မူနသည် သူ့အား မည်သည်ကိုမှ မတောင်းဆိုရုံမက သူ၏ဆေးဥယျာဉ်ကို စောင့်ရှောက်ပေးရန်အတွက် သစ်သားဝိညာဉ်ကလန်သားနှစ်ဦးကိုပင် ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ပေဦးမည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သည်ဟူသော အချက်အပေါ် ရန်ကိုင်မှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။
ယခုမှသာလျှင် သစ်သားဝိညာဉ်ကလန်သည် ရှားပါးသောသစ်ပင်များအပေါ် ပြုစုစောင့်ရှောက်လိုစိတ် မည်မျှပြင်းပြကြောင်းကို ရန်ကိုင် သဘောပေါက်သွားရတော့သည်။ အကြီးအကဲပြောသကဲ့သို့ပင် ဤသည်မှာ သူတို့၏သဘာဝသာ ဖြစ်လေသည်။ သစ်သားဝိညာဉ်များအား ထိုကဲ့သို့သောအပင်များကို စောင့်ရှောက်ခိုင်းလိုက်ခြင်းသည် သူတို့အား ကူညီရာရောက်ပေသည်။ ထို့အပြင် ဤသည်မှာ ရန်ကိုင်အတွက်လည်း အလွန်ကိုမှ ကောင်းမွန်လှသည့် သဘောတူညီချက်တစ်ခု ဖြစ်သည်။ ထိုသဘောတူညီချက်အရ ရန်ကိုင်အဖို့ ဘာကိုမှ ဆုံးရှုံးစရာမရှိဘဲ သူ့ဆေးဥယျာဉ်ကို အလကားစောင့်ရှောက်ပေးမည့် လူနှစ်ဦးကိုပင်လျှင် ရလိုက်ပေဦးမည်။ ဤထက်ပိုကောင်းသည့် အလဲအလှယ်သဘောတူညီချက်မျိုး မည်ကဲ့သို့များ ရှိပါတော့မည်နည်း။
ထိုမမျှော်လင့်ထားသည့်ကမ်းလှမ်းချက်သည် ရန်ကိုင်အား အလွန်ကိုမှ စိတ်လှုပ်ရှားသွားစေခဲ့လေရာ ရန်ကိုင်မှာ ဝမ်းသာတကြီးဖြင့် သစ်လိုဏ်ဂူထဲ ခေါက်တုံ့ခေါက်ပြန်ကို လမ်းလျှောက်နေတော့လေသည်။
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည့် ရန်ကိုင်ကိုကြည့်ရင်း မူနမှာတော့ မျက်မှောင်ကြီးကျုံ့လျက် ပြောလိုက်လေသည်။ “အဲဒါတောင် သဘောမတူနိုင်ရင်တော့ ငါလည်း ဘာမှပြောစရာမရှိတော့ဘူး ... နောက်ပိုင်း ဒီကိုလည်း လာကိုမလာတော့နဲ့ ... သစ်သားဝိညာဉ်ကလန်က နင့်ကိုမကြိုဆိုတော့ဘူး ... ကျောက်တုံးဝိညာဉ်ကလန်လည်း အတူတူပဲ ...”
“သဘောတူတာပေါ့ သဘောတူတာပေါ့ ... ဘာဖြစ်လို့ သဘောမတူရမှာလဲ ...” ရန်ကိုင်သည် ချက်ချင်းပဲ မူနဘက်သို့လှည့်၍ အပြုံးကြီးပြုံးကာ ပြောလိုက်လေသည်။ “ခေါင်းဆောင်မူနရဲ့ ကမ်းလှမ်းချက်ကိုမှ သဘောမတူရင် ကျုပ် ရူးရာကျသွားမှာပေါ့ ...”
မူနက နှာခေါင်းရှုံ့လျက် ရန်ကိုင်အား ‘နင့်မှာ အနည်းဆုံးတော့ အသိဉာဏ်လေးဘာလေး ရှိသေးသားပဲ’ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင်၏အမူအရာ နောက်တစ်ဖန် လေးနက်တည်ကြည်သွားပြန်ခဲ့လေသည်။ “ဒါပေမဲ့ ကျုပ် ခေါင်းဆောင်မူနကို အသိပေးစရာတစ်ခုတော့ရှိတယ် ...”
“ဘာလဲ ...”
“ခေါင်းဆောင်မူနရဲ့ ကလန်သားနှစ်ယောက် ကျုပ်လက်ထဲရောက်လာပြီးသွားရင် ပြန်လွတ်ဖို့က လွယ်တော့မှာမဟုတ်ဘူးနော် ...” ရန်ကိုင်က ပြောလိုက်လေသည်။ သစ်သားဝိညာဉ်နှစ်ကောင်ကိုသာ ရလိုက်မည်ဆိုပါက ရန်ကိုင်သည် သစ်သားဝိညာဉ်နှစ်ကောင်ကို လောကဓာတ်လုံးထဲ၌ ထည့်ထားပေလိမ့်မည်။ အင်မော်တယ်သစ်ပင်အား ကာကွယ်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးသရွေ့ ရန်ကိုင်သည် သစ်သားဝိညာဉ်နှစ်ကောင်ကို အလွယ်တကူ ထွက်ခွာခွင့်ပေးလိမ့်မည်မဟုတ်ပေ။
ထိုစကားကိုကြားသော် မူန မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ဘာလဲ ... နင် သူတို့ကို အကျဉ်းချထားတော့မလို့လား ...”
“ရွေးစရာမှမရှိတာ ... ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ ခေါင်းဆောင်မူန ...”
မူနက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည်။ “ကြည့်ရတာ အဲဒါက အရမ်းကိုထူးခြားတဲ့ပုံပဲ ...”
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် “ခေါင်းဆောင်မူန စိတ်ထဲမထားဘူးဆိုလို့ရှိရင် ခေါင်းဆောင်မူနရဲ့ကမ်းလှမ်းချက်ကို ကျုပ်က လက်ခံဖို့အသင့်ပဲ ... ကျုပ် သူတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာတော့မဟုတ်ဘူး ... ဒီတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မပူနဲ့ ... ပြဿနာတစ်ခုကတော့ သူတို့ကို ထွက်သွားခွင့်ပေးလို့ မရတော့တာပဲ ...”
“ငါ အဲဒါနဲ့ပတ်သက်ပြီးတော့ စိတ်မပူပါဘူး ...” သစ်သားဝိညာဉ်များအတွက်မူ အလွန်ကိုမှ အဖိုးတန်လှသော သစ်ပင်များနှင့် အချိန်ဖြုန်းရခြင်းသည် သူတို့အတွက်တော့ ပျော်ရွှင်ဖွယ်ရာအကောင်းဆုံးအခိုက်အတန့်များပင် ဖြစ်ကြလေသည်။ ရန်ကိုင်တွင် မိုးကောင်းကင်သစ်ပင် ရှိနေရုံသာလျှင်မဟုတ် ထို့ထက်ပင် ပို၍အဖိုးတန်သည့် အပင်တစ်ပင်လည်း ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် မည်သည့်သစ်သားဝိညာဉ်မဆို သူ့နားတွင် လိုလိုလားလားနှင့် နေချင်ကြပေလိမ့်မည်။ ထို့အပြင် သူမဘက်မှ ယခုကဲ့သို့ ကမ်းလှမ်းလိုက်တည်းက ရန်ကိုင် ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်မှန်း မူန ထင်ထားပြီးသားပင်။ ထို့အတွက်ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကိစ္စမရှိဘူး ...”
ရန်ကိုင်က အပြုံးကြီးပြုံးလျက် “ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်မူန ...”
ရန်ကိုင်မှာ မူနအပေါ် အစောပိုင်းကကဲ့သို့ ဒေါသထွက်နေခြင်းမရှိတော့။ ထို့အစား ရှက်ကိုးရှက်ကန်းဖြင့် ရုတ်တရက် ကောက်ပြောလိုက်လေသည်။ “ခေါင်းဆောင်မူန ... နှစ်ယောက်ဆိုရင် နည်းနည်း နည်းတယ်မထင်ဘူးလား ... ဖြစ်နိုင်လို့ရှိရင် ခုနှစ်ယောက် ရှစ်ယောက်လောက် ပေးလို့ရမလား ...”
ထိုစကားကိုကြားသော် အကြီးအကဲ၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ မူနကမူ ဒေါသတကြီးဖြင့် ထအော်လိုက်၏။ “နင် ထွက်သွားလိုက်တော့ ...”
“ဒီတိုင်းပြောကြည့်ရုံပါပဲ ခေါင်းဆောင်မူနကလည်း ... အဲ့လောက်ကြီးလည်း ဒေါသမထွက်စမ်းပါနဲ့ ... ကျုပ်မပြောဘူးလို့ပဲ သဘောထားလိုက် ...” ရန်ကိုင်က ခေါင်းလေးငုံ့လျက် ပြန်ပြောလိုက်သည်။
“နင့်ဘက်ကချည်း အမြတ်ရသွားတာကို လာပြီးတော့ နစ်နာချင်ယောင်ဆောင်ပြမနေနဲ့ ...” မူနက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသော် ရန်ကိုင်သည် ဘာမှမဖြစ်ချင်ယောင်ဆောင်လျက် ခေါင်းပြန်မော့လာကာ ပြောလိုက်လေသည်။ “ခေါင်းဆောင်မူန ... အဲဒါဆိုရင်လည်း ကျုပ်နဲ့အတူ ထည့်ပေးလိုက်မယ့် ကလန်သားနှစ်ယောက်ကို ခေါ်လိုက်တော့လေ ... ကျုပ်မှာ အခြားလုပ်စရာကိစ္စလေးတွေရှိသေးတော့ ဒီမှာ ကြာကြာနေလို့မရလို့ ...”
မူန သူမ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နောင်တမရသေးခင် ရန်ကိုင်မှာ ချက်ချင်းဆိုသလို လှုပ်ရှားရပေတော့မည်။ သူသာ ဆက်၍ အချိန်ဆွဲနေလျှင် မူန သူမ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နောင်တရသွားခဲ့ပြီး သူမ၏ကလန်သားနှစ်ဦးကိုပင်လျှင် သူ့လက်ထဲသို့ ထည့်ပေးလိုက်တော့လိမ့်မည်မဟုတ်ပေ။
မူနမှာ ရန်ကိုင်အား သိပ်၍ ကြည့်မရပါသော်ငြား သူမလက်ကိုမြှောက်၍ လက်ခုပ်နှစ်ကြိမ် တီးလိုက်လေသည်။ မကြာမီ သစ်သားဝိညာဉ်ကလန်သားနှစ်ဦး အထဲသို့ ဝင်လာခဲ့လေ၏။ မူနရှေ့သို့ရောက်သော် မူနအား ဦးညွှတ်လိုက်ပြီးသည့်နောက် ရန်ကိုင်အား ကြည့်လိုက်လေသည်။ သူတို့သည်လည်း ရန်ကိုင်နောက်သို့ လိုက်ရမည်နှင့်ပတ်သက်၍ အစောကြီးတည်းက ကြိုသိထားသည့်ပုံပင်။
သစ်သားဝိညာဉ်နှစ်ဦးကိုမြင်သော် ရန်ကိုင် ချက်ချင်းဝမ်းသာသွားခဲ့လေသည်။ သစ်သားဝိညာဉ်နှစ်ဦးအနက် တစ်ဦးမှာ ရန်ကိုင်သိနေသူဖြစ်သည်။ ထိုသစ်သားဝိညာဉ်သည် ယမန်နေ့က ရန်ကိုင်အား လာနှုတ်ဆက်ခဲ့သည့် သစ်သားဝိညာဉ်ဖြစ်ပေသည်။ ထိုသစ်သားဝိညာဉ်မှာ အလွန်ကိုမှ ရှက်တတ်ပုံရကာ ယခုဆိုလျှင် ရန်ကိုင်အားကြည့်ရင်းမှ ရှက်သွေးဖြာနေလေ၏။
အခြားသောသစ်သားဝိညာဉ်မှာလည်း သစ်သားဝိညာဉ်အမသာ ဖြစ်လေသည်။ သို့သော်ငြား အစောပိုင်းကသစ်သားဝိညာဉ်နှင့် မတူညီစွာပင် ရန်ကိုင် သူမအား ကြည့်နေသည်ကိုပင်လျှင် အနည်းငယ်မျှပင် ရှက်ရွံ့သွားခြင်းမရှိဘဲ ရန်ကိုင်ကို ပြုံး၍ပင် ပြန်ကြည့်နေသေး၏။
“မူကျုနဲ့မူလု ... နင်တို့ အခုကနေစပြီးတော့ ဒီကောင်လေးနောက် လိုက်သွားပေတော့ ... သူ့ရဲ့ပစ္စည်းတွေကို သေသေချာချာ ဂရုစိုက်နော် ...” မူနက ညွှန်ကြားလိုက်သည်။
မူကျုနှင့် မူလုတို့ နှစ်ဦးစလုံး သံပြိုင်ပြန်ဖြေလိုက်ကြ၏။ “ဟုတ်ကဲ့ ...”
ထို့နောက်တွင် မူနသည် ရန်ကိုင်ဘက်သို့လှည့်၍ “ငါ့လူတွေကို နင့်လက်ထဲ ထည့်ပေးလိုက်မယ် ... နင် သူတို့ကို နှိပ်စက်တာတွေ မတူမတန်ဆက်ဆံတာတွေ လုပ်လာမယ်ဆိုရင်တော့ ငါနင့်ကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနော် ...”
“စိတ်မပူနဲ့ ခေါင်းဆောင်မူန ... ကျုပ် သူတို့ရဲ့ ဆံပင်တစ်ချောင်းကိုတောင် မထိခိုက်စေရဘူး ...” ရန်ကိုင်က သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ ကတိပေးလိုက်လေသည်။ မူကျုနှင့် မူလုကိုကြည့်ရင်း ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာနေလေ၏။
(အခုကနေစပြီး ဒီသစ်သားဝိညာဉ်နှစ်ကောင်က ငါ့အပိုင်ဖြစ်သွားပြီ ... မိုက်လိုက်တာကွာ ...)
“နင်တို့ထဲက ဘယ်တစ်ယောက်က မူကျုလဲ ဘယ်တစ်ယောက်က မူလုလဲ ...” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။
ပို၍ပွင့်ပွင့်လင်းလင်းရှိသည့် သစ်သားဝိညာဉ်က သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်လေ၏။ “ကျွန်မက မူကျုပါ ...”
ထို့နောက် ရှက်သွေးဖြာနေသည့် သူမ၏အပေါင်းအပါကို ညွှန်ပြ၍ ပြောလိုက်သည်။ “သူက မုလုပါ ...”
“အင်း ...” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် နွေးထွေးသည့်လေသံလေးဖြင့် “ငါ အခု နင်တို့ကို အခြားတစ်နေရာဆီ ပို့ပေးမယ် ... မကြောက်နဲ့နော်.. ဘာမှမဖြစ်ဘူး ...”
ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ အသာအယာဝှေ့ယမ်းချလိုက်ရာ သစ်သားဝိညာဉ်နှစ်ကောင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ မူနမှာ ဒေါသထွက်သွားခဲ့ပြီး သူမလက်ကို မြှောက်၍ နွယ်ပင်များစွာကို ဆင့်ခေါ်လိုက်လေသည်။ အရွယ်ရောက်ပြီးသားလူတစ်ဦး၏ လက်တစ်လုံးခန့်စာမျှ ကြီးမားလှသော နွယ်ပင်များမှာ ရုတ်ချည်းဆိုသလို သစ်လိုဏ်ဂူထဲသို့ တိုးဝင်လာပြီး ရန်ကိုင်တစ်ကိုယ်လုံးကို ကောက်ညှင်းထုပ်ပမာ ရစ်ပတ်လိုက်သည်။
သစ်သားဝိညာဉ်များသည် တိုက်ခိုက်ရသည်ကို မလိုလားကြပါသော်ငြား မတိုက်ခိုက်တတ်ကြသည့်လူများတော့ မဟုတ်ကြပေ။ ၎င်းတို့၏ ခန္ဓာကိုယ်သေးသေးလေးများထဲ ကိန်းအောင်းနေသည့် စွမ်းအားမှာ အခြားသောမျိုးနွယ်စုဝင်များအောက် နိမ့်ကျခြင်းမရှိချေ။ ထို့အပြင် မူနသည် သာမန်ဧကရာဇ်တတိယအဆင့်များထက် ပို၍အားကောင်းပေသည်။ ထို့အတွက်ကြောင့် မူနမှာ နတ်အရှင်တစ်ပါးကဲ့သို့ အားမကောင်းသည့်တိုင် အားနည်းသည့်အစားထဲတော့ မပါပေ။
“နင် သူတို့ကို ဘာလုပ်လိုက်တာလဲ ... အခုချက်ချင်း ပြန်ထုတ်ပေးစမ်း ...”
“စိတ်လျှော့ စိတ်လျှော့ ...” ရန်ကိုင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ မူန၏စကားကို ကြည့်ရသလောက် မသိလျှင် သူကပင် ထိုသစ်သားဝိညာဉ်နှစ်ကောင်ကို ဝါးစားပစ်လိုက်သည့်အလား။
“သူတို့ အခုဘယ်မှာလဲ ...” သူမ၏ကလန်သားနှစ်ဦး သူမမျက်လုံးရှေ့တည့်တည့်မှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်ကို မြင်ပြီးသည့်နောက် မူနမှာ မည်ကဲ့သို့များ စိတ်ငြိမ်ငြိမ်ထားနိုင်ပါမည်နည်း။ နှစ်ဦးစလုံး၏အရှိန်အဝါမှာ အာရုံခံမရတော့လောက်အောင်ကို အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။
“သူတို့ လုံခြုံတဲ့နေရာမှာ ရှိနေတယ် ...” ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ရာ ရန်ကိုင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားသော နွယ်ပင်များသည် ထောင်ပေါင်းများစွာသော ဓါးသွားများ၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည့်အလား တစ်စစီ ပဲ့ကြွေကုန်ကြလေသည်။
ထိုအချင်းအရာကိုမြင်သော် မူန၏မျက်လုံးများ မှေးစင်းသွားခဲ့သည်။
အလားတူပင် အကြီးအကဲသည်လည်း ရန်ကိုင်အား အလန့်တကြားဖြင့် ကြည့်နေလေသည်။ အကြီးအကဲ မူနကို သိလာသည်မှာ ကြာခဲ့လေပြီ။ ထို့အတွက်ကြောင့် ထိုနွယ်ပင်များ၏ ချုပ်နှောင်နိုင်စွမ်း မည်မျှအားကောင်းသလဲဆိုသည်ကို သိပြီးသားပင်။ အကြီးအကဲကိုယ်တိုင်သည် ထိုနွယ်ပင်များလက်မှ ရုန်းထွက်နိုင်လိမ့်မည်ဖြစ်ပါသော်ငြား ရန်ကိုင်လောက်တော့ အလွယ်တကူရုန်းမထွက်နိုင်ပေ။
ဖန်းဝူနှင့် အခြားသူများ ရောက်မလာခင်က ရန်ကိုင်သည် လေဟာနယ်နိယာမများအပေါ် ထိုးထွင်းနားလည်ရင်း ဈာန်ဝင်သွားခဲ့သည်။ ထိုစဉ်က သူနားလည်ခဲ့သည့်အရာကို ရန်ကိုင်မှာ အပြည့်အဝ အသက်ဝင်လာအောင် လုပ်နိုင်ခြင်းမရှိသေးပေ။ အနည်းအကျဉ်း စမ်းသပ်ကြည့်လိုက်ပြီးသည့်နောက် သူ၏ လေဟာနယ်တာအိုအပေါ် နားလည်မှုမှာ သိသိသာသာကို ပိုမိုနက်ရှိုင်းလာခဲ့ပြီး အနှေးနှင့်အမြန်ဆိုသလို လေဟာနယ်ပညာရပ်အသစ်တစ်ခုကို ထပ်မံဖန်တီးနိုင်လိမ့်မည်ဟု ခံစားနေခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် လက်ရှိအချိန်သည် ထိုအကြောင်းကို စဉ်းစားနေရမည့်အချိန်မဟုတ်။ ရန်ကိုင်သာ မူကျုနှင့် မူလုတို့ကိစ္စကို သေချာမရှင်းပြနိုင်လျှင် မူန သူ့အား လုံးဝ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
“ခေါင်းဆောင်မူန ... ခင်ဗျားသိတဲ့အတိုင်းပဲ ကျုပ်က လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်လေ ... ဒီတော့ ကျုပ်မှာ ပုံမှန်နဲ့မတူဘဲ ပိုပြီးတော့ထူးခြားတဲ့ သိုလှောင်ရေးမှော်ရတနာတစ်ခုရှိနေတာ ဘာထူးဆန်းမှာမလို့လဲ ...” ပြောပြီးသည့်နောက် ရန်ကိုင်သည် လောကဓာတ်လုံးကို ထုတ်ပြလိုက်လေသည်။
ယခင်က ရန်ကိုင်သည် လောကဓာတ်လုံးကိုရော သူ့ကိုယ်သူပါ ကာကွယ်နိုင်သည့်ခွန်အား မရှိသေးသည့်အတွက်ကြောင့် လောကဓာတ်လုံးအား အခြားသူများမမြင်အောင် သေသေချာချာကို ဖုံးကွယ်ထားခဲ့သည်။ တစ်ခါတစ်ရံ လောကဓာတ်လုံး၏ခွန်အားကို ငှားရမ်းအသုံးပြုရသည့် အချိန်မျိုးပင် ရှိခဲ့ဖူးသည်။ သို့သော်ငြား လက်ရှိရန်ကိုင်သည် လောကဓာတ်လုံးကဲ့သို့သော ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်လေရာ လောကဓာတ်လုံးမှာ ရန်ကိုင်အတွက် ယခင်ကလောက် အရေးပါခြင်းမရှိတော့ပေ။
လောကဓာတ်လုံးဆီမှ အလင်းတစ်ချက် လက်သွားပြီးသည့်နောက် ဇဝေဇဝါဖြစ်နေသည့် မူကျုနှင့် မူလုတို့ ပြန်ပေါ်လာကြလေသည်။
“အဲ့လိုကိုး ... ငါသိသွားပြီ ...” အကြီးအကဲက ပြောလိုက်၏။
မူနသည်လည်း တစ်ခုခုအား နားလည်သွားသည့်အလား အလန့်တကြားဆိုလိုက်လေ၏။ “မိုးကောင်းကင်သစ်ပင်နဲ့ ဟိုအပင်က အဲ့ထဲမှာရှိနေတာလား ...”
“ဟုတ်တယ် ...” ရန်ကိုင်က ပြုံးဖြီးလျက် “ခေါင်းဆောင်မူနရော အထဲသွားကြည့်ချင်လား ...”
မူနသည် ချက်ချင်းပဲ ရန်ကိုင်အား နိုးနိုးကြားကြားဖြင့် ကြည့်လျက် “အထဲဝင်သွားပြီးရင် ငါပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူးမလား ...”
“အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ ...” ရန်ကိုင်က သည်းလှိုက်အူလှိုက် အော်ရယ်မောလိုက်လေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် အခြားသောသစ်သားဝိညာဉ်များထက်စာလျှင် ခေါင်းဆောင်မူနကိုသာ ခေါ်သွားလိုပေသည်။ ခေါင်းဆောင်မူနသည် သစ်သားဝိညာဉ်ကလန်သားများအနက် အားအကောင်းဆုံးနှင့် အတော်ဆုံးပင် မဟုတ်လေလော။ ထို့အတွက်ကြောင့် သစ်ပင်ပန်းမန်များကို ပြုစုပျိုးထောင်ရာတွင် အခြားသောသစ်သားဝိညာဉ်ကလန်သားများထက် ပိုတော်ရပေလိမ့်မည်။ ရန်ကိုင်သည်သာ မူနအား လောကဓာတ်လုံးထဲသို့ ဝင်သွားအောင် လုပ်လိုက်နိုင်မည်ဆိုပါက ...။ သို့သော်ငြား ထိုသို့မဖြစ်နိုင်မှန်းတော့ သိနေခဲ့သည်။ ကျောက်တုံးဝိညာဉ်ကလန်နှင့် သစ်သားဝိညာဉ်ကလန်သည် တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ အတူယှဉ်တွဲနေထိုင်ကြသည့် မျိုးနွယ်စုနှစ်ခုဖြစ်သည်။ ရန်ကိုင်သည်သာ မူနအား ပြန်ပေးဆွဲသွားလိုက်မည်ဆိုပါက ကျောက်တုံးကလန်၏အကြီးအကဲသည် သူ့အပေါ် ပထမဦးဆုံးသော အမြင်မကြည်ဖြစ်လာမည့်လူ ဖြစ်သွားပေလိမ့်မည်။
ယခု လောကဓာတ်လုံးကို မြင်သွားပြီးသည့်နောက် သူမ၏ကလန်သားနှစ်ဦးကို အလွယ်တကူ ဘာကြောင့် ပြန်မတွေ့နိုင်တော့မလဲဆိုသည်ကို မူနနားလည်သွားတော့လေသည်။ ထူးဆန်းသောမှော်ရတနာထဲတွင် ကိုယ်ပိုင်လောကကြီးတစ်ခု ရှိနေပေသည်။ ထို့အတွက်ကြောင့် ထိုထဲသို့ ဝင်သွားပြီးပြီဆိုပါက ပြန်ထွက်လာနိုင်ရန်အတွက် ရန်ကိုင်၏ခွင့်ပြုချက်ကို လိုအပ်ပေလိမ့်မည်။
မူကျုနှင့် မူလုတို့မှာတော့ ဇဝေဇဝါဖြစ်နေဆဲ။ အစောပိုင်းက သူတို့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်ထွက်သွားခဲ့ပြီးသည့်နောက် သူတို့နှစ်ဦးစလုံး သူတို့ကိုယ်သူတို့ ကမ္ဘာသစ်တစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုကမ္ဘာသစ်ကြီးအား သေချာမကြည့်ရသေးခင်မှာပင် သစ်လိုဏ်ဂူထဲ၌ နောက်တစ်ကြိမ် ပြန်ပေါ်လာလေ၏။
“ကောင်လေး ... နင့်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာပဲ ...” မူနက အံ့ဩတကြီးဖြင့် သက်ပြင်းချလိုက်သည်။ ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုကို ပိုင်ဆိုင်ထားသော သိုလှောင်ရေးမှော်ရတနာတစ်ခုမှာ အလွန်ကိုမှ ရှားပါးလှပေသည်။ ထို့အပြင် ဤကဲ့သို့သောမှော်ရတနာမျိုးသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူများ၏ လက်ထဲတွင်သာ အသုံးအဝင်ဆုံး ဖြစ်ပေလိမ့်မည်။
“ခေါင်းဆောင်မူန အခြားမေးချင်တာရှိသေးလား ...”
“မရှိတော့ဘူး ... သူတို့ကိုသာ သေသေချာချာ ဂရုစိုက် ...”
“စိတ်မပူနဲ့ ... ကျုပ် သူတို့ကို လုံးဝ မမျှမတဆက်ဆံမှာမဟုတ်ဘူး ...” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ထို့နောက် မူကျုနှင့် မူလုတို့အား လောကဓာတ်လုံးထဲသို့ ပြန်ထည့်လိုက်လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “အခုလိုမျိုးကူညီပေးတဲ့အတွက် ခေါင်းဆောင်မူနကို ကျေးဇူးအများကြီးတင်ပါတယ် ... နောက်ပိုင်း ကျုပ် အခုထက်ပိုမြင့်တဲ့ အဆင့်တစ်ခုခုကို ရောက်ခဲ့မယ်ဆိုရင် ခေါင်းဆောင်မူနရဲ့ကျေးဇူးကို လုံးဝမေ့မှာမဟုတ်ပါဘူး ... အခုတော့ နောက်ကျနေပြီဆိုတော့ ကျုပ်ကို သွားခွင့်ပြုပါဦး ... အခွင့်အရေးရရင် ပြန်တွေ့ကြတာပေါ့ ...”
အကြီးအကဲက ပြောလိုက်သည်။ “သတိထားဦးနော် ... နောက်ပိုင်း ကျောက်တုံးဝိညာဉ်ကလန်ရဲ့ အကူအညီကိုလိုရင် လာပြီးတော့သာပြောလိုက် ...”
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် သစ်လိုဏ်ဂူထဲမှ ထွက်ကာ ဟင်းလင်းပြင်အစီအရင် ရှိနေသည့်နေရာဆီသို့ လမ်းလျှောက်လာခဲ့လိုက်သည်။ မကြာမီ ဟင်းလင်းပြင်အစီအရင် အလင်းတဖျတ်ဖျတ် လက်လာခဲ့ပြီး ရန်ကိုင်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။
မြောက်ဘက်နယ်မြေ၌ ရှိနေသော ထက်ကောင်းကင်နန်းတော်ထဲရှိ ဟင်းလင်းပြင်အစီအရင်အနီးတစ်ဝိုက်တွင် နန်းတော်တစ်လုံးကို ဆောက်လုပ်ထားလေသည်။ ဟင်းလင်းပြင်အစီအရင်မှာ နန်းတော်အလည်တည့်တည့်တွင် ရှိနေခြင်းဖြစ်ပြီး တပည့်များမှာတော့ ဟင်းလင်းပြင်အစီအရင်နား၌ တင်ပလင်ခွေ ထိုင်နေကြလေ၏။
ဤနေရာသည် ထက်ကောင်းကင်နန်းတော်နှင့် ပြင်ပလောကကြီးကို ဆက်သွယ်ပေးထားသည့်လမ်းကြောင်း ရှိရာနေရာဖြစ်ပေသည်။ ထို့အတွက်ကြောင့် အလွန်ကိုမှ အရေးကြီးသည့်နေရာတစ်ခု ဖြစ်သည့်အလျောက် ဤနေရာကို စောင့်ကြပ်ရန်အတွက် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို တစ်နှစ်ပတ်လုံး ခန့်အပ်ထားလေသည်။ ထို့အပြင် ဤနေရာကို နန်မန်တကျွင်းမှ ခင်းကျင်းထားသော အစီအရင်အထပ်ထပ်မှလည်း လွှမ်းခြုံထားသေး၏။ တစ်စုံတစ်ဦးသည်သာ ဤနေရာထဲသို့ ကျူးကျော်လာဝံ့မည်ဆိုပါက ဤနန်းတော်တစ်ခုလုံးသည် ထိုကျင့်ကြံသူအတွက် သေခြင်းနယ်မြေအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားပေလိမ့်မည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်နိုင်တော့လိမ့်မည်မဟုတ်။
ယနေ့ ဤနေရာ၌ တာဝန်ကျနေသည့် ဧကရာဇ်အဆင့်ပညာရှင်မှာတော့ ပိရန်ယုချင်းမှလွဲ၍ အခြားမဟုတ်ပေ။ ပိရန်ယုချင်းသည် ရန်ကိုင်၏အကူအညီဖြင့် စိတ်ဝိညာဉ်ရေကန်နန်းတော်၌ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ခဲ့ခြင်း ဖြစ်လေသည်။ ငှက်မွေးပြာဂိုဏ်းအား စီမံခန့်ခွဲရာတွင် အတွေ့အကြုံများစွာ ရှိခဲ့သည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက် မန်နေဂျာမှူးဟွာချင်းစီအား တောက်လျှောက်ကို ကူညီပေးခဲ့လေ၏။ ယခုဆိုလျှင် ပိရန်ယုချင်းသည် ထက်ကောင်းကင်နန်းတော်၏ ဒုတိယမန်နေဂျာတစ်ဦး ဖြစ်နေပြီဟုပင် ပြော၍ရပေသည်။
ထက်ကောင်းကင်နန်းတော်အကြောင်းပြောရသော် လတ်တလောတွင် ထက်ကောင်းကင်နန်းတော်၌ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိနေလေ၏။ ထိုဧကရာဇ်အဆင့်ပညာရှင်များအနက် အဆင့်အတန်းအမြင့်ဆုံးမှာတော့ မွန်းစတားဘုရင်သုံးပါး၊ ဧကရာဇ်အဆင့်ဆေးပညာရှင်ကျိယင်၊ ဧကရာဇ်အဆင့်အစီအရင်ပညာရှင်နန်မန်တကျွင်းနှင့် ဧကရာဇ်အဆင့်ပန်းပဲပညာရှင်ဟို့ယုတို့ ဖြစ်ကြသည်။ သူတို့၏နောက်တွင်တော့ ဟွာချင်းစီ၊ ပိရန်ယုချင်းနှင့် လွန်ခဲ့သောသုံးနှစ်ခန့်က တံခါးပိတ်ကျင့်စဉ်ဝင်ရာမှ ထွက်လာပြီးသည့်နောက် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သော ရွက်တစ်ထောင်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ရီဟန်တို့ ရှိနေကြလေသည်။ လတ်တလောတွင် ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းသားအရေအတွက်မှာ မများလှပါသော်ငြား ဂိုဏ်းထဲတွင်ရှိနေသည့် ဧကရာဇ်အဆင့်အရေအတွက်မှာတော့ အတော်လေးကိုမှ များပြားလှပေသည်။
***