သူမသည်သာ ရန်ကိုင်၏ကမ်းလှမ်းချက်ကို သဘောတူလိုက်မည်ဆိုလျှင် သူတို့ဘက်မှသာ နစ်နာသွားရပေလိမ့်မည်။ သွေးသောက်ညီအစ်ကိုများ ဖြစ်သည့်အလျောက် သူတို့အနေဖြင့် ထက်ကောင်းကင်နန်းတော်၏ ကိစ္စများကို ဝင်ရောက်ကူညီပေးရပေလိမ့်မည်။ လိုအပ်လာလျှင် ရန်ကိုင်ကို ကူညီပေးရန်အတွက် သူတို့၏ လက်အောက်ငယ်သားများ ဖြစ်ကြသော မွန်းစတားဘုရင်များကိုပင်လျှင် စေလွှတ်ပေးရနိုင်ပေသည်။ ဤသည်မှာ နတ်အရှင်များ စိတ်အပူရဆုံး ကိစ္စတစ်ရပ်ဖြစ်သည်။ သူတို့လက်အောက်ရှိ မွန်းစတားဘုရင်များ ရန်ကိုင်ဆီသို့ ရောက်သွားမည်စိုးသည့်အတွက်ကြောင့် ယခုကဲ့သို့ တကူးတကလာ၍ လက်ဆောင်များ ပေးနေခဲ့ရလေရာ ရန်ကိုင်၏တောင်းဆိုချက်ကို သူတို့အနေဖြင့် မည်သို့များ သဘောတူနိုင်ပါမည်နည်း။
ရယ်မောပျော်ရွှင်ဖွယ်ကောင်းသည့် အခြေအနေမှာ ရုတ်ချည်းဆိုသလို ကသိကအောက်ဖြစ်သွားတော့လေသည်။
ရန်ကိုင်သည် နတ်အရှင်များ၏ တုံ့ပြန်မှုကို သေသေချာချာကို အကဲခတ်လေ့လာကြည့်နေလေရာ ထိုလူများ ဘာတွေးနေသလဲဆိုသည်ကို မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ထို့အတွက်ကြောင့် စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်လေသည်။ (နောက်ဆုံးတော့လည်း ငါ့ခွန်အားငါ အားကိုးရုံပဲရှိတော့မယ် ... ဒီကောင်တွေ ငါ့ကို အထင်သေးနေသေးတာပဲ ... မဟုတ်ရင် အခုလိုပုံစံမျိုး လုပ်ပြနေမှာမဟုတ်ဘူး ...)
ရန်ကိုင်မှာ ထိုစကားများကို ဤအတိုင်းပြောလိုက်ခြင်းသာ ဖြစ်ပေသည်။ တကယ်ကြီးပြောလိုခြင်းတော့မဟုတ်။ ရန်ကိုင်အနေဖြင့် ရှေးဟောင်းတောအုပ်ကြီးကို လိုချင်သည်မှာလည်း ဤနေရာတွင်ရှိနေသော မြောက်မြားလှစွာသော အရင်းအမြစ်များကြောင့်သာ ဖြစ်ပေသည်။ သို့သော်ငြား တစ်ဖက်လူက လက်မခံချင်ဘဲနှင့် ရန်ကိုင်ဘက်မှ မည်ကဲ့သို့များ အတင်းသွားတွန်းအားပေးနေ၍ ရပါမည်နည်း။ ရန်ကိုင်ကိုယ်တိုင်ကမူ သူ့ကိုယ်သူ ထိုနတ်အရှင်သုံးပါးအောက် နိမ့်ကျသည်ဟု မယုံကြည်ပေ။ နဂါးကျွန်းထဲသို့ အတင်းတိုးဝင်သွားပြီး ပြန်ထွက်လာနိုင်သည့် သူ့ကဲ့သို့သောလူတစ်ဦးသည် မည်ကဲ့သို့များ အထင်ကြီးစရာမကောင်းဘဲ ရှိပါမည်နည်း။
ရန်ကိုင်က သည်းလှိုက်အူလှိုက်ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ဒီတိုင်းနောက်လိုက်ရုံပါပဲ ... စိတ်ထဲမထားပါနဲ့ ...”
ဖန်းဝူသည် နဖူးထက်တွင်ဝေ့သီလာသော ချွေးအေးများကိုသုတ်၍ အားတင်းပြုံးကာ “ရောင်းရင်းရန်က တကယ်ကို အရွှန်းဖောက်တတ်တဲ့လူပဲနော် ... လာ လာ ... နောက်တစ်ခွက်လောက်သောက်ကြရအောင် ...” ပြောရင်းနှင့်မှ လွမ်ဖုန်းနှင့် ချန်ကွော့တို့အား မသိမသာလေး မျက်စပစ်ပြလိုက်သည်။
နောက်ထပ် လေးငါးခွက်လောက် သောက်ပြီးသည့်နောက်တွင် ကသိကအောက်ဖြစ်နေသည့် အခြေအနေမှာ သိသိသာသာကို ပြေလျော့သွားခဲ့လေသည်။ နောက်ဆုံး ညနေစောင်းလာသည့် အခါမှသာလျှင် ဖန်းဝူနှင့်အခြားသူများ ထွက်သွားကုန်ကြလေ၏။
ရန်ကိုင်က နွေးထွေးစွာဖြင့် ကမ်းလှမ်းလိုက်လေသည်။ “ကျုပ် လိုက်ပို့ပေးမယ်လေ ...”
“မလိုပါဘူး ...” ဖန်းဝူက အလျင်စလိုပြန်ပြောလိုက်သည်။ “ငါတို့ဘာသာပဲ သွားလိုက်ပါမယ် ... အေးအေးဆေးဆေးနား ရောင်းရင်းရန် ...” (ဒီကောင်သာအပြင်ထွက်လာလို့ မွန်းစတားဘုရင်တွေသာမြင်သွားရင် ပြဿနာတက်ကုန်မှာ ...)
“ကောင်းပြီလေ ...” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
“အင်း ... ဂရုစိုက်ဦးနော် ရောင်းရင်းရန် ...” ဖန်းဝူက ပြုံး၍ ပြန်ပြောလိုက်သည်။ “အကြီးအကဲနှင့် မူနတို့အား နှုတ်ဆက်စကားဆိုပြီးသည့်နောက်တွင် ဖန်းဝူသည် လွမ်ဖုန်း၊ ချန်ကွော့တို့နှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။
ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်ရင်းမှ အော်ပြောလိုက်သည်။ “ဒီနေ့အတွက်တော့ တကယ်ကို ကျေးဇူးပဲနော် ... နောက်ပိုင်းကျ ဒီကျေးဇူးကြွေးကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ပြန်လာခဲ့မယ် ... ခင်ဗျားတို့ခရီးလမ်း အဆင်ပြေပါစေဗျာ ...”
ကောင်းကင်ပေါ်သိုပျံတက်ကာ ထွက်သွားရန် ကြံနေကြသည့် ဖန်းဝူနှင့် အခြားသူများမှာ ရန်ကိုင်စကားကြောင့် ဒယီးဒယိုင်ဖြစ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။ ဖန်းဝူမှာ သူ့စိတ်ကို တည်ငြိမ်သွားအောင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရပြီး လွမ်ဖုန်းမှာတော့ ရန်ကိုင်အား စူးရဲစွာ တစ်ချက်စိုက်ကြည့်သွားခဲ့သည်။
ထို့နောက်တွင် သုံးဦးစလုံး အလင်းတန်းအသွင်သို့ပြောင်း၍ ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။ ရန်ကိုင်သည် လွမ်ဖုန်းတို့ထွက်သွားသည့်အရပ်ကိုကြည့်ရင်း မျက်မှောင်ကြီးကျုံ့ကာ အတွေးနက်နေခဲ့လေသည်။ ထို့နောက် ခေါင်းကိုကုတ်ရင်းမှ မေးလိုက်လေ၏။ “ထူးဆန်းလိုက်တာ ... သူတို့ ဘာဖြစ်လို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ ...”
“ခစ် ခစ် ...” မူန ထရယ်တော့သည်။ အလားတူပင် အကြီးအကဲမှာလည်း ပါးစပ် နားရွက်တက်ချိတ်မတတ်ပြုံးရင်းမှ ရယ်မောလိုက်လေ၏။
ရန်ကိုင်သည် အကြီးအကဲဘက်သို့လှည့်၍ မေးလိုက်လေ၏။ “အကြီးအကဲ ... ခေါင်းဆောင်မူန ... အဲ့သုံးယောက် ဘာကြံနေကြတာလို့ထင်လဲ ... သူတို့ဘာသာသူတို့ ဒီနေရာဆီ တကူးတကကြီးလာပြီးတော့ လက်ဆောင်တွေလာပေးတယ် ... ကျုပ်တို့က အဲ့လောက်ရင်းနှီးတာလဲမဟုတ်ဘူး ...”
(ငါနဲ့ရင်းနှီးတာဆိုလို့ လွမ်ဖုန်းလောက်ပဲရှိလိမ့်မယ် ... ချန်ကွော့နဲ့ ဖန်းဝူတို့က တစ်ကြိမ်လောက်ပဲတွေ့ဖူးတာ ... ငါ့နောက်မှာ ကျန်းရို့ရှီရှိနေတယ်ဆိုရင်တောင် သူတို့ အခုလိုမျိုးလုပ်စရာအကြောင်းတော့ မရှိပါဘူး ...)
“နင် တကယ်မသိတာလား ... ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား ...” မူန ဆွံ့အသွားတော့လေသည်။ နတ်အရှင်သုံးပါး၏လုပ်ပုံမှာ ဤမျှ သိသာနေသည်ကို ရန်ကိုင်မှာ ဘာကြောင့်မှန်းမသိ နားမလည်နိုင် ဖြစ်နေလေသည်။ နတ်အရှင်သုံးပါးအား သွေးသောက်ညီအစ်ကိုများလုပ်ရန်ပင် သွားပြောနေပေသေးသည်။ ရန်ကိုင် နတ်အရှင်သုံးပါးအား ချောင်ပိတ်ရိုက်ချင်နေလေသလော။
ရန်ကိုင်က လက်သီးဆုပ်၍ အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “ခေါင်းဆောင်မူန ... ကျုပ်ကို တစ်ချက်လောက် ပြောပြပေးပါလား ...”
“နင် ဒီနေ့အထိ ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်လာနိုင်တာလဲ ...” မူနသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
အကြီးအကဲက ရယ်မောလျက် “သူမသိတာကိုလည်း သွားအပြစ်ပြောနေလို့တော့မရဘူး ... သူက ဒီကအကြောင်းတွေကိုမှ မသိသေးတာ ...”
မူနက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “အဲဒါလည်း ဟုတ်တာပဲနော် ... ကောင်းပြီလေ ... သူတို့ ဘာလို့ အခုလိုမျိုးလုပ်နေရလဲဆိုတာကို ငါ နင့်ကို ပြောပြရသေးတာပေါ့ ...”
မူနရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် အကြောင်းအရင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။ ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုး၍ မျက်လုံးအပြူးသားဖြင့် “ကျုပ် သူတို့ရဲ့မွန်းစတားဘုရင်တွေကို ခေါ်သွားမှာကို နတ်အရှင်သုံးပါးစလုံး ကြောက်နေကြတာလား ...”
မူနက ပြန်ပြောလိုက်သည်။ “မွန်းစတားဘုရင်အများစုရဲ့ကျင့်ကြံခြင်းက အကန့်အသတ်ကိုရောက်သွားပြီ ... သူတို့အနေနဲ့ ထပ်ပြီးတော့ တိုးတက်ချင်တယ်ဆိုရင် သွေးတံခါးကို အားကိုးရုံပဲရှိတော့တယ် ... အခု ဒီမှာ ကောင်းကင်အမိန့်တော်မျိုးဆက်နဲ့ ဆက်သွယ်နိုင်တာ နင်တစ်ယောက်ပဲရှိတာ ... ပြီးတော့ ရှီကျို သွေးတံခါးထဲကို ဝင်သွားနိုင်တာလည်း နင့်ကြောင့်ပဲလေ ... အဲဒါကြောင့်ပဲ နင့်ကိုယ်နင် စဉ်းစားကြည့်လိုက်ပေါ့ ... မွန်းစတားဘုရင်တွေ နင့်ကို ဘယ်လိုတွေးမလဲဆိုတာကို ...”
ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ “အခုလိုဖြစ်မယ်မှန်းတော့ သိတယ် ... ဒါပေမဲ့ ဒီလောက်အထိဖြစ်မယ်လို့ မထင်ခဲ့တာ ...”
ယင်ဖေး၊ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့မှာ ရန်ကိုင်၏လက်အောက်တွင် ခစားနေကြသော မွန်းစတားဘုရင်များ ဖြစ်ကြပေသည်။ ရန်ကိုင်သည် ထိုမွန်းစတားဘုရင်သုံးပါးကို အခြေအနေ အရိပ်အကဲကိုကြည့်၍ ရအောင် ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ လုပ်စရာကိစ္စများကို လုပ်ပြီးသွားသည့်နောက် မွန်းစတားဘုရင်သုံးပါးကို ပြန်လို့ရပြီဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော်ငြား မွန်းစတားဘုရင်သုံးပါးမှာတော့ မပြန်ခဲ့ပေ။ ထို့အပြင် ဟင်းလင်းပြင်အစီအရင်ဖျက်ဆီးခံလိုက်ရကြောင်း သိလိုက်ရပြီးသည့်နောက် မွန်းစတားဘုရင်သုံးပါးမှာ ဝမ်းပန်းတသာဖြင့်ပင် ထက်ကောင်းကင်နန်းတော်၌ ဆက်နေနေခဲ့လေ၏။ မွန်းစတားဘုရင်များ ရှေးဟောင်းတောအုပ်ကြီးဆီသို့ ပြန်မလာချင်သည်တော့မဟုတ်။ ရေသည် အမြင့်မှ အနိမ့်သို့သာ စီးသလို မွန်းစတားဘုရင်များမှာလည်း ပိုမိုအားကောင်းသည့်အဆင့်သို့ တက်လှမ်းချင်ကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်လက်အောက်၌ ဆက်လက်ခစားနေကြခြင်းပင် ဖြစ်လေသည်။
ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “ဒီတော့ ကျုပ်ဘက်က ခေါ်သွားချင်တယ်ဆိုရင်တောင် မွန်းစတားဘုရင်တွေအကုန်လုံးကို ဒီတိုင်းခေါ်သွားလို့တော့ ရမှာမဟုတ်ဘူးပေါ့ ...”
“မရလောက်ဘူး ...”
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကျုပ် သူတို့တွေကို ဖန်းဝူနဲ့ အခြားသူတွေကို ရှင်းပစ်ဖို့ပြောမယ်ဆိုရင်ရော ...”
“စိတ်ကူးသာယဉ်နေလိုက် ...” မူနသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် “နတ်အရှင်သုံးပါး ရှေးဟောင်းတောအုပ်ကြီးကို အုပ်စိုးလာတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ ... ဘယ်မွန်းစတားဘုရင်ကများ သူတို့ကို သွားပြီး ဆန့်ကျင်ရဲမှာလဲ ... သွေးတံခါးထဲကို ဝင်ဖို့အတွက်နဲ့ သူတို့ နင့်နောက်ကို လိုက်ချင်လိုက်လိမ့်မယ် ... နင်ပေးတဲ့အမိန့်တွေကိုလည်း နာခံချင်နာခံလိမ့်မယ် ... ဒါပေမဲ့ နတ်အရှင်သုံးပါးကို ဆန့်ကျင်ဖို့ကတော့ သွားပြောမနေနဲ့ ... ဘယ်သူမှ အဲ့လိုအမိန့်မျိုးကို နာခံမှာမဟုတ်ဘူး ...”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ် ဒီတိုင်း စဉ်းစားကြည့်လိုက်ရုံပါပဲ ...”
မကြာမီ ရန်ကိုင်၏အမူအရာ လေးနက်သွားတော့လေ၏။ “ဒါဆိုရင်တော့ နောက်ပိုင်း ကျုပ် ရှေးဟောင်းတောအုပ်ကြီးဆီကို မကြာမကြာ လာလည်သင့်တယ်နဲ့တူတယ် ...”
(ငါ ဘာမှတောင်လုပ်စရာမလိုဘူး ... ဒီတိုင်း ဒီနေရာကိုလာပြီးတော့ လူလုံးထွက်ပြရုံနဲ့တင် ဖန်းဝူ၊ လွမ်ဖုန်းနဲ့ ချန်ကွော့တို့ ငါ့ဆီကို လက်ဆောင်တွေလာပေးမှာ ... အဲ့ခါကြရင် ပြန်ထွက်လာလိုက် ... အေးဆေးပဲ ... ဒါပေမဲ့ ဒီလိုမျိုးကလည်း တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ လုပ်လို့ကောင်းမှာ ... နတ်သားရဲတွေကလည်း သွားပြဿနာရှာလို့ကောင်းတဲ့ကောင်တွေမဟုတ်ဘူး ... တော်ကြာ ဒေါသထွက်ပြီး သူတို့စိတ်မထိန်းနိုင်တော့လို့ရှိရင် ဒုက္ခများသွားနိုင်တယ် ...)
မည်သို့ပင်ဖြစ်နေစေကာမူ အခြေအနေကို သေသေချာချာ သိလိုက်ရပြီးသည့်နောက် ရန်ကိုင်မှာ အတော်လေး ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။ ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးကို ထက်ကောင်းကင်နန်းတော်၏ ရတနာပုံကြီးအဖြစ် သတ်မှတ်၍ မရသေးပါသော်ငြား ရန်ကိုင်အနေဖြင့် တဖြည်းဖြည်းနှင့် နတ်အရှင်သုံးပါးနှင့် ညီတူညီမျှ ပူးပေါင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။ ရန်ကိုင်နှင့် နတ်အရှင်သုံးပါးကြားရှိ ဆက်ဆံရေးကို တည်မြဲအောင် လုပ်လိုပါက နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်ရှိမည့်နည်းလမ်းကို ရွေးချယ်မှသာလျှင် အဆင်ပြေပေလိမ့်မည်။
ရှေးဟောင်းတောအုပ်ကြီးသည် အမျိုးမျိုးသော တွင်းထွက်ပစ္စည်းများ၊ ဆေးပင်များကို ထုတ်လုပ်ပေးနိုင်ပြီး ထက်ကောင်းကင်နန်းတော်ကမူ ရလာသမျှပစ္စည်းများအတွက် ဆေးလုံးများဖြင့် တန်ရာတန်ကြေး ပြန်ပေးနိုင်ပေသည်။ မွန်းစတားမျိုးနွယ်စုဝင်များသည် ဆေးပညာအကြောင်းကို မသိကြပါသော်ငြား ဆေးလုံးများသည် သူတို့အတွက် အကျိုးမရှိသည်တော့ မဟုတ်ပေ။
လူသားများမှ သန့်စင်ဖော်စပ်ထားသော ဆေးလုံးများသည် မွန်းစတားမျိုးနွယ်စုဝင်များကြား အလွန်ကိုမှ ရှားပါးလှပေသည်။ ထို့အတွက်ကြောင့် ဆေးလုံးတစ်လုံးကို သာမန်တန်ကြေးထက် ဆယ်ဆ အဆနှစ်ဆယ်ခန့် တင်၍ ရောင်းချမည်ဆိုလျှင်ပင် မွန်းစတားမျိုးနွယ်စုဝင်မှာတော့ ထိုဆေးလုံးများကို အမှန်တကယ် လိုချင်နေပေလိမ့်ဦးမည်။
တစ်နည်းဆိုရသော် ထက်ကောင်းကင်နန်းတော်သည် တောင်ဘက်နယ်မြေတွင် ရှိနေသော ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၊ အရှေ့ဘက်နယ်မြေတွင်ရှိနေသော ရှေးဟောင်းတောအုပ်ကြီးတို့နှင့် စီးပွားရေးအရ အတူတကွ ပူးပေါင်းထားမည်ဖြစ်လေရာ ထက်ကောင်းကင်နန်းတော်၏တပည့်များသည် နောက်ပိုင်းတွင် ကျင့်ကြံရေးအရင်းအမြစ်များ မရှိမည်ကို စိတ်ပူစရာလိုတော့လိမ့်မည်မဟုတ်ပေ။ ဤနည်းလမ်းသည် ထက်ကောင်းကင်နန်းတော်အတွက် အလွန်ကိုမှ အကျိုးရှိသည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ အခြားသူများမှာ ထက်ကောင်းကင်နန်းတော်၏ နည်းလမ်းကို အားကျ၍ ထက်ကောင်းကင်နန်းတော်အတိုင်း လိုက်လုပ်လိုလျှင်ပင် လုပ်နိုင်ကြလိမ့်မည်မဟုတ်ပေ။ တကယ်တော့ သူတို့တွင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်များမှ မရှိလေပဲ။
အကြံဉာဏ်ကို စဉ်းစားပြီးသွားသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်သည့်အခိုက် ဟွာချင်းစီအား ယခုကိစ္စနှင့်ပတ်သက်၍ သေသေချာချာလေး အစီအစဉ်ဆွဲခိုင်းရမည်ဟု စဉ်းစားလိုက်လေသည်။
“ဒါနဲ့ ... ခေါင်းဆောင်မူန ကျုပ်နဲ့ စကားပြောချင်တယ်လို့ ပြောခဲ့တယ်နော် ... ဘာပြောချင်လို့လဲ ...” ရန်ကိုင်သည် ယခုမှသာလျှင် ထိုအကြောင်းကို ပြန်စဉ်းစားမိသွားခဲ့ပြီး မေးလိုက်လေ၏။
“ငါ့နောက်လိုက်ခဲ့ ...” မူနက အလေးအနက်အမူအရာဖြင့် သစ်လိုဏ်ဂူတစ်ခုဆီသို့ ပျံသန်းသွားလေသည်။
ရန်ကိုင်လည်း မူနနောက်မှ လိုက်သွားခဲ့လေသည်။
သစ်လိုဏ်ဂူထဲသို့ရောက်သော် မူနသည် ရန်ကိုင်ဘက်သို့ လှည့်လိုက်သည်။ ရန်ကိုင် သစ်လိုဏ်ဂူထဲသို့ ဝင်လာပြီးသည်အထိ စောင့်နေပြီးသည့်နောက် သူမလက်ကို မြှောက်လိုက်လေ၏။ ချက်ချင်းဆိုသလို သစ်လိုဏ်ဂူတံခါးမှာ ပိတ်သွားခဲ့လေသည်။
(ဘာတွေပြောချင်လို့ ဒီလောက်တောင် လျှို့လျှို့ဝှက်ဝှက် လုပ်နေရတာလဲ ...) ရန်ကိုင် တွေးလိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား မူန သူ့အား အန္တရာယ်ပြုလိမ့်မည်မဟုတ်မှန်းတော့ ရန်ကိုင်သိနေခဲ့သည်။ သစ်သားဝိညာဉ်များသည် တိုက်ခိုက်ခြင်းကို မလိုလားကြသည့် မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။
ရန်ကိုင်မှ မေးတော့မည်အပြု မူနသည် ရန်ကိုင်ဆီသို့ ရုတ်တရက်ပျံသန်းလာခဲ့ပြီး သူ့ရှေ့တွင်ရပ်၍ ပြောလိုက်သည်။ “နင့်မျက်လုံးကိုပိတ်လိုက် ...”
ရန်ကိုင်လည်း မူနပြောသည့်အတိုင်း သူ့မျက်လုံးကိုပိတ်လိုက်သည်။ ထို့နောက် အလွန်ကိုမှ သင်းပျံ့မွှေးကြိုင်သည့် သဘာဝမွှေးရနံ့တစ်ခုကို ရန်ကိုင် ရလိုက်လေသည်။ ထိုအနံ့လေးမှာ အတော်လေးကိုမှ မွှေးလှသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထပ်မံ၍ ရှူရှိုက်ကြည့်မိလိုက်သည်။
မူနမှာ အလွန်ကိုမှ ချောမောလှပသည့် မိန်းမချောတစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား သစ်သားဝိညာဉ်များ၏ ကန့်သတ်ချက်ကြောင့် သူမ၏ခန္ဓာကိုယ်အရွယ်အစားမှာ လက်တစ်ဝါးခန့်စာအထိသာ ကြီးထွားနိုင်သည်။ သူမသည် သာမန်လူသားတစ်ဦး၏ အရွယ်အစားထိသို့ ကြီးထွားနိုင်မည်ဆိုပါက တိုင်းပျက်ပြည်ပျက် မိန်းမချောလေးတစ်ဦး ဖြစ်လာပေလိမ့်မည်။
မူန၏ ကိုယ်သင်းရနံ့လေးမှာလည်း အတော်လေးကိုမှ လန်းဆန်းလှပေသည်။ ရှူရှိုက်မိလိုက်သည့်လူတိုင်း၏ စိတ်ကို အလွန်ကိုမှ လန်းဆန်းတည်ငြိမ်သွားစေနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏စိတ်မှာ တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့ရသည်။
တစ်ခဏအကြာ၌ ထူးဆန်းသည့်အသံတစ်သံကို ကြားလိုက်ရလေသည်။ ရန်ကိုင်၏မျက်နှာအမူအရာကြီးမှာလည်း ထူးဆန်းသွားတော့သည်။ အကြောင်းမှာ မူနသည် သူ့ခန္ဓာကိုယ်ကြီးကို ဝိုင်းကြီးပတ်ပတ်လှည့်ကာ ပျံသန်းနေရင်းမှ နှာခေါင်းတရှုံ့ရှုံ့လုပ်နေသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့်ပင်။
“ခေါင်းဆောင်မူန ဘာလုပ်နေတာလဲ ...” ထိုသို့မေးလိုက်ရင်းမှ ရန်ကိုင်သည် မျက်လုံးကို မသိမသာလေး ဖွင့်ကြည့်လိုက်သည်။ သာမန်လူသားအမျိုးသမီးတစ်ဦးသာ သူ့အား ယခုကဲ့သို့ လာလုပ်နေလျှင် ထိုအမျိုးသမီးသည် သူ့အား ဆွဲဆောင်ဖျားယောင်းရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ရန်ကိုင် မှတ်ယူသွားပေလိမ့်မည်။ သို့သော်ငြား မူနကမူ ထိုကဲ့သို့လုပ်နေခြင်း မဟုတ်ပေ။ (ငါ့ခန္ဓာကိုယ်အနံ့က ထူးဆန်းလို့လား ... မဟုတ်ရင် သူ ဘာဖြစ်လို့ ငါ့ကိုယ်နံ့ကို ဒီလောက်တောင်ရှူနေရတာလဲ ...)
မူနသည် ရန်ကိုင်၏အမေးကို ပြန်မဖြေခဲ့ဘဲ ရန်ကိုင်၏ခါးနေရာလောက်သို့ ဆင်းသွားခဲ့ပြီး ရန်ကိုင်၏ ဒန်တျန်နေရာတွင် ရပ်လိုက်လေသည်။ နောက်ထပ် နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ပြီးသည့်နောက် မူလမှာ ထိတ်လန့်တကြားအမူအရာဖြင့် သူမ၏ပါးစပ်ကလေးကို ပိတ်လိုက်လေ၏။
သစ်လိုဏ်ဂူတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့လေသည်။ အတန်ကြာအောင် စောင့်နေပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေသည်။ “အခု မျက်လုံးဖွင့်လို့ရပြီလား ...”
“အင်း ...”
ရန်ကိုင် မျက်လုံးပြန်ဖွင့်လာသည့်အချိန်တွင် မူနသည် ပြဿနာများနေသည့်အမူအရာဖြင့် မျက်မှောင်ကြီးကျုံ့ထားကြောင်းကို တွေ့လိုက်ရသည်။
(ဒီနေ့တစ်နေ့လုံး ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ချည်းပဲ ပြည့်နေတယ် ... နတ်အရှင်သုံးပါးကလည်း သူတို့ဘာသာသူတို့ ငါ့ကို လက်ဆောင်တွေလာပေးတယ် ... အခု သစ်သားဝိညာဉ်ခေါင်းဆောင်မူနကလည်း ငါ့ကို သစ်လိုဏ်ဂူထဲကိုခေါ်လာပြီး ငါ့ကိုယ်နံ့ကို တောက်လျှောက်ရှူနေတယ် ... ဘာတွေဖြစ်နေတာလဲ မသိတော့ဘူး ...)
“သစ်သားဝိညာဉ်တွေက ဘယ်နေရာမှာ အတော်ဆုံးလဲဆိုတာကို နင်သိလား ...” မူနက ရုတ်တရက် ကောက်ခါငင်ခါဖြင့် မေးလိုက်သည်။
“သစ်ပင်တွေကို စိုက်ပျိုးတဲ့နေရာရယ် ... အသီးဝိုင်တွေချက်တဲ့နေရာရယ်မှာလေ ... ပြီးတော့ သီချင်းဆိုတာနဲ့ ကတာမှာလည်း တော်တော်လေး ကောင်းပါသေးတယ် ...” ရန်ကိုင်က ပြန်ပြောလိုက်သည်။
မူနသည် နဖူးပေါ်လက်တင်ရင်းမှ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်လေ၏။ “ဒီတော့ ဒါ ငါတို့သစ်သားဝိညာဉ်ကလန်ကို နင်မြင်တဲ့ပုံစံပေါ့ ...”
မူန၏စကားကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်မေးလိုက်သည်။ “အဲဒါက မဟုတ်လို့လား ...”
မူနက ခါးသက်သက်အမူအရာဖြင့် ပြုံးလျက် “ဘယ်ဟုတ်မလဲဟ ... ငါတို့ အပင်တွေစိုက်ပျိုးတဲ့နေရာမှာ တော်တယ်ဆိုတာ ငါတို့က အပင်တွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားလို့ပဲ ... နင်လည်း ကောလာဟလတွေ ကြားဖူးမှာပေါ့ ... ဟိုးအရင်တုန်းကဆိုရင် အားကောင်းတဲ့ပညာရှင်တွေက ငါတို့သစ်သားဝိညာဉ်တွေကို ဖမ်းပြီးတော့ သူတို့ရဲ့ ဆေးဥယျာဉ်တွေကို စောင့်ရှောက်ခိုင်းတယ်ဆိုတာမျိုးလေ ...”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါက ငါတို့သစ်သားဝိညာဉ်ကလန်ရဲ့ မွေးရာပါစွမ်းရည်တစ်မျိုးပဲ ... ငါတို့စိုက်ပျိုးလိုက်တဲ့အပင်တွေက ပုံမှန် သူ့ဘာသာသူ ကြီးထွားနေတဲ့အပင်တွေထက် အများကြီးပိုကောင်းတယ်ဆိုတာ ငါတို့က အပင်တွေနဲ့ ဆက်သွယ်နိုင်ပြီးတော့ အပင်တွေ ဘယ်လိုဘယ်ပုံပြုမူလဲ အပင်တွေ ဘာလိုအပ်လဲဆိုတာကို သိနိုင်လို့ပဲ ... အခြား ဘယ်ကလန်မှ ငါတို့လိုမျိုးစွမ်းရည်ကို မပိုင်ဆိုင်ထားဘူး ...”
ယခုမှသာလျှင် ရန်ကိုင်မှာ သစ်သားဝိညာဉ်များ သစ်ပင်များအား ပျိုးထောင်ရာ၌ ဘာကြောင့် တော်ရသလဲဆိုသည်ကို နားလည်သွားတော့လေသည်။
“အဲ့လိုစွမ်းရည်မျိုးကြောင့်ပဲ ငါတို့သစ်သားဝိညာဉ်ကလန်က အရမ်းထူးဆန်းတဲ့အပင်တွေကိုလည်း အာရုံခံနိုင်တယ် ...” မူနသည် ရန်ကိုင်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ “နင့်မှာ ထူးဆန်းတဲ့ အပင်တစ်မျိုးမျိုး ရှိလား ... ပန်းပွင့်ပဲဖြစ်ဖြစ် ဆေးပင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် သစ်ပင်တစ်မျိုးပဲဖြစ်ဖြစ်ပေါ့ ...”
ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး အလေးအနက်အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ “ခေါင်းဆောင်မူနက ဘာလို့ အဲဒါကိုမေးတာလဲ ...”
ရန်ကိုင်တွင် အမှန်တကယ်ကိုမှ အဖိုးတန်လွန်းသည့် အပင်အချို့ ရှိပေသည်။
(သူ တစ်ခုခု သိထားတာလား ...)
မူနက ပြောလိုက်သည်။ “အဲ့လောက်ကြီးလည်း စိုးရိမ်မနေနဲ့ ... နင့်ကိုယ်ပေါ်ကနေ အနံ့ရလိုက်လို့ သိသွားတာ ...”
တစ်ချက်မျှရပ်ပြီးသည့်နောက် မူနက ဆက်ပြောလိုက်သည်။ “နင် ဒီကိုရောက်လာတည်းက ငါသတိထားမိတယ် ... ဒါပေမဲ့ သိပ်မသေချာလို့ ...”
“အခု သေချာသွားပြီလား ...”
“အင်း ...” မူနက ပြောလိုက်သည်။ “သေချာသွားပြီ ... အဲဒါ အပင်လဲ ငါ့ကိုပြောပြလို့ရမလား ...”
***