ဝမ်ချုံ၏ မျက်လုံးအစုံသည် ဒေါသကြောင့် ပြူးကျယ်ဝိုင်းစက်လာပြီး “မင်းတို့ကို ငါသတိပေးလိုက်မယ်၊ ဒီကနေ့ ဒီဓားကို ဒီကောင်လေးလက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် ငါတို့ ဝမ်တာကုန်သည်ကြီးများအသင်းဟာ မင်းတို့ ချန်ဟုန်း အသင်းနဲ့ ဆက်ဆံရေး အကုန်ဖြတ်တောက်မယ်” ဟု အော်ဟစ်လေတော့သည်။
“မင်းအလိုရှိသလို ဆုံးဖြတ်လေ” ဟု အဘိုးချန်က ဝမ်ချုံကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ တုံ့ပြန်လိုက်၏။ “... သူ့ကို ပြန်ပို့လိုက်ကြစမ်း”
ထိုခဏချင်းမှာပင် ကျင့်စဉ်အဆင့် မြင့်မားလှသော ပညာရှင်အချို့သည် အေးစက်သော မျက်နှာပေးများဖြင့် ထွက်ပေါ်လာပြီး ဝမ်ချုံနှင့် သူ၏လူများအနားသို့ ချဉ်းကပ်လာကြရာ သူတို့၏ မျက်လုံးများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
“ကောင်းပြီ... ကောင်းပြီ... ဒါကို ဒီအတိုင်း လွယ်လွယ်နဲ့ ပြီးသွားမယ်လို့တော့ မမှတ်နဲ့ဦး”
ဝမ်ချုံသည် ထိုစကားကို ခက်ထန်စွာ ဆိုပြီးနောက် လှည့်ထွက်သွားလေရာ သူ၏ နောက်လိုက်များကလည်း ကတိုက်ကရိုက်ပင် ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် လိုက်ပါသွားကြရလေသည်။
ချင်ယွမ်ဖုန်းမှာမူ ချန်ဟုန်းကုန်သည်ကြီးများအသင်း၏ တိကျပြတ်သားသော စည်းကမ်းနှင့် ကတိတည်ပုံတို့ကို ကြည့်ရှုရင်း ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာရသည်။
တစ်ဖက်တွင်မူ ဝမ်ချုံဆိုသူသည် သူကိုယ်တိုင် မည်သည့်နေရာတွင် မှားယွင်းသွားသည်ကိုသော်လည်းကောင်း၊ ကုန်သည်အသင်းအတွက် အမြတ်အစွန်း ရှာပေးခြင်းသည် အဘယ်ကြောင့် မှားယွင်းနေသနည်း ဆိုသည်ကိုသော်လည်းကောင်း နားမလည်နိုင်ရှာပေ။
ချန်ဟုန်းကုန်သည်ကြီးများအသင်းအဖို့မူ ထိုမျှလောက်သော ငွေကြေးပမာဏအနည်းငယ်ကို ဂရုမစိုက်တော့သည်မှာ ကြာပြီဖြစ်ကြောင်း သူ မသိနားမလည်ခဲ့ပေ။
ဤစကြဝဠာတိုက်ကြီးပေါ်တွင် အစဉ်အမြဲ ရပ်တည်နိုင်ရန်မှာ သူတို့၏ ဂုဏ်သိက္ခာကိုသာ အဓိက ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပေသည်။
အကယ်၍သာ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားပါက ဆုံးရှုံးမှုမှာ အတိုင်းအဆမရှိ ကြီးမားသွားပေလိမ့်မည်။
လုယန့်ဓား အား ချင်ယွမ်ဖုန်း၏ လက်ထဲသို့ သေသပ်စွာ လွှဲပြောင်းပေးအပ်လိုက်သောအခါ သူသည် အလွန်ပင် ဝမ်းမြောက်သွားတော့သည်။
အနည်းဆုံးတော့ သူကိုယ်တိုင်အတွက် ကိုယ်ပိုင်ရတနာလက်နက်တစ်ခု ရရှိခဲ့ပြီ မဟုတ်ပူလော။
လိုအပ်သည်များကို ချန်ဟုန်းကုန်သည်ကြီးများအသင်းတွင် ဝယ်ယူပြီးစီးသောအခါ ချင်ယွမ်ဖုန်းသည် သူ၏ဓားရှည်ကို ပုခုံးပေါ်တွင် လွယ်ကာ အသင်းတိုက်အတွင်းမှ ထွက်ခွာလာခဲ့သည်။
အဘိုးချန်သည် ထွက်ခွာသွားသော လူငယ်လေး၏ ကျောပြင်ကို ကြည့်ရင်း မျက်နှာတွင် အပြုံးအနည်းငယ် ထင်ဟပ်နေလေသည်။
ဝယ်ယူရန် ကျန်ရှိနေသေးသည်များ ရှိသော်လည်း ယင်းတို့မှာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန် စသည့် နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သော သာမန်လူသုံးကုန်ပစ္စည်းလေးများသာ ဖြစ်ကြပေသည်။
ချင်ယွမ်ဖုန်းသည် မြို့အတွင်း၌ တစ်ဝက်မျှ လှည့်လည်သွားလာရင်း လိုအပ်သည်များကို ဝယ်ယူခဲ့သလို ချန်ဒါချောင်နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဦးအတွက်လည်း လက်ဆောင်ပစ္စည်းများ အသင့်ပြင်ဆင်ခဲ့သည်။
“ဒါနဲ့ ရှောင်လင်... ဒီသွေးစက်က ဘယ်က လာတာလဲ၊ ဘာလို့ မင်းက ငါ့ကို ဒါကို မရရအောင် ယူခိုင်းရတာလဲ” ဟု ချင်ယွမ်ဖုန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
ယခုအချိန်တွင် အလောင်းကောင်မိစ္ဆာ သည် မြို့အပြင်ဘက်၌ သူ့ကို စောင့်ကြိုနေမည်မှာ ဧကန်မလွဲပေရာ ချင်ယွမ်ဖုန်းသည် မြို့ပြင်သို့ ထွက်ခွာရန် အလျင်မလိုတော့ပေ။
“ကျွန်မလည်း အတိအကျတော့ ရှင်းမပြနိုင်ဘူး၊ ဒါပေမဲ့ ဒီသွေးစက်ဟာ အရှင်သခင့်အတွက် တစ်ခုခု ထူးခြားလာမယ်လို့တော့ ခံစားမိတယ်” ဟု ရှောင်လင်က ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “အင်း... ဒါဆိုရင် ဒီသွေးစက်ကို ငါ ဘယ်လို အသုံးချရမလဲ”
“စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို အသုံးပြုပါ” ဟု ရှောင်လင်က ပြန်လည်ဖြေကြားလေသည်။
“စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်က သွေးကိုတောင် စုပ်ယူနိုင်လို့လား” ဟု ချင်ယွမ်ဖုန်းက ဝေခွဲမရစွာ မေးလိုက်၏။
ရှောင်လင်က ခေါင်းညိတ်ကာ “သေချာတာပေါ့၊ ဒီပညာရပ်ဟာ သက်ရှိသတ္တဝါမှန်သမျှအပေါ် အကျိုးသက်ရောက်မှုရှိတယ်၊ ဒီသွေးစက်ရဲ့ ပိုင်ရှင်ဟာ အလွန်တရာ အစွမ်းထက်တဲ့အတွက် ခန္ဓာကိုယ်ကနေ ကွဲထွက်သွားတာတောင်မှ သီးခြားသက်ရှိတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်” ဟု ရှင်းပြသည်။
“နားလည်ပြီ” ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် တည်းခိုခန်းတစ်ခုကို ရှာဖွေ၍ အခန်းငှားလိုက်လေသည်။
စွမ်းအင်စုပ်ယူခြင်းပညာရပ်သည် အနည်းငယ် မိစ္ဆာဆန်သော ကျင့်စဉ်မျိုး ဖြစ်နေသဖြင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် လျှို့ဝှက်စွာသာ ပြုလုပ်လိုခြင်း ဖြစ်ပေသည်။
အခန်းထဲသို့ ရောက်ရှိသော် တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ်လိုက်ပြီးနောက် သွေးစက်ကို ထုတ်ကာ ကိုယ်တွင်းစွမ်းအင် ဖြင့် လွှမ်းခြုံ၍ စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ထိုအချိန်တွင် ဝမ်ချုံသည် ချင်ယွမ်ဖုန်း၏ သတင်းကို ရရှိသွားလေသည်။
“ဘာ... သူက တည်းခိုခန်းမှာ အခန်းငှားလိုက်တယ် ဟုတ်လား၊ ငါတို့ပိုင်တဲ့ တည်းခိုခန်းမှာလား” ဟု ဝမ်ချုံက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“ဒီကောင်က တကယ်ပဲ အသေစောချင်နေတာပဲ”
ချင်ယွမ်ဖုန်းမှာမူ သွေးစက်၏ ကိစ္စကိုသာ အာရုံစိုက်နေသဖြင့် မိမိဝင်လိုက်သော တည်းခိုခန်းသည် ဝမ်တာတို့၏ ပိုင်ဆိုင်မှု ဖြစ်နေမှန်း မသိခဲ့ပေ။
ဝမ်တာအုပ်စုသည် စားသောက်ဆိုင်များသာမက တည်းခိုခန်းနှင့် ပျော်ပါးရာ ရိပ်သာများအထိ လုပ်ငန်းအနှံ့ လုပ်ကိုင်နေကြသူများ ဖြစ်သည်။
“သခင်လေး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ” ဟု လူမိုက်တစ်ဦးက မေးမြန်းလိုက်ရာ—
“ကိုယ့်အိမ်ထဲကို ရောက်လာမှတော့ ကိစ္စက ပိုလွယ်သွားတာပေါ့၊ တံခါးပိတ်ပြီး ခွေးရူးကို ရိုက်သတ်ရုံပဲ” ဟု ဝမ်ချုံက အေးစက်စွာ အမိန့်ပေးလိုက်လေသည်။
လူမိုက်များက သဘောပေါက်သွားကြပြီး ဝမ်တာတည်းခိုခန်းအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
ဤအချိန်တွင် ချင်ယွမ်ဖုန်းသည် မိမိထံသို့ ကျရောက်လာတော့မည့် အန္တရာယ်ကို လုံးဝမသိရှိသေးဘဲ ထိုသွေးစက်အပေါ်သို့ စွမ်းအင်စုပ်ယူခြင်းပညာရပ်ကို အာရုံစိုက်အသုံးပြုနေလေသည်။
ရှောင်လင်သည်ပင် ဤသွေးစက်က ချင်ယွမ်ဖုန်းအတွက် မည်ကဲ့သို့သော ထူးခြားမှုများကို သယ်ဆောင်လာပေးမည်နည်း ဟု ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေမိသည်။
အရှိန်အဟုန်ပြင်းပြလှသော သတင်းအချက်အလက်များစွာသည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲသို့ တိုးဝင်လာသော်လည်း ယင်းတို့မှာ များပြားလွန်းလှသဖြင့် တစ်ခဏချင်းတွင် အကုန်အစင် နားမလည်နိုင်သေးပေ။
“ရှောင်လင်... ငါ့ရဲ့ အရည်အချင်းပြကွက်ကို တစ်ချက် ထုတ်ပြစမ်း” ဟု သူက တည်ငြိမ်စွာ ဆိုလိုက်သည်။
မကြာမီပင် ချင်ယွမ်ဖုန်း၏ စိတ်အာရုံ၌ အရည်အချင်းပြကွက်များ ပေါ်ထွက်လာလေတော့သည်။
* သခင် : ချင်ယွမ်ဖုန်း
* အသက် : ၁၈ နှစ်
* ကျင့်စဉ်အဆင့် : ဒုတိယအဆင့် မဟာဆရာ
* တိုက်ခိုက်ရေးပညာ : ဝိညာဉ်ရှာဖွေခြင်း ပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်
* ကျင့်စဉ် : စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်
* ယုံကြည်မှုတန်ဖိုး : ၁၁၀၆၆
ချင်ယွမ်ဖုန်းသည် သူ၏ ယုံကြည်မှုတန်ဖိုးများမှာ တစ်သောင်းကျော်အထိ တိုးတက်လာသည်ကို မြင်တွေ့ရသော်လည်း ဆိုင်အတွင်းရှိ အပေါဆုံးပစ္စည်းဖြစ်သော အသိဉာဏ်ပွင့် ဆေးလုံး မှာပင် သုံးသိန်းမျှ ပေးရမည်ဖြစ်ကြောင်း တွေးမိသောအခါ ရင်ထဲ၌ အေးစက်သွားရလေသည်။
ထို့နောက် တိုက်ခိုက်ရေးပညာစာရင်းတွင် 'မိုးတိမ်လွင့် ပညာရပ်' ဟူသော ပညာရပ်အသစ်တစ်ခု တိုးလာသည်ကို သတိပြုမိသွားသည်။
“ဒါက ဘာလဲ” ချင်ယွမ်ဖုန်းသည် စိတ်ထဲသို့ စီးဝင်လာသော သတင်းအချက်အလက်များကို အမြန်ပင် စုစည်းကြည့်လိုက်ရာ ယင်းမှာ အမှန်တကယ်ပင် 'မိုးတိမ်လွင့် ပညာရပ်' ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ထိုအခါမှ ချင်ယွမ်ဖုန်းသည် ဤမိုးတိမ်လွင့် ပညာရပ်မှာ အလွန်တရာ အဖိုးတန်လှသော 'လှုပ်ရှားမှုပညာရပ်' ဖြစ်ကြောင်း သိရှိသွားပြီး အံ့အားသင့်သွားရသည်။
တိုက်ခိုက်ရေးပညာရပ်များကို အမျိုးမျိုး ခွဲခြားနိုင်ရာ ရန်သူကို တိုက်ခိုက်နိုင်သည်မှာ 'တိုက်စစ်ပညာ'၊ ကာကွယ်နိုင်သည်မှာ 'ခံစစ်ပညာ' ဖြစ်ပြီး ကျင့်ကြံသူ၏ အလျင်နှင့် လျင်မြန်ဖြတ်လတ်မှုကို မြှင့်တင်ပေးနိုင်သည်ကိုမူ 'လှုပ်ရှားမှုပညာရပ်' ဟု ခေါ်ဆိုကြသည်။
လှုပ်ရှားမှုပညာရပ်များသည် အဖိုးတန်ဆုံးဖြစ်ပြီး ယင်းကို ပိုင်ဆိုင်ထားပါက အရေးကြုံလျှင် လွတ်မြောက်နိုင်ရုံသာမက အလျင်အရှိန်ကို အသုံးပြု၍ ရန်သူကို အသာစီးရယူနိုင်ပေသည်။
“မိုးတိမ်လွင့် ပညာရပ်လား... ဒါ... ဒါက တကယ့် နဂါးသွေးစက်ပဲ” ဟု ရှောင်လင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်စရာ ကောင်းလှသည့် အမူအရာဖြင့် ငေးကြည့်နေမိတော့သည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် နဂါးပျံဆိုသည်မှာ အလွန်တရာ အစွမ်းထက်လှပြီး မိုးတိမ်များကို ဝါးမျိုကာ မြူနှင်းများကို မှုတ်ထုတ်နိုင်သော နတ်သားရဲကြီးများအဖြစ် တင်စားကြသည်။
သို့သော် ထိုသတ္တဝါများသည် အလွန် လျှို့ဝှက်လွန်းလှသဖြင့် လူအနည်းငယ်သာ မြင်ဖူးကြပေသည်။
“ဝါး... မယုံနိုင်စရာပဲ” ချင်ယွမ်ဖုန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရ ခုန်ပေါက်မိမတတ် ဖြစ်သွားသည်။ “ဒါက နဂါးစစ်စစ်ရဲ့ သွေးစက်ပေါ့၊ ဒါကိုသာ ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲမယ်ဆိုရင် အများကြီး ရမှာပဲ”
ရှောင်လင်မှာမူ သက်ပြင်းသာ ချမိတော့သည်။ မိမိ၏ အရှင်သခင်သည် နဂါးသွေးအတွင်းရှိ ပညာရပ်ကို ကျေနပ်ခြင်းမရှိဘဲ ထိုသွေးကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရန် ကြံစည်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သို့သော် ထိုခဏမှာပင် သွေးစက်သည် လျင်မြန်စွာ ခြောက်သွေ့သွားပြီး နောက်ဆုံးတွင် သွေးကွက်တစ်ခုအဖြစ်သာ ကျန်ရှိတော့သည်။
“ဘာဖြစ်သွားတာလဲ” ချင်ယွမ်ဖုန်းမှာ မျက်လုံးပြူးကာ စားပွဲပေါ်သို့ မှိုင်ကျသွားလေသည်။
“အရှင်သခင်က သွေးထဲမှာရှိတဲ့ အနှစ်သာရတွေကို အကုန်စုပ်ယူလိုက်ပြီလေ၊ ဒါကြောင့် သွေးက ပျောက်ကွယ်သွားတာပေါ့” ဟု ရှောင်လင်က ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြောပြသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းသာ ချလိုက်မိတော့၏။ ဤသွေးစက်ဖြင့် စည်းစိမ်ရှာမည့် သူ၏ အကြံအစည်မှာ မစတင်မီကပင် ပျက်ပြားသွားခဲ့ပြီ မဟုတ်လော။
“ထားလိုက်ပါတော့... ဒီမိုးတိမ်လွင့် ပညာရပ်ကိုပဲ ကြည့်ရအောင်”
မိုးတိမ်လွင့် ပညာရပ်သည် နဂါးများသာ အသုံးပြုနိုင်သော ပညာရပ်ဖြစ်ပြီး ကျင့်ကြံသူအား ကောင်းကင်ယံထက်တွင် လမ်းလျှောက်နိုင်စေကာ ပျံသန်းခြင်းနှင့် မခြားသော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သည်။
ထို့အပြင် ဤပညာရပ်တွင် အဆင့်သုံးဆင့် ရှိလေသည်။ ပထမအဆင့်မှာ မိုးတိမ်ပေါ်သို့ တက်လှမ်းခြင်း ဖြစ်ပြီး လေထုထဲ၌ နှေးကွေးစွာဖြင့် ခဏတာမျှသာ လမ်းလျှောက်နိုင်မည် ဖြစ်သည်။
ဒုတိယအဆင့်ကိုမူ 'မိုးတိမ်နင်းခြင်း' ဟု ခေါ်ဆိုကာ ကောင်းကင်ယံ၌ အလွန်မြန်သော အရှိန်ဖြင့် အချိန်အတန်ကြာ လှည့်လည်သွားလာနိုင်မည် ဖြစ်ပေသည်။
***