“အင်း... တကယ့်ကို နှမြောဖို့ကောင်းတာပဲ” ဟု ထိုသူက ဝမ်းနည်းတိုးလျှိုးသော မျက်နှာထားဖြင့် မြွက်ဟလေသည်။ လေလံပွဲအတွင်းရှိ လူအများစုသည်လည်း ထပ်တူထပ်မျှပင် နှမြောတသ ဖြစ်နေကြရ၏။
မိမိတို့အနေဖြင့် ဤနေရာရှိ အခြားသော အင်အားစုကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသည်ကို သိနားလည်ကြသည်ဖြစ်ရာ စိတ်ပျက်အားမငယ်ဘဲ မနေနိုင်ကြပေ။
“ကဲ... နောက်ထပ် ပုလင်းတစ်လုံးအတွက် လေလံကို စတင်ပါ့မယ်၊ အခြေခံဈေးကတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ဖြစ်ပါတယ်” ဟု လင်ဇီအာက ဆိုလိုက်လေသည်။
ထို့နောက်တွင်တော့ အလုအယက် ဝယ်ယူမှုများ တစ်ကျော့ပြန် ပေါ်ပေါက်လာပြန်ရာ ငွေကြေး မလုံလောက်သူများမှာမူ ဘေးမှနေ၍ မချိတင်ကဲ ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
အဆုံးသတ်တွင် သန့်စင်သော နတ်ရေစင် အလုံး ၂၀ စလုံးကို လေလံတင် ရောင်းချနိုင်ခဲ့ပြီး ပုလင်းတစ်လုံးလျှင် ပျမ်းမျှအားဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၅၀၀ ခန့် ရရှိခဲ့သည်။
ချင်ယွမ်ဖုန်းမှာမူ ရုတ်ချည်းဆိုသလိုပင် ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ဟူသော အတိုင်းအဆမရှိ များပြားလှသည့် ပမာဏကို ရရှိလိုက်သဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်သွားရရှာသည်။
သို့သော်လည်း စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် လိုအပ်ကြောင်း သူ ကောင်းကောင်း နားလည်ထား၏။
သို့မဟုတ်ပါက အများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရမည့် ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
လေလံပစ္စည်း အားလုံး ကုန်စင်သွားပြီဖြစ်ရာ လေလံပွဲကြီးမှာလည်း ပြီးဆုံးလုနီးပြီ ဖြစ်သည်။
လေလံအောင်မြင်သူများသည် မိမိတို့၏ ရတနာများကို ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ယူရန် စင်နောက်ဘက်သို့ အပြေးအလွှား သွားကြလေသည်။
ထိုအချိန်တွင် ထောင့်တစ်နေရာ၌ ရှိနေသော အလောင်းကောင်မိစ္ဆာမှာမူ မထသေးဘဲ ချင်ယွမ်ဖုန်း ရှိနေသည့် အခန်းငယ်ကိုသာ အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
အထဲတွင် မည်သူရှိနေသည်ကို သိအောင်လုပ်မည်ဟု သူက အခိုင်အမာ ဆုံးဖြတ်ထားဟန် တူသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် လိပ်ပြာမလုံသကဲ့သို့ ခံစားရသဖြင့် အခန်းငယ်အတွင်းမှ မထွက်သေးဘဲ တစ်ဖက်ရှိ အလောင်းကောင်မိစ္ဆာကို ပြန်လည် အကဲခတ်နေမိသည်။
နောက်ဆုံးတွင် လေလံရုံအတွင်းရှိ လူအားလုံး ထွက်ခွာသွားကြပြီး အလောင်းကောင်မိစ္ဆာနှင့် ချင်ယွမ်ဖုန်းတို့သာ ကျန်ရစ်တော့သည်။
လင်ဇီအာသည် အလောင်းကောင်မိစ္ဆာ၏ အနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီးလျှင် “သခင်ကြီး အလောင်းကောင်မိစ္ဆာရှင့်... ကျွန်မတို့ လေလံရုံ ပိတ်တော့မှာမို့ တခြား ကိစ္စမရှိရင်တော့ ကြွပါဦးရှင်၊ နောက်တစ်ခေါက် လေလံပွဲကျရင်လည်း လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုလိုက်၏။
အလောင်းကောင်မိစ္ဆာ မတ်တတ်ရပ်လိုက်သောအခါ သူ၏ အရိုးစုမျက်နှာကြီးကြောင့် လင်ဇီအာမှာ စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
“ဟိုအခန်းထဲကလူက ဘာလို့ အခုထိ မထွက်သေးတာလဲ” ဟု အလောင်းကောင်မိစ္ဆာက အေးစက်စွာ မေးလိုက်ရာ သူ၏ ကိုယ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများ အလိုအလျောက် ထွက်ပေါ်လာလေသည်။
လင်ဇီအာကမူ မည်သည့် သံသယမျှ မဝင်စေဘဲ “အဲဒီအခန်းက ဧည့်သည်တွေ ထွက်သွားတာ ကြာလှပါပြီရှင်” ဟု ဆိုလိုက်သော်လည်း စိတ်ထဲတွင်တော့ လိပ်ပြာမလုံဖြစ်နေရှာသည်။
“မဖြစ်နိုင်တာ... ငါ ဒီကနေ တောက်လျှောက် စောင့်ကြည့်နေတာ၊ အဲဒီအခန်းက တစ်ယောက်ယောက် ထွက်သွားရင် ငါ မသိဘဲ မနေဘူး” ဟု အလောင်းကောင်မိစ္ဆာက ဒေါသတကြီး အော်ဟစ်လေတော့သည်။
ယင်းခဏ၌ အဘိုးချန်သည် လင်ဇီအာ၏ နောက်ကွယ်တွင် တိတ်တဆိတ် ပေါ်လာပြီး သူ၏ နူးညံ့သော စွမ်းအင်များဖြင့် လင်ဇီအာ၏ ကြောက်ရွံ့မှုကို လျော့ပါးစေလိုက်သည်။
“သခင်ကြီး အလောင်းကောင်မိစ္ဆာ... အခုပဲ ထွက်ခွာသွားပေးပါတော့၊ အခန်းထဲကလူတွေ ထွက်သွားတာ ကြာပါပြီ၊ ယုံတာ မယုံတာကတော့ သဘောပါပဲ” ဟု အဘိုးချန်က ဆို၏။
အဘိုးချန် ပေါ်လာခြင်းကြောင့် လင်ဇီအာမှာ အားကိုးရာ ရသွားသကဲ့သို့ ယုံကြည်မှု ရှိလာသည်။ အလောင်းကောင်မိစ္ဆာသည်လည်း ပြုံးရွှင်နေသော အဘိုးအိုထံမှ ထိတ်လန့်ဖွယ် စွမ်းအားကို အာရုံခံမိသွားသဖြင့် နှာခေါင်းတစ်ချက် ရှုံ့ကာ ဝတ်ရုံစကို ခါ၍ ထွက်ခွာသွားလေတော့သည်။
အလောင်းကောင်မိစ္ဆာ တကယ်ပင် ထွက်သွားပြီ ဆိုမှသာ လင်ဇီအာက လှည့်ကြည့်ကာ “ဆရာ... ကျွန်မ ဒီအလောင်းကောင်မိစ္ဆာကို စိတ်ဆိုးအောင် လုပ်မိသွားပြီလားဟင်” ဟု မေးရှာသည်။
အဘိုးချန်က ပြုံး၍ ခေါင်းခါပြကာ “မဟုတ်တာ...မင်းလုပ်တာ မှန်တယ်၊ ဒီလို မိစ္ဆာမျိုးနဲ့ မိတ်ဆွေဖြစ်တာထက် နတ်ရေစင် ပိုင်ဆိုင်တဲ့သူနဲ့ မိတ်ဆွေဖြစ်တာက ပိုပြီး တန်ဖိုးရှိတာပေါ့၊ ဒါ့အပြင် အလောင်းကောင်မိစ္ဆာလို မိစ္ဆာကျင့်ကြံသူမျိုးက ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အသတ်ခံရနိုင်တာပဲဥစ္စာ” ဟု ဆိုလေသည်။
အဘိုးချန်၏ စကားကြောင့် လင်ဇီအာမှာ စိတ်သက်သာရာ ရသွားပြီး ပြုံးနိုင်သွားတော့သည်။
ထိုစဉ် အခန်းငယ်အတွင်းမှ ချင်ယွမ်ဖုန်းသည်လည်း အလောင်းကောင်မိစ္ဆာ ထွက်သွားသည်ကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။
လင်ဇီအာက မိမိကို ကူညီပေးလိုက်သည်ကိုလည်း သူ ကောင်းစွာ သိလိုက်၏။ သူသည် အခန်းပြင်သို့ ထွက်လာပြီး လင်ဇီအာနှင့် အဘိုးချန်တို့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
သို့သော် သူ သတိမထားလိုက်မိသည်မှာ သူ အခန်းပြင်သို့ ခြေလှမ်းလိုက်သည့် ခဏ၌ပင် သေးငယ်သော အနက်ရောင် ပိုးကောင်လေးတစ်ကောင်သည် သူ၏ အဝတ်အစားပေါ်သို့ တိုက်ရိုက် ကပ်ပါသွားခဲ့ခြင်းပင်။
“နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်၊ ဒီလို လူယုတ်မာမျိုးရဲ့ ပစ်မှတ်ထားခံရတာက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။
“သခင်လေးချင်ကလည်း အားနာစရာတွေ ပြောနေပြန်ပြီ၊ နောင်မှာလည်း အတူတူ လက်တွဲလုပ်ဆောင်ခွင့် ရဦးမယ်လို့ မျှော်လင့်ပါတယ်ရှင်” ဟု လင်ဇီအာက ပြုံး၍ ဆို၏။
“သေချာပေါက် ရမှာပေါ့” ဟု ချင်ယွမ်ဖုန်းက ပြန်လည် ပြုံးပြလိုက်သည်။
၎င်းတို့ သုံးဦးသည် လေလံရုံ၏ နောက်ဘက်သို့ သွားရောက်ကာ မိမိတို့ ရရှိမည့် ဝိညာဉ်ကျောက်တုံးများနှင့် လျှို့ဝှက်ဆန်းပြားသော သားရဲသွေးစက်ကို လွှဲပြောင်းရယူခဲ့ကြသည်။
“ကျေးဇူးတင်ပါတယ်” ဟု ဆိုကာ ချင်ယွမ်ဖုန်းက လက်အုပ်ကြာတိုက်၍ နှုတ်ဆက်လိုက်၏။
အဘိုးချန်က ရှေ့မှဦးဆောင်ကာ ချင်ယွမ်ဖုန်းကို ဝင်ခဲ့သော လမ်းမှမဟုတ်ဘဲ ဧည့်ခန်းမကို ဖြတ်၍ ချန်ဟုန်း ကုန်သည်ကြီးများအသင်း၏
ခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်သွားပေးသည်။
အဘိုးချန်၏ စဉ်းစားပေးမှုကို ချင်ယွမ်ဖုန်းက ကျေးဇူးတင်မိသည်။ အလောင်းကောင်မိစ္ဆာသည် လေလံရုံမှ ထွက်သွားသော်လည်း အပြင်၌ မိမိကို စောင့်ဆိုင်းနေနိုင်သည် မဟုတ်လော။
ယင်းသို့ဖြင့် ချင်ယွမ်ဖုန်းသည် လေလံရုံ၏ ပုံမှန်ထွက်ပေါက်မှ မဟုတ်ဘဲ လူစည်ကားရာ ကုန်သည်ကြီးများအသင်း၏ ခန်းမဆောင်ကြီးမှတစ်ဆင့် အပြင်သို့ အေးအေးလူလူပင် ထွက်ခွာသွားနိုင်ခဲ့ခြင်း ဖြစ်ချေသည်။
ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှ ထွက်ခွာပြီးနောက် ချင်ယွမ်ဖုန်းသည် လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားလေသည်။
“ဒီလူငယ်လေးကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ” ဟု အဘိုးချန်က ချင်ယွမ်ဖုန်း ထွက်ခွာသွားရာ လမ်းကို ကြည့်ကာ မုတ်ဆိတ်ကို သပ်ရင်း ပြုံးလျက် ဆိုလိုက်သည်။ သူသည် ချင်ယွမ်ဖုန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရိပ်မိနေပုံရ၏။
ချင်ယွမ်ဖုန်းသည် လူသူကင်းဝေးရာ နေရာတစ်ခုတွင် သူ၏ ဝတ်ရုံရှည်ကြီးကို ချွတ်လိုက်မှသာ သက်ပြင်းချနိုင်တော့သည်။ ယခုဆိုလျှင် အလောင်းကောင်မိစ္ဆာ၏ ရှေ့မှောက်သို့ ရောက်သွားလျှင်ပင် ထိုသူသည် မိမိကို မှတ်မိနိုင်တော့မည် မဟုတ်ချေ။
“တကယ့်ကို ရင်ဖိုစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲလား” ဟု သူက ရေရွတ်ရင်း ဝတ်ရုံကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
သို့သော် ထိုခဏ၌ပင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထိုနေရာ တစ်ဝိုက်တွင် ရုတ်ချည်း ထွက်ပေါ်လာလေတော့သည်။
ချင်ယွမ်ဖုန်း ကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ရာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားရသည်။
ထိုသတ်ဖြတ်လိုသော အရှိန်အဝါသည် မိမိကိုသာ တိုက်ရိုက် ဦးတည်နေကြောင်း သူ အာရုံခံမိလိုက်၏။
ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် အနက်ရောင် အရိပ်တစ်ခုသည် ဖြည်းညင်းစွာ ပေါ်လာလေရာ အခြားသူမဟုတ်ဘဲ အလောင်းကောင်မိစ္ဆာပင် ဖြစ်တော့သည်။
“ဟဲ... ဟဲ... ဟဲ... လူလေးက ငယ်ငယ်လေးပဲ ရှိသေးတာကိုး” အလောင်းကောင်မိစ္ဆာက ချင်ယွမ်ဖုန်းကို စိုက်ကြည့်ကာ အေးစက်စွာ ဆိုသည်။ “ခုနတုန်းက လူအများရှေ့မှာ ငါ့ကို စော်ကားရဲတယ်ဆိုတော့... မင်းက ငါ့ကို ရွှံ့ရုပ်များ မှတ်နေသလား”
ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရ၏။ အလောင်းကောင်မိစ္ဆာ မိမိကို မည်သို့ ရှာတွေ့သွားသည်ကို သူ လုံးဝ စဉ်းစားမရပေ။
“သခင်ကြီး ဘာတွေ ပြောနေတာလဲ၊ ကျွန်တော် ဘာမှ နားမလည်ပါဘူး” ဟု ချင်ယွမ်ဖုန်းက လူအ သဏ္ဌာန် ဖမ်းလိုက်သည်။
“နားမလည်လည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ အဲဒီ အခန်းထဲကနေ ထွက်လာတဲ့သူကတော့ မင်းပဲလေ”
အလောင်းကောင်မိစ္ဆာက ပြုံး၍ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပျံသန်းနေသော ပိုးကောင်ငယ်လေး တစ်ကောင်သည် သူ၏ လက်ပေါ်သို့ ဆင်းသက်လာသည်။
ထိုပိုးကောင်လေးကို မြင်မှ ချင်ယွမ်ဖုန်းမှာ စိတ်ပျက်အားငယ်သွားရတော့သည်။ အလောင်းကောင်မိစ္ဆာက လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်မှန်း သူ သိသော်လည်း မိမိကို ယခုကဲ့သို့ တိုက်ရိုက် ပစ်မှတ်ထားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။
“သခင်ကြီး... ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်ပါ၊ အဲဒီ သွေးစက်ကို သခင်ကြီးကို ပေးလိုက်ရုံပဲ မဟုတ်လား၊ ပြဿနာ မရှိပါဘူး” ဟု ချင်ယွမ်ဖုန်းက ကြောက်ရွံ့ဟန်ဆောင်ကာ ဆိုလိုက်သည်။
“လူလေးက တော်တော် အလိုက်သိတာပဲ” ဟု အလောင်းကောင်မိစ္ဆာက လှောင်ပြုံး ပြုံးလေသည်။
“ဒါနဲ့... သခင်ကြီးအနေနဲ့ ဒီသွေးစက်ရဲ့ မူလအစကိုများ သိပြီးပြီလားလို့ သိချင်မိလို့ပါ” ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် မေးလိုက်၏။
အလောင်းကောင်မိစ္ဆာက ချင်ယွမ်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ သူ၏ ခြောက်ကပ်နေသော မျက်နှာကြီးပေါ်တွင် ထိတ်လန့်ဖွယ် အပြုံးတစ်ခု ပေါ်လာသည်။
“ငါ့ဆီကနေ တစ်ခုခု သိရအောင် လှည့်စားမလို့လား၊ လူလေး... မင်းက ငယ်ပါသေးတယ်”
ချင်ယွမ်ဖုန်း စိတ်ထဲမှ သက်ပြင်းချမိသည်။
ဤအလောင်းကောင်မိစ္ဆာသည် စွမ်းအားကြီးရုံသာမက တကယ့်ကို ပါးနပ်လွန်းလှပေသည်။ အခြားသော သူတော်စင်များ၏ လက်ထဲမှ အလွယ်တကူ လွတ်မြောက်နိုင်ခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။
“သခင်ကြီး... ကျွန်တော်တို့ကြားမှာ ဘာအာဃာတမှ မရှိပါဘူး၊ ကျွန်တော်ကလည်း ဆေးနတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက်ပါ၊ သွေးစက်ကို ပေးလိုက်မယ်ဆိုရင် အားလုံး ကျေအေးကြတာပေါ့၊ ဟုတ်တယ်မလား၊ အရင်က ဖြစ်ခဲ့တာတွေကိုတော့ ကျွန်တော် လေလည်လိုက်သလိုပဲ သဘောထားပေးပါ”
ချင်ယွမ်ဖုန်းသည် သွေးစက်ကို ဖြည်းဖြည်းချင်း ထုတ်ယူရင်း ပြောလိုက်သည်။
အလောင်းကောင်မိစ္ဆာသည် မျက်မှောင်ကြုတ်သွားရ၏။
ချင်ယွမ်ဖုန်းမှာ ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
***