“လူစုံမှ ပြောကြတာပေါ့”
အကြီးအကဲချန်က လီရှမ်းဇီကို တစ်ချက်ကြည့်လိုက်ပြီး နန်မင်ရုယွဲ့ကိုလည်း ကြည့်ကာ မျက်ခုံးနား ကြုတ်လိုက်သည်။
“ကျန်တဲ့သူတွေကော မရှိကြဘူးလား သူတို့ကို အမြန် အသံလွှင့်ပြီး အကြောင်းကြားလိုက်ကြစမ်း။ ခေါင်းဆောင်ကြီး သေသွားပြီပဲ၊ သူတို့ ဘာအရေးကြီးတဲ့ အလုပ်တွေပဲ လုပ်နေနေ၊ တစ်ခေါက်တော့ ပြန်လာကြည့်သင့်တယ်”
အမာခံတပည့်များမှာ အဓိပ္ပာယ်ကို နားလည်လိုက်ကြပြီး မိမိတို့ နောက်လိုက်နေသည့် ဆရာသခင်ကြီးများကို အသီးသီး စတင်ဆက်သွယ်လိုက်ကြသည်။
အကြီးအကဲချန် ရည်ညွှန်းလိုက်သူများသည် လီရှမ်းဇီ၊ နန်မင်ရုယွဲ့တို့ကဲ့သို့ပင် မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုနိုင်သူများကို ဆိုလိုခြင်းဖြစ်သည်။
အမာခံတပည့်ချင်း တူညီသော်လည်း ထိုသူများကြားတွင် ကျော်ဖြတ်ရန် ခက်ခဲလှသော သိသာထင်ရှားသည့် စည်းခြားမျဉ်းတစ်ခု ရှိနေသည်။
မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုနိုင်သူမှာ အမာခံတပည့် တစ်ထောင်ကျော်ထဲတွင် အလွန်နည်းပါးသော အရေအတွက်သာ ရှိပေသည်။
ဥပမာ နံပါတ် ၁ ဖြစ်သော စီနီယာအစ်မကြီး။
ဥပမာ နံပါတ် ၅ ဖြစ်သော နန်မင်ရုယွဲ့။
ယခင်က နံပါတ် ၇ အထိသာ ရှိခဲ့သော်လည်း ယခုအခါ လီရှမ်းဇီပါ ထိုစွမ်းအားကို အသုံးပြုနိုင်လာသဖြင့် သူသည် သဘာဝကျကျပင် နံပါတ် ၈ ဖြစ်လာခဲ့သည်။
“အကြီးအကဲချန်... ဒီတစ်ခေါက် စီနီယာအစ်မကြီး အောက်နယ်မြေ ခြောက်ခုကို သွားတုန်းက အမာခံတပည့် ဟုန် ကိုလည်း ခေါ်သွားခဲ့တာပါ။ မသိလို့ မေးပါရစေ... အမာခံတပည့် ဟုန်ရဲ့ အသက်မီးအိမ်ကော ငြိမ်းသွားပြီလား ”
တိုက်ပွဲတစ်ရာမသေမျိုးက ရုတ်တရက် မေးမြန်းလိုက်သည်။
လီရှမ်းဇီနှင့် နန်မင်ရုယွဲ့တို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသည်။
ကြာနီနတ်မိမယ် အမာခံတပည့် ဖြစ်လာသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
သူမပါ သေဆုံးသွားခဲ့ပြီလော
“ဟုန်ကျိရဲ့ အသက်မီးအိမ်က မငြိမ်းသေးဘူး၊ ဆိုလိုတာက သူမ အသက်ရှင်နေသေးတာပဲ။ သူမနဲ့ တွေ့တဲ့အခါကျရင် ဒီကိစ္စရဲ့ အစအဆုံးကို သိရလိမ့်မယ်”
အကြီးအကဲချန်၏ အသံမှာ အေးစက်လှသည်
“အမာခံတပည့်ခေါင်းဆောင် အောက်နယ်မြေမှာ သေဆုံးသွားတဲ့ သတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ရှေးဟောင်းတားမြစ်နယ်မြေတွေမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာလိမ့်မယ်။ မင်းတို့အားလုံး စစ်ပွဲအတွက် ပြင်ဆင်ထားကြ”
“ဟုတ်ကဲ့ပါ ”
လူအုပ်ကြီး၏ မျက်နှာထားများမှာ ပို၍ လေးနက်လာကြသည်။
ထိုအမာခံတပည့်ခေါင်းဆောင် မရှိတော့ဘဲ နောက်ပိုင်း ရှေးဟောင်းတားမြစ်နယ်မြေ လုပွဲများတွင် ကျွယ်မင်နန်းတော်မှာ အရေးနိမ့်သွားနိုင်ချေ ရှိသည်။
သူတို့ ပိုင်ဆိုင်ထားသော ရှေးဟောင်းတားမြစ်နယ်မြေ အခု ၂၀ ကျော်ထဲမှ ဘယ်နှစ်ခုကို ကာကွယ်နိုင်မည်နည်း ဆိုသည်မှာ မရေရာတော့ပေ။
ခဏအကြာတွင် အဖိုးအိုအချို့ ဟင်းလင်ပြင်ကို ဖြတ်ကျော်ကာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး ထိုအထဲတွင် အကြီးအကဲကျန်း လည်း ပါဝင်သည်။
နဂါးခေါင်းတောင်ဝှေးကို ကိုင်ဆောင်ထားသော အဘွားအိုတစ်ဦး ရောက်လာပြီးနောက် ခပ်အက်အက် အသံဖြင့် ဆိုသည်။
“အကြီးအကဲချန်... ရှင် မျက်စိများ မှားနေတာလားအမာခံတပည့်ခေါင်းဆောင် အပြင်မှာ သေသွားတာ တကယ်ပဲလား ”
“ကိုယ်တိုင် ဝင်ကြည့်လိုက်လေ”
ဟု အကြီးအကဲချန်က စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။
အဘွားအိုနှင့် အခြားအကြီးအကဲများသည် နန်းဆောင်အတွင်းသို့ ဝင်သွားကြပြီး ခေတ္တအကြာတွင် ပြန်ထွက်လာကြရာ တစ်ဦးထက်တစ်ဦး မျက်နှာများမှာ ပို၍ ကြည့်မကောင်း ဖြစ်နေကြသည်။
“ရုပ်အလောင်းက အခု ဘယ်မှာလဲ ”
“လင်းကွေ့ကြယ်တာရာ မှာ”
ကျွယ်မင်နန်းတော်မှ ကျင့်ကြံသူများ လင်းကွေ့ကြယ်တာရာသို့ ရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်သော်လည်း သူတို့၏ သတင်းစကားမှာမူ လင်းကွေ့ကြယ်တာရာရှိ ရှေးဟောင်းမသေမျိုး အချို့၏ နားထဲသို့ ဦးစွာ ရောက်ရှိသွားခဲ့သည်။
ယနေ့တွင် ရှေးဟောင်းမသေမျိုး အချို့မှာ နဂါးနက်လှေပေါ်သို့ တက်ရောက်လာကြသည်။
သူတို့သည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ အမာခံတပည့် စစ်ဆေးစဉ်က တွေ့ဆုံခဲ့ဖူးသည့် လင်းကွေ့ကြယ်တာရာ၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်သည်။
ထိုရှေးဟောင်းမသေမျိုး သုံးဦးမှာ ကြာနီနတ်မိမယ်နှင့် အားနာပါးနာ စကားမပြောနိုင်တော့ဘဲ စီနီယာအစ်မကြီး၏ ရုပ်အလောင်းထံသို့သာ အကြည့်များ ချက်ချင်း ရောက်သွားကြသည်။
သူတို့၏ မျက်နှာများမှာ အလွန်ပင် လေးနက်သွားပြီး တစ်ဦးက ခေါင်းညိတ်ပြလိုက်သည်
“မှန်ပါတယ်... သက်စောင့်စွမ်းအား လုံးဝ မရှိတော့ဘူး”
နောက်တစ်ဦးကမူ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို ကြည့်ကာ အဖြစ်အပျက် အသေးစိတ်ကို မေးမြန်းသည်။
“စီနီယာ တို့.. ဒီကိစ္စက အကြီးအကဲတွေ ရောက်လာမှပဲ အသေးစိတ် ပြောပြလို့ ရပါလိမ့်မယ်”
ကြာနီနတ်မိမယ်က လက်အုပ်ချီကာ ပြောလိုက်သည်။
ရှေးဟောင်းမသေမျိုး သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။
သူတို့၏ ဦးနှောက်ထဲတွင် ထိုကိစ္စကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကိုသာ စဉ်းစားနေကြသဖြင့် မျက်နှာထားများမှာ ပို၍ တည်တင်းလာသည်။
ကြာနီနတ်မိမယ်နှင့် ဖန့်ချန်တို့မှာလည်း လင်းကွေ့ကြယ်တာရာမှ လာသူများ ဖြစ်ကြောင်း၊ ကြာနီနတ်မိမယ်မှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်သွားပြီ ဖြစ်ကြောင်း သိနေကြသော်လည်း ယခုအချိန်တွင်မူ သူတို့နှင့် စကားစမြည် ပြောဆိုရန် စိတ်ဆန္ဒ မရှိကြပေ။
တိုင်ပင်ဆွေးနွေးပြီးနောက် တစ်ဦးက ကြာနီနတ်မိမယ်ကို
“ကျွယ်မင်နန်းတော် အကြီးအကဲတွေက ငါတို့ကို ဒီနေရာမှာ စောင့်ကြပ်ခိုင်းထားတယ်၊ ဒါကြောင့် ဒီအတောအတွင်း ငါတို့ သုံးယောက်လုံး ဒီမှာပဲ ရှိနေလိမ့်မယ်”
“စီနီယာ သုံးပါးကို အားနာလိုက်တာရှင်”
“အားမနာပါနဲ့၊ ဒါက ငါတို့ လုပ်သင့်လုပ်ထိုက်တာပဲ”
ခြောက်လခန့် ကြာပြီးနောက်...
နဂါးနက်လှေ အစင်းပေါင်းများစွာသည် ဟင်းလင်ပြင် မြာပြာကြီးထဲမှ ပေါ်ထွက်လာပြီး လင်းကွေ့ကြယ်တာရာ၏ လေဟာနယ်အတွင်းသို့ ရောက်ရှိလာကြသည်။
အကြီးအကဲချန်သည် အခြားအကြီးအကဲ အနည်းငယ်နှင့် အမာခံတပည့် ရာနှင့်ချီကို ခေါ်ဆောင်ကာ ရေခဲခေါင်းတလား ရှေ့သို့ ချက်ချင်း ရောက်လာသည်။
“သေသွားပြီ”
အကြီးအကဲချန်သည် စီနီယာအစ်မကြီး၏ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် အလွန်အမင်း တည်တင်းသော မျက်နှာဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။
အမာခံတပည့် ရာပေါင်းများစွာမှာ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။
တကယ်ပဲ သေသွားတာလား
ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ခေါင်းဆောင် စီနီယာအစ်မကြီးက အောက်နယ်မြေ ခြောက်ခုမှာပဲ ဒီလို သေဆုံးသွားတာလား
အောက်နယ်မြေ ခြောက်ခုမှာ အဆင့် ၈ ရှေးဟောင်းမသေမျိုးများ ရှိနေခဲ့သည်လော
သူတို့၏ အမြင်အရဆိုလျှင် အဆင့် ၈ ရှေးဟောင်းမသေမျိုး ကိုယ်တိုင် မလှုပ်ရှားသရွေ့ သာမန် အဆင့် ၇ ရှေးဟောင်းမသေမျိုးများ စုပေါင်း တိုက်ခိုက်လျှင်ပင် ထိုစီနီယာအစ်မကြီး၏ အသက်ကို အလွယ်တကူ ယူနိုင်လိမ့်မည် မဟုတ်ပေ။
လီရှမ်းဇီသည် ကြာနီနတ်မိမယ်နှင့် ဖန့်ချန်တို့ နှစ်ဦးထံသို့ ချက်ချင်း အကြည့်ပို့လိုက်သည်။
နန်မင်ရုယွဲ့၊ ကျိရှန့် နှင့် အခြားသူများသည်လည်း ထိုနှစ်ဦးကို အကဲခတ်နေကြပြီး သူတို့၏ မျက်လုံးများတွင် တွေးတောနေသော အရိပ်အယောင်များ ပေါ်နေသည်။
“ဟုန်ကျိ... ငါ့နာမည်က ချန် ပါ၊ အရင်က ငါတို့ တစ်ခေါက် တွေ့ဖူးတယ်၊ မှတ်မိသေးရဲ့လား ”
အကြီးအကဲချန်က ကြာနီနတ်မိမယ်ကို ကြည့်ကာ မေးသည်။
“မျိုးဆက်သစ်က အကြီးအကဲချန်ကို ဂါရဝပြုပါတယ်ရှင်”
ကြာနီနတ်မိမယ်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
“မင်း ပြောစမ်း... ဒီတစ်ခေါက် ဘာတွေ ကြုံခဲ့ရတာလဲ ဘာလို့ သူမက အောက်နယ်မြေမှာ အသက်ဆုံးရှုံးခဲ့ရတာလဲ အသေးစိတ် တစ်ခုမှ မကျန်အောင် အစအဆုံး တင်ပြစမ်း”
အကြီးအကဲချန်က ဆိုသည်။
ကြာနီနတ်မိမယ်သည် စီနီယာအစ်မကြီး သင်ပေးထားသည့်အတိုင်း ထိုကိစ္စကို အစအဆုံး ပြန်လည် ပြောပြလိုက်သည်။
သူတို့ ဘယ်လို အသက်ရှင်ခဲ့သလဲ ဆိုသည့် မေးခွန်းအတွက်မူ စီနီယာအစ်မကြီး သေခါနီးအချိန်တွင် သူတို့ကို ထောင်ချောက်အတွင်းမှ ခေါ်ထုတ်ကာ အထက်နယ်မြေ သုံးခုသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြလိုက်သည်။
“မင်း ဆိုလိုတာက သူမဟာ ပစ္စည်းတစ်ခုကို သွားရှာတာ၊ တစ်စုံတစ်ယောက်က အဲဒါကို ငါးစာအဖြစ် သုံးပြီး သူမကို ထောင်ချောက်ထဲ ဆွဲသွင်းခဲ့တာပေါ့ ဟုတ်လား ”
အကြီးအကဲချန်တို့ တစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စီနီယာအစ်မကြီး ရှာနေသည့် ပစ္စည်းမှာ ဘာလဲဆိုသည်ကို ခန့်မှန်းမိသွားပုံရသည်။
အကြီးအကဲ အနည်းငယ်၏ အကြည့်များသည် အမာခံတပည့် အချို့၏ မျက်နှာပေါ်သို့ မသိမသာ ဝဲကျသွားသည်။
ထိုလျှို့ဝှက်ချက်ကို သိရှိသူမှာ လူနည်းစုသာ ရှိပေသည်။
“စီနီယာ သုံးပါး... ဒီအတောအတွင်း ဘာတွေ ထူးခြားတာ တွေ့ခဲ့သေးလဲ ”
အကြီးအကဲချန်က လင်းကွေ့ကြယ်တာရာမှ ရှေးဟောင်းမသေမျိုး သုံးဦးကို လှည့်မေးသည်။
ရှေးဟောင်းမသေမျိုး အဆင့်ချင်း တူသော်လည်း ထိုသုံးဦးမှာ အကြီးအကဲချန်၏ ရှေ့တွင် အဆင့်တူသဖွယ် မနေရဲဘဲ အလွန်ပင် ရိုသေကိုင်းညွတ်နေကြသည်။
တစ်ဦးက
“ကျနော်တို့ ဒီမှာ စောင့်ကြပ်နေတာ ခြောက်လကျော်ပါပြီ၊ ဘယ်သူမှ ဒီနေရာကို ချဉ်းကပ်ဖို့ ကြိုးစားတာမျိုး မတွေ့ခဲ့ရပါဘူး”
“အင်း... ဆိုလိုတာက ရန်သူတွေက လိုက်မလာတော့တာပဲ၊ သူမ သေသွားပြီဆိုတာကို သူတို့ အပိုင်တွက်ထားပုံရတယ်”
အကြီးအကဲချန်၏ အကြည့်မှာ အမာခံတပည့်များထံသို့ ပြန်ရောက်လာပြန်သည်။
နန်မင်ရုယွဲ့က ရုတ်တရက်
“အကြီးအကဲချန်... ကျနော်တို့ အမာခံတပည့်တွေထဲမှာ သစ္စာဖောက် ရှိနေတာလား ”
အကြီးအကဲများမှာ ဘာမှပြန်မပြောဘဲ သူတို့၏ မျက်နှာများတွင် အေးစက်စက် အပြုံးလေးများသာ ပေါ်လာသည်။
အကြီးအကဲချန်က တည်ငြိမ်စွာ
“ဒါကလွဲရင် တခြား ရှင်းပြချက် မရှိဘူး။ တစ်စုံတစ်ယောက်က အကြောင်းအရာ တစ်ခုကို သုံးပြီး သူမကို မျှားခေါ်ခဲ့တာ။ သူမသာ စိတ်ထဲမှာ အပြစ်မကင်းတဲ့ စိတ် မရှိခဲ့ရင် ဘယ်လိုလုပ် အလွယ်တကူ အစီအစဉ် ချခံရပါ့မလဲ ”
သူက ခေတ္တရပ်ကာ
“ခုနက ဟုန်ကျိ ပြောတာကိုလည်း မင်းတို့ ကြားပြီးပြီ။ ရန်သူတွေထဲမှာ ရှေးဟောင်းမသေမျိုး နှစ်ပါး ပါဝင်တယ်၊ တစ်ဦးက ရုလိုင်ဘုရားကျောင်းက ဖြစ်ပုံရပြီး နောက်တစ်ဦးကတော့ အဆိပ်ငါးပါးဂိုဏ်းက ချန်စန်း ပဲ”
ချက်ချင်းပင် အမာခံတပည့် တစ်ဦးက ရှေ့သို့ ထွက်လာသည်
“အကြီးအကဲချန်... ကျနော် အဆိပ်ငါးပါးဂိုဏ်းကို သွားပြီး ချန်စန်းကို ဖမ်းခေါ်လာပါ့မယ်”
“ဒီလောက်ထိ မလောပါနဲ့၊ အဆိပ်ငါးပါးဂိုဏ်းက စိတ်ဝိညာဥ်နယ်မြေ ထဲမှာတင် ရှိနေတာ၊ သူတို့ ထွက်ပြေးလို့ မလွတ်ပါဘူး”
အကြီးအကဲချန်က အေးစက်စွာ ဆိုလိုက်ပြီးနောက်
“ကျန်တဲ့သူတွေ ဘာလို့ ရောက်မလာသေးတာလဲ ဒီလောက်ကြီးမားတဲ့ ကိစ္စဖြစ်နေတာကို သူတို့တွေ တွားသွားပြီး လာနေကြတာလား”
စကားဆုံးသည်နှင့် နဂါးနက်လှေ အချို့မှာ ဟင်းလင်ပြင်ထဲမှ တစ်စင်းပြီးတစ်ဦး ထွက်ပေါ်လာကြသည်။
“ဒုတိယ စီနီယာအစ်ကို၊ တတိယ စီနီယာအစ်မ၊ စတုတ္ထ စီနီယာအစ်ကို၊ ဆဋ္ဌမ စီနီယာအစ်ကို၊ သတ္တမ စီနီယာအစ်မ...”
“အားလုံး စုံသွားပြီ...”
***