အချို့သော အမာခံတပည့်များ၏ တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားရသောအခါ ဖန့်ချန်အနေဖြင့် ဒီတစ်ကြိမ်တွင် စီနီယာအစ်မကြီး ခန့်မှန်းခဲ့သည်မှာ မမှားကြောင်း အသေအချာ အတည်ပြုနိုင်လိုက်ပြီဖြစ်သည်။
လာသင့်လာထိုက်သူများ အားလုံး စုံစုံလင်လင် ရောက်ရှိလာကြပြီ ဖြစ်သည်။
ကြီးမားလှသော ကျွယ်မင်နန်းတော်တစ်ခုလုံးတွင် ယခုအခါ လီရှမ်းဇီ အပါအဝင် မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုနိုင်သူ ရှစ်ဦးသာ ရှိပေသည်။
လီရှမ်းဇီနှင့် နန်မင်ရုယွဲ့တို့မှာ ရောက်ရှိနေပြီးဖြစ်ကာ ကျန်ရှိသော ငါးဦးမှာလည်း အချိန်ကိုက်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။
၎င်းကို ကြည့်ခြင်းအားဖြင့် သူတို့သည် အမှန်တကယ်တွင် စောစီးစွာ ရောက်ရှိနေကြခြင်းဖြစ်သော်လည်း အကြီးအကဲချန်တို့လူစု မပေါ်လာသေးမီအချိန်တွင် သံသယအပွားမခံလိုသဖြင့် နဂါးနက်လှေပေါ်သို့ တစ်ဦးတည်းတက်ကာ စီနီယာအစ်မကြီး၏ ရုပ်အလောင်းကို လာရောက်မစစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။
“ဒုတိယ စီနီယာအစ်ကို...”
“တတိယ စီနီယာအစ်မ...”
အသံတချို့ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။
လူပုံရိပ် ငါးခုသည် လူအုပ်ကို ကျော်ဖြတ်ကာ ရေခဲခေါင်းတလားရှေ့သို့ ရောက်ရှိလာကြသည်။
ထိုအထဲမှ သတ္တမစီနီယာအစ်မကိုမူ ဖန့်ချန်အနေဖြင့် ဝူရှန့်ငရဲ တွင် တွေ့ဆုံခဲ့ဖူးရာ သူမသည် စီနီယာအစ်မကြီး၏ အနားတွင် အမြဲရှိနေတတ်သူဖြစ်သည်။
စီနီယာအစ်မကြီး၏ ရုပ်အလောင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ အဆိုးရွားဆုံး ပျက်ယွင်းသွားပြီး ကျန်ရှိသူများမှာမူ တည်ငြိမ်နေကြဆဲပင်။
“နံပါတ် ၂... မင်းတို့ ဘယ်လိုမြင်လဲ ”
အကြီးအကဲချန်က တည်ငြိမ်စွာ မေးလိုက်သည်။
ဒုတိယစီနီယာအစ်ကိုသည် စီနီယာအစ်မကြီးထံမှ အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“နားမလည်နိုင်ဘူး...”
သူက ခေတ္တရပ်ကာ
“ကျနော်အမြင်အရ စီနီယာအစ်မကြီးရဲ့ အရည်အချင်းနဲ့ဆိုရင် သူမဟာ ဒီလောက် လွယ်လွယ်ကူကူ သေဆုံးသွားမှာ မဟုတ်ဘူးလို့ ထင်တယ်”
“ရုပ်အလောင်းကိုတော့ ငါစစ်ဆေးပြီးပြီ၊ တကယ် သေဆုံးသွားတာပဲ။ ဒါပေမဲ့ ဝိညာဉ် ကျန်ရစ်ခဲ့သလား ဆိုတာတော့ မသိရသေးဘူး”
အကြီးအကဲချန်က ဆိုသည်။
“ဒါဆိုရင် ပိုလို့တောင် နားမလည်နိုင်တော့ဘူး။ စီနီယာအစ်မကြီး သေဆုံးသွားတာနဲ့ ကျနော်တို့တွေဟာ အကြီးမားဆုံး သံသယတရားခံတွေ ဖြစ်လာမှာပဲ”
ဒုတိယစီနီယာအစ်ကိုက ပြောလိုက်သည်။
နန်မင်ရုယွဲ့နှင့် အခြားသူများ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။
မှန်ပေသည်။
စီနီယာအစ်မကြီး သေဆုံးခြင်းအတွက် သူတို့သည် သံသယဖြစ်ဖွယ် အကောင်းဆုံးသူများ ဖြစ်သည်။
အခြားသော သာမန်အမာခံတပည့်များမှာမူ စီနီယာအစ်မကြီး သေဆုံးသွားခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်သဖြင့် သံသယဖြစ်စရာ သိပ်မရှိလှပေ။
“ဒုတိယစီနီယာအစ်ကို... စီနီယာအစ်မကြီး သေဆုံးသွားပြီဆိုတော့ အမာခံတပည့်ခေါင်းဆောင် ရာထူးက ရှင့်လက်ထဲကို ရောက်လာတော့မှာ မဟုတ်လားကျမ ကြည့်ရသလောက်တော့ ရှင့်မှာ သံသယ အကြီးမားဆုံးပဲ”
လူအုပ်ကြီးမှာ အံ့အားသင့်သွားကြပြီး စကားပြောလိုက်သူထံသို့ အကြည့်များ ပို့လိုက်ကြသည်။
ထိုသူမှာ အေးစက်လှပသော ရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
ယခုအချိန်တွင် ကျိရှန့် အပါအဝင် အမာခံတပည့်တစ်စုသည် သူမ၏ နောက်ကွယ် မနီးမဝေးတွင် ရပ်နေကြသည်။
သူမမှာ ကျွယ်မင်နန်းတော်၏ တတိယစီနီယာအစ်မဖြစ်ပြီး သူမ၏ ကျင့်ကြံမှုမှာလည်း အဆင့် ၆ မသေမျိုးသို့ ရောက်ရှိနေပြီဖြစ်သည်။
မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုသည့်အခါ သူမသည်လည်း ရှေးဟောင်းမသေမျိုးနှင့် တန်းတူ စွမ်းဆောင်နိုင်သည်။
တတိယစီနီယာအစ်မ၏ မျက်နှာတွင် ဝမ်းနည်းရိပ် အစအနပင် မရှိဘဲ သူမ၏ မျက်ဝန်းထောင့်တွင် ပြုံးရိပ်လေးပင် စွန်းထင်နေသည်။
စီနီယာအစ်မကြီး သေဆုံးသွားခြင်းကြောင့် သူမ ဝမ်းမြောက်နေသည်ကို လုံးဝ ဖုံးကွယ်မထားခြင်းကပင် သူမတွင် သံသယမရှိကြောင်း ပို၍ ထင်ရှားစေသကဲ့သို့ ဖြစ်နေသည်။
သူမက ဒုတိယစီနီယာအစ်ကိုကို မေးခွန်းထုတ်လိုက်သောအခါ ကျန်သူများလည်း တွေးတောစရာ ဖြစ်သွားကြသည်။
အကြီးအကဲချန်တို့မှာ ဘေးမှနေ၍ ကြည့်နေကြပြီး ကြားဖြတ်ပြောဆိုခြင်း မရှိကြပေ။
“အမာခံတပည့်ခေါင်းဆောင် ရာထူးဆိုတာ စီနီယာအစ်မကြီး သေဆုံးသွားလို့ နံပါတ် ၂ ဖြစ်တဲ့ ငါက တိုက်ရိုက် ရနိုင်တာမျိုး မဟုတ်ပါဘူး။ စစ်ဆေးမှုတွေ အဆင့်ဆင့် ဖြတ်ကျော်ရဦးမှာ။ ပါရမီနဲ့ အရည်အချင်းပိုင်းမှာဆိုရင် ငါက မင်းတို့ရဲ့ ဒုတိယစီနီယာအစ်ကို ဆိုပေမဲ့ မင်းက ငါ့ထက်တောင် အနည်းငယ် သာလွန်နေပါသေးတယ်”
ဒုတိယစီနီယာအစ်ကိုက ဒေါသမထွက်ဘဲ အေးဆေးစွာ ဆိုသည်။
“နံပါတ် ၄၊ နံပါတ် ၅၊ နံပါတ် ၆၊ နံပါတ် ၇ တွေလည်း ရှိသေးတယ်...”
သူက လီရှမ်းဇီကို ကြည့်လိုက်သည်
“ပြီးတော့ နံပါတ် ၈ လည်း ရှိသေးတယ်။ သူတို့အားလုံးရဲ့ ပါရမီဟာ ငါ့ထက် မနိမ့်ကျဘူး။ ဒီရာထူးကို ရဖို့ အပိုင်မတွက်နိုင်သေးဘဲနဲ့ ငါက ဘာလို့ စီနီယာအစ်မကြီးကို လုပ်ကြံရမှာလဲ ဒါ့အပြင် ငါက အောက်နယ်မြေ ခြောက်ခုမှာ ဘယ်ကျင့်ကြံသူကိုမှ မသိဘူး၊ ရှေးဟောင်းမသေမျိုး တစ်ဦးတစ်ယောက်တောင် မရှိဘူး။ အောက်နယ်မြေမှာ အစီအစဉ်ဆွဲဖို့ ငါ့မှာ အဲဒီလို အရည်အချင်း မရှိဘူး”
“အဆက်အသွယ် ကျယ်ပြန့်မှုအကြောင်း ပြောမယ်ဆိုရင်တော့ တတိယစီနီယာအစ်မပဲ ဖြစ်မှာပေါ့။ တတိယစီနီယာအစ်မ ဒီနှစ်တွေအတွင်း အောက်နယ်မြေ ခြောက်ခုကို သွားခဲ့တဲ့ အကြိမ်ရေက ရေတွက်လို့တောင် မရတော့ဘူး မဟုတ်လား ”
နံပါတ် ၄ စီနီယာအစ်ကိုက ရုတ်တရက် ပြုံး၍ ဆိုသည်။
“ဟဲဟဲ... ငါ အောက်နယ်မြေမှာ ရှေးဟောင်းမသေမျိုး အတော်များများကို သိတာတော့ အမှန်ပဲ။ ဒါပေမဲ့... ဒီတစ်ခေါက် လက်ချက်က ရှေးဟောင်းမသေမျိုး နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ရှင်တို့ မကြားလိုက်ဘူးလား ဒါမှမဟုတ် မကြားချင်ယောင် ဆောင်နေကြတာလား ”
တတိယစီနီယာအစ်မက ခပ်အေးအေး ပြုံးလိုက်သည်
“တစ်ယောက်က ရုလိုင်ဘုရားကျောင်းက၊ နောက်တစ်ယောက်က အဆိပ်ငါးပါးဂိုဏ်းက ချန်စန်း။ ရုလိုင်ဘုရားကျောင်းနဲ့လည်း ရင်းနှီးမှုရှိပြီး ချန်စန်းကိုလည်း သိနေတဲ့သူက ရှင်ပဲ မဟုတ်လား ”
နံပါတ် ၄ စီနီယာအစ်ကို၏ မျက်နှာမှာ ရုတ်တရက် ကြည့်မကောင်း ဖြစ်သွားသည်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြင်းခုံနေကြပြီး သံသယတရားခံကို နံပါတ် ၂၊ ၃၊ ၄ ကြားတွင်သာ ကန့်သတ်ထားပုံရသည်။
နံပါတ် ၅ ဖြစ်သော နန်မင်ရုယွဲ့နှင့် ကျန်သူများကိုမူ လျစ်လျူရှုထားကြသည်။
“ဒီမှာ ငြင်းနေလို့တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ကျနော် အမြင်အရ စီနီယာအစ်မကြီးရဲ့ ရုပ်အလောင်းကို ကျွယ်မင်ကြယ်တာရာဆီ အရင်ဆုံး ပြန်သယ်သွားပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးဖို့ပဲ။ အဲဒီနောက်မှ လူလွှတ်ပြီး ချန်စန်းကို လိုက်ရှာမယ်။ တကယ်လို့ သူ့ကို မတွေ့ရင်တောင် အဆိပ်ငါးပါးဂိုဏ်းက ကျင့်ကြံသူတွေကို အရင်ဖမ်းပြီး စစ်ဆေးမေးမြန်းရင် သဲလွန်စအချို့ ရနိုင်ပါလိမ့်မယ်”
ဟု နံပါတ် ၄ က တည်ငြိမ်စွာ ဆိုသည်။
တတိယစီနီယာအစ်မသည် ဒီတစ်ကြိမ်တွင် သူ့ကို ပြန်လည်မချေပတော့ပေ။
ဒုတိယစီနီယာအစ်ကိုကလည်း ခေါင်းညိတ်ပြသည်
“မှန်တယ်။ စီနီယာအစ်မကြီးကို အရင်ဆုံး သင်္ဂြိုဟ်ပေးရမယ်။ ပြီးတော့ သူတို့က စီနီယာအစ်မကြီးကို အကွက်ဆင်တိုက်ခိုက်တာဟာ တခြားကိစ္စတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ကျနော် တို့အနေနဲ့ တစ်ဖက်သတ် မတွေးမိဖို့နဲ့ အရေးကြီးတဲ့ သဲလွန်စတွေကို လက်လွတ်မခံမိဖို့ လိုအပ်တယ်”
“စီနီယာ အစ်ကို၊ အစ်မတို့...”
ကြာနီနတ်မိမယ် က ရုတ်တရက် စကားစလိုက်သည်
“စီနီယာအစ်မကြီး သေခါနီးမှာ ပြောသွားတာက... နတ်ရိုသေနန်းတော် မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယအကြီးအကျယ် ရှိတယ်တဲ့။ နတ်ရိုသေနန်းတော်ဆီက သတင်းသာ မရခဲ့ရင် စီနီယာအစ်မကြီးဟာ သူတို့ရဲ့ ထောင်ချောက်ထဲကို ရောက်သွားစရာ အကြောင်းမရှိဘူးလို့ ပြောသွားပါတယ်”
"နတ်ရိုသေနန်းတော် ဒါဆိုရင်တော့ ဒုတိယစီနီယာအစ်ကိုပဲ ဖြစ်ရမှာပေါ့။ ရှင်က နတ်ရိုသေနန်းတော်ရဲ့ ဒုတိယနန်းတော်သခင် အချို့နဲ့ အတော်လေး ရင်းနှီးတယ် မဟုတ်လား”
တတိယစီနီယာအစ်မက ပြုံးစစဖြင့် ဆိုသည်။
အားလုံး၏ မျက်နှာထားများမှာ ထူးဆန်းသွားကြသည်။
ဒုတိယစီနီယာအစ်ကိုက လုံးဝပွင့်လင်းဟန် ပြနေသော်လည်း ယခုအခါတွင်မူ သံသယအားလုံးမှာ သူ၏ ခေါင်းပေါ်သို့သာ ကျရောက်နေသကဲ့သို့ပင်။
သူ၏ ပါရမီမှာ ထိုရှစ်ဦးထဲတွင် အထင်ရှားဆုံး မဟုတ်သော်လည်း၊ လီရှမ်းဇီပင်လျှင် သူ၏အထက်တွင် ရှိနေနိုင်သော်လည်း၊ သူ၏ ကျင့်ကြံမှုမှာမူ အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်သည်။
အကယ်၍ ကျွယ်မင်နန်းတော်က သူ့ကို အမာခံတပည့်ခေါင်းဆောင် အဖြစ် တင်မြှောက်လိုက်မည်ဆိုလျှင် နောင်တွင် သူသည် အဆင့် ၈ မသေမျိုးဆေးပင်ကို မှီဝဲရုံဖြင့် နန်းတော်သခင် ရာထူးကို ဆက်ခံရန် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
“မင်းတို့ စကားပြောလို့ ပြီးကြပြီလား ”
အကြီးအကဲချန်က ရုတ်တရက် ပြုံး၍ မေးလိုက်ပြီးနောက် သူ၏ လက်ထဲမှ မှန်ထဲကပန်း အချို့ကို ထုတ်ယူလိုက်သည်။
“မင်းတို့ ပြောလို့ပြီးရင် ငါ မေးခွန်းမေးဖို့ အလှည့်ပဲ။ ငါ့မှာ မှန်ထဲကပန်း အချို့ ရှိတယ်၊ မင်းတို့ တစ်ယောက်ချင်းစီ လာခဲ့ကြ”
မှန်ထဲကပန်း
အားလုံး၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။
“ကျနော် အရင် လာပါ့မယ်”
ဒုတိယစီနီယာအစ်ကိုက ခေါင်းအသာညိတ်ပြကာ အကြီးအကဲချန်၏ ရှေ့သို့ လျှောက်လာသည်။
“ငါ မင်းကို မေးမယ်... ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ခေါင်းဆောင်ကို မင်း လုပ်ကြံခဲ့တာလား”
အကြီးအကဲချန်က အေးစက်စက် အသံဖြင့် မေးလိုက်သည်။
ဒုတိယစီနီယာအစ်ကို
“ကျနော် မလုပ်ခဲ့ပါဘူး”
မှန်ထဲကပန်းမှ ထူးခြားသော ပန်းရနံ့များ သင်းပျံ့ထွက်ပေါ်လာသည်။
အားလုံးက သက်ပြင်းချလိုက်ကြသည်၊ ဒုတိယစီနီယာအစ်ကို မဟုတ်သည်မှာ အမှန်ပင်။
မှန်ထဲကပန်း၏ စစ်ဆေးမှုကို လှည့်စားနိုင်သည့် နည်းလမ်းအချို့ ရှိသော်လည်း အကြီးအကဲချန်၏ ကျင့်ကြံမှုမှာ အလွန်မြင့်မားသဖြင့် ဒုတိယစီနီယာအစ်ကိုသာ အကြီးအကဲချန်ထက် ကျင့်ကြံမှု မမြင့်မားပါက မည်သည့် သဲလွန်စမှ မကျန်အောင် လှည့်စားနိုင်စရာ အကြောင်းမရှိပေ။
“မင်း အလှည့်ပဲ”
အကြီးအကဲချန်က တတိယစီနီယာအစ်မကို ကြည့်လိုက်သည်။
“မေးပါရှင်”
သူမက ပြုံးလျက် ဆိုသည်။
မေးခွန်းများ မေးမြန်းပြီးနောက် တတိယစီနီယာအစ်မတွင်လည်း သံသယမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့နောက် နံပါတ် ၄၊ ၅၊ ၆၊ ၇ တို့ကိုလည်း အစဉ်လိုက် မေးမြန်းခဲ့သည်။
သူတို့အားလုံးတွင်လည်း သံသယမရှိကြောင်း ထွက်ပေါ်လာသည်။
အကြီးအကဲချန်သည် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသော်လည်း မှန်ထဲကပန်း၏ အသုံးပြုနိုင်သည့် အကြိမ်ရေ တစ်ခုကို အကုန်ခံကာ လီရှမ်းဇီကိုပါ မေးမြန်းလိုက်သည်။
အဖြေမှာမူ အားလုံး ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။
မသေမျိုးလှေ အစီရင်စွမ်းအားကို ယခုမှ နားလည်သဘောပေါက်ခါစ လီရှမ်းဇီအနေဖြင့် စီနီယာအစ်မကြီးကို လုပ်ကြံရန် အကြောင်းပြချက် လုံးဝ မရှိနိုင်ပေ။
“မင်းတို့အားလုံးမှာ သံသယမရှိဘူးဆိုရင်တော့ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်။ သူမကို လုပ်ကြံတဲ့သူဟာ ဘယ်သူ့ကိုမှ အမာခံတပည့်ခေါင်းဆောင် ဖြစ်စေချင်လို့ မဟုတ်ဘဲ တခြား ရည်ရွယ်ချက်တစ်ခု ရှိနေလို့ပဲ။ ဒါပေမဲ့ သတင်းကို ပေါက်ကြားအောင် လုပ်တဲ့သူကတော့ မင်းတို့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်”
အကြီးအကဲချန်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသည်။
သူ့တွင် မှန်ထဲကပန်း အလုံအလောက် မရှိပေ၊ မဟုတ်လျှင် ရောက်ရှိနေသည့် အမာခံတပည့် အားလုံးကို မေးမြန်းကာ သံသယများကို ဖယ်ရှားပစ်လိမ့်မည် ဖြစ်သည်။
“စီနီယာအစ်မကြီး ပြောသွားသေးတယ်... အကြီးအကဲတွေ ထဲမှာလည်း သစ္စာဖောက် ပါနေနိုင်တယ်တဲ့”
ဟု ဖန့်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
အကြီးအကဲ အနည်းငယ်မှာ ခဏမျှ မှင်သက်သွားကြပြီး ဘေးမှ ကြည့်နေသည့် ရှေးဟောင်းမသေမျိုးများမှာလည်း အံ့အားသင့်ကာ မျက်နှာထားများမှာ ထူးဆန်းသွားကြသည်။
အမာခံတပည့် တစ်ဦးက ဖန့်ချန်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက ဘာအဆင့်အတန်းမို့လို့ စီနီယာအစ်မကြီးကို ဒီလို ခေါ်ရဲတာလဲ ပြီးတော့ အကြီးအကဲတွေကိုပါ စွပ်စွဲရဲတယ်ပေါ့လေ ”
***