ဖန်းဝူမှာ သူ့ကိုယ်သူ နှိမ့်ချနေသည့်အတွက်ကြောင့် ရန်ကိုင်ကလည်း တစ်ဖက်လူအပေါ် တလေးတစားဖြင့် ပြန်လည်ပျူငှာ ဆက်ဆံရပေလိမ့်မည်။ ထိုအကြောင်းကြောင့် စားသောက်နေစဉ် အတောအတွင်း ရန်ကိုင်နှင့် ဖန်းဝူတို့မှာ ရယ်ရယ်မောမောဖြင့် ပြုံးရွှင်နေခဲ့ကြသည်။ လေးငါးခွက်လောက် သောက်ပြီးသည့် နောက်တွင် ဖန်းဝူသည် တမင်တကာပဲလား မရည်ရွယ်ဘဲလားမသိ မေးလိုက်လေ၏။ "ရောင်းရင်းရန်၊ မင်းဘာလို့ ရှေးဟောင်းကုန်းမြေကြီးဆီ ရောက်လာတာလဲ"
"ဒီအတိုင်း ဖြတ်သွားတာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။
"ဖြတ်သွားတာ ဟဲဟဲ" ဖန်းဝူ ရယ်သွမ်းသွေးလိုက်လေသည်။ ပြောစရာမလိုအောင်ပင် ရန်ကိုင် စကားကို ဖန်းဝူ မယုံသည်မှာ အသိသာကြီးပင်။ ရန်ကိုင်သည် မြောက်ဘက်နယ်မြေတွင် အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားခဲ့သည်။ ယခုသူရောက်နေသည့် နေရာမှာ အရှေ့ဘက်နယ်မြေ ဖြစ်လေရာ မည်ကဲ့သို့များ မြောက်ဘက်နယ်မြေမှ အရှေ့ဘက်နယ်မြေသို့ လမ်းကြုံဖြတ်သွားရပါမည်နည်း။
ဖန်းဝူ မသိသည်မှာတော့ ရန်ကိုင် အမှန်ကို ပြောနေခြင်း ဖြစ်သည်ကိုပင်။ ဟုန်းလော့ကြယ်စီရင်စုကြီးမှ ထွက်လာပြီးသည့်နောက် ရှေးဟောင်းကုန်းမြေကြီးထဲသို့ ရောက်လာသည်မှာ အမှန်တကယ်ကို မတော်တဆတစ်ခုသာ ဖြစ်လေသည်။ ဤနေရာသို့ ရောက်တုန်းရောက်ခိုက် ဟင်းလင်းပြင်အစီအရင်ကိုပါ တစ်ခါတည်း ခင်းကျင်းသွားရန် ရန်ကိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် တစ်နည်းဆိုရသော် ရန်ကိုင် ဤနေရာမှ ဖြတ်သွားသည်ဟု ပြောလိုက်ခြင်းမှာ အမှန်ပင်ဖြစ်လေ၏။
ကံမကောင်းစွာဖြင့် ရန်ကိုင် စကားများကို ဖန်းဝူကမူ အလိမ်အညာဟုသာ မှတ်ယူထားခဲ့သည်။ ရန်ကိုင်သည် မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခုဖြင့် ဤနေရာသို့ ရောက်နေသည်ဟူသော ထိုအထင်ကိုလည်း ဖန်းဝူ ပိုမိုယုံကြည်လာမိတော့သည်။ ရန်ကိုင်ကိုသာ သူတို့ ရှေးဟောင်းတောအုပ်ကြီးထဲ လျှောက်သွားခွင့် ပြုလိုက်မည်ဆိုပါက သူတို့ လက်အောက်တွင် ရှိနေသော မွန်းစတားဘုရင်အားလုံး ရန်ကိုင် လက်အောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြပေလိမ့်မည်။ နတ်အရှင်များမှာ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်ကဲ့သို့များ ခွင့်ပြုနိုင်ပါမည်နည်း။
"ရောင်းရင်းဖန်း၊ ပြောစရာရှိရင် ပြောလိုက်" ရန်ကိုင်သည် ဖန်းဝူကို ကြည့်ရင်းမှ ပြောလိုက်သည်။ လက်ရှိ ဖန်းဝူ၏ လုပ်ပုံမှာ အတော်လေးကိုမှ သံသယဝင်စရာ ကောင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ထိုအတွက်ကြောင့် မျက်မှောင်ကြုတ်၍ ပြောလိုက်လေ၏။ "ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေနဲ့”
[မင်းကသာ ဝေ့လည်ကြောင်ပတ် လုပ်နေတာကွ] နတ်အရှင်သုံးပါးစလုံး စိတ်ထဲမှနေ၍ ကြိတ်ကာ ညည်းတွားလိုက်ကြသည်။ လွမ်ဖုန်းဆိုလျှင် ရန်ကိုင်အား မျက်စောင်းပင် ထိုးလာခဲ့သည်။ အခြားလူတစ်ဦးသာ သူတို့အား ယခုကဲ့သို့ လာပြောမည်ဆိုလျှင် တစ်ခါတည်း သေသွားအောင် ရိုက်သတ်ပစ်လိုက်ပေပြီ။ သို့သော်ငြား ရန်ကိုင်မှာ အလားအလာရှိသည့် လူတစ်ဦးဖြစ်သလို ကောင်းကင်အမိန့်တော်မျိုးဆက်၏ ထောက်ခံမှုကို ရရှိထားသည့် လူတစ်ဦးလည်းဖြစ်သည်။ ထိုအတွက်ကြောင့် ရန်ကိုင်အပေါ် ဒေါသထွက်သည့်တိုင် ရန်ကိုင်အား ဘာမျှ သွားမလုပ်ရဲခဲ့ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် ဖန်းဝူက ရယ်သွမ်းသွေး၍သာ ပြန်ပြောလိုက်လေသည်။ "ရောင်းရင်းရန်၊ မင်း မြောက်ဘက်နယ်မြေမှာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ထားတယ်ဆို၊ ငါတို့က ရှေးဟောင်းတောအုပ်ကြီးထဲမှာပဲ တစ်ချိန်လုံး ရှိနေတာဆိုတော့ မင်းကို လာပြီးတော့ ဂုဏ်မပြုမိလိုက်ဘူးကွ"
ရန်ကိုင်က လက်ဝှေ့ယမ်းလျက်... "မလိုပါဘူး ရောင်းရင်းဖန်းရယ်၊ အဲဒီဂိုဏ်းက အဲလောက်ကြီး ဟုတ်တာမှမဟုတ်တာ၊ ရောင်းရင်းဖန်းတို့ အခုနေနေရတဲ့ ဘဝမျိုးနဲ့ဆို တခြားစီပဲ၊ ရောင်းရင်းဖန်းတို့မှာဆိုရင် ရတနာတွေကလည်း အပုံလိုက်ကြီး အားကောင်းတဲ့ လက်အောက်ငယ်သားတွေကလည်း အများကြီးပဲ"
ရန်ကိုင် အမှန်ကို ပြောနေခြင်းသာ ဖြစ်လေသည်။ ရှေးဟောင်းတောအုပ်ကြီးမှာ စွမ်းအားများဖြင့် ပြည့်နေသည့် အန္တရာယ်များသည် နေရာတစ်ခု ဖြစ်ပါသော်ငြား ဤနေရာတွင် အဖိုးတန်ရတနာပေါင်းများစွာ ရှိကြပေသည်။ လောကကြီးတွင် မတွေ့ရသော အမျိုးမျိုးသော ဆေးပင်များ ရှားပါးသတ္တုရိုင်းများကို ဤနေရာ၌ ရှာတွေ့နိုင်ကြသည်။ ထိုအပြင် နတ်အရှင်သုံးပါး၏ လက်အောက်၌ အားကောင်းလှသော မွန်းစတားဘုရင်များလည်း ရှိနေကြပေသေးသည်။
ထက်ကောင်းကင်နန်းတော်ကိုသာ ရှေးဟောင်းတောအုပ်ကြီးထဲ၌ တည်ထောင်လိုက်မည်ဆိုလျှင် နှစ်တစ်ရာအတွင်း ကြယ်တာရာအစုအဝေး၏ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်းအပါအဝင် ဖြစ်လာနိုင်ပေလိမ့်မည်။
သို့ရာတွင် ရန်ကိုင်၏ စကားများမှာ နတ်အရှင်သုံးပါးအား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။ [ဒီကောင် ဘာပြောချင်တာလဲ၊ ငါတို့လက်အောက်က မွန်းစတားဘုရင်တွေကို မျက်စောင်းလာထိုးနေတာတော့ မဟုတ်ပါဘူးနော်၊ ဘာလဲ ဒီကောင် ငါ့ပိုင်နက်ကို လာလုချင်နေတာလား၊ အဲဒါဆိုရင်တော့ လွန်သွားပြီ]
ရန်ကိုင်၏ စကားအတိမ်အနက်ကို သူတို့ဘာသာသူတို့ အဓိပ္ပာယ်ဖော်ထုတ်လိုက်ပြီးသည့်နောက် နတ်အရှင်သုံးပါး၏ မျက်နှာ သုန်မှုန်သွားကုန်ကြလေသည်။ ဆက်ပြောနေ၍လည်း ပြဿနာပိုတက်လာမည့် အရေးသာ ရှိတော့သည့်အတွက်ကြောင့် ဖန်းဝူမှာ အပိုစကားများ ပြောမနေတော့ဘဲ စားပွဲပေါ်၌ သိုလှောင်လက်စွပ် ကိုးကွင်းကို ချ၍ ရန်ကိုင် အရှေ့သို့ တွန်းပို့ပေးလိုက်လေသည်။ သူမ နှုတ်ခမ်း အထက်ရှိ အပြုံးမှာတော့ တစ်ကြိမ်တစ်ခါမျှပင် ပျောက်ကွယ်သွားခဲ့ခြင်း မရှိခဲ့။
ရန်ကိုင်သည် သိုလှောင်လက်စွပ် သုံးကွင်းကို ကြည့်လိုက်ပြီးသည့်နောက် နတ်အရှင်သုံးပါးကို ပြန်ကြည့်၍ အူကြောင်ကြောင်အမူအရာဖြင့် ပြန်မေးလိုက်သည်။ "ဒါတွေက ဘာတွေလဲ"
ဖန်းဝူက ပြုံး၍... "ရောင်းရင်းရန်၊ မင်း အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ မကြာသေးဘူးမလား၊ ဒီတော့ ငွေရေးကြေးရေး လိုအပ်တာတွေ ရှိဦးမှာပေါ့၊ ငါတို့ကလည်း မင်း အဲဒီဂိုဏ်းကို တည်ထောင်တဲ့နေရာမှာ ဘာမှမကူညီပေးနိုင်ဘူးလေ၊ ဒီတော့ ဒါလေးတွေကိုတော့ ဂုဏ်ပြုလက်ဆောင်အဖြစ် လက်ခံထားလိုက်ပေါ့ကွာ၊ ငြင်းမနေပါနဲ့ ဒါ ငါတို့ မင်းကို လေးစားလို့ ပေးတဲ့လက်ဆောင်တွေပဲ၊ မင်းရဲ့ဂိုဏ်းကို ငါတို့ဘက်က နည်းနည်းပါးပါးလေး ဝင်ပြီး ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့"
[တကယ်ကြီးလား] ရန်ကိုင် အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေလေပြီ။ ရန်ကိုင် လွမ်ဖုန်းအား သွားပြဿနာရှာရန် စဉ်းစားထားသည်မှာ အမှန်ပင် ဖြစ်လေသည်။ လွမ်ဖုန်းနှင့် တွေ့လျှင် မည်ကဲ့သို့ စကားပြောရမလဲဆိုသည်ကိုပင် ကြိုတင်စဉ်းစားထားပြီးသွားခဲ့လေပြီ။ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာ အဖိုးတန်ပစ္စည်းများစွာကိုလည်း အသုံးပြုခဲ့ရသည့်အတွက်ကြောင့် ထိုအဖိုးတန်ပစ္စည်းအားလုံးကို လွမ်ဖုန်းမှ ပြန်ပေးရမည်ဟု ရန်ကိုင်မှ ပြောရန် စဉ်းစားထားခြင်းပင်ဖြစ်လေသည်။ လွမ်ဖုန်းမှသာ သူကျေနပ်လောက်မည့် တန်ကြေးကို ပြန်မပေးလျှင် ရန်ကိုင် ဤနေရာမှ ထွက်သွားလိမ့်မည် မဟုတ်ပေ။
ကြယ်တာရာအစုအဝေးထဲတွင် ရန်ကိုင် ခင်းကျင်းခဲ့သော ဟင်းလင်းပြင်အစီအရင်များအနက် နှစ်ခုမှာ ဖျက်ဆီးခံလိုက်ရသည်။ တစ်ခုကို လွမ်ဖုန်းမှာ ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ကျန်တစ်ခုကို သံမဏိသွေးမဟာဧကရာဇ်မှ ဖျက်ဆီးလိုက်ခြင်း ဖြစ်လေသည်။ ရန်ကိုင်မှာ သံမဏိသွေးမဟာဧကရာဇ်အား သွား၍ ပြဿနာမရှာရဲသည့်အတွက်ကြောင့် သူ့ဒေါသ အားလုံးကို လွမ်ဖုန်းပေါ်သို့ စုပုံချရုံသာ တတ်နိုင်တော့လေသည်။
သို့သော်ငြား ယခုကိစ္စသည် သူနှင့် လွမ်ဖုန်းအကြားမှ ပြဿနာဖြစ်ပြီး ဖန်းဝူ၊ ချန်ကွော့တို့နှင့် ဘာမျှမဆိုင်ပေ။ ထိုအပြင် သူနှင့် လွမ်ဖုန်းမှာ ရန်သူများ မဟုတ်ကြ။ ယခင်က ရန်ကိုင်မှ လွမ်ဖုန်း၏ အကူအညီကို ငှားရမ်းယူခဲ့ရသည့်အတွက်ကြောင့် လွမ်ဖုန်းအား ပြဿနာရှာမည်ဆိုလျှင်ပင် လွန်လွန်ကျူးကျူးတော့ လုပ်လိမ့်မည်မဟုတ်။ လွမ်ဖုန်းဆီမှ တန်ရာတန်ကြေးအချို့ ပြန်ရသရွေ့ ထိုကိစ္စကို ကြေအေးပေးလိုက်၍ ရပေသည်။ တကယ်တော့ ရန်ကိုင်သည် အကျိုးသင့်အကြောင်းသင့် ပြော၍မရသည့် လူတစ်ဦးမှ မဟုတ်လေဘဲ။
သို့သော်ငြား သူ့ဘက်မှ ဘာမျှမတောင်းဆိုရသေးခင်မှာပင် လွမ်ဖုန်းသည် သူမဘာသာသူမ သူ့ဆီသို့ ရောက်လာပြီး ယခုကဲ့သို့ လက်ဆောင်များကို လာပေးလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို ထင်မထားခဲ့။ ထိုအပြင် သူ့အား လက်ဆောင်လာပေးသည့်လူမှာလည်း လွမ်ဖုန်းတစ်ဦးတည်းပင် မဟုတ်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့် နတ်အရှင်သုံးပါးစလုံး ဖြစ်နေခဲ့သည်။
[ထူးဆန်းလိုက်တာ၊ ဒီလူတွေ အကြောင်းအရင်းမရှိဘဲနဲ့တော့ ငါ့ကို အခုလိုမျိုး လက်ဆောင်တွေ အလကားသက်သက် လာပေးမှာ မဟုတ်ဘူး]
သူ့အရှေ့တွင် ရှိနေသည့် သိုလှောင်လက်စွပ် ကိုးကွင်းမှာ နတ်အရှင်သုံးပါး၏ ပိုင်ဆိုင်မှုများမှန်း ရန်ကိုင် သိထားပေသည်။ တစ်ယောက်ချင်းစီသည် သိုလှောင်လက်စွပ် သုံးကွင်းစီ ပေးလာကြခြင်းဖြစ်လေသည်။
[ဒါ ထောင်ချောက်များလား] ယနေ့အဖြစ်အပျက်များသည် အလွန်ကိုမှ ထူးဆန်းလွန်းလှသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားနေရလေသည်။ ဖန်းဝူနှင့် အခြားသူများမှာ သူ့အပေါ် အလွန်ကိုမှ ဖော်ရွေလွန်းနေခဲ့သည်။ ရှင်းရှင်းပြောရလျှင် မျက်စိဆံပင်မွေးစူးလောက်အောင်ပင် ဖော်ရွေပြလွန်းနေခြင်း ဖြစ်ပေသည်။
ယနေ့အဖြစ်အပျက်သည် ထောင်ချောက်တစ်ခု ဖြစ်နေပြီဆိုလျှင်ပင် ရန်ကိုင်မှာတော့ သိုလှောင်လက်စွပ်ထဲ၌ မည်ကဲ့သို့သော ပစ္စည်းများ ရှိနေသလဲဆိုသည်ကို သွားရောက် မစစ်ဆေးဘဲ မနေနိုင်ခဲ့ပေ။ ထိုအတွက်ကြောင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းကို မျက်လုံးပြူးသွားတော့လေ၏။ [အရင်းအမြစ်ကျောက်တွေ အများကြီးပဲ]
အထဲ၌ အရင်းအမြစ်ကျောက် မည်မျှများများ ရှိနေသလဲဆိုသည်ကို ရေတွက်ဖို့ရာပင် မဖြစ်နိုင်တော့ပေ။ သိုလှောင်လက်စွပ်တစ်ကွင်းလုံးမှာ အလယ်အလတ်အဆင့်နှင့် အထက် အရင်းအမြစ်ကျောက်များဖြင့် ပြည့်နေခဲ့သည်။ အဆင့်မြင့် အရင်းအမြစ်ကျောက်ဆိုလျှင် သန်းတစ်ရာနီးပါးခန့် ရှိနေလေသည်။
ရန်ကိုင်မှာ အသာအယာ ချောင်းဟန့်ရင်းမှ နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူ စစ်ဆေးကြည့်လိုက်သည်။ ထိုသိုလှောင်လက်စွပ်ထဲတွင်တော့ မရေမတွက်နိုင်အောင် များပြားလှသော ပန်းများ ဆေးပင်များဖြင့် ပြည့်နေလေ၏။ ထို့အပြင် ဆေးပင်ပန်းပင် တစ်ပင်ချင်းစီ၏ သက်တမ်းမှာလည်း အတော်လေးကိုမှ မြင့်ပေသည်။ တတိယ သိုလှောင်လက်စွပ်ထဲတွင်မူ ရှားပါးသတ္တုများ ရှိနေလေသည်။
အရင်းအမြစ်ကျောက်များ၊ ဆေးပင်များ၊ သတ္တုများနှင့် မွန်းစတားအမြုတေများ ထိုအရာများသည် ရှေးဟောင်းတောအုပ်ကြီးထဲတွင်သာ ပေါပေါသောသော ရနိုင်သည့် အရာများဖြစ်ကြသည်။ ကံမကောင်းစွာဖြင့် ပထမသုံးမျိုးမှာ မွန်းစတားမျိုးနွယ်စုဝင်များအတွက် အသုံးမဝင်ကြပေ။ အရင်းအမြစ်ကျောက်များနှင့် သတ္တုများသည် မွန်းစတားမျိုးနွယ်စုဝင်များအတွက် လုံးဝကို အသုံးမဝင်ပေ။ မွန်းစတားမျိုးနွယ်စုဝင်များသည် မိုးမြေစွမ်းအင်ကိုသာ စုပ်ယူပြီး သူတို့ စုဆောင်းထားသော မိုးမြေစွမ်းအင်အပေါ် မူတည်၍ သူတို့ကိုယ်သူတို့ အားကောင်းအောင် လုပ်ကြခြင်းဖြစ်လေသည်။
ဆေးပင်များမှာ မွန်းစတားမျိုးနွယ်စုဝင်များအတွက် အနည်းအကျဉ်း အသုံးဝင်ပါသော်ငြား ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့် မည်သူမျှ ဆေးပညာအကြောင်းကို မသိကြပေ။ ထိုအကြောင်းကြောင့် မွန်းစတားမျိုးနွယ်စုဝင်များမှာ ဆေးပင်များကို အစိမ်းလိုက်သာ ဝါးစားကြသဖြင့် ဆေးပင်၏ တကယ့် အာနိသင်အပြည့်အဝကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိချေ။ သို့သော်ငြား မွန်းစတားအမြုတေများမှာမူ မွန်းစတားမျိုးနွယ်စုဝင်များအတွက် အမှန်တကယ်ကို အသုံးဝင်ပေသည်။ မွန်းစတားအမြုတေများကို စားသုံးလိုက်မည်ဆိုလျှင် သူတို့၏ ခွန်အားကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်နိုင်ပေသည်။
သို့ရာတွင် ရန်ကိုင် ရှေးဟောင်းကုန်းမြေကြီးထဲသို့ ယခင်တစ်ကြိမ် လာရောက်စဉ်က မွန်းစတားမျိုးနွယ်စုဝင်များဆီမှ မွန်းစတားအမြုတေပေါင်းများစွာကို တောင်းယူသွားခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ ယခုတစ်ကြိမ်၌ မွန်းစတားအမြုတေများစွာကို ထုတ်မပေးနိုင်တော့ဘဲ မွန်းစတားအမြုတေများအစား သတ္တုများဖြင့်သာ အစားထိုးပေးရတော့သည်။
နတ်အရှင်တစ်ပါးချင်းစီတိုင်းသည် ထိုပစ္စည်းများကို သိုလှောင်လက်စွပ် သုံးကွင်းထဲ ခွဲကာ ထည့်ပေးလာခဲ့ကြခြင်းဖြစ်ပေသည်။
ရန်ကိုင် ယခင်တစ်ကြိမ် ရှေးဟောင်းတောအုပ်ကြီးထဲမှ ယူသွားသည့် ပစ္စည်းများမှာ လက်ရှိ သိုလှောင်လက်စွပ် ကိုးကွင်းထဲတွင် ရှိနေသည့် ပစ္စည်းများထက် အဆပေါင်းများစွာ ပိုများပေသည်။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်မှာ နတ်အရှင်များနှင့် သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲခဲ့ကြခြင်းဖြစ်ပေသည်။ နောက်ဆုံးမှ ကျန်းရို့ရှီ၏ သွေးမျိုးဆက် နိုးထသွားခဲ့ပြီး ကောင်းကင်အမိန့်တော်၏ မျိုးဆက်ဖြစ်လာမှသာလျှင် နတ်အရှင်များ မာန်လျှော့ခဲ့ရခြင်းဖြစ်လေသည်။ ကောင်းကင်အမိန့်တော်၏ မျိုးဆက်ကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်ပမာ အလွန်ကိုမှ စိုးရိမ်လာခဲ့ကြကာ ရန်ကိုင်ဒေါသ ပြေသွားစေရန်အတွက် ရန်ကိုင်အား မြောက်မြားလှစွာသော လျော်ကြေးများ ပေးတော့၏။
ယနေ့တွင်တော့ နတ်အရှင်သုံးပါးမှာ ရန်ကိုင် ဤနေရာမှ မြန်မြန်ထွက်သွားစေလိုသည့်အတွက်ကြောင့် လက်ဆောင်များ လာပေးခြင်းဖြစ်လေရာ ယူလာသည့် လက်ဆောင်ပမာဏမှာ သူတို့လာရင်းရည်ရွယ်ချက်နှင့် အတော်လေးကိုမှ သင့်လျော်သည်ဟု ပြော၍ ရပေသည်။
[အချိန်ကိုက်ပဲ၊ ငါလည်း ဒါတွေကို လိုနေတာ] လက်ရှိအချိန်တွင် လောကဓာတ်လုံးထဲ၌ အထက်ကောင်းကင်နန်းတော်ထဲ၌ နေဖို့ရာ စောင့်ဆိုင်းနေကြသော လူပေါင်းသိန်းနှင့်ချီကာ ရှိနေကြသည်။ ထိုလူများသည်သာ အထက်ကောင်းကင်နန်းတော်ထဲ၌ အခြေကျသွားမည်ဆိုလျှင် ဂိုဏ်း၏ တစ်နေ့တစ်နေ့ ကုန်ကျစရိတ်မှာ အလွန်ကိုမှ များပြားလာပေလိမ့်မည်။
ရန်ကိုင်မှာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ရောက်စဉ်က လီကျောက်အား တစ်ရာ့ရှစ်မျိုး ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ကို ခင်းကျင်းခိုင်းရန်အတွက် သူနှင့် အတူ ပါသွားခဲ့သော အရင်းအမြစ်ကျောက်အားလုံးကို အသုံးပြုခဲ့ရသည်။ ထိုအတွက်ကြောင့် လတ်တလောတွင် ရန်ကိုင်မှာ အရင်းအမြစ်ကျောက်များကို ပြတ်လပ်နေပေသည်။
ပြောစရာမလိုအောင်ပင် ဟွာချင်းစီ၌ ရန်ကိုင် ပေးထားခဲ့သော အရင်းအမြစ်ကျောက်များ ကျန်ရှိနေပေသေးသည်။ ထိုအပြင် အထက်ကောင်းကင်နန်းတော်နှင့် တောင်ဘက်နယ်မြေကြား စီးပွားရေးလမ်းကြောင်းမှာ ပွင့်ဖို့ရာ မကြာတော့ပေ။ ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ထက်ကောင်းကင်နန်းတော်အတွက် အရင်းအမြစ်ကျောက်များ ရှားပါးလာတော့လိမ့်မည်မဟုတ်။ သို့ပင်ဖြစ်လင့်ကစား ယခု နတ်အရှင်များ ပေးလာသည့် အရင်းအမြစ်ကျောက်များကြောင့် ရန်ကိုင်မှာ ထက်ကောင်းကင်နန်းတော်၏ တပည့်များ ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ်ကျောက်များ မရှိမည်ကို လတ်တလောအတွက်တော့ စိတ်ပူစရာ မလိုတော့ပေ။
"ဒါတွေက ကျုပ်အတွက်လား" ရန်ကိုင် တံတွေးတစ်လုတ် မျိုချလိုက်သည်။
ဖန်းဝူက ရယ်မောလျက်... "ရောင်းရင်းရန်ဆီ ပေးပြီးသွားပြီပဲ ဘယ်လိုလုပ်ပြီး ပြန်တောင်းလို့ ဖြစ်ပါတော့မလဲ"
"ဟုတ်တယ်၊ ရောင်း ရောင်းရင်းရန်၊ ငါတို့ကို ရှက်အောင် မလုပ်စမ်းပါနဲ့ကွာ" ချန်ကွော့လည်း အလိုက်တသင့် ဝင်ပြောလိုက်လေသည်။ [အဟမ်း၊ ဒီကောင့်ကို ရောင်းရင်းရန်လို့ ခေါ်ရတာကွာ တော်တော် စိတ်ကသိကအောက် ဖြစ်စရာ ကောင်းလိုက်တာကွာ]
"မောင်လေးရန်၊ ကျေးဇူးပြုပြီး မငြင်းပါနဲ့လား" လွမ်ဖုန်းကလည်း ယဲ့ယဲ့လေး ပြုံးရင်းမှ ဝင်ပြောလိုက်သည်။
"အဲဒီလိုဆိုမှတော့" ရန်ကိုင်မှာ အပြုံးကြီးကို ပြုံးရင်းမှ သိုလှောင်လက်စွပ် ကိုးကွင်းကို အမြန်ကောက်သိမ်းလျက် ရယ်မောကာ ပြောလိုက်လေသည်။ "ဂျူနီယာကလည်း ငြင်းလို့ ဘယ်ဖြစ်ပါတော့မလဲ ဟဲဟဲဟဲ"
[သူတို့ ဘာကြံကြံ ဘယ်သူ ဂရုစိုက်မှာလဲ၊ အရင်ဆုံး ဒါတွေကို ယူသွားပြီးတော့ပဲ နောက်မှပဲ စိတ်ပူတော့မယ်၊ ဘာပဲဖြစ်ဖြစ် ငါကလည်း ဒါတွေကို လိုနေတာပဲဟာကို၊ ပြီးတော့ ဒါတွေက သူတို့အတွက်လည်း အသုံးဝင်တာ မဟုတ်ဘူး၊ ဒါတွေနဲ့ဆိုရင် ငါလတ်တလော ကြုံနေရတဲ့ ပြဿနာက တော်တော်လေး အေးသွားပြီ၊ ဒီရှေးဟောင်းတောအုပ်ကြီး တစ်ခုလုံးကိုသာ ထက်ကောင်းကင်နန်းတော်ရဲ့ ရတနာဂိုဒေါင်အဖြစ် ပြောင်းပစ်လို့ရမယ်ဆိုရင်ကွာ၊ တကယ်ကို အဆင်ပြေသွားမှာ]
ရန်ကိုင်က အပြုံးကြီးပြုံးရင်းမှ ပြောလိုက်လေသည်။ "အခုလိုမျိုး ကူညီပေးတဲ့အတွက် ခင်ဗျားတို့အားလုံးကို တကယ် ကျေးဇူးတင်တယ်ဗျာ၊ ရှင်းရှင်းပြောရရင် ကျုပ် ခင်ဗျားတို့သုံးယောက်နဲ့ သွေးသောက် ညီအစ်ကိုမောင်နှမတွေတောင် ဖြစ်ချင်သွားပြီ၊ မွေးတဲ့ရက်ကတော့ မတူဘူးပေါ့၊ ဒါပေမဲ့ အခက်အခဲတွေ အခွင့်အလမ်းတွေကို အတူတကွ မျှဝေခံစားလို့ရတယ်လေ၊ ဟုတ်တယ်မလား ခင်ဗျားတို့သုံးယောက်ရော ဘယ်လိုထင်လဲ"
"ဟမ်" ခေါင်းစဉ်မှာ ရုတ်ချည်းဆိုသလို လျင်မြန်စွာ ပြောင်းလဲသွားသည့်အတွက်ကြောင့် လွမ်ဖုန်းမှာ အံ့အားသင့်တကြီး ဖြစ်သွားခဲ့လေသည်။ ဖန်းဝူနှင့် ချန်ကွော့တို့မှာလည်း မျက်မှောင်ကြုတ်နေကြသည်။
"ခစ်ခစ်" အကြီးအကဲ၏ ပခုံးပေါ်တွင် ထိုင်နေသည့် မူနမှာတော့ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ထရယ်တော့လေ၏။
[ဒီကောင် တကယ်ကြီး ပြောနေတာလား၊ ဒါမှမဟုတ် နားမလည်ချင်ယောင်ပဲ ဆောင်နေတာလား၊ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို ပြောနိုင်ရတာလဲ]
"အမ်" ဖန်းဝူမှာ အတော်လေးကိုမှ စကားရည်လည်သည့် လူတစ်ဦး ဖြစ်သည့်တိုင် ယခုအချိန်တွင်တော့ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။ [ဒီကောင် တကယ်ကို အရှက်မရှိတဲ့ကောင်ပဲကွ၊ ဘယ်လိုလုပ်ပြီး ဒီလိုမဟုတ်တရုတ် စကားမျိုးတွေကို ပြောရဲရတာလဲ၊ နတ်သားရဲတွေနဲ့ သွေးသောက်ညီအစ်ကိုမောင်နှမတွေဖြစ်ဖို့ ဒီကောင်မှာ အလားအလာရှိတာတော့ မငြင်းပါဘူး၊ အလားအလာက ငါတို့ထက်တောင် ပိုကောင်းရင်ကောင်းနိုင်သေးတယ်၊ ဒါပေမဲ ဒီကောင်က ငါတို့အဆင့်ရောက်တဲ့အထိ အသက်ရှင်နိုင်မှာမလို့လား၊ သေသွားတဲ့ ပါရမီရှင်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့လို့လည်း ဘာမှအသုံးဝင်တာ မဟုတ်ဘူး]
***