“ခေါင်းဆောင်မူနက အနံ့နဲ့တင် မပြောနိုင်ဘူးလား ...” ရန်ကိုင်က မူန၏အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည်။
မူနသည် ရန်ကိုင်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင်မဖြေချင်မှန်း သိလိုက်သော် ပြန်၍သာ မေးလိုက်လေ၏။ “ပြောကြတာတော့ ရှေးခေတ်အချိန်တွေတုန်းက ရွှေရောင်နဲ့ငွေရောင် ရောယှက်နေတဲ့ မိုးကောင်းကင်သစ်ပင်ဆိုတဲ့ သစ်ပင်တစ်ပင်ရှိတယ်တဲ့ ... အဲ့သစ်ပင်က ဒီလောကကြီးမှာ ရှိသမျှအရာအားလုံးကို ချိတ်ပိတ်နိုင်စွမ်း ရှိတယ်ဆိုပဲ ... ငါပြောတာမှန်လား ...”
ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး မူနအား လက်မထောင်ပြလုမတတ် ဖြစ်သွားခဲ့သည်။ (အနံ့နဲ့တင် ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲဟ ... အံ့ဩစရာပါလား ... သစ်ပင်တွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်နဲ့ မွေးဖွားလာတယ်ဆိုတဲ့အတိုင်းပဲ ...)
ရန်ကိုင်၏ ဒန်တျန်ထဲတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးချီများကို မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကိုသုံး၍ ချိတ်ပိတ်ထားခြင်းဖြစ်လေရာ သဲလွန်စအချို့ ကျန်ခဲ့သည်မှာ အဆန်းတော့မဟုတ်ပေ။ ယခင်က သစ်သားဝိညာဉ်ကလန်ကဲ့သို့ သစ်ပင်များနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်လူ မရှိသည့်အတွက်ကြောင့် ရန်ကိုင်နှင့်ပတ်သက်၍ ဘာကိုမှ သတိမထားမိခဲ့ကြပေ။
ကံမကောင်းစွာဖြင့် သစ်သားဝိညာဉ်ကလန်သားများအတွက်မူ ထိုမပြောပလောက်သောသဲလွန်စလေးသည် ညအမှောင်ထဲ တလက်လက်တောက်ပနေသည့် ဆီမီးတိုင်ပမာ ဖြစ်နေခဲ့လေသည်။ အထူးသဖြင့် သစ်သားဝိညာဉ်ကလန်၏ ခေါင်းဆောင်ဖြစ်သူအတွက်ပင်။ ရန်ကိုင်၏တုံ့ပြန်ပုံကို မြင်ပြီးသည့်နောက် သူမ၏ခန့်မှန်းချက် မှန်ကန်သွားပြီမှန်း မူနသိလိုက်လေသည်။ ထို့ကြောင့် အံ့အားသင့်နေသည့်လေသံဖြင့် “နင့်မှာ တကယ်ကြီး မိုးကောင်းကင်သစ်ပင်ရှိနေတာလား ...”
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “ဒီတိုင်း ကံကောင်းပြီးတော့ ရခဲ့တာ ...”
မူနက မနာလိုအားကျစွာဖြင့် “နင်က တကယ်ကို ကံကောင်းတာပဲ ...” ထို့နောက် မျက်မှောင်ကျုံ့၍ “ဒါပေမဲ့ နင့်ကိုယ်ပေါ်မှာ နောက်ထပ်အရှိန်အဝါတစ်ခု ထပ်ရှိနေတဲ့ပုံပဲ ... အဲ့အရှိန်အဝါက ...”
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားတော့လေသည်။ မူနမှ မိုးကောင်းကင်သစ်ပင်အကြောင်းကို သိနေသည်မှာ ကိစ္စမရှိပေ။ မိုးကောင်းကင်သစ်ပင်သည် ဒဏ္ဍာရီလာသစ်ပင်တစ်ပင် ဖြစ်ပါသော်ငြား ချိတ်ပိတ်နိုင်စွမ်းကိုသာ ပိုင်ဆိုင်ထားသည့် အပင်တစ်ပင်ဖြစ်ပေသည်။ ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်အား သူ့ဒန်တျန်ထဲတွင်ရှိနေသော နတ်ဆိုးချီများကို ချိတ်ပိတ်ရန်အတွက်သာ အသုံးပြုနေခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် မိုးကောင်းကင်သစ်ပင်နှင့် ပတ်သက်သည့်သတင်း ပြန့်သွားမည်ဆိုလျှင် ကိစ္စမရှိ။ တကယ်တော့ ဤလောကကြီးထဲ တစ်စုံတစ်ခုကို ချိတ်ပိတ်ရန် အသုံးပြုနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိသည်မဟုတ်ပေလော။ ထို့အပြင် ရန်ကိုင်သည် ယခင်ကကဲ့သို့ အားနည်းသည့်ကောင်လေးတစ်ဦး မဟုတ်တော့။ မိုးကောင်းကင်သစ်ပင်ကိုတပ်မက်၍ သူ့အား ပြဿနာလာရှာသည့်လူများ ရှိနေမည်ဆိုလျှင်ပင် ရန်ကိုင်ကတော့ ထိုလူများကိုမကြောက်ပေ။
သို့ရာတွင် အခြားသော သစ်ပင်တစ်ပင်မှာတော့ မတူပေ။ ထိုသစ်ပင်အကြောင်းသာ သတင်းပြန့်သွားမည်ဆိုလျှင် ကြယ်တာရာအစုအဝေးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ ထိုသစ်ပင်သည် မသေဆုံးနိုင်ခြင်းနှင့် မပျက်စီးနိုင်ခြင်းကို ကိုယ်စားပြုနေသည့် အပင်တစ်ပင်ဖြစ်ပေသည်။ ဤလောကကြီးထဲရှိ မဟာဧကရာဇ်များသည်ပင်လျှင် ထာဝရသက်တမ်းကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။ မဟာဧကရာဇ်များ၏သက်တမ်းမှာ အလွန်ကိုမှ ရှည်ညောင်းသည်ဆိုလျှင်ပင် တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ မဟာဧကရာဇ်များသည်ပင်လျှင် သေကြေကြရသည်။ သို့သော်ငြား ထိုသစ်ပင်ကိုသာ သန့်စင်လိုက်နိုင်မည်ဆိုလျှင်တော့ မည်သူမဆို ထာဝရသက်တမ်းကို ရရှိနိုင်ကြပေလိမ့်မည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့နှလုံး လည်ပင်းမှ ခုန်ထွက်လုမတတ်ပင် ဖြစ်နေတော့လေသည်။
မူနပါးစပ်မှ အင်မော်တယ်သစ်ပင်ဟူသောစကား ထွက်လာမည်ကို ရန်ကိုင် အတော်လေး စိတ်ပူနေခဲ့လေသည်။ မူနသည်သာ ထိုနာမည်ကို ပြောလာမည်ဆိုပါက ရန်ကိုင် မည်ကဲ့သို့ တုံ့ပြန်လို့ တုံ့ပြန်ရမှန်း သိတော့လိမ့်မည်မဟုတ်ပေ။ အခြားသူတစ်ဦးသာဆိုလျှင်တော့ တစ်ခါတည်း နှုတ်ပိတ်ပစ်ရန် ကြိုးစားလိုက်ပေလိမ့်မည်။ သို့သော်ငြား မူနကိုမူ ထိုသို့သွားလုပ်၍မရပေ။ မူနကိုသာ ထိုသို့သာသွားလုပ်လိုက်ပါက သစ်သားဝိညာဉ်ကလန်နှင့် ရန်သူဖြစ်သွားနိုင်သလို ကျောက်တုံးဝိညာဉ်ကလန်သည်လည်း သူ့အပေါ် အမြင်မကြည် ဖြစ်လာရနိုင်ပေသည်။
ကံကောင်းစွာဖြင့် မူနမှာ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးသည့်နောက် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “အဲ့အပင်ကတော့ ဘယ်လိုအပင်လဲဆိုတာ ငါ သိပ်မသေချာဘူး ...”
ထိုအခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။
မူနက အံ့အားသင့်နေသည့်လေသံဖြင့် “ဒီလောကကြီးထဲမှာ သစ်သားဝိညာဉ်ကလန် မသိတဲ့အပင်တွေ ရှိနေဦးမယ်လို့ ငါ တကယ်ကို မထင်ထားဘူး ... ဒီလောကကြီးက တကယ်ကို ဆန်းကြယ်တာပဲ ...”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ခေါင်းဆောင်မူန အနံ့ခံမှားသွားတာပဲနေမှာပါ ...”
“မဖြစ်နိုင်ဘူး ...” မူနက ခေါင်းခါပြလိုက်သည်။ ရန်ကိုင် မည်မျှစိတ်ပူနေသလဲဆိုသည်ကိုတော့ မူနမှာ မသိခဲ့ပဲ ရန်ကိုင်ကိုကြည့်ကာ စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်လေ၏။ “အဲဒါ ငါ့ကိုပေး ...”
လက်ရှိအချိန်တွင် သူမ၏မျက်လုံးလေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်ကို တောက်ပနေခဲ့လေသည်။
“ဘယ်လို ...” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
မူနက ထပ်ပြောလိုက်သည်။ “မိုးကောင်းကင်သစ်ပင်နဲ့ အဲ့အပင်ကို ငါ့ကိုပေးလို့ ပြောတာ ...”
“ခေါင်းဆောင်မူန လာနောက်နေတာလား ...” ရန်ကိုင်မျက်နှာကြီး မဲ့သွားခဲ့လေသည်။ မူလက ရန်ကိုင်မှာ မူနအပေါ် ကြည့်မရမဖြစ်ခဲ့ပါသော်ငြား မူနပြောလာသည့်စကားများကို ကြားပြီးသည့်နောက် မူနအပေါ် ချက်ချင်းဆိုသလို ကြည့်မရ ဖြစ်သွားတော့လေသည်။ ရန်ကိုင်အနေဖြင့် မိုးကောင်းကင်သစ်ပင်အား မူနဆီသို့ လုံးဝပေးပစ်၍မရပေ။ ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကိုသုံး၍ သူ့ဒန်တျန်ထဲတွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးချီများကို ချိတ်ပိတ်ထားခြင်း ဖြစ်လေသည်။ မိုးကောင်းကင်သစ်ပင်သာ မရှိတော့လျှင် ရှေးဟောင်းနတ်ဆိုးချီ၏ ဝါးမျိုခြင်းကို ခံရကာ ရန်ကိုင်ကိုယ်တိုင်သည် မိစ္ဆာတစ်ကောင်အဖြစ်သို့ လုံးလုံးပြောင်းလဲသွားရနိုင်ပေသည်။ အင်မော်တယ်သစ်ပင်ဆိုလျှင် မိုးကောင်းကင်သစ်ပင်ထက်ပင် ပို၍ အဖိုးတန်ပေသေးသည်။ အင်မော်တယ်သစ်ပင်မှာ သေခါနီးလူများကို ချက်ချင်း အကောင်းပကတိအတိုင်း ပြန်အသက်ရှင်လာအောင် လုပ်ပေးနိုင်သည့်အရာမျိုး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုသစ်ပင်နှစ်ပင်စလုံးကို မူနဆီသို့ မည်သို့များ ပေးပစ်နိုင်ပါမည်နည်း။
မူနက အစောတလျင် ထပ်ပြောလိုက်လေသည်။ “ငါ နင်နဲ့ လဲလှယ်ပေးလို့ရတယ် ... နင်သိတဲ့အတိုင်းပဲ ငါတို့သစ်သားဝိညာဉ်ကလန်က ...”
ရန်ကိုင်က လက်မြှောက်၍ ချက်ချင်း ယတိပြတ် ပြန်ပြောလိုက်သည်။ “ဘာမှဆက်ပြောနေစရာမလိုပါဘူး ခေါင်းဆောင်မူန ... ဘာမှပြောစရာမရှိတော့ရင် ကျုပ်သွားတော့မယ် ...”
ထိုအခါမှသာလျှင် မူနလည်း အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်၏မျက်နှာ ရေခဲတမျှ အေးစက်နေသည်ကို သတိထားမိသွားခဲ့သည်။ (ကြည့်ရတာ ငါ သူ့ကို ဒေါသထွက်အောင် လုပ်မိလိုက်တဲ့ပုံပဲ ... ဒီတော့ ဒုတိယသစ်ပင်က ငါထင်ထားတာထက်တောင် ပိုပြီးတော့ အဖိုးတန်နေသေးတာပေါ့ ... ဒါပေမဲ့ ဒီလောကကြီးမှာ ငါမသိတဲ့ မိုးကောင်းကင်သစ်ပင်ထက်တောင် ပိုပြီးတန်ဖိုးကြီးတဲ့သစ်ပင်က ဘယ်လိုသစ်ပင်မျိုး ဖြစ်မှာမို့လို့လဲ ...)
မူနမှာ ဒဏ္ဍာရီများထဲတွင်သာ ရှိနေတော့သည့် သစ်ပင်များအကြောင်းကို တစ်ပင်ပြီးတစ်ပင် စဉ်းစားမိသွားခဲ့သည်။ ကံမကောင်းစွာဖြင့် သူမခံစားမိလိုက်သည့် အနံ့နှင့် ဆင်တူသည့် မည်သည့်သစ်ပင်နာမည်ကိုမှ မသိခဲ့ရပေ။
ရန်ကိုင်သည် သစ်လိုဏ်ဂူဝင်ပေါက်ဆီသို့ ရောက်နေခဲ့လေပြီ။ ထို့နောက် မူနဘက်သို့ ပြန်၍ လှည့်ကြည့်လိုက်သည်။
မူနမှာ ရန်ကိုင်အား ထပ်မံ၍ ဖျောင်းဖျချင်သေးပါသော်ငြား ရန်ကိုင်နှင့် မျက်လုံးချင်းဆိုင်လာသည့်အခိုက် သက်ပြင်းသာ ချလိုက်လေသည်။ ထို့နောက် သစ်လိုဏ်ဂူတံခါး ပွင့်သွားခဲ့ပြီး ရန်ကိုင် အပြင်သို့ ထွက်သွားခဲ့လေ၏။ သူမ သစ်သားလိုဏ်ဂူတံခါးကို ဖွင့်ပေးပေး မဖွင့်ပေးပေး သူမဘက်ကသာ ဖွင့်မပေးပါက ရန်ကိုင်သည် သစ်လိုဏ်ဂူတံခါးကို ဖျက်ဆီး၍ ထွက်သွားပေလိမ့်မည်။
မူနသည်လည်း သစ်လိုဏ်ဂူထဲ၌ တစ်ခဏမျှ တွေဝေစဉ်းစားနေပြီးသည့်နောက် သစ်လိုဏ်ဂူအပြင်ဘက်သို့ ပြေးထွက်သွားလေ၏။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ရှောင်ရှောင်၏သစ်လိုဏ်ဂူဆီသို့ ပြန်လာပြီး သူခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ကို စစ်ဆေးကြည့်လိုက်သည်။ အကုန်လုံး အဆင်ပြေသွားမှန်း အတည်ပြုပြီးသည့်နောက်တွင် အကြီးအကဲ၏ သစ်လိုဏ်ဂူဆီသို့ သွားလေ၏။ သစ်လိုဏ်ဂူထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “အကြီးအကဲ ... ကျုပ် ဒီမှာ လုပ်စရာတွေလည်း ပြီးသွားပြီဆိုတော့ သွားတော့မယ် ... ရှောင်ရှောင်နဲ့ သွေးတံခါးကိစ္စကိုတော့ တစ်ချက်လောက် စောင့်ကြည့်ထားပေးဦးနော် ...”
အကြီးအကဲက ခေါင်းညိတ်၍ “စိတ်မပူနဲ့ ... ရှီကျိုက ငါတို့လူတစ်ယောက်ပဲ ... ဒီတော့ ငါ သေချာစောင့်ကြည့်ထားလိုက်မယ် ...”
“အဲဒါဆို နှုတ်ဆက်ပါတယ် ...” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီးသည့်နောက် အကြီးအကဲ၏ပခုံးပေါ်တွင် ထိုင်နေသည့်မူနကို တစ်ချက်ပင်မကြည့်တော့ဘဲ လှည့်ထွက်သွားလေ၏။
ရန်ကိုင် ထွက်သွားရန် လုပ်နေသည်ကိုမြင်သော် မူနသည် အကြီးအကဲ၏နားကို လှမ်းကိုင်လိုက်လေသည်။ အကြီးအကဲက ပြုံးဖြီး၍ သူ့လက်ကိုမြှောက်ကာ ရန်ကိုင်အား လှမ်းတားလိုက်လေ၏။ “ခဏနေပါဦး ...”
ရန်ကိုင်သည် နောက်သို့ပြန်လှည့်၍ ပြောလိုက်လေ၏။ “အကြီးအကဲ ပြောစရာရှိသေးလို့လား ...”
အကြီးအကဲက တောင်းတောင်းပန်ပန်ဖြင့် “ငါပြောချင်တာမဟုတ်ဘူး ... မူန ...”
ရန်ကိုင်က စကားတစ်ဝက်မှာပင် ဖြတ်ပြောလိုက်လေသည်။ “ကျုပ် အကြီးအကဲမူနကို ရှင်းအောင်ပြောထားပြီးသွားပြီ ... ဘာမှဆက်ပြောနေစရာမလိုဘူး ...”
မူန ဒေါသူပုန်ထသွားခဲ့လေ၏။ “ကောင်လေး ... ငါ နင့်အပေါ် အသားယူတယ်လို့ ထင်နေတာလား ...”
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် “ကျုပ်ပြောချင်တာ အဲဒါမျိုးမဟုတ်ဘူး ... ဒါပေမဲ့ ဟိုပစ္စည်းနှစ်ခုကိုတော့ အကြီးအကဲမူနဆီ ကျုပ် ဘယ်တော့မှ ပေးမှာမဟုတ်ဘူး ... အဲဒါတွေက ကျုပ်အတွက် အရမ်းအသုံးဝင်တယ် ...”
“အသုံးမဝင်တဲ့ဟာဆိုရင် ငါ အဲ့အကြောင်းကို ပြောတောင်ပြောပါ့မလားဟဲ့ ...” မူနက နှာခေါင်းရှုံ့လိုက်လေသည်။
မူန၏မျက်နှာအနေအထားကို မြင်ပြီးသည့်နောက် သူ၏တုံ့ပြန်ပုံမှာ အတော်လေးကိုမှ လွန်လွန်ကျူးကျူးဖြစ်သွားမှန်း ရန်ကိုင်သိလိုက်သည်။ ထို့အတွက်ကြောင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “ကျုပ် တောင်းပန်ပါတယ် ခေါင်းဆောင်မူန ... ဘာပဲဖြစ်ဖြစ် အဲ့ပစ္စည်းနှစ်ခုကိုတော့ ခေါင်းဆောင်မူနဆီ ပေးမှာမဟုတ်ဘူး ...”
မူနက အံကိုတင်းတင်းကြိတ်၍ ဒေါမာန်တကြီးဖြင့် “နင်ကိုယ်တိုင် အဲဒါတွေကို စောင့်ရှောက်နိုင်လို့လား ...”
ရန်ကိုင်က ပခုံးတွန့်လျက် “အဲဒါတွေက သေမှမသေသေးတာ ...”
ရန်ကိုင်၏စကားကြောင့် မူနမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့ပြီး ရန်ကိုင်နှင့် စကားဆက်မပြောချင်တော့သည့်အလား အခြားတစ်ဖက်သို့ အကြည့်လွှဲသွားခဲ့လေသည်။
ထိုစဉ် အကြီးအကဲက ဝင်ပြောလိုက်သည်။ “စိတ်လျှော့ စိတ်လျှော့ ... မင်းတို့နှစ်ယောက်လုံး စိတ်လျှော့ကြ ... အသက်ကို ပြင်းပြင်းလေးရှူပြီးတော့ စိတ်ကို အရင်ငြိမ်အောင်လုပ်လိုက်ကြ ...”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်က တည်တည်ငြိမ်ငြိမ်ပဲ အကြီးအကဲ ... သူကသာ လုံးဝအလျှော့မပေးတာ ... အကြီးအကဲ သူ့ကို နည်းနည်းပါးပါး အသိပြန်ဝင်လာအောင် ပြောလိုက်ပါဦး ...”
အကြီးအကဲက ရယ်သွမ်းသွေးလျက် “ပိုးဖလံတွေ ဘာလို့ မီးထဲပြေးဝင်ကြလဲ မင်းသိလား ...”
“ရူးလို့လေ ...” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရန်ကိုင်စကားကြောင့် အကြီးအကဲ ဆွံ့အသွားခဲ့လေ၏။ “အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သဘာဝကြောင့်ပဲကွ ... လူတစ်ဦးတစ်ယောက်ရဲ့ သဘာဝဆိုတာ အရမ်းကိုဆန်းကြယ်တယ် ... ငါတို့ကျောက်တုံးဝိညာဉ်ကလန်ကိုပဲ ဥပမာကြည့်ကြည့် ... အရမ်းကိုရှားပါးတဲ့ သတ္တုတစ်မျိုးမျိုးနဲ့ တွေ့ပြီဆိုရင် ငါတို့ အဲ့သတ္တုကို မဝါးမျိုဘဲ မနေနိုင်ဘူး ... လူသားတွေဆိုရင်လည်း ကြည့်ပါလား ... ယောက်ျားတွေဆိုရင် မိန်းမချောလေးတစ်ယောက်ကိုမြင်တာနဲ့ တစ်ချက်နှစ်ချက်လောက် မကြည့်ဘဲ နေနိုင်ကြလို့လား ... အဲ့လိုပဲ ပိုးဖလံဆိုတာလည်း မီးကိုတွေ့တာနဲ့ မီးထဲကို ပြေးဝင်သွားကြတာပဲ ... သဘာဝတရားကြီးကကို သူတို့ကို အဲ့လိုမျိုးဖြစ်အောင် လုပ်ပေးထားတာကို ...”
“ကျားသစ်ဆိုတဲ့ကောင်မျိုးက သူ့ကိုယ်ပေါ်က အစက်အပျောက်တွေကို ပြောင်းလို့ရတာမှမဟုတ်တာ ...”
အကြီးအကဲ၏မျက်နှာ ပိုလို့ပင် မဲ့သွားခဲ့လေသည်။ “အဲဒါကတော့ ဟုတ်ပါတယ် ... သစ်သားဝိညာဉ်ကလန်အတွက်ပဲ ကြည့်လိုက်ကွာ ... သစ်ပင်တစ်ပင်က ပိုပြီးတော့ ရှားလေ ရှားလေ သူတို့က အဲ့သစ်ပင်ကို ပိုပြီးတော့ ပြုစုပျိုးထောင်ပေးချင်လေပဲ ...”
အတန်ကြာအောင် ဝေ့ပတ်ပြောနေပြီးသည့်နောက်တွင်တော့ မူရင်းနေရာဆီသို့ ပြန်ရောက်လာခဲ့လေသည်။
ရန်ကိုင်က တစ်ခုခုပြောတော့မည်အပြု အကြီးအကဲက ဖြတ်ပြောလိုက်သည်။ “ခေါင်းဆောင်မူန မင်းဆီကနေ ဘာလိုချင်နေလဲတော့ ငါလည်းမပြောတတ်ဘူး ... ဒါပေမဲ့ အရမ်းအဖိုးတန်မှာတော့ သေချာတယ် ... ပြီးတော့ အဲဒါကို မင်း လုံးဝလက်လွှတ်ဖို့မဖြစ်နိုင်ဘူး ... လူသိရှင်ကြားထုတ်ပြောလို့လည်း အဆင်မပြေဘူး ... ဟုတ်တယ်မလား ...”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် ... အဲဒါကြောင့် ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ ...”
အကြီးအကဲက ပြုံး၍ “အဲ့လိုဆိုမှတော့ မင်း အဲဒါကို ပေးစရာမလိုဘူး ... အဲ့အစား ခေါင်းဆောင်မူနက အကြံတစ်ခုပေးထားတယ် ... မင်း သူပြောတာကို နားထောင်ကြည့်မလား ...”
“ဘယ်လိုအကြံမျိုးလဲ ...” ရန်ကိုင်သည် မူနအား လှမ်းကြည့်လိုက်လေသည်။ မူနသည်သာ အစောပိုင်းက သူ့ဆီမှ အပင်နှစ်ပင်ကို တောင်းသည့်ကိစ္စမျိုးကို အစမဖော်လာသရွေ့ ရန်ကိုင်ကလည်း မူနပြောသည်ကို နားထောင်ပေးဖို့ရာ ကိစ္စမရှိပေ။ တကယ်တော့ သစ်သားဝိညာဉ်ကလန်သည် သစ်ပင်များနှင့် ဆက်သွယ်နိုင်သည် မျိုးနွယ်စုတစ်ခုပင် မဟုတ်လေလော။ ကံကောင်းလျှင် ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်အား မည်ကဲ့သို့ ပြုစုပျိုးထောင်ရမလဲဆိုသည်ကို သစ်သားဝိညာဉ်ကလန်မှ အကြံဉာဏ်ကောင်းများပင် ရကောင်းရနိုင်ပေသေးသည်။
မူနကမူ ရန်ကိုင်အား မကြည့်ချင်နေသည့်အလား အခြားတစ်ဖက်သို့ အကြည့်လွှဲနေခဲ့သည်။ သို့တိုင် ပြောတော့ ပြောလိုက်သေး၏။ “အဲ့သစ်ပင်နှစ်ပင်ကို စောင့်ရှောက်လို့ရအောင် ငါ့ကလန်သားနှစ်ယောက်ကို နင့်ဆီ ထည့်ပေးလိုက်မယ် ...”
ရန်ကိုင်သည် မူနအား မျက်လုံးအပြူးသားဖြင့် ကြည့်၍ “ခင်ဗျားရဲ့ကလန်သားနှစ်ယောက်ကို ကျုပ်ဆီထည့်ပေးလိုက်မယ် ...”
ရန်ကိုင် ချက်ချင်း စိတ်ထဲမှနေ၍ တွက်ကြည့်လိုက်လေသည်။ ကမ္ဘာငယ်လေးထဲတွင် ရန်ကိုင်၏ဆေးဥယျာဉ် ရှိနေခဲ့လေသည်။ ထိုဆေးဥယျာဉ်ထဲတွင် အမျိုးမျိုးသော ရှားပါးဆေးပင်များနှင့်တကွ မိုးကောင်းကင်သစ်ပင်နှင့် အင်မော်တယ်သစ်ပင်တို့ပါ ရှိနေကြသည်။ ရန်ကိုင်သည် သူ့တွင်ရှိနေသော အပင်များကို ထိုဆေးဥယျာဉ်ထဲတွင်သာ သွားစိုက်ပျိုးထားခဲ့ပြီး ဆေးဥယျာဉ်အား တစ်ခါမှ သေသေချာချာ ဂရုစိုက်ပေးခဲ့ခြင်း မရှိပေ။ ကံကောင်းစွာဖြင့် ဆေးဥယျာဉ်၏ အောက်ခြေရှိ မြေထုထဲတွင် မြောက်မြားလှစွာသော မြေလေးများ ရှိနေသလို မြေကမ္ဘာချီကြောမသလင်းကျောက်များလည်း ရှိနေခဲ့သည်။ ထိုသို့သာမဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် အပင်အများစုသည် ညှိုးလျော်ခြောက်သွေ့ကာ သေဆုံးကုန်လောက်ပေပြီ။
သို့သော်ငြား သူ့တွင်သာ သစ်သားဝိညာဉ်ကလန်မှ ကလန်သားနှစ်ဦး ရှိနေခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် သူ့ဆေးပင်များ ညှိုးလျော်ခြောက်သွေ့ကာ သေဆုံးသွားမည့်ကိစ္စကို စိတ်ပူနေစရာလိုတော့လိမ့်မည်မဟုတ်။ ထို့အပြင် ဆေးပင်များ ကြီးထွားလာနေသည့်နှုန်းသည် ယခင်ကထက် ပိုမိုမြန်ဆန်လာပေလိမ့်မည်။
ထိုအကြောင်းကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့လေသည်။ “ခေါင်းဆောင်မူန တကယ်ပြောနေတာလား ...”
“ငါနောက်နေတဲ့ပုံ ပေါက်လို့လား ...” မူနက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင်သည် လက်နှစ်ဖက်ကိုပွတ်ရင်းမှ အပြုံးကြီးပြုံးလျက် “ဒီလိုဟာမျိုးကို ကျုပ် ဘယ်လိုလုပ်ပြီး လက်ခံလို့ဖြစ်ပါ့မလဲ ... ဒါက တကယ်ကြီး ... ဟား ...”
ရန်ကိုင်မှာ သူ့စကားကိုပင် ကောင်းကောင်းမပြောနိုင်တော့ပေ။
ဤနေရာမှ ထွက်မသွားခင် သစ်သားဝိညာဉ်တစ်ကောင်လောက်ကို ပြန်ပေးဆွဲသွားလျှင် ကောင်းမလားဟုပင် စဉ်းစားခဲ့ဖူးသည်။ သစ်သားဝိညာဉ်ကလန်သားတစ်ဦးကိုသာ သူ့ဆေးဥယျာဉ်အား ပြုစုခိုင်းလိုက်မည်ဆိုပါက ရန်ကိုင်အတွက် အလွန်ကိုမှ အကျိုးရှိလိမ့်မည် မဟုတ်ပေလော။ ထို့အပြင် ထက်ကောင်းကင်နန်းတော်တွင်လည်း တစ်ချိန်ချိန်၌ ကိုယ်ပိုင်ဆေးဥယျာဉ်တစ်ခု ရှိလာပေလိမ့်မည်။ လက်ရှိ ထက်ကောင်းကင်နန်းတော်၏ အရွယ်အစားအရ ထက်ကောင်းကင်နန်းတော်၌ ရှိလာမည့် ဆေးဥယျာဉ်မှာ အလွန်ကိုမှ အရွယ်အစားကြီးပေလိမ့်မည်။
မူနကမူ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လာခဲ့လေသည်။ (ခုနတုန်းကတော့ ငါ့ကို ရိုင်းလိုက်တာများ ... အခုကြတော့ လေသံက ပြောင်းသွားလိုက်တာ မြန်ချက်ပဲ ... မုန်းဖို့ကောင်းလိုက်တာ ... သူ ဒီလိုလူစားမှန်း ငါ ဘာဖြစ်လို့ တစ်ခါမှ မသိခဲ့ရတာလဲ ...)
ရန်ကိုင်က အသာအယာချောင်းဟန့်လျက် အလေးအနက်အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ “ခေါင်းဆောင်မူနဘက်က ပြန်ပြီးတောင်းဆိုချင်တာတွေဘာတွေရော ရှိသေးလား ... ကျုပ် အရင်ပြောထားလိုက်မယ် ... အဲ့ပစ္စည်းနှစ်ခုကို တောင်းဖို့တော့ လုံးဝမစဉ်းစားနဲ့နော်...”
“ငါ့ဘက်ကတောင်းဆိုရမယ် ... ဘာကိုတောင်းဆိုရမှာလဲ ...” မူနက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ “ခေါင်းဆောင်မူန သစ်သားဝိညာဉ်နှစ်ကောင်ကို ကျုပ်ဆီ ဒီတိုင်းပေးလိုက်တာတော့ မဟုတ်ပါဘူးနော် ...”
အကြီးအကဲက ရယ်သွမ်းသွေးလျက် “သူ အခုပဲ သူတောင်းဆိုချင်တာကို ပြောလိုက်တယ်လေ ... သူ့ကလန်သားနှစ်ဦးကို အဲ့ပစ္စည်းနှစ်ခုကို စောင့်ရှောက်ခိုင်းလိုက် ...”
“အဲဒါ ... အဲဒါက ခေါင်းဆောင်မူန တောင်းဆိုချင်တာလား ...” ရန်ကိုင် မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့သည်။
(ဒါ ငါ့အတွက်အကျိုးရှိတာလေ ... ဘယ်လိုလုပ်ပြီး ခေါင်းဆောင်မူနက တောင်းဆိုတာမျိုး ဖြစ်ရမှာလဲ ...)
အကြီးအကဲက အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “ဒါ သစ်သားဝိညာဉ်ကလန်ရဲ့ သဘာဝပဲ ... အဲ့အပင်နှစ်ပင်ကို သူ ဘယ်လောက်တောင် တန်ဖိုးထားနေလဲဆိုတာကိုပဲကြည့် ... ဒီတော့ သူ့ကလန်သားနှစ်ဦးကို အဲ့အပင်နှစ်ပင်ကို စောင့်ရှောက်ခိုင်းလိုက်တာက သူ့အတွက်လည်း ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ...”
***