သစ်သားဝိညာဉ်များသည် မျိုးသုဉ်းပျောက်ကွယ်သွားခါနီးဖြစ်နေသော ထူးခြားသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ သစ်သားဝိညာဉ်များမှာ မွေးရာပါအားနည်းကြ၍ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း မရှိကြပါသော်ငြား သစ်ပင်ပန်းမန်များကို ပျိုးထောင်ရေးနှင့် ပတ်သက်သော ထူးခြားသည့် ပါရမီတစ်မျိုးကို ပိုင်ဆိုင်ထားကြပေသည်။
ပြောကြသည်မှာတော့ ရှေးခေတ်အချိန်များတွင် အားကောင်းလှသော ကျင့်ကြံသူများသည် သစ်သားဝိညာဉ်များကို ဖမ်းဆီး၍ သူတို့၏ဆေးဥယျာဉ်များကို စောင့်ရှောက်ခိုင်းသည်ဟူ၍ပင်။ သစ်သားဝိညာဉ်များမှ စောင့်ရှောက်ပေးနေသော ဆေးဥယျာဉ်အတွင်းရှိ ဆေးပင်များ၏ အရည်အသွေးနှင့် အရေအတွက်မှာ သစ်သားဝိညာဉ်မရှိသော ဆေးဥယျာဉ်များထက် သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသည်ဟု ပြောကြသည်။
အချိန်စက်ဝန်းကြီး တရွေ့ရွေ့လည်ပတ်နေသည့်အလျောက် ပြောင်းလဲမှုများစွာသည်လည်း အလိုအလျောက် ဖြစ်ပေါ်နေခဲ့ရသည်။ ကြယ်စီရင်စုကြီးထဲရှိ ကြယ်များမှာ သေဆုံးသွားလိုက် အသစ်တဖန်ပြန်လည်ဖြစ်ပေါ်လာလိုက် ဖြစ်နေကြသလို ကြယ်တာရာအစုအဝေးသည်လည်း တဖြည်းဖြည်းနှင့် ဆင့်ကဲပြောင်းလဲလာခဲ့သည်။ အလားတူပင် သက်ရှိမျိုးစိတ်အရေအတွက်မှာလည်း ပြောင်းလဲသွားကုန်ကြလေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ရှေးဟောင်းတောအုပ်ကြီးမှာတော့ ရှေးခေတ်အချိန်တည်းမှ ယခုအချိန်အထိ မပြောင်းမလဲ တည်ရှိနေဆဲပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ပြင်ပလောကကြီး၌ မတွေ့နိုင်သော ရှားပါးလှသည့်သက်ရှိများကို ဤနေရာတွင် တွေ့နိုင်ခြင်းပင်။
သစ်သားဝိညာဉ်များသည် ထိုကဲ့သို့သော ရှားပါးလှသည့် မျိုးစိတ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် မျိုးစိတ်တစ်ခု ဖြစ်ပေသည်။ ကျောက်တုံးဝိညာဉ်များမှာလည်း အလားတူပင် ဖြစ်ကြသည်။ ထိုမျိုးနွယ်စုနှစ်ခုသည် တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ နေထိုင်နေကြလေသည်။ ကျောက်တုံးဝိညာဉ်များသည် သစ်သားဝိညာဉ်များအား ကာကွယ်ပေးကြပြီး သစ်သားဝိညာဉ်များကမူ ကျောက်တုံးဝိညာဉ်များအား တိုက်ခိုက်ရာတွင် လေပေါ်သို့ ပျံနိုင်အောင် ကူညီပေးကြလေသည်။ သစ်သားဝိညာဉ်ကလန်၏ အကူအညီသာ မရှိပါက ကျောက်တုံးဝိညာဉ်များအနေဖြင့် မြေပြင်တွင်နေ၍သာ တိုက်ခိုက်နိုင်ကြပေလိမ့်မည်။
သစ်သားဝိညာဉ်ဆယ်ကောင်ကျော်သည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး စူးစမ်းသိလိုစိတ်ပြင်းပြသော လိပ်ပြာလေးများနှယ် ရန်ကိုင်အနားတစ်ဝိုက်တွင် စုဝေးနေကုန်ကြလေသည်။
“မင်္ဂလာပါ ...” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
သစ်သားဝိညာဉ်များနှင့် ကျောက်တုံးဝိညာဉ်များသည် ပြင်ပမျိုးနွယ်စုများနှင့် အဆက်အသွယ်မရှိကြသော မျိုးနွယ်စုများ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှေးဟောင်းတောအုပ်ကြီးထဲ၌ နေထိုင်နေကြသော မွန်းစတားမျိုးနွယ်စုဝင်အတော်များများမှာ သစ်သားဝိညာဉ်များနှင့် ကျောက်တုံးဝိညာဉ်များအကြောင်းကို ကြားသာကြားဖူးကြပြီး တစ်ခါမှ မမြင်ဖူးကြပေ။
ရန်ကိုင်သည် ဤနေရာသို့ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က တစ်ခါရောက်ခဲ့ဖူးသလို ကျောက်တုံးဝိညာဉ်ကလန်နှင့် သစ်သားဝိညာဉ်ကလန်တို့၏ ဧည့်သည်တော်လည်း ဖြစ်ခဲ့သည်။
သစ်သားဝိညာဉ်အမတစ်ကောင်သည် ရန်ကိုင်ပခုံးပေါ်သို့ ဆင်းလာပြီး သူ့နားနားသို့ကပ်ကာ ပြောလိုက်လေသည်။ “အကြီးအကဲနဲ့ ကျွန်မတို့ရဲ့ကလန်သားတွေ ဧည့်သည်ကိုစောင့်နေပါတယ် ... ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း ကြွခဲ့ပါနော် ...”
သူမ၏အသံလေးမှာ အလွန်ကိုမှ သာယာပျော့ပျောင်းလှပြီး ပါးလေးနှစ်ဖက်မှာလည်း ပါးနီခြယ်ထားသည့်ပမာ နီမြန်းနေခဲ့လေသည်။ သစ်သားဝိညာဉ်များသည် အမှန်တကယ်ကို ရှက်တတ်လွန်းကြသည့် မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။
ဤသစ်သားဝိညာဉ်ကို ရင်းနှီးနေသလို ရန်ကိုင်စိတ်ထဲ ခံစားနေရလေသည်။ မကြာခင်မှာပင် ဤသစ်သားဝိညာဉ်သည် ယခင်က သူ့အရက်ခွက်ထဲသို့ အရက်ငှဲ့ပေးခဲ့သည့် သစ်သားဝိညာဉ်ဖြစ်ကြောင်း ပြန်သတိရသွားလေ၏။ သို့သော်ငြား သိပ်တော့ မသေချာသေးပေ။ ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။ “ကောင်းပြီ ...”
သစ်သားဝိညာဉ်များသည် မိုင်တစ်ထောင်အတွင်းတွင် ရှိနေသော သစ်ပင်များနှင့် ဆက်သွယ်နိုင်သည့် မွေးရာပါစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင် ဤနေရာသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သတိထားမိသွားခဲ့ခြင်းဖြစ်ပြီး ရန်ကိုင်အား ကြိုဆိုရန်အတွက် ဤသစ်သားဝိညာဉ်များကို စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။
သစ်သားဝိညာဉ်များ၏ အကူအညီဖြင့် လမ်းလျှောက်လာလိုက်ရာ တစ်ခဏအကြာတွင် ရန်ကိုင်သည် ကျောက်တုံးဝိညာဉ်များ နေထိုင်သည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။ ဤနေရာရှိ သစ်ပင်ကြီးများသည် အခြားနေရာတွင်ရှိနေသော သစ်ပင်ကြီးများထက် အရွယ်အစား ပိုမိုကြီးမားလှကာ သစ်ပင်တစ်ပင်ချင်းစီတိုင်းတွင်လည်း သဘာဝအတိုင်း ဖြစ်ပေါ်နေသော သစ်လိုဏ်ဂူတစ်လုံးစီ ရှိနေကြလေသည်။
ကျောက်တုံးဝိညာဉ်ကိုးကောင်သည် ရန်ကိုင်ရောက်လာမည်ကို စီတန်းကာ ရပ်စောင့်နေကြလေ၏။ အလယ်တွင်ရှိနေသော ကျောက်တုံးဝိညာဉ်မှာတော့ အတော်လေးကိုမှ အသက်ကြီးနေပုံပေါက်ပေသည်။ လက်ရှိအချိန်တွင် ထိုအသက်ကြီးကြီးကျောက်တုံးဝိညာဉ်သည် ရန်ကိုင်ရှိရာအရပ်ဆီသို့ ပြုံးကာ ကြည့်နေလေ၏။
ရန်ကိုင်သည် ထိုအကြီးအကဲဆီသို့ လျှောက်သွားလိုက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။ “အကြီးအကဲ ...”
ထို့နောက်တွင် လက်တစ်ဝါးအရွယ်အစားခန့်သာရှိသော အကြီးအကဲ၏ပခုံးထက်တွင် ထိုင်နေသည့် ပန်းပွင့်သရဖူနှင့်သစ်သားဝိညာဉ်အမျိုးသမီးကိုကြည့်၍ နှုတ်ဆက်လိုက်လေသည်။ “မိသားစုခေါင်းဆောင်သခင်မ ...”
“ဧည့်သည် ... ငါတို့ ထပ်တွေ့ကြပြန်ပြီနော် ...” ကျောက်တုံးဝိညာဉ်အကြီးအကဲက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
“နင့်လေသံကို တိုးတိုးပြော ...” သစ်သားဝိညာဉ်ခေါင်းဆောင်သခင်မဖြစ်သည့် မူနက သူမနားကို လက်ဖြင့်အုပ်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။
“ဧည့်သည်တော်လို့ မခေါ်ပါနဲ့ အကြီးအကဲ ... ကျေးဇူးပြုပြီး နာမည်အတိုင်းပဲခေါ်လိုက်ပါ ...” ရန်ကိုင်က နှိမ့်ချ၍ ပြန်ပြောလိုက်သည်။ ရန်ကိုင်မှာ ကျောက်တုံးဝိညာဉ်ကလန်နှင့် အတော်လေးကိုမှ နှီးနွှယ်ပတ်သက်နေသည့်အလျောက် ယခုကဲ့သို့ အခေါ်ခံရသည့်အပေါ် သူ့စိတ်ထဲ တစ်မျိုးတစ်မည် ခံစားရလေသည်။ ရှောင်ရှောင်ဖြစ်စေ ကျောက်တုံးကိုယ်ပွားဖြစ်စေ နှစ်ယောက်စလုံးသည် ကျောက်တုံးဝိညာဉ်များမှ အရင်းခံလာကြခြင်း ဖြစ်သည်။
“အကြီးအကဲတို့ကို တောင်းဆိုစရာလေးရှိလို့ မဖိတ်ခေါ်ပဲ လာလိုက်မိတယ် ...”
ကျောက်တုံးဝိညာဉ်အကြီးအကဲ ရယ်မောလိုက်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့ရယ်သံမှာ ယခင်ကထက် ပို၍တိုးနေခဲ့သည်။ မူန နောက်တစ်ကြိမ်ထပ်ပြီး အတွန့်တက်လာမည်ကို မကြုံလိုသည့်အတွက်ကြောင့် ဖြစ်ဟန်တူပေသည်။ “ဗိုက်အရင်ဖြည့်ပြီးတော့မှ ပြောကြတာပေါ့ ... မင်း အရင်တစ်ကြိမ်လာတာ ဆယ်နှစ်ကျော်သွားပြီ ... ဒီလိုမျိုး နောက်တစ်ကြိမ်ထပ်တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ... ဒီတော့ အခွင့်အရေးရတုန်းလေး ပျော်ကြရအောင် ...”
“အင်း ... အကြီးအကဲပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ ...”
ထို့နောက် အကြီးအကဲ၏အမိန့်ဖြင့် စားသောက်ပွဲတစ်ခုကို စတင်ကျင်းပတော့လေသည်။ လူတိုင်းသည် သစ်ပင်အမြစ်ကြီးတစ်ခုကို ဝိုင်း၍ ထိုင်လိုက်ကြသည်။ ထိုသစ်ပင်အမြစ်ကြီးကိုမူ စားပွဲခုံအဖြစ် အသုံးချလေ၏။ သစ်သားဝိညာဉ်များကမူ စားသောက်ဖွယ်ရာများကို ခေါက်တုံ့ခေါက်ပြန်သွားရင်းမှ သယ်ဆောင်လာနေခဲ့လေရာ မကြာမီ စားပွဲပေါ်တွင် အမျိုးမျိုးသောအသီးများနှင့် အရက်များဖြင့် ပြည့်နှက်သွားတော့သည်။
လက်ရှိအချိန်မှာ ညအချိန်သို့ ရောက်လာနေခဲ့လေပြီ။ လ၏အလင်းရောင်သည် သစ်ရွက်များကြားမှ အောက်ဘက်ဆီသို့ ထိုးကျနေခဲ့သည်။ လအလင်းရောင်ကြောင့်ပင်လျှင် သစ်ပင်များမှ တွဲလောင်းကျနေသော ထူးဆန်းသည့်အသီးများမှာလည်း အရောင်တလက်လက် တောက်ပနေကုန်ကြလေ၏။
ပုံမှန်အားဖြင့် ငြိမ်ငြိမ်သက်သက်သာ ရှိနေလေ့ရှိကြသော ကျောက်တုံးဝိညာဉ်များသည် လက်ရှိအချိန်တွင်တော့ မီးကုန်ယမ်းကုန် သောင်းကျန်းနေကြလေသည်။ လူတစ်ရပ်စာထက်ပင် ပို၍မြင့်မားသော ဝိုင်ခွက်ကြီးများကိုကိုင်ရင်း အားမာန်တကြီး အော်ဟစ်နေကြသည်။ သစ်သားဝိညာဉ်များကမူ ကျောက်တုံးဝိညာဉ်များအနားတွင် ဝိုင်းရင်းမှ ကခုန်နေကြလေ၏။
ဖြိုးဖြိုးဖျဖျ တောက်ပနေသော လရောင်အောက်ဝယ် ကျောက်တုံးဝိညာဉ်များနှင့် သစ်သားဝိညာဉ်များမှာ စားသောက်ပွဲကြီးတစ်ခုကို ပျော်ရွှင်စွာ ဆင်နွှဲနေခဲ့ကြလေသည်။
ကျောက်တုံးဝိညာဉ်များ၏နာမည်များမှာ အလွန်ကိုမှ ရိုးရှင်းပေသည်။ ရှီရီမှစ၍ ရှီပအထိပင်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ မည်သူသည် မည်သူဖြစ်သလဲဆိုသည်ကို မပြောနိုင်ပေ။ အကြောင်းမှာ ကျောက်တုံးဝိညာဉ်အားလုံး၏ရုပ်မှာ အတူတူလောက်သာ ဖြစ်နေသည့်အတွက်ကြောင့်ပင်။ မူလက ကျောက်တုံးဝိညာဉ်များထဲ ရှီကျိုဟုခေါ်သည့် ကျောက်တုံးဝိညာဉ်တစ်ကောင်လည်း ရှိပေသေးသည်။ ထိုကျောက်တုံးဝိညာဉ်မှာ အခြားမဟုတ် ရှောင်ရှောင်သာဖြစ်၏။ သို့သော်ငြား သွေးတံခါးထဲသို့ ကျန်းရို့ရှီနှင့်အတူ ဝင်သွားပြီးချိန်မှစ၍ ရှောင်ရှောင်ဆီမှ မည်သည့်သတင်းမှ မရတော့ပေ။
ကျောက်တုံးဝိညာဉ်ကလန်သည် အလွန်ကိုမှ အားကောင်းလှသော မွေးရာပါရုပ်ခွန်အားစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ လူသားများနှင့် မွန်းစတားမျိုးနွယ်စုဝင်အချို့လောက်သာလျှင် ကျောက်တုံးဝိညာဉ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြသည်။ သို့သော်ငြား ကောင်းကင်သည် အရာရာအပေါ်တွင် မျှတပေသည်။ အလွန်တရာကိုမှ အားကောင်းလှသည့်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည့်အတွက်ကြောင့် ကျောက်တုံးဝိညာဉ်ကလန်သားများမှာ အဖွဲ့သားဆယ်ဦးထက်ပို၍ မရှိနိုင်ကြပေ။ ဆယ့်တစ်ယောက်မြောက်ကျောက်တုံးဝိညာဉ်ကလန်သားတစ်ဦး မွေးဖွားလာမည်ဆိုလျှင် ထိုကျောက်တုံးဝိညာဉ် အသက်ရှင်နိုင်လိမ့်မည်မဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျောက်တုံးဝိညာဉ်ကလန်သားအရေအတွက်မှာ ဆယ်ဦးထက်မပိုနိုင်ခြင်းပင်။
လက်ရှိ ရန်ကိုင်ရှေ့တွင် ကျောက်တုံးဝိညာဉ်ကိုးဦး ရှိနေခဲ့လေသည်။ ရှောင်ရှောင်ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ဆယ်ဦးဖြစ်သွားပေလိမ့်မည်။ ရန်ကိုင်၏ကျောက်တုံးကိုယ်ပွားမှာ ကျောက်တုံးဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသော်ငြား ကိုယ်ပိုင်အသိဉာဏ်မရှိသည့်အတွက်ကြောင့် ကျောက်တုံးဝိညာဉ်ဟု ပြော၍မရပေ။
ကျောက်တုံးဝိညာဉ်ကလန်သား ၈ ဦးသည် ခွက်တစ်ခွက်ချင်းစီကို ကိုင်ရင်းမှ ရန်ကိုင်နှင့် ခွက်ချင်းလာတေ့လေသည်။ သူတို့အသုံးပြုနေသော အရက်ခွက်များသည် သာမန်အရက်အိုးများထက် နှစ်ဆမက ပိုမိုကြီးမားကြလေ၏။ ရန်ကိုင်မှာလည်း မငြင်းသာသဖြင့် ခွက်လာတေ့တိုင်း သောက်ပေးရုံသာ တတ်နိုင်ခဲ့လေသည်။
သစ်သားဝိညာဉ်ကလန်မှ ချက်လုပ်သောအရက်သည် အားကောင်းလှသောစွမ်းအင်များနှင့် ဆေးအာနိသင်တို့ဖြင့် ပြည့်နေပေသည်။ ထိုအကြောင်းကြောင့် ကျောက်တုံးဝိညာဉ်ကလန်သားများသည်ပင်လျှင် ထိုအရက်ကို များများစားစား မသောက်နိုင်ကြပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ ထိုရူးကြောင်ကြောင်ကျောက်တုံးဝိညာဉ်များနှင့် မည်ကဲ့သို့များ ယှဉ်သောက်နိုင်ပါမည်နည်း။
ထိုအကြောင်းကြောင့်ပင်လျှင် သောက်နေရင်းတန်းလန်းနှင့်မှ ရန်ကိုင်သည် စားပွဲခုံပေါ်သို့ မှောက်ကျသွားခဲ့လေ၏။ ထို့နောက် သစ်သားဝိညာဉ်လေးများသည် ရန်ကိုင်အား အင်္ကျီစမှကိုင်ကာ မ တင်သွားပြီး သစ်လိုဏ်ဂူတစ်လုံးဆီသို့ အနားယူရန် ခေါ်ဆောင်သွားခဲ့လေသည်။
ရန်ကိုင်ပြန်နိုးလာချိန်တွင်တော့ နောက်တစ်နေ့မနက်သို့ ရောက်နေခဲ့လေပြီ။
နိုးလာလာချင်း ရန်ကိုင်မှာ ခေါင်း အတော်လေး မူးဝေနေသေး၏။ ဧကရာဇ်ချီကိုလှည့်ပတ်၍ တင်ပလင်ခွေထိုင်ကာ ကျင့်ကြံလိုက်သည့်အခါမှသာလျှင် အနည်းငယ်သက်သာသွားရသည်။ တစ်ချိန်တည်းတွင်လည်း နောက်နောင် ကျောက်တုံးဝိညာဉ်များနှင့် မည်သည့်အခါမှ ပြိုင်မသောက်တော့ဟုလည်း ဆုံးဖြတ်ချက်ချလိုက်လေ၏။
ယမန်နေ့က ရန်ကိုင်အား လာရောက်နှုတ်ဆက်သော သစ်သားဝိညာဉ်အမျိုးသမီးသည် တံခါးပေါက်အပြင်ဘက်မှနေ၍ ရန်ကိုင်အား လှမ်းကြည့်နေခဲ့လေသည်။
ရန်ကိုင်နိုးလာသည်ကိုမြင်သည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်လေ၏။ “ဧည့်သည် နိုးလာပြီလား ... အကြီးအကဲနဲ့ ခေါင်းဆောင်သခင်မတို့ စောင့်နေတယ် ...”
“အင်း ... ကျေးဇူးပဲ ... ကျုပ် အခုပဲ လာခဲ့မယ် ...” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ ရန်ကိုင်မှပြုံးပြလာသည့်အတွက်ကြောင့် သစ်သားဝိညာဉ် ထပ်မံရှက်သွေးဖြာသွားပြန်လေ၏။
(တကယ်ကို ထူးဆန်းတဲ့မျိုးနွယ်စုပါလား ...)
သစ်သားဝိညာဉ်ကလန်သည် သစ်ပင်ပန်းမန်များကို ပျိုးထောင်ရာတွင် အထူးကျွမ်းကျင်လှသော မွေးရာပါစွမ်းရည်ကိုသာ ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ သစ်သားဝိညာဉ်ကိုယ်တိုင်သည်လည်း အလွန်ကိုမှ အဖိုးထိုက်တန်သည့် ရတနာတစ်ပါး ဖြစ်ပေသည်။ ပြောကြသည်မှာတော့ သစ်သားဝိညာဉ်များ၏ ခန္ဓာကိုယ်ထဲတွင် အလွန်တရာကိုမှ များပြားလှသော အသက်ဓာတ်စွမ်းအင်တို့ ကိန်းအောင်းနေသည်ဟူ၍ပင်။ သေခါနီးဖြစ်နေသော တစ်စုံတစ်ဦးသည်သာ သစ်သားဝိညာဉ်တစ်ကောင်ကို အရှင်လတ်လတ် ဝါးစားပစ်လိုက်မည်ဆိုပါက ချက်ချင်း သေမင်းတံခါးပေါက်ဝမှ ပြန်ရုန်းထွက်လာနိုင်လိမ့်မည်ဟု ပြောစမှတ်ရှိကြပေသည်။
သစ်သားဝိညာဉ်များသည် ရှေးဟောင်းတောအုပ်ကြီးထဲတွင် နေထိုင်နေကြပြီး ကျောက်တုံးဝိညာဉ်ကလန်၏ ကာကွယ်မှုကို ရရှိထားသည်မှာ ကံကောင်းသည်ဟု ပြော၍ရပေသည်။ ထိုသို့သာမဟုတ်ပါက အပြင်လောကကြီးတွင်သာဆိုလျှင်တော့ သစ်သားဝိညာဉ်ကလန် မျိုးသုဉ်းပျောက်ကွယ်သွားပြီမှာ ကြာလောက်ပေပြီ။ လူသားများ၏လောဘမှာ အတိုင်းအဆမရှိ။ သေခါနီးလူတစ်ဦးအား ချက်ချင်းပြန်ရှင်လာစေနိုင်သော သစ်သားဝိညာဉ်များသည်သာ အပြင်လောကကြီး၌ လျှောက်သွားနေမည်ဆိုလျှင် လူပေါင်းများစွာ၏ ဖမ်းဆီးအမဲလိုက်ခြင်း ခံရပေလိမ့်မည်။
သူနေထိုင်သည့်လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် မကြာမီမှာပင် အကြီးအကဲအား တွေ့သွားခဲ့လေသည်။ ရန်ကိုင်သည် အကြီးအကဲကို ဦးညွှတ်လိုက်ပြီးသည့်နောက် ထိုင်ချ၍ မေးလိုက်လေ၏။ “ရှောင်ရှောင်နဲ့ပတ်သက်ပြီး ဘာသတင်းကြားသေးလဲ အကြီးအကဲ ...”
အကြီးအကဲက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “အခုလောလောဆယ်တော့ ဘာသတင်းမှမကြားသေးဘူး ... သွေးတံခါးဆီကနေလည်း ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး ...”
ရန်ကိုင်က ပြုံး၍ “ရို့ရှီရှိနေတာဆိုတော့ သူ အဆင်ပြေလောက်မှာပါ ... အကြီးအကဲ သိပ်ပြီး စိတ်ပူမနေပါနဲ့ ...”
သွေးတံခါးထဲတွင် မရေမတွက်နိုင်သော နတ်သားရဲအမြုတေများကို သိမ်းဆည်းထားသည့် နန်းတော်ကြီးတစ်ခု ရှိပေသည်။ ထိုနန်းတော်ထဲတွင်ရှိနေသည့် နတ်သားရဲအမြုတေများမှာ ယခင်က ကောင်းကင်အမိန့်တော်မှ နတ်သားရဲများကို အမဲလိုက်ပြီးသည့်နောက် ရရှိလာသည့်အရာများ ဖြစ်ကြသည်။ ရှောင်ရှောင်သည် ထိုက်ယွဲ့၏အမြုတေကို ဆက်ခံရန်အလို့ငှာ ကျန်းရို့ရှီနှင့်အတူ သွေးတံခါးထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်လေသည်။
ရို့ရှီကိုယ်တိုင်မှ စောင့်ကြပ်ပေးနေမည် ဖြစ်သည့်အတွက်ကြောင့် ရှောင်ရှောင်အဆင်ပြေလိမ့်မည်မှာ သေချာသလောက်ရှိပေသည်။
ဟိုးယခင်က မြောက်မြားလှစွာသော နတ်သားရဲများ ဤလောကကြီးထဲတွင် ရှိခဲ့ကြသည်။ သို့သော်ငြား နတ်သားရဲတစ်ကောင်နှင့်တစ်ကောင်၏ ခွန်အားမှာ တူညီခြင်းမရှိကြပေ။ နဂါးနှင့် ဖီးနစ်များသည် နတ်သားရဲများထဲ ထိပ်တန်းအဆင့်နတ်သားရဲများ ဖြစ်ကြသည်ဟုဆိုလျှင် လိပ်နက်၊ ကျားဖြူ၊ ချီလင်နှင့် ချုန်းချီတို့မှာ ထိုထိပ်တန်းနတ်သားရဲများအောက် တစ်ဆင့်သာနိမ့်သည့် နတ်သားရဲများ ဖြစ်ကြပေသည်။ အလားတူပင် ထိုက်ယွဲ့မှာလည်း နတ်သားရဲများကြား အတော်လေးကိုမှ အဆင့်မြင့်ပေသည်။ ထိုက်ယွဲ့မှာ ချီလင်၊ ချုန်းချီတို့အောက် နိမ့်ကျခြင်းမရှိပေ။ ထိုအကြောင်းကြောင့် ထိုက်ယွဲ့၏အမွေအနှစ်ကို ဆက်ခံပြီးသည့်နောက် ရှောင်ရှောင် မည်ကဲ့သို့ဖြစ်လာမလဲဆိုသည်ကို ရန်ကိုင် အတော်လေးသိချင်နေမိသည်။
ရန်ကိုင်၏စကားကိုကြားသော် အကြီးအကဲမှာ တစ်ခုခုကို ပြောချင်နေသည့်အလား။ သို့သော်ငြား တုံ့ဆိုင်းနေခဲ့လေသည်။ နောက်ဆုံးတွင်တော့ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ငါတို့ဆီကနေ အကူအညီတောင်းစရာရှိတယ်လို့ မင်း ပြောခဲ့တယ်နော် ... ဘာအကူအညီတောင်းချင်တာလဲ ...”
“ဒီလိုပါ ... ကျုပ် ဒီမှာ မြောက်ဘက်နယ်မြေက ထက်ကောင်းကင်နန်းတော်နဲ့ ဆက်သွယ်နေတဲ့ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းချင်လို့ ...”
“မြောက်ဘက်နယ်မြေကိုဆက်သွယ်ဖို့ ...” အကြီးအကဲ ကြောင်သွားခဲ့လေသည်။
“ကောင်လေး ... အဲ့လိုမျိုးလုပ်လို့မရဘူး ...” မူနသည် တစ်နေရာရာမှ ပျံသန်းလာပြီး အကြီးအကဲ၏ပခုံးထက်တွင် ဆင်း၍ ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ဒီနေရာက သစ်သားဝိညာဉ်ကလန်နဲ့ ကျောက်တုံးဝိညာဉ်ကလန် နေတဲ့နေရာပဲ ... နင်ကလွဲပြီးတော့ ဘယ်လူသားမှ ဒီနေရာကို ခြေမချဖူးဘူး ... နင်သာ ဒီနေရာမှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းလိုက်မယ်ဆိုရင် ငါတို့ပါ ဒုက္ခရောက်ရမှာ ... ဒီတော့ နင်တောင်းဆိုတာကို ငါ ခွင့်ပြုပေးလို့မရဘူး ...”
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “ခေါင်းဆောင်သခင်မ ... အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့ ... အဲ့ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုမှာက ကျုပ်တစ်ယောက်တည်းပဲ ... အခြား ဘယ်သူမှ အသုံးမပြုစေရဘူးလို့ ကျုပ် ကတိပေးတယ် ...”
ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်းမှာ လွမ်ဖုန်း၏နန်းတော်ထဲ သူခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင် ဖျက်ဆီးခံလိုက်ရသည့် အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့်သာလျှင် မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေကို ဆက်သွယ်လိုပါက ဤနည်းလမ်းကို အားကိုးရုံသာ ရှိတော့ပေသည်။
“ဒါဆို နင် ဘယ်လိုအာမခံပေးမှာလဲ ...” မူနကမူ လက်မခံချင်သေးပေ။
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ကျုပ်ကိုယ်တိုင် ဒီဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းမှာဆိုတော့ ကျုပ်ကိုယ်တိုင် အာမခံပေးတယ် ... ပြီးတော့ အဲ့ဘက်ကနေ တစ်ယောက်ယောက် ဒီဘက်ကိုလာခဲ့မယ်ဆိုရင် အကြီးအကဲနဲ့ ခေါင်းဆောင်သခင်မတို့ စိတ်ကြိုက်သာလုပ် ... သူတို့ကို ရှင်းပစ်ချင်လည်းရှင်းပစ်လိုက် ... ဘာမှမဖြစ်ဘူး ...”
မူနက တစ်ခုခု ပြန်ပြောတော့မည်အပြု အကြီးအကဲက ဝင်ပြောလိုက်လေသည်။ “မင်း အဲ့လိုမျိုး အာမခံပေးနိုင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး ...”
“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ ...”
အကြီးအကဲကိုယ်တိုင်က သဘောတူလိုက်ပြီဖြစ်သည့်အတွက်ကြောင့် မူနလည်း ဘာမှထပ်ပြောမနေတော့ပေ။
“မင်း အစီအရင်ကို ဘယ်မှာခင်းကျင်းဖို့လုပ်ထားလဲ ...”
“ရှောင်ရှောင်ရဲ့ သစ်လိုဏ်ဂူထဲမှာ ခင်းကျင်းမလားလို့ ...” ရန်ကိုင်မှာ ဟင်းလင်းပြင်အစီအရင်အား မည်သည့်နေရာတွင် ခင်းကျင်းမလဲဆိုသည်ကို ရွေးချယ်ပြီးသွားခဲ့လေပြီ။ ထိုနေရာမှာ ရှောင်ရှောင် ယခင်နေခဲ့သော သစ်လိုဏ်ဂူသာ ဖြစ်ပေသည်။ ထိုသစ်လိုဏ်ဂူသည် အတော်လေးကိုမှ အရွယ်အစားကြီးမားလှသလို ကျောက်တုံးဝိညာဉ်ကလန်သားများ နေသည့်နေရာတွင်လည်း ရှိနေသည့်အတွက်ကြောင့် ကျောက်တုံးဝိညာဉ်ကလန်သားများ၏ ကာကွယ်မှုကိုလည်း ရရှိပေလိမ့်မည်။
“ကောင်းပြီလေ ... မင်း အကူအညီတစ်ခုခုလိုရင် ငါတို့ကိုပြောလိုက် ...”
“အင်း ... ဒါဆို ကျုပ် ချက်ချင်း အလုပ်သွားစလိုက်တော့မယ်နော် ...” ရန်ကိုင်က ထိုင်ရာမှထ၍ ပြောလိုက်သည်။
“နင့်အလုပ်ပြီးသွားရင် ငါ့ဆီကိုလာခဲ့ဦး ... ငါ နင်နဲ့ ဆွေးနွေးစရာလေးရှိလို့ ...” မူနက ရုတ်တရက် ကောက်ပြောလိုက်သည်။
ရန်ကိုင်သည် မူနအား ထူးထူးဆန်းဆန်းအမူအရာဖြင့် ကြည့်လိုက်ပါသော်ငြား ခေါင်းတော့ညိတ်ပြလိုက်ပေသေးသည်။
***