အလောင်းကောင်မိစ္ဆာသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ခြောက်ကပ်သွေ့ခြောက်နေသော အလောင်းကောင်များမှာ သူ၏ဘေးနားသို့ ချက်ချင်းပြန်လည်ရောက်ရှိလာကြပြီး အရှင်သခင်ကို အကာအကွယ်ပေးရန် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေကြလေသည်။
"အဲဒီကောက်ကျစ်တဲ့ကောင်စုတ်ကို ငါဖမ်းမိရင် ခြောက်ကပ်နေတဲ့ အလောင်းကောင်ဖြစ်အောင် လုပ်ပစ်မယ်"။
အလောင်းကောင်မိစ္ဆာသည် အာဃာတတရားတို့ဖြင့် ပြည့်နှက်နေသောလေသံဖြင့် "ချင်ယွမ်ဖုန်းရဲ့ ထောင်ချောက်ထဲကို နှစ်ကြိမ်တိုင်တိုင် ကျဆင်းရလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး" ဟု ရေရွတ်လိုက်၏။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းမှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် နာရီဝက်ကျော်မျှ အပြင်းအထန် ထွက်ပြေးခဲ့ပြီးမှသာ နောက်ဆုံး၌ ရပ်တန့်နိုင်တော့သည်။
သူ၏ ဒဏ်ရာများမှ သွေးများ ဆက်လက်စီးကျနေဆဲဖြစ်ရာ ခေါင်းမူးဝေကာ မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့နေတော့၏။
"အခုတော့ အခြေအနေက အဆင်ပြေသွားပြီထင်တယ်..."။
ချင်ယွမ်ဖုန်းသည် ယိုင်ထိုးသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်မေ့မြောသွားခဲ့ရရှာသည်။
ယင်းအချိန်၌ ချင်ယွမ်ဖုန်း ရောက်ရှိနေသောနေရာမှာ နန်ဝူးမြို့နှင့် ဆေးနတ်ဘုရားဂိုဏ်း၏ အလယ်ဗဟိုတွင် ဖြစ်ပေသည်။
ဆေးနတ်ဘုရားဂိုဏ်းကို ဝန်းရံထားသော အထီးကျန်သော်လည်း အလွန်ရှည်လျားလှသည့် ကွမ်နေးတောင်တန်းသည် ထိုနေရာတွင် တည်ရှိနေ၏။
ထိုတောင်တန်းသည် ဆေးနတ်ဘုရားဂိုဏ်းနှင့် မနီးမဝေးတွင် အစပြုကာ နန်ဝူးမြို့ပြင်ရှိ လျူရှာမြစ်အထိ တိုင်အောင် တံတိုင်းကြီး၏ အဆုံးသတ်နှင့် ထိစပ်နေသည်အထိ ရှည်လျားလှပေရာ ချင်ယွမ်ဖုန်းမှာ ယင်းတောင်တန်း၏ အခြေတွင်ပင် လဲကျနေခဲ့ရခြင်း ဖြစ်သည်။
ဝေဝေဝါးဝါး အိပ်မက်ကဲ့သို့ အခြေအနေတွင် ချင်ယွမ်ဖုန်းသည် ထိုစိမ်းလဲ့သော ပုံရိပ်လွှာကို တစ်ဖန်ပြန်၍ မြင်လိုက်ရသယောင် ရှိလေသည်။
ချင်ယွမ်ဖုန်း သတိပြန်လည်လာသောအခါ သူ၏ စိတ်အာရုံထဲတွင် မုန့်ချီလော့၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေတော့သည်။
"တကယ်ပါပဲ... ငါများ ပြုစားခံထားရတာလား။ သတိလစ်နေတဲ့အချိန်မှာတောင် သူ့အကြောင်းကို တွေးနေမိပါလား"။ ချင်ယွမ်ဖုန်းသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သော သဘောဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။
သို့သော်လည်း ခဏချင်းမှာပင် ချင်ယွမ်ဖုန်း သတိအပြည့်အဝ ပြန်လည်ရရှိသွားသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မိမိမှာ ညီညာသော မြေကွက်လပ်တစ်ခုတွင် ရောက်ရှိနေပြီး ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးကိုပင် ချုပ်ပေးထားသည်ကို တွေ့လိုက်ရပေသည်။
"အား..." ချင်ယွမ်ဖုန်း လှုပ်ရှားလိုက်သဖြင့် ဒဏ်ရာမှာ နာကျင်သွားသော်လည်း အားယူ၍ မတ်တတ်ရပ်နိုင်ခဲ့သည်။
ဘေးဘီကို ကြည့်ရှုစစ်ဆေးပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရမည်ဟု ရိပ်မိသော်လည်း အနီးအနားတွင် မည်သူမျှမရှိသည်မှာ သူ့ကို အံ့အားသင့်စေသည်။
ဒဏ်ရာကို အလွန်ကောင်းမွန်သော ဆေးမြက်များဖြင့် ကုသပေးထားပြီး အနာဖေးပင် တက်နေပြီဖြစ်ရာ သူ သတိလစ်နေသည်မှာ အတန်ကြာပြီဖြစ်ကြောင်း သိသာလှပေသည်။
နေမင်းမှာ ခေါင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူသည် ဆေးနတ်ဘုရားဂိုဏ်းသို့ အမြန်ဆုံးပြန်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ မွန်းတည့်ချိန်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ယခုအခါ သူသည် ကွမ်နေးတောင်တန်း၏ အခြေရှိ တောအုပ်အတွင်းမှ မြေကွက်လပ်တစ်ခုတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
ယင်းအချိန်၌ပင် အနီးနားရှိ တောအုပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာရာ လက်ထဲတွင်လည်း တောသီးအချို့ကို ကိုင်ဆောင်ထားလေသည်။
ချင်ယွမ်ဖုန်းသည် ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ မှင်တက်သွားပြီး "ဒါ အိပ်မက်မဟုတ်ဘူးပဲ..." ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုသူမှာ အခြားသူမဟုတ်၊ ချင်ယွမ်ဖုန်း အိပ်မက်ထဲတွင်ပင် တမ်းတနေရသော အမျိုးသမီး မုန့်ချီလော့ပင် ဖြစ်တော့သည်။
"ရှင် နိုးလာပြီလား"။ မုန့်ချီလော့သည် အစဉ်အမြဲပင် လှပကျော့ရှင်းနေဆဲဖြစ်ကာ တိုးညင်းသော လေသံဖြင့် ဆိုလိုက်သည်။
"နတ်မိမယ်... ကျွန်တော့်ကို ကယ်တင်ခဲ့တာ နတ်မိမယ်လား" ချင်ယွမ်ဖုန်းက အံ့အားသင့်စွာ မေးမြန်းလိုက်၏။
"ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျွန်မ ဒီဘက်ကိုလာရင်း ရှင် မြေပြင်ပေါ်မှာ လဲကျနေတာကို တွေ့လို့ ကယ်ခဲ့တာပါ။ ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို ကုသပေးနိုင်ခဲ့ပြီဆိုတော့ ရှင့်ကို မြေမြှုပ်ဖို့ စောင့်နေစရာ မလိုတော့ဘူးပေါ့" မုန့်ချီလော့က ပြုံး၍ ဆိုလိုက်သည်။
ချင်ယွမ်ဖုန်းလည်း သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပုံကို ပြန်လည်အမှတ်ရပြီး ရယ်မောလိုက်မိတော့၏။
မုန့်ချီလော့သည် အပြင်ပန်းအားဖြင့် အေးစက်ပြီး ခပ်စိမ်းစိမ်းနေတတ်ပုံရသော်လည်း အမှန်စင်စစ်တွင် အလွန်ပင် ဖော်ရွေပျူငှာသူဖြစ်ရာ ချင်ယွမ်ဖုန်းအတွက် အလွန်ပင် စိတ်လက်ချမ်းမြေ့စရာ ဖြစ်ရသည်။
"ကျေးဇူးတင်ပါတယ် နတ်မိမယ်လေး" ချင်ယွမ်ဖုန်းသည် ရိုးသားလှသော မျက်နှာပေးဖြင့် လက်အုပ်ချီ၍ နှုတ်ဆက်လိုက်ပြီး "ပြောရမယ်ဆိုရင် ကျွန်တော်တို့က တကယ့်ကို ဆုံစည်းဖို့ ကံပါလာကြတာပဲ" ဟု ဆိုလိုက်သည်။
"ဟုတ်ပါတယ် သခင်လေးချင်၊ ဒါပေမဲ့ ရှင်က ဒဏ်ရာရထားတာဆိုတော့ အနားယူဖို့ လိုအပ်နေပါသေးတယ်" မုန့်ချီလော့က ပြောကြားရင်း "ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာရအောင် ရန်သူနဲ့ တွေ့ခဲ့တာလား" ဟု မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ချကာ အလောင်းကောင်မိစ္ဆာနှင့် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်လည်ပြောပြခဲ့သည်။ သို့သော်လည်း စနစ်မှ ရုတ်တရက်တာဝန် ပေးအပ်ခဲ့သည့် အချက်ကိုမူ ဖုံးကွယ်ထားခဲ့ရာ ယင်းအကြောင်းအရာများက မုန့်ချီလော့ကို အလွန်ပင် အံ့အားသင့်စေခဲ့သည်။
"ဒါဆိုရင် သခင်လေးချင်အနေနဲ့ အလောင်းကောင်မိစ္ဆာရဲ့ လက်ထဲကနေ အသက်ရှင်အောင် လွတ်မြောက်လာနိုင်တာဟာ တကယ့်ကို အထင်ကြီးစရာပါပဲ" ဟု မုန့်ချီလော့က ရိုးသားစွာ ချီးကျူးလိုက်သည်။
အလောင်းကောင်မိစ္ဆာသည် သူ၏ မြင့်မားသော ကျင့်စဉ်အဆင့်၊ လျင်မြန်သော ထွက်ပြေးနိုင်စွမ်းနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် လူအများ၏ မုန်းတီးခြင်းနှင့် နာကျည်းခြင်းကို ခံနေရသူတစ်ဦး ဖြစ်ပေသည်။
"ဒါနဲ့ နတ်မိမယ်က ဘာကို လိုက်ရှာနေတာလဲ။ ကျွန်တော် တစ်ခုခု ကူညီပေးနိုင်မလားလို့ပါ" ချင်ယွမ်ဖုန်းက အလျင်အမြန် မေးလိုက်၏။
"ကျွန်မကို ချီလော့လို့ပဲ ခေါ်ပါ" ဟု မုန့်ချီလော့က မျက်နှာလေး အနည်းငယ် နီမြန်းလျက် ဆိုသည်။ ချင်ယွမ်ဖုန်းက သူမကို "နတ်မိမယ်လေး" ဟု ခေါ်နေခြင်းကြောင့် သူမမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေရရှာသည်။
"ကောင်းပါပြီ။ ဒါပေမဲ့ နတ်မိမယ်ကို မြင်ရတာက ကောင်းကင်ဘုံက နတ်မိမယ်တစ်ပါးကို မြင်လိုက်ရသလို ဖြစ်နေတော့ အခေါ်အဝေါ် ပြောင်းဖို့က တော်တော်တော့ ခက်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက အတည်ပေါက် ပြောလိုက်သည်။
မုန့်ချီလော့သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "တကယ်တော့ ကျွန်မရဲ့ ဆရာသခင်အတွက် နတ်သက်ကြွေဆေးမြက်လို့ ခေါ်တဲ့ ဝိညာဉ်ဆေးမြက်တစ်မျိုးကို ရှာပေးနေတာပါ။ အဲဒီဆေးမြက်က အလွန်ကို ရှားပါးပြီး အဖိုးတန်လှသလို လူလုပ်ပြီး စိုက်ပျိုးလို့လည်း မရပါဘူး။ ထူးခြားတဲ့ နေရာတွေမှာပဲ ပေါက်တတ်တာပါ။ ဒါကြောင့် ကျွန်မလည်း စမ်းသပ်ရှာဖွေကြည့်တဲ့ သဘောနဲ့ ဒီကို လာခဲ့တာပါ" ဟု ရှင်းပြလေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ယွမ်ဖုန်း၏ စိတ်အာရုံမှာ လှုပ်ရှားသွားခဲ့သည်။ အကြောင်းမူကား နတ်သက်ကြွေဆေးမြက်မှာ သူ၏ ရုတ်တရက်တာဝန်အတွက် ရရှိမည့် ဆုလာဘ် ဖြစ်နေသောကြောင့်ပင်။
"ရှောင်လင်၊ ရှောင်လင်... မြန်မြန်ထွက်လာခဲ့ဦး" ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
ရှောင်လင်၏ ပုံရိပ်သည် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ပေါ်လာပြီး "အရှင်သခင်၊ ဘာဖြစ်လို့လဲ" ဟု မေးလေသည်။
"ငါ အလောင်းကောင်မိစ္ဆာကို အနိုင်ယူရမယ့် ရုတ်တရက်တာဝန်ကို ပြီးမြောက်သွားပြီလား" ချင်ယွမ်ဖုန်းက အလောတကြီး မေးလိုက်သည်။
"တကယ်တော့..." ရှောင်လင်က နှုတ်ခမ်းလေးစူကာ "အရှင်သခင်က တကယ်တမ်း မအောင်မြင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ အလောင်းကောင်မိစ္ဆာက သူဖန်တီးထားတဲ့ အလောင်းကောင်တွေကို ထုတ်သုံးလိုက်ချိန်မှာ အရှင်သခင်ပဲ အရေးနိမ့်ခဲ့တာလေ"။
"မဟုတ်တာ" ချင်ယွမ်ဖုန်းက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ "ငါ အလောင်းကောင်မိစ္ဆာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ။ အဲဒီအလောင်းကောင်တွေသာ မရှိရင် သူ ငါ့ဓားချက်နဲ့ သေမှာပဲ။ ဒါဟာ သူ့ကို အနိုင်ယူလိုက်တာပဲ မဟုတ်ဘူးလား။ မင်းကတော့ သိပ်ကို လူလည်ကျတာပဲ"။
ရှောင်လင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံး၌ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ၊ ဒီတစ်ကြိမ်တော့ အရှင်သခင်ကို ကပ်သီးကပ်သတ် အောင်မြင်တယ်လို့ သတ်မှတ်ပေးလိုက်ပါ့မယ်"။
"အရမ်းကောင်းတာပဲ ဆုလာဘ်က နတ်သက်ကြွေဆေးမြက် မဟုတ်လား" ချင်ယွမ်ဖုန်းက မျှော်လင့်တကြီး မေးလိုက်သည်။
"မှန်တယ်။ နတ်သက်ကြွေဆေးမြက် မျိုးစေ့နှစ်စေ့နဲ့ နတ်သက်ကြွေဆေးလုံး ဖော်စပ်နည်းပါ" ဟု ရှောင်လင်က ဆိုသည်။
"မြန်မြန်ပေးတော့" ချင်ယွမ်ဖုန်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ရှောင်လင်သည် မတတ်သာသည့် အလား ခေါင်းကို ခါယမ်းလိုက်သည်။ ဤအရှင်သခင်မှာ တကယ်ပင် အားကိုးမရပုံ ပေါက်နေပေသည်။
မည်သို့ပင်ဆိုစေကာမူ စနစ်သည် နတ်သက်ကြွေဆေးမြက် မျိုးစေ့များနှင့် နတ်သက်ကြွေဆေးလုံး ဖော်စပ်နည်းကို ချင်ယွမ်ဖုန်းအား ပေးအပ်လိုက်ပြီး ဤတစ်ကြိမ်တွင်မူ အဆိုပါပစ္စည်းနှစ်ခုကို ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်လေသည်။
ချင်ယွမ်ဖုန်းမှာ တစ်ယောက်တည်း အရူးတစ်ယောက်လို ပြုံးဖြီးနေသည်ကို မြင်ရသောအခါ မုန့်ချီလော့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ စကားပြောနေရင်း သူ ဘာကြောင့် ဒီလောက်အထိ စိတ်လွင့်နေရသနည်း။
နောက်တစ်ခဏတွင် ချင်ယွမ်ဖုန်း သတိပြန်ဝင်လာပြီး မုန့်ချီလော့ကို စူးစိုက်သော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
မုန့်ချီလော့မှာ ချင်ယွမ်ဖုန်း၏ စူးရှလှသော အကြည့်များအောက်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကာ "သခင်လေးချင်၊ ဘာဖြစ်လို့လဲ" ဟု မေးလိုက်မိ၏။
"ဩော်... ချီလော့က နတ်သက်ကြွေဆေးမြက်ကို လိုအပ်တယ်လို့ ပြောတာကြားလိုက်တော့ ကျွန်တော် စိတ်အာရုံ လွင့်သွားလို့ပါ" ဟု ချင်ယွမ်ဖုန်းက အလျင်အမြန် ပြန်ပြောလိုက်သည်။
မုန့်ချီလော့၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်လှုပ်သွားရသည်။ သူမကို "ချီလော့" ဟု ယုယတမ်းတစွာ ခေါ်ဖူးသူမှာ သူမ၏ ဆရာသခင် တစ်ဦးတည်းသာ ရှိခဲ့ဖူးသည်။
သို့သော်လည်း စိတ်ထဲတွင်မူ ရှေ့မှလူသားက ထိုသို့ခေါ်ဆိုခြင်းကို သူမ ခွင့်ပြုလိုသော စိတ်ဆန္ဒ ရှိနေခဲ့သည်။
ယင်းမှာ အဘယ်ကြောင့်နည်းဟု သူမ ကိုယ်တိုင်လည်း ရှင်းမပြတတ်သော်လည်း ဤလူသားနှင့် သူမမှာ တစ်နည်းနည်းဖြင့် ဆက်နွှယ်နေသည်ဟု ခံစားနေရခြင်းကြောင့် ဖြစ်ပေသည်။
"ဒါဆိုရင် သခင်လေးချင်ကလည်း နတ်သက်ကြွေဆေးမြက်အကြောင်းကို သိတာလား" ဟု မုန့်ချီလော့က မေးလိုက်သည်။
ချင်ယွမ်ဖုန်းသည် ရယ်မောလိုက်ပြီး "ချီလော့... ကျွန်တော့်ကို နာမည်နဲ့ပဲ ခေါ်လို့ရပါတယ်။
ကျွန်တော်က နတ်သက်ကြွေဆေးမြက်အကြောင်းကို သိရုံတင်မကဘူး၊ အခု ကျွန်တော့်ဆီမှာ အဲဒီဆေးမြက်ရဲ့ မျိုးစေ့နှစ်စေ့တောင် ရှိနေတာပါ"