လွမ်ဖုန်းသည် တင့်တယ်သားနားလှသော အဝတ်အစားများကို ဆင်မြန်း၍ ဖီးနစ်သရဖူကိုပါ ဆောင်းထားရင်းမှ နန်းတော်ရှေ့နားတွင် ထိုင်နေခဲ့သည်။ သို့သော်ငြား တစ်စုံတစ်ဦးမှာတော့ ငြိမ်မနေနိုင်ခဲ့ပဲ စိုးရိမ်တကြီးအမူအရာဖြင့် သူမရှေ့၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့လေသည်။ ထိုသို့ ခေါက်တုံ့ခေါက်ပြန် သွားနေရင်းမှ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား ပြတင်းပေါက်ဆီသို့ မကြာမကြာ လှမ်း၍ကြည့်နေတတ်သေး၏။
ထိုလူသည် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး သနပ်ခါးရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ဆံပင်ကို ဖြစ်သလို ထုံးနှောင်ထားခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် ရှေးဟောင်းတောအုပ်ကြီးထဲရှိ နတ်အရှင်သုံးပါးအနက်မှ တစ်ပါးအပါအဝင်ဖြစ်သော အနောက်နတ်အရှင်ချန်ကွော့သာ ဖြစ်လေသည်။ ပုံမှန်အားဖြင့် အန္တရာယ်များလှသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရလျှင်ပင် မတုန်မလှုပ်ရှိတတ်သော အနောက်နတ်အရှင်မှာ လက်ရှိအချိန်တွင်တော့ အကြောင်းအရင်းအချို့ကြောင့် မျက်နှာမသာမယာ ဖြစ်နေခဲ့လေသည်။
သူမရှေ့၌ တဝီဝီမြည်အောင် ပျံသန်းနေသော ယင်ကောင်တစ်ကောင်ပမာ ငြိမ်ငြိမ်မနေဘဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည့် ချန်ကွော့အား ဆက်ကြည့်မနေနိုင်တော့သည့်အဆုံး လွမ်ဖုန်းက နဖူးကိုပွတ်ရင်းမှ ပြောလိုက်လေ၏။ “နင် ငြိမ်ငြိမ်ထိုင်နေလို့မရတော့ဘူးလား ... နင့်ကိုကြည့်ရင်း ငါ ခေါင်းမူးလာပြီ ...”
ထိုအခါမှ ချန်ကွော့ လမ်းလျှောက်နေရာမှ ရပ်သွားခဲ့ပြီး လွမ်ဖုန်းအား ဝမ်းလည်းဝမ်းနည်း ဒေါသလည်းထွက်နေသည့် အမူအရာမျိုးဖြင့် ကြည့်၍ ပြန်မေးလိုက်လေ၏။ “သူ ဘာဖြစ်လို့ ဒီကိုထပ်ရောက်လာတာလဲ ... ငါ့ကို ပြောစမ်းပါ ... သူဘာဖြစ်လို့ ထပ်ရောက်နေတာလဲ ...”
လွမ်ဖုန်းကလည်း အားနည်းဖျော့တော့နေသည့်လေသံဖြင့် ပြန်၍ပြောလိုက်လေသည်။ “ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ ...”
“ကောလာဟလတွေအရဆိုရင် သူ မြောက်ဘက်နယ်မြေကိုသွားပြီးတော့ အဲ့မှာ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ထားတယ်ဆို ... သူ့ဂိုဏ်းနာမည်က ဘာပါလိမ့် ...”
“ထက်ကောင်းကင်နန်းတော် ...”
“ဟုတ်တယ် ... ထက်ကောင်းကင်နန်းတော်ပဲ ...” ချန်ကွော့က ချက်ချင်းပြန်ပြောလိုက်သည်။ “သူ အဲ့ဘက်မှာ လုံးဝကို အဆင်ပြေနေတယ်လို့ ငါကြားပြီးသား ... အဲဒါကို ဘာဖြစ်လို့ အဲ့မှာ အေးအေးဆေးဆေးမနေဘဲနဲ့ ဒီအရှေ့နယ်မြေဆီ ပြန်လာရတာလဲ ...” (သူ့လိုကောင်မျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး ... နယ်မြေကြီးလေးခုကို သွားချင်တိုင်းလျှောက်သွားနေတာ ... ရှေးဟောင်းတောအုပ်ကြီးကိုလည်း သူ့အိမ်သူယာလိုပဲ အားနေယားနေ ဝင်ထွက်နေချင်နေတာ ...)
လွမ်ဖုန်းက ပြန်ပြောလိုက်သည်။ “သူပြောတာတော့ ငါ့ဆီကနေ အကြွေးတောင်းဖို့ လာတယ်လို့ ပြောတာပဲ ...”
“အကြွေး ... ဘာအကြွေးလဲ ...” ချန်ကွော့ လွမ်ဖုန်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်လေသည်။
လွမ်ဖုန်းသည် မျက်လွှာချ၍ ပြန်ပြောလိုက်သည်။ “ငါသိမလား ... သူ့ဘာသာသူလျှောက်ပြောတာ ဖြစ်ရင်ဖြစ်မှာပေါ့ ...”
ချန်ကွော့သည် လွမ်ဖုန်းအား မယုံသင်္ကာဖြင့်ကြည့်လျက် “နင် ငါတို့မသိအောင် တစ်ခုခုကို ဖုံးကွယ်ထားတာလား ...”
လွမ်ဖုန်းက ချက်ချင်းပဲ ပြန်ပြောလိုက်၏။ “ငါ နင်တို့ဆီကနေ ဘာကိုမသိအောင် ဖုံးကွယ်ထားရမှာလဲ ... ဒါနဲ့ နင် ဒီအကြောင်းကို အခြားလူတွေသိအောင်တော့ လျှောက်မပြောလိုက်ပါဘူးနော် ...”
ချန်ကွော့က ပြန်ပြောလိုက်သည်။ “ငါက အရူးမှမဟုတ်တာ ... လျှောက်ပြောစရာလား ...”
“အဲ့လိုဆိုရင် အကောင်းဆုံးပဲ ... ဒီမှာရှိနေတဲ့ မွန်းစတားဘုရင်တွေသာ သူရောက်နေတဲ့အကြောင်း သိသွားရင် ...” လွမ်ဖုန်း၏စကားမှာ ထိုနေရာ၌ပင် ရပ်တန့်သွားခဲ့သည်။ သူမစကားကိုပင် ဆုံးအောင်ဆက်မပြောနိုင်တော့ဘဲ နောက်ဖြစ်လာမည့်အကြောင်းများကိုတွေးရင်း လွမ်ဖုန်းမှာ ခေါင်းကိုက်ချင်လာရတော့လေသည်။
လွမ်ဖုန်း ဘာကိုပြောချင်နေသလဲဆိုသည်ကို နားလည်နေသည့်အလား ချန်ကွော့မှာလည်း ဒေါသအလိပ်လိပ်ကို ထွက်နေခဲ့လေသည်။ (ရှေးဟောင်းတောအုပ်ကြီးထဲ ငါတို့လိုကြီးကျယ်မြင့်မြတ်တဲ့ နတ်အရှင်တွေက ဧကရာဇ်ပထမအဆင့်ပဲရှိသေးတဲ့ ခွေးသူခိုးလေးတစ်ကောင်ကို ဒီလောက်တောင် သတိထားနေရတယ်ဆိုတာ ယုံကိုမယုံနိုင်ဘူး ... အဲ့ခွေးကောင်လေးကြောင့် ငါတို့ ဒီလောက်တောင် စိတ်ဒုက္ခရောက်နေတဲ့အကြောင်းကို လျှောက်ပြောမယ်ဆိုရင်တောင် ဘယ်သူမှ ငါတို့ကို ယုံမှာမဟုတ်ဘူး ... ဘယ်အချိန်တည်းကများ ငါတို့ရှေးဟောင်းတောအုပ်ကြီးထဲမှာ လူသားတစ်ယောက်က ဒီလောက်ထိတောင် လာသောင်းကျန်းနိုင်ရတာလဲ ...)
ကံမကောင်းစွာဖြင့် သူတို့ လက်တွေ့ကြုံနေရသည့်ပြဿနာမှာ တကယ့်အစစ်အမှန် ဖြစ်လေသည်။ ထိုလူ ရှေးဟောင်းတောအုပ်ကြီးဆီသို့ လာခဲ့စဉ်က ရှေးဟောင်းတောအုပ်ကြီးထဲ ပြဿနာကို မီးမွှေးကာ ပတ်ရှာခဲ့လေသည်။ နတ်အရှင်သုံးပါးမှ မွန်းစတားဘုရင်များအား အတူတကွပူးပေါင်း၍ ဖိနှိပ်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့လက်အောက်၌ရှိနေသော မွန်းစတားဘုရင်များအားလုံး ထိုလူကိုရှာရန်အတွက် ဟိုးအစောကြီးတည်းက ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်သွားလောက်ပေပြီ။
ထိုသို့လိုက်ရှာရခြင်းမှာ လက်စားချေလိုသည့် အတွက်ကြောင့်တော့မဟုတ်။ သူတို့ဘိုးဘေးများ၏ ဘုန်းကျက်သရေကို ပြန်လည်ဆောင်ကျဉ်းလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သူတို့ဘိုးဘေးများ၏ အမွေအနှစ်ကို ပြန်လည်ဆောင်ကျဉ်းလိုလျှင် သွေးတံခါးထဲသို့ဝင်ကာ ဘိုးဘေးများ၏ အမွေအနှစ်ကို ဆက်ခံရပေလိမ့်မည်။ သွေးတံခါးထဲသို့ ဝင်နိုင်ရန်အတွက် ကောင်းကင်အမိန့်တော်မျိုးဆက်၏ ခွင့်ပြုချက်ကို ရရန် လိုအပ်ပေသည်။ ကောင်းကင်အမိန့်တော်မျိုးဆက်နှင့် ရင်းနှီးသူဆို၍ ထိုလူတစ်ဦးတည်းသာ ရှိလေရာ မွန်းစတားဘုရင်များမှာ ထိုလူ၏လက်အောက်တွင် ခစား၍ ထိုလူ၏မျက်နှာသာပေးချင်ကို ခံလိုသည်။ ထိုအခါမှသာလျှင် ကောင်းကင်အမိန့်တော်၏မျိုးဆက် သွေးတံခါးထဲမှ ပြန်ထွက်လာသည့်တစ်နေ့ သူတို့အား သွေးတံခါးထဲသို့ ဝင်ခွင့်ရအောင် စကား ကူပြောကောင်း ပြောပေးနိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် လွန်ခဲ့သည့်နှစ်များအတွင်း ကျန်ရစ်နေသော မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးမှာ နတ်အရှင်သုံးပါးမှ သေချာဖိနှိပ်ထားသည့်တိုင် ယင်ဖေး၊ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့နေရာတွင် အစားထိုးကာ ရန်ကိုင်လက်အောက်တွင် ခစားလိုသည်ဟု အဆက်မပြတ်ကို တောင်းဆိုနေခဲ့ကြသည်။ အချို့ဆိုလျှင် ရန်ကိုင်လက်အောက်တွင် အလှည့်ကျ ခစားရမည်ဟူသော စနစ်အသစ်ကိုပင်လျှင် အစီရင်ခံ တင်ပြလာခဲ့သည်။
ယခင်က မည်သူ့ကိုမှ လူမထင်ခဲ့ကြသော မွန်းစတားဘုရင်များသည် ရဖို့ရာ လုံးဝမသေချာလုနီးပါး ဖြစ်နေသော အခွင့်အရေးလေးတစ်ရပ်အတွက်နှင့် လူသားတစ်ဦး၏ လက်အောက်သို့ ဤမျှ ခိုဝင်ချင်နေသည်မှာ အလွန်ကိုမှ အရှက်ရဖွယ် ကောင်းလှပေသည်။ ယခုဆိုလျှင် မွန်းစတားဘုရင်များဖြစ်ကြသည်ဟူသော သူတို့၏ မာန၊ ဂုဏ်သိက္ခာကိုပင်လျှင် ဂရုစိုက်မနေကြတော့။ ထိုမွန်းစတားဘုရင်များကိုကြည့်ရင်း နတ်အရှင်သုံးပါးသည်ပင်လျှင် ရှက်ရွံ့လာမိကြသည်။
သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါကလည်း မွန်းစတားဘုရင်များ ထိုကဲ့သို့ဖြစ်နေသည်မှာ အဆန်းတော့မဟုတ်မှန်း သိနိုင်ပေလိမ့်မည်။ မွန်းစတားဘုရင်များ၏ ကျင့်ကြံခြင်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားကြလေပြီ။ သူတို့အနေဖြင့် နောက်တစ်ဆင့်သို့ ထပ်မံတက်ရောက်လိုပါက ဘိုးဘေးများ၏ သွေးမျိုးဆက်ကို လိုက်ရှာရုံသာ တတ်နိုင်ကြတော့သည်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေကြသော မွန်းစတားမျိုးနွယ်စုဝင်အများစုသည် နတ်သားရဲများ၏ သွေးမျိုးဆက်ကို အနည်းအကျဉ်း ပိုင်ဆိုင်ထားကြပေသည်။ ထို့အတွက်ကြောင့် သူတို့သည်သာ ကောင်းကင်အမိန့်တော်မျိုးဆက်၏ အကူအညီကို ရရှလိုက်မည်ဆိုလျှင် နတ်သားရဲတစ်ကောင်ဖြစ်လာနိုင်ချေ အခွင့်အရေး များသွားပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ မွန်းစတားဘုရင်များ၏လုပ်ရပ်အပေါ် အလွန်ကိုမှ စိတ်ပျက်နေမိသည့်တိုင် မွန်းစတားဘုရင်များကို အပြစ်မပေးနိုင်ခြင်းပင် ဖြစ်လေသည်။ ကံကောင်းစွာဖြင့် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း မွန်းစတားဘုရင်များမှာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဆက်၍ ပြဿနာမရှာကြတော့ပေ။
ထိုစဉ်က ရန်ကိုင်ခင်းကျင်းသွားခဲ့သော နယ်မြေခြားဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးခဲ့သည်မှာ မှန်ကန်သည့်လုပ်ရပ် ဖြစ်သည်ဟု လွမ်ဖုန်းမှာလည်း တစ်ထစ်ချ ယုံကြည်နေမိလေသည်။ သူမသာ ထိုကဲ့သို့မလုပ်လိုက်လျှင် ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးဆီသို့ မကြာခဏ ပြန်လာနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ မွန်းစတားဘုရင်များကို ဤကဲ့သို့ ငြိမ်သက်အောင် ထိန်းထားနိုင်တော့လိမ့်မည်မဟုတ်ဘဲ မွန်းစတားဘုရင်များသည်လည်း သူမတို့ဘက်မှ ဖိနှိပ်ချုပ်ခြယ်ထားသည့်တိုင် ရန်ကိုင်နောက်သို့ တကောက်ကောက် ပါသွားကြပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင်တော့ နတ်အရှင်သုံးပါးသည် မည်သည့်လက်အောက်ငယ်သားကိုမှ ပိုင်ဆိုင်ထားခြင်းမရှိသော ဂုဏ်ပုဒ်သက်သက်သာရှိတော့သည့် နတ်အရှင်များသာ ဖြစ်ကြပေတော့မည်။
“ဒီအကြောင်းကိုသတင်းလာပို့တဲ့ မွန်းစတားဗိုလ်ချုပ်ရော ...” ချန်ကွော့သည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ ရှေးဟောင်းတောအုပ်ကြီးထဲ ရန်ကိုင်ပေါ်လာသည့်သတင်း ပြန့်သွားစေ၍မဖြစ်ပေ။ ထိုသို့သာမဟုတ်ပါက ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။
“အကျဉ်းချထားလိုက်တယ် ...” လွမ်ဖုန်းက ပြန်ပြောလိုက်သည်။
ချန်ကွော့စိတ်ပူနေသည်ကို လွမ်ဖုန်း မသိဘဲဘယ်နေပါမည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် မွန်းစတားဗိုလ်ချုပ် သူမအား သတင်းလာပို့ပြီးပြီးချင်းမှာပင် ထိုမွန်းစတားဗိုလ်ချုပ်ကို အကျယ်ချုပ်ချထားပစ်လိုက်လေသည်။ သို့မှသာလျှင် ရန်ကိုင်ရောက်နေသည့်သတင်း ရှေးဟောင်းတောအုပ်ကြီးအနှံ့ ပြန့်မသွားရပေလိမ့်မည်။
“ကောင်းတယ် ...” ထိုအခါမှသာလျှင် ချန်ကွော့ စိတ်သက်သာရာ ရနိုင်တော့သည်။
“ငါပြင်ဆင်ခိုင်းထားတာတွေ ပြင်ဆင်ပြီးသွားပြီလား ...” လွမ်ဖုန်းသည် ချန်ကွော့ကိုကြည့်၍ မေးလိုက်သည်။
ချန်ကွော့မှ လက်ဖြန့်ပြလိုက်ရာ သူ့လက်ထဲ သိုလှောင်လက်စွပ်သုံးကွင်း ပေါ်လာခဲ့လေသည်။ “ဒီမှာရှိတယ် ... ငါတို့ ဒီပြဿနာကို တကယ်ကြီး ပိုက်ဆံနဲ့ပဲ ဖြေရှင်းတော့မှာလား ...”
“အဲ့နည်းလမ်းအပြင် အခြားနည်းလမ်းရှိသေးလို့လား ...” လွမ်ဖုန်းက ပြန်မေးလိုက်သည်။ ယခုတစ်ကြိမ် ရန်ကိုင်နှင့်ပတ်သက်၍ လွမ်ဖုန်း အချက်တစ်ချက်ကိုမူ လုံးဝ သေချာပေသည်။ ရန်ကိုင် ခက်ခက်ခဲခဲဖြင့် ခင်းကျင်းထားခဲ့ရသော အစီအရင်ကို သူမဘက်မှ ဖျက်ဆီးပစ်ခဲ့သည့် အတွက်ကြောင့် သူမသည်သာ ရန်ကိုင်အား ရှင်းပြချက်ကောင်းကောင်း ပေးလျှင်ပေး မပေးလျှင် ရန်ကိုင်ကျေနပ်စေလောက်မည့် တန်ရာတန်ကြေးကို ပြန်မပေးပါက အကြီးအကျယ် ပြဿနာများသွားရနိုင်ပေသည်။ ထိုပြဿနာကိုဖြေရှင်းဖို့ရာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးသောနည်းလမ်းမှာ ပိုက်ဆံဖြင့် ဖြေရှင်းခြင်းသာ ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် သူမတို့ဘက်မှ ပေးချေရလောက်မည့်ပမာဏကို သူမတစ်ဦးတည်း မတတ်နိုင်ပေ။ ယခုကိစ္စသည် ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးနှင့် ပတ်သက်နေသည့်အတွက်ကြောင့် ကျန်နတ်အရှင်နှစ်ပါးမှာလည်း အေးအေးဆေးဆေးနေ၍မရ။
ချန်ကွော့က နာကျင်နေသည့်အမူအရာဖြင့် “ရှေးဟောင်းတောအုပ်ကြီးက ရတနာတွေပေါကြွယ်ဝတဲ့နေရာဆိုပေမယ့် သူ ဒီတိုင်း တောက်လျှောက် ဓါးပြလာတိုက်နေလို့ရှိရင် ငါတို့ ဘယ်လိုမှ တောင့်ခံထားနိုင်မှာမဟုတ်ဘူးနော် ... အရင်တစ်ခေါက်တုန်းကလည်း သူယူသွားတာ နည်းတာမဟုတ်ဘူး ...”
“သူယူသွားတာတွေက ငါတို့မွန်းစတားမျိုးနွယ်စုတွေအတွက် အသုံးမဝင်တဲ့ ကျောက်စကျောက်နတွေနဲ့ သစ်ပင်တွေပဲဟာကို ... ပေးသာပေးပစ်လိုက် ... ဘာမှမဖြစ်ဘူး ... ဘာလဲ ... ဒါမှမဟုတ် ...” လွမ်ဖုန်း၏မျက်လုံးထဲ အေးစက်စက်အလင်းတို့ ဖြတ်ပြေးသွားခဲ့ပြီး “ငါတို့ သူ့ကို အခွင့်အရေးရှာပြီး ရှင်းပစ်ကြမလား ...”
ချန်ကွော့က ကြောက်လန့်တကြားဖြင့် ထခုန်လျက် ပြန်ပြောလိုက်သည်။ “အဲ့လိုတော့မရဘူးနော် ...”
(ဒီအရူးမ တွေးလည်းတွေးတတ်တယ် ... ငါတို့သာ သူ့ကို တကယ်ကြီးသတ်လိုက်ရင် ငါတို့သုံးယောက်စလုံး ဘာဖြစ်သွားမလဲဆိုတာကို သူမသိတာလား ...) ရှီဟွော့သေသွားသည့်မြင်ကွင်းကို ချန်ကွော့မှာ မနေ့တစ်နေ့က ဖြစ်သွားသည့် အဖြစ်အပျက်ပမာ ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။ ကောင်းကင်အမိန့်တော်၏မျိုးဆက်သည် ရှီဟွော့၏အမြုတေကို လမ်းဘေးမှ ပန်းလေးတစ်ပွင့်ကို ခူးယူလိုက်သည့်ပမာ လွယ်လင့်တကူ နှုတ်ယူသွားခဲ့ခြင်း ဖြစ်လေသည်။ နတ်အရှင်များကို လမ်းဘေးမှ ဂေါ်ဖီထုပ်များပမာ အလွယ်တကူ ခုတ်ထစ်ပစ်နိုင်သည့် သူမကဲ့သို့သော လူမျိုးကို မည်သည့်နတ်အရှင်ကများ သွားရောက်ရန်စရဲပါမည်နည်း။ သူမသည် နတ်သားရဲအားလုံး၏ သဘာဝရန်သူတစ်ပါး ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် ကောင်းကင်အမိန့်တော်နှင့် နတ်အရှင်များကြား ဆက်ဆံရေးသည် ကြောင်နှင့်ကြွက်များရှိ ဆက်ဆံရေးပမာသာ ဖြစ်လေသည်။
ချန်ကွော့မှာ ရန်ကိုင်အား သတ်ဖြတ်ဖို့ရာ တစ်ခါမှ မစဉ်းစားရဲခဲ့ပေ။ သူတို့သည် နတ်အရှင်များ ဖြစ်လေရာ ဧကရာဇ်ပထမအဆင့်သာရှိသေးသော ရန်ကိုင်ကဲ့သို့သောလူအား မည်ကဲ့သို့များ မသတ်နိုင်ပါမည်နည်း။ သူတစ်ဦးတည်းဖြင့် မသတ်နိုင်လျှင်ပင် သူတို့သုံးဦး အတူပူးပေါင်း၍ သတ်မည်ဆိုလျှင် ရန်ကိုင်ပြေးလွတ်နိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား တကယ့်ပြဿနာမှာ ရန်ကိုင်အား သတ်ပစ်မိလိုက်ပါက နောက်ဆက်ဖြစ်လာမည့် ပြဿနာများပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ချန်ကွော့မှာ ရန်ကိုင်အား သတ်နိုင်သည့်တိုင် မသတ်ရဲခြင်းပင် ဖြစ်လေသည်။
“ဖန်းဝူရောက်နေပြီ ...” လွမ်ဖုန်းက ရုတ်တရက်ခေါင်းမော့၍ အပြင်သို့လှမ်းကြည့်ရင်းမှ ပြောလိုက်သည်။
ထိုလူသည် အရပ်ရှည်ရှည်သွယ်သွယ်ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားခဲ့ပြီး ငှက်မွေးများဖြင့် တန်ဆာဆင်ထားသော သရဖူတစ်ခုကို ဆောင်းထားကာ မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ သို့သော်ငြား ချန်ကွော့နှင့် လွမ်ဖုန်းတို့ကဲ့သို့ပင် သူ့မျက်နှာမှာ မသာမယာ ဖြစ်နေခဲ့လေသည်။
ဖန်းဝူသည် ချန်ကွော့အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် လွမ်ဖုန်းဘက်သို့လှည့်၍ မေးလိုက်လေ၏။ “သူ ထပ်ရောက်နေပြန်ပြီလား ...”
လွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ဖန်းဝူက သက်ပြင်းအမောကြီးချလျက် “တကယ့်ပြဿနာကောင်ပါလား ...”
ဘာမဟုတ်သည့် လူသားလေးတစ်ဦးသည် ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးကို ဤမျှ ပြဿနာတက်အောင် လုပ်နိုင်လိမ့်မည်ဟု ဖန်းဝူ တစ်ခါမှ မျှော်လင့်ထားခဲ့ဖူးခြင်း မရှိပေ။ ရန်ကိုင်သည်သာ သူတို့ပင် လုံးဝမယှဉ်နိုင်သည့် အလွန်တရာကိုမှ အားကောင်းနေသည့်လူတစ်ဦး ဖြစ်နေလျှင်တော့ ကိစ္စမရှိ။ နတ်သားရဲများသည် အားကောင်းသည့် သက်ရှိများ ဖြစ်ကြပါသော်ငြား ပြိုင်ဘက်ကင်းသည့်သက်ရှိများတော့ မဟုတ်ပေ။ သို့သော်ငြား တကယ့်ပြဿနာမှာမူ ရန်ကိုင်သည် ထူးထူးခြားခြားကို အားကောင်းနေခြင်းမရှိသလို သူတို့အပေါ်လည်း ရန်လိုနေခြင်း မရှိခြင်းပင်။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏တည်ရှိမှုသည် သူတို့၏ငြိမ်းချမ်းရေးကို အလိုလို ဖျက်ဆီးပစ်နိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ ရန်ကိုင်ရောက်နေပြီဆိုသည့်အကြောင်း ကြားပြီးသည့်နောက် ပျာယာကိုခတ်သွားခဲ့ရခြင်း ဖြစ်လေသည်။ သူတို့အနေဖြင့် ထိုပြဿနာကောင်ကို တိုက်လည်းမတိုက်ခိုက်ရဲသလို သတ်လည်း မသတ်ပစ်ရဲပေ။ ဤလောကကြီး၌ မကောင်းသည့်လူများသည် နှစ်ပေါင်းထောင်ချီအောင် နေထိုင်နိုင်ကြပြီး ကောင်းရာကောင်းကြောင်း နေထိုင်နေသည့်လူများမှာတော့ သက်တမ်းတိုကြသည်ဟု ပြောကြသည်မှာ ရန်ကိုင်ဆိုသည့်လူစားမျိုးကို ညွှန်းဆိုနေခြင်းသာ ဖြစ်ရပေလိမ့်မည်။
“သူ အခုဘယ်မှာလဲ ...”
လွမ်ဖုန်း ခေါင်းခါလိုက်သည်။ “ငါမသိဘူး ... ငါသိတာတော့ ရှေးဟောင်းတောအုပ်ကြီးထဲမှာ သူ မနေ့တုန်းက ရုတ်တရက်ပေါ်လာတယ်ဆိုတာပဲ ... ပြီးတော့ မွန်းစတားဗိုလ်ချုပ်တစ်ယောက်နဲ့ သွားတိုးတယ် ... အဲ့မွန်းစတားဗိုလ်ချုပ်ကို ငါ့ဆီကနေ အကြွေးလာတောင်းမယ်ဆိုပြီး ပြောခိုင်းလိုက်တာ ... အဲဒါကြောင့်ပဲ သူရောက်နေမှန်း ငါသိလိုက်တာ ...”
“အခြားမွန်းစတားမျိုးနွယ်စုဝင်တွေရော သူ့ကိုမြင်သွားသေးလား ...” ဖန်းဝူမှာ ရင်တဒုန်းဒုန်းကို ခုန်နေခဲ့သည်။
“မမြင်လောက်ဘူး ...” လွမ်ဖုန်း မျက်မှောင်ကျုံ့သွားခဲ့သည်။ “မဟုတ်ရင် မွန်းစတားဘုရင်တွေ ဒီလောက်တောင်တိတ်နေကြမှာမဟုတ်ဘူး ... အဲ့ကောင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမှန်းလည်း နင်သိတာပဲ ... ဒီတော့ သူ လျှောက်သွားနေမယ်ဆိုရင်တောင် သူ့ကိုသတိထားမိဖို့က လွယ်တာမဟုတ်ဘူး ... သူသာ သူရောက်နေတဲ့အကြောင်းကို ဖုံးကွယ်ထားချင်ရင် ဘယ်မွန်းစတားဘုရင်မှ သူ့ကိုသတိထားမိမှာမဟုတ်ဘူး ...”
ယခင်တည်းက ဖင်တကြွကြွဖြစ်နေသော မွန်းစတားဘုရင်များသည်သာ ရန်ကိုင်ရောက်နေသည့်အကြောင်းကို ကြားသိလိုက်မည်ဆိုပါက ထိုင်ရာမှ ချက်ချင်းကုန်းထလာ၍ အင်ပြည့်အားပြည့်ဖြင့် သူတို့ဆီသို့ ချီတက်လာကြပေလိမ့်မည်။
“အဲဒါဆို အဆင်ပြေတယ် ...” ဖန်းဝူ ယခုမှသာလျှင် စိတ်သက်သာရာ ရသွားနိုင်တော့သည်။
“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ ... သူလာမှာကို ဒီတိုင်းထိုင်စောင့်မှာလား ...” ချန်ကွော့သည် လွမ်ဖုန်းကို ကြည့်လိုက်ပြီးသည့်နောက် ဖန်းဝူကိုကြည့်၍ ပြောလိုက်သည်။
“အခုချိန် အရေးအကြီးဆုံးကိစ္စက သူဘယ်ရောက်နေလဲဆိုတာကို သိရအောင်လုပ်ဖို့ပဲ ... သူ ငါတို့ဆီမလာခင် ငါတို့ သူ့ဆီ အရင်သွားမှ အဆင်ပြေလိမ့်မယ် ... သူ ရှေးဟောင်းတောအုပ်ကြီးထဲမှာ လျှောက်သွားနေလို့ရှိရင် ပြဿနာတက်သွားနိုင်တယ် ...”
လွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ “အဲဒါဟုတ်တယ် ...”
ရန်ကိုင်ကြောင့် ဒေါသထွက်နေခဲ့ရရာ ယခုမှသာလျှင် ထိုအချက်ကို သတိထားမိသွားခဲ့လေသည်။ သို့သော်ငြား မကြာမီ သူမ၏မျက်လုံးလေးများ တဖျတ်ဖျတ်လက်သွားခဲ့ပြီးသည့်နောက် ပြောလိုက်လေ၏။ “သူ အခု ဘယ်မှာရှိလဲဆိုတာကို ငါသိလောက်မယ်ထင်တာပဲ ...”
တစ်ချိန်တည်းတွင် လွမ်ဖုန်းနှင့် ဖန်းဝူတို့မှာ တစ်ပြိုင်တည်းပြောလိုက်ကြသည်။ “ကျောက်တုံးဝိညာဉ်တွေ ...”
ရန်ကိုင် မည်သည့်နေရာသို့ရောက်နေသလဲဆိုသည်ကို ခန့်မှန်းဖို့ရာ မခက်လှ။ တကယ်တော့ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရန်ကိုင်နှင့်ရင်းနှီးသူဆို၍ ကျောက်တုံးဝိညာဉ်ကလန်သာ ရှိသည်မဟုတ်ပေလော။ ရှေးဟောင်းတောအုပ်ထဲသို့ ရောက်လာပြီးသည့်တိုင် ရန်ကိုင်မှ သူတို့အား လာမရှာသေးသည်ကိုကြည့်လျှင် ရန်ကိုင်ရောက်နေမည့်နေရာ တစ်နေရာသာ ရှိပေတော့သည်။ ရန်ကိုင် ကျောက်တုံးဝိညာဉ်ကလန်ဆီသို့ ရောက်နေသည်ဟူသောအချက်ကို သူတို့အနေဖြင့် အတည်မပြုနိုင်သေးပါသော်ငြား ရန်ကိုင် ထိုနေရာသို့ ရောက်နိုင်ချေမှာ အလွန်ကိုမှ များပေသည်။
ဆုံးဖြတ်ပြီးသည့်နောက်တွင် နတ်အရှင်သုံးပါးလုံး တုံ့ဆိုင်းမနေကြတော့ဘဲ ကျောက်တုံးဝိညာဉ်ကလန်သားများ နေထိုင်ရာအရပ်ဆီသို့ ချက်ချင်းထွက်လာခဲ့လေသည်။ ရန်ကိုင်ရောက်လာမည်ကို ထိုင်စောင့်မနေနိုင်သည့်အတွက်ကြောင့် ရန်ကိုင်ကိုသာ သွားတွေ့ရပေတော့မည်။
သစ်လိုဏ်ဂူထဲ၌ သူခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ကိုကြည့်ရင်း ရန်ကိုင် ကျေနပ်တကြီးဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ ယခုတစ်ကြိမ် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းရသည်မှာ ယခင်ကထက် အများကြီး ပိုမိုလွယ်ကူနေခဲ့သည်။ အသိသာဆုံးအချက်မှာတော့ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာအတွက် ယူရသည့်အချိန်ပင် ဖြစ်လေသည်။ ယခု ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာ ရန်ကိုင်မှာ ယခင်က ယူခဲ့ရသည့်အချိန်၏ တစ်ဝက်ကိုသာ ယူခဲ့ရသည်။ ရန်ကိုင်ပိုအားကောင်းလာသည့်အတွက်ကြောင့် ထိုသို့ဖြစ်သွားခြင်းမဟုတ်။ ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် ထိုးထွင်းနားလည်မှုများ ပိုမိုနက်ရှိုင်းလာသည့်အတွက်ကြောင့်သာလျှင် ယခုကဲ့သို့ ဟင်းလင်းပြင်အစီအရင်ကို ပိုမိုမြန်ဆန်စွာ ခင်းကျင်းလာနိုင်ခဲ့ခြင်းဖြစ်လေသည်။
ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်လာခဲ့ပြီး ကြယ်စီရင်စုကို အုတ်မြစ်အဖြစ်အသုံးပြုကာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်တာရာကောင်းကင်အစိတ်အပိုင်းများစွာကို ဝါးမျိုပစ်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ အကျိုးကျေးဇူးများစွာကို ရရှိခဲ့ရသည်။ သူ၏ ကြယ်စီရင်စုသာလျှင် ပိုမိုကျယ်ပြန့်လာခဲ့ခြင်းမဟုတ် ရန်ကိုင်ကိုယ်တိုင်သည်လည်း လေဟာနယ်တာအိုအပေါ် ယခင်ကထက် ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်ခဲ့သည်။
အလားတူပင် လောကဓာတ်လုံး၏ ပြောင်းလဲသွားမှုနှင့် လောကဓာတ်လုံးထဲရှိ ကမ္ဘာငယ်လေး ကျယ်ပြန့်လာခြင်းသည် ရန်ကိုင်နားလည်ထားသော လေဟာနယ်တာအိုအပေါ် သက်ရောက်မှုရှိပေသည်။ ရန်ကိုင်အနေဖြင့် လေဟာနယ်တာအိုအပေါ် ပိုမိုနက်နက်ရှိုင်းရှိုင်းဖြင့် နားလည်လာနိုင်အောင် သေသေချာချာထိုင်ကာ ကျင့်ကြံမနေပါသော်ငြား လောကဓာတ်လုံး၏ ပြောင်းလဲသွားမှုကြောင့် မသိသာသော အကျိုးကျေးဇူးများကို အလိုလိုရရှိခဲ့ရသည်။ လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ထိုးထွင်းနားလည်မှုမှာ သိသိသာသာကို တိုးတက်လာခဲ့ကာ ယခုဆိုလျှင် ရန်ကိုင်မှာ နက်ရှိုင်းလှသည့် သဘောတရားတစ်မျိုးမျိုးကို ထိတွေ့မိနေပြီဟုပင် အလိုလို ခံစားနေမိလေသည်။ ထို့အတွက်ကြောင့် ပတ်ဝန်းကျင်အပေါ် သူ၏ရှုမြင်ပုံမှာလည်း ယခင်ကနှင့်မတူ အနည်းငယ်ကွဲပြားလာခဲ့သည်။
ဟင်းလင်းပြင်၏ ဝန်းရံထားခြင်း ခံရသည့်တိုင် ထိုဟင်းလင်းပြင်ထဲ သူသွားနိုင်သည့်လမ်းကြောင်းများ ရှိနေသည်ကို ရန်ကိုင်သတိထားမိပေသည်။ ရန်ကိုင်မှာ ဈာန်ဝင်စားနေသည့်အလား ထိုနေရာတွင်သာ မတ်တတ်ရပ်နေခဲ့လေ၏။
***