဟောက် နတ်မှန်ပြောင်း လို့ ခေါ်တယ်။ သူ့ရဲ့ နောက်ခံသမိုင်းက နည်းနည်း ထူးခြားတယ်၊ ကျွယ်မင်ယင်လောကနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုပဲ။ ဒီလို ယင်လောကပစ္စည်းမျိုး လူသားလောကမှာ ရှိနေရင် ထူးခြားတဲ့ နည်းလမ်းတွေနဲ့ သိမ်းဆည်းထားရတယ်။ လူသားလောက နယ်မြေကိုးခုမှာ အဲဒီလို နည်းလမ်းရှိတဲ့ ဂိုဏ်းက သိပ်မရှိဘူး၊ အများစုက တာအိုဂိုဏ်းတွေရဲ့ လက်ထဲမှာပဲ ရှိတာ "
"မင်း အဲဒီကို သွားတဲ့အခါ ငါ ရတနာတစ်ခု ပေးလိုက်မယ်။ တကယ်လို့ မင်းက ထိုက်ဟောက် နတ်မှန်ပြောင်း နဲ့ နီးစပ်သွားရင် အဲဒီရတနာက မင်းကို အချက်ပေးလိမ့်မယ်။ အချက်ပေးတာ ရတာနဲ့ မင်းရဲ့ တာဝန်က ပြီးပြီ၊ ကျန်တာ ငါ့အလုပ် "
တကယ်ပဲ ထိုက်ဟောက် နတ်မှန်ပြောင်း ဖြစ်နေသည်။
ဖန့်ချန်က ပုံမှန်အတိုင်းပင် ဟန်မပျက်ဘဲ
"စီနီယာအစ်မကြီးရဲ့ တာဝန်ကို အတတ်နိုင်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပါ့မယ် "
"ဒါနဲ့... တကယ်လို့ ရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး။ ဒီသတင်းကို နတ်ရိုသေနန်းတော် ဆီက ဝယ်ထားတာ၊ သူတို့သတင်းတွေကလည်း အမြဲတမ်း မှန်ချင်မှ မှန်တာ။ ဆယ်နှစ်ပေါ့... ဆယ်နှစ်အတွင်း ရှာမတွေ့ရင် ငါတို့ အထက်နယ်မြေ သုံးခုကို ပြန်ကြတာပေါ့ "
စီနီယာအစ်မကြီးက ပြောပြီးနောက် ထျန်းရှန့်ဂိုဏ်းရှိရာသို့ အနီးဆုံးလမ်းကြောင်းကို ကြယ်မြေပုံ ထဲတွင် စတင်ရှာဖွေတော့သည်။
“သူတောင် နတ်ရိုသေနန်းတော်ဆီက သတင်းဝယ်ရတာလား ”
ဖန့်ချန်၏ စိတ်ထဲတွင် အံ့ဩသွားမိသည်။
သတ်ဖြတ်ခြင်းနတ်ဆိုးတောင်တန်းမှာ ဝမ်ချုံစန်းက ထိုက်ဟောက် နတ်မှန်ပြောင်းဟာ ရှေးဟောင်းနဂါးနတ်ဘုရား နန်းတော်မှာ ရှိတယ်လို့ စီနီယာအစ်မကြီးကို အတည်ပေါက် လိမ်ညာခဲ့တဲ့ ပုံရိပ်ကို ပြန်မြင်ယောင်လာမိသည်။
စီနီယာအစ်မကြီးက ဝမ်ချုံစန်းရဲ့ စကားကို လုံးဝ မယုံကြည်ခဲ့ဘူးဆိုတာကို သူ သိသွားခဲ့ပြီ။
“ဖန့်ကျင့်မိတ်ဆွေ.. ဒီကိစ္စကို ရှင် ငြင်းလို့ရပါတယ်။ အဆင့် ၈ မသေမျိုး ရှိတဲ့ ဂိုဏ်းဆိုတာ သေးသေးမွှားမွှား မဟုတ်ဘူး။ သူတို့နောက်ကွယ်မှာ အသွေးသားနန်းတော်တို့၊ ထိုက်ယီမသေမျိုးဂိုဏ်းတို့လို အင်အားကြီးတွေနဲ့ ဆက်နွှယ်နေနိုင်တယ်။ တကယ်လို့ ပြဿနာတစ်ခုခု တက်လာရင် ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဆိုတာတောင် ရှင့်ကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်ချင်မှ ပေးနိုင်မှာ”
ကြာနီနတ်မိမယ်က ဖန့်ချန်ထံသို့ လျှို့ဝှက် အသံလှိုင်း ပေးပို့လိုက်သည်။
“ရပါတယ်... ကျုပ် သတိထားပါ့မယ် ”
ဖန့်ချန်က ပြုံး၍ အကြောင်းပြန်လိုက်သည်။
သူကိုယ်တိုင်လည်း ထိုက်ဟောက် နတ်မှန်ပြောင်း ကို စိတ်ဝင်စားသည်။
ထို့အပြင် ဝမ်ချုံစန်း၏ ရည်ရွယ်ချက်မှာလည်း သူနှင့် အတူတူပင် ဖြစ်နေသည်။
ယခုအခါ စီနီယာအစ်မကြီးက ထျန်းရှန်းဂိုဏ်းကို အာရုံစိုက်နေပြီဖြစ်သည်။
အကယ်၍ ထိုက်ဟောက် နတ်မှန်ပြောင်းသာ ထိုနေရာတွင် တကယ်ရှိနေပြီး သူမက လုယူသွားခဲ့လျှင် ဝမ်ချုံစန်း၏ အစီအစဉ်များ ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် သူကိုယ်တိုင် ထိုကိစ္စတွင် ပါဝင်ပြီး အခြေအနေကို ထိန်းချုပ်ထားရန် လိုအပ်သည်။
ထိုက်ဟောက် နတ်မှန်ပြောင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ဆီကထွက်မည့် အဖြေကတော့ မရှိဘူး ဟူ၍သာ ဖြစ်ပေလိမ့်မည်။
စီနီယာအစ်မကြီးက သူ့ကို အကူအညီတောင်းရခြင်းမှာလည်း သူ၏ တာအိုနောက်ခံနှင့် ပါရမီကြောင့်ပင်။
သို့သော် သူသည် သူလျှို တစ်ယောက် ဖြစ်နေနိုင်သည်ကိုတော့ သူမ သိလိမ့်မည် မဟုတ်ပေ။
ကြယ်မြေပုံ အရ စီနီယာအစ်မကြီးသည် ဖြတ်လမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။
အားလုံးသည် တည်နေရာကူးပြောင်းခြင်း အစီရင် ကို အသုံးပြုကာ ခြောက်လအတွင်းမှာပင် ထျန်းရှန်းဂိုဏ်း တည်ရှိရာ ရွှမ်ဟွမ်ဂြိုလ် သို့ ရောက်ရှိလာခဲ့သည်။
သို့သော် နဂါးနက်လှေ ပေါ်ထွက်လာသည်နှင့် တပြိုင်နက်၊ ဟင်းလင်ပြင်ကြီးတစ်ခုလုံးသည် စွမ်းအားတစ်ခုခုကြောင့် ချက်ချင်း အေးခဲသွားသလို ဖြစ်သွားတော့သည်။
ဖန့်ချန်ပင်လျှင် လက်ဖျားခြေဖျားမျှ လှုပ်ရှား၍ မရတော့ပေ။
ကြာနီနတ်မိမယ်၏ မျက်ဝန်းများတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားသည်။
စီနီယာအစ်မကြီး၏ မျက်နှာမှာမူ အလွန်အမင်း မည်းမှောင်သွားတော့သည်။
“နတ်ရိုသေနန်းတော်ရဲ့ သတင်းက အမှားပဲ... ငါ အလိမ်ခံလိုက်ရပြီ။ ဒါက အမာခံတပည့်တချို့နဲ့ ပတ်သက်နေနိုင်တယ်။ ကျွယ်မင်နန်းတော်ထဲမှာ ငါ ဘာရှာနေတယ်ဆိုတာကို လူအနည်းငယ်ပဲ သိတာ ”
“ခဏနေရင် ငါ မင်းတို့ကို လွတ်အောင် ပို့ပေးမယ်။ လုံးဝ နောက်လှည့်မကြည့်နဲ့။ ငါကတော့ ဒီလောက်နဲ့ အလွယ်တကူ သေမယ့်သူ မဟုတ်ဘူး ”
သူမ၏ အသံသည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
အလိမ်ခံလိုက်ရတာလား
နှစ်ယောက်စလုံး ဆွံ့အသွားကြသည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ထက်၌ တာအိုဗုဒ္ဓရောင်ခြည်များ တောက်ပနေသော ဧရာမ လက်ဝါးတော်ကြီးတစ်ခု ပေါ်ထွက်လာပြီး နဂါးနက်လှေဆီသို့ တည့်တည့်မတ်မတ် ကျဆင်းလာတော့သည်။
ထိုလက်ဝါးတော် ပေါ်ထွက်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့မှာ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
ထိုလက်ဝါးပိုင်ရှင်သည် ရှေးဟောင်းမသေမျိုး တစ်ပါး ဖြစ်နေနိုင်သည်။
ရှေးဟောင်းမသေမျိုး တစ်ပါးက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ခေါင်းဆောင်အတွက် ထောင်ချောက်ဆင်ထားတာလား
တစ်စုံတစ်ယောက်က ကျွယ်မင်နန်းတော်ကို ပစ်မှတ်ထားနေတာလား။
“ရုလိုင်ဘုရားကျောင်းက ကိုယ်တော်တွေလား ”
စီနီယာအစ်မကြီးက အေးစက်စွာ ရေရွတ်လိုက်သည်။
သို့သော် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်၌ တောက်လောင်နေသော မီးလျှံနတ်အိုးကြီး တစ်လုံး ပေါ်ထွက်လာပြီး လက်ဝါးတော်ကြီးနှင့်အတူ နဂါးနက်လှေဆီသို့ အပြိုင်အဆိုင် တိုက်ခိုက်လာတော့သည်။
ထိုမီးလျှံနတ်အိုး၏ အရှိန်အဝါမှာ လက်ဝါးတော်ထက် မနိမ့်ပေ။
နောက်ထပ် ရှေးဟောင်းမသေမျိုး တစ်ပါး
ရှေးဟောင်းမသေမျိုး နှစ်ပါး တစ်ပြိုင်တည်း တိုက်ခိုက်လာခြင်း ဖြစ်သည်။
မသေမျိုးလှေအစီရင်ကို အသုံးမပြုနိုင်သော အခြေအနေမျိုးတွင် ဤသည်မှာ မလွဲမသွေ သေဆုံးရမည့် အခြေအနေ ပင် ဖြစ်တော့သည်။
***