ဤကဲ့သို့သောလူအင်အားကြောင့် ထက်ကောင်းကင်နန်းတော်သည် ကြယ်တာရာအစုအဝေးထဲရှိ ထိပ်တန်းဂိုဏ်းအတော်များများထက်ပင် ပိုမိုအားကောင်းနေပြီဟု ပြော၍ရသွားလေပြီ။ မီးနဂါးနန်းတော်၊ ရေခဲနှလုံးသားတောင်ကြားနှင့် နေမင်းပြာကျောင်းတော်ကဲ့သို့သော အင်အားစုများတွင်ပင် ဧကရာဇ်တတိယအဆင့်ပညာရှင် တစ်ဦးသာ ရှိကြသည်။
ဟင်းလင်းပြင်အစီအရင် အရောင်တလက်လက် တောက်ပလာသည့်နောက် အစီအရင်အနီးတစ်ဝိုက်တွင် တင်ပလင်ခွေထိုင်နေသော ပိရန်ယုချင်း မျက်လုံးပွင့်လာခဲ့လေသည်။ တောင်ဘက်နယ်မြေသို့သွားသော ဟွာချင်းစီ ပြန်လာပြီဟုအထင်ရောက်လျက် ထိုင်ရာမှထ၍ အလျင်စလို သွားနှုတ်ဆက်လေ၏။
သို့သော်ငြား အလင်းရောင်တို့ပျောက်ကွယ်သွားချိန် ပေါ်လာသည့်လူကို မြင်ပြီးသည့်နောက် ဟွာချင်းစီမဟုတ်ဘဲ ရန်ကိုင်ဖြစ်နေမှန်း သိလိုက်သော် ပိရန်ယုချင်း အံ့အားသင့်သွားခဲ့ပြီး အလျင်စလိုလက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “နန်းတော်သခင် ပြန်လာပြီလား ...”
အနီးအနားတွင်ရပ်စောင့်နေကြသော တပည့်များမှာလည်း ရန်ကိုင်အား တလေးတစားဖြင့် လာရောက်နှုတ်ဆက်ကြလေသည်။ ယခုဆိုလျှင် ရန်ကိုင် မြောက်ဘက်နယ်မြေမှ ထွက်၍ နဂါးကျွန်းသို့ သွားခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့်ပတ်သက်၍ မည်သည့်သတင်းမှ မကြားခဲ့ရ။ ကျုချင်းရောက်လာပြီး အကုန်လုံးအား ရန်ကိုင်နှင့်ပတ်သက်၍ အသိပေးသွားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင် တစ်ခုခုဖြစ်သွားပြီဟုပင် အတော်များများ ထင်မိသွားကြပေလိမ့်မည်။ သို့သော်ငြား ကျုချင်းမှာ ရန်ကိုင် အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုဆီသို့ ဆင်းသွားသည်ဟု မပြောခဲ့ပဲ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေသည့်အတွက်ကြောင့် ဤနေရာသို့ ပြန်ရောက်လာရန်အတွက် လ မဟုတ်လျှင် နှစ်နှင့်ချီကြာနိုင်သည်ဟုသာ ပြောခဲ့သည်။
ယခု ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ပိရန်ယုချင်းလည်း ရန်ကိုင်၏ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ (ဆယ်နှစ်ကျော်လေးနဲ့ ဧကရာဇ်ဒုတိယအဆင့်ကို ရောက်သွားတာလား .... မယုံနိုင်စရာပဲ ...)
ပိရန်ယုချင်းမှာ ရန်ကိုင်အား စတွေ့စဉ်က ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထိုစဉ်က သူမသည် တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ ယခု သူမနှင့် ရန်ကိုင်ကို ယှဉ်ကြည့်လိုက်သော် ပိရန်ယုချင်းမှာ သူမကိုယ်သူမ ရှက်ပင် ရှက်ချင်မိသွားခဲ့သည်။
“မန်နေဂျာပိရန် ...” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်တွေ့ရသည့်အပေါ် ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ နေသာထိုင်သာရှိနေလေ၏။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ရန်ကိုင်၏ဇစ်မြစ် အရင်းခံရာနေရာ ဖြစ်ပါသော်ငြား ထက်ကောင်းကင်နန်းတော်သည် ရန်ကိုင် လက်ရှိနေနေသည့် နေရာဖြစ်ပေသည်။ ဆယ်နှစ်ကြော်ကြာအောင် အပြင်ဘက်၌ ခြေဆန့်နေပြီးသည့်နောက် ယခု ဤနေရာသို့ ပြန်ရောက်လာခဲ့သော် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ပျော်နေခဲ့သည်။
“ဒီနေ့တာဝန်ကျနေတာ ခင်ဗျားလား ...”
“ဟုတ်ပါတယ် ...” ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။
“အင်း ... လွန်ခဲ့တဲ့နှစ်တွေအတွင်း ဘာတွေဖြစ်သွားသေးလဲ ...”
“အကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ ... စိတ်ပူစရာမလိုပါဘူး နန်းတော်သခင် ...”
ထက်ကောင်းကင်နန်းတော်အား မွန်းစတားဘုရင်သုံးပါးမှ ကာကွယ်စောင့်ကြပ်နေသည့်အကြောင်းကို မြောက်ဘက်နယ်မြေတွင် မသိသူမရှိပေ။ ထို့အကြောင်းကြောင့် မြောက်ဘက်နယ်မြေ၌ မဟာဆေးဧကရာဇ်နေထိုင်သော ဆေးလုံးတောင်ကြားမှလွဲ၍ မည်သည့်အင်အားစုကများ ထက်ကောင်းကင်နန်းတော်ကို ယှဉ်ပြိုင်နိုင်ဦးပါမည်နည်း။ ထိုအကြောင်းကြောင့် မည်သူမျှ ထက်ကောင်းကင်နန်းတော်အား ပြဿနာလာမရှာရဲကြခြင်းပင်။
“မီးနဂါးနန်းတော်ကလူတွေကတော့ လီကျောက်နဲ့ပတ်သက်ပြီး ခဏခဏ သတင်းလာမေးပါတယ် ...”
“သူတို့လား ... သူတို့ကိုတော့ ဂရုစိုက်မနေနဲ့ ...” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။ “အစ်မဟွာကို ငါနဲ့လာတွေ့ဖို့ ပြောလိုက်ဦး ...”
ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။ “မန်နေဂျာဟွာက အခုလောလောဆယ် နန်းတော်ထဲမှာမရှိပါဘူး ...”
“အစ်မဟွာ ဘယ်ကိုသွားတာလဲ ...” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
“အခုလောလောဆယ် မန်နေဂျာဟွာက ဆယ်နှစ်စာစာရင်းဇယားတွေကို ရှင်းနေတာပါ ... လွန်ခဲ့တဲ့လဝက်လောက်တုန်းက ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ လုပ်ထားတဲ့ အရောင်းအဝယ်တွေကို စာရင်းသွားရှင်းဖို့ဆိုပြီးတော့ ထွက်သွားပါတယ် ... သူ့အချိန်ဇယားအရဆိုရင်တော့ နောက်နှစ်ရက်လောက်ဆို ပြန်ရောက်လောက်မှာပါ ...”
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရန်ကိုင်သည် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရောင်းအဝယ်တစ်ခုဖြစ်ခဲ့သည်။ နယ်မြေနှစ်ခုမှာ အလွန်ကိုမှ ဝေးကွာလှသည့်အတွက်ကြောင့် နယ်မြေထွက်ပစ္စည်းများမှာလည်း မတူညီကြပေ။ ထို့အတွက်ကြောင့် နယ်မြေတစ်ခုတွင်ရနိုင်သည့်ပစ္စည်းများမှာ အခြားနယ်မြေတွင် ရှားပါးနေတတ်ပေ၏။ ဟွာချင်းစီသည် လွန်ခဲ့သည့်နှစ်များအတွင်း ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရောင်းအဝယ်လုပ်နေခဲ့ခြင်းဖြစ်ကာ ထိုအရောင်းအဝယ်မှတစ်ဆင့် ထက်ကောင်းကင်နန်းတော်အတွက် အကျိုးအမြတ်များစွာကို ရှာပေးနိုင်ခဲ့လေသည်။
“အဲ့လိုကိုး ... အဲဒါဆို နန်မန်တကျွင်းနဲ့ချီယွဲ့ကို လာတွေ့ဖို့ပြောလိုက် ...”
“ဟုတ်ကဲ့ ...”
ထို့နောက်တွင် ရန်ကိုင်သည် ခြေတစ်လှမ်းလှမ်းလိုက်ရာ ဟင်းလင်းပြင်နှင့်ပေါင်းစပ်ကာ ပျောက်ကွယ်သွားခဲ့လေ၏။ ရန်ကိုင်ပြန်ပေါ်လာသည့်အချိန်တွင်တော့ ကောင်းကင်ယံထက်ဆီသို့ ရောက်နေခဲ့လေသည်။ ကောင်းကင်ယံထက်မှဝဲ၍ ထက်ကောင်းကင်နန်းတော်အား ငုံ့ကြည့်လိုက်သည့်အခိုက် ဖားတစ်ကောင်လှဲလျောင်းနေသည့်ပမာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော တောင်စဉ်တောင်တန်းများကို မြင်တွေ့လိုက်ရသည်။ စိမ်းလန်းစိုပြေလှသော တောတောင်ရှုခင်းများနှင့်တကွ သာယာလှပလှသည့် စမ်းချောင်းလေးများမှာ အလွန်ကိုမှ နေချင်စဖွယ် ကောင်းနေလေသည်။ လတ်တလော၌ ရာသီဥတုမှာလည်း သာယာနေလေ၏။ ထက်ကောင်းကင်နန်းတော်အတွင်း ပြန့်ကျဲကာ တည်ရှိနေကြသော တောင်များ၊ မြောက်မြားလှစွာသော အဆောက်အဦးများ ရှိနေကြလေသည်။ သို့သော်ငြား အဆောက်အဦးအများစုမှ နေထိုင်သူမရှိကြပေ။ ယခင်က ထိုအရာများသည် ရမ္မက်ရှာဂိုဏ်း၏အပိုင် ဖြစ်ခဲ့ပါသော်ငြား ဤနေရာ၌ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်လိုက်ပြီးသည့်နောက် ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းသားအရေအတွက်မှာ နည်းပါးနေသည့်အတွက်ကြောင့် ထိုနေရာတွင် နေထိုင်သည့် မည်သူမှ ရှိမနေကြပေ။
ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်တစ်ဝိုက် ပတ်ကာ ပျံသန်းနေရင်းမှ မြေပြင်အနေအထားကို စစ်ဆေးရင်း အစီအစဉ်တစ်ခုကို စတင်ရေးဆွဲနေခဲ့လေသည်။ ပြန်ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် ပထမဦးဆုံးလုပ်ရမည့်အရာသည် သူနှင့်အတူခေါ်လာသော လူများကို လောကဓာတ်လုံးထဲမှ ထုတ်ပေးရန် ဖြစ်ပေသည်။
ယနေ့ပြီးသွားသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်၏ လူဦးရေသည် တစ်သိန်းကျော်သွားပေလိမ့်မည်။
သိမ်းငှက်အော်သံနှင့်အတူ ပုံရိပ်တစ်ခု ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေသည်။ ထိုပုံရိပ် ရန်ကိုင်နားသို့ ရောက်လာချိန်တွင်တော့ ကောင်းမွန်စွာ ဝတ်စားထားသော နှာခေါင်းကောက်ကောက်နှင့်လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုလူသည် ရန်ကိုင်အား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “သခင်လေးရန် ...”
“ယင်ဖေး ... မတွေ့ရတာတောင် ကြာပြီနော် ... ခင်ဗျား အဆင်ပြေတယ်မလား ...” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
ယင်ဖေးက ပြန်ပြောလိုက်သည်။ “အခုလိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန် ... ကျုပ် အဆင်ပြေပါတယ် ...”
ပြောနေရင်းမှ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့လည်း ရောက်လာကြလေသည်။ သုံးဦးစလုံးမှာ ရန်ကိုင်၏အရှိန်အဝါကို တစ်ချိန်တည်း၌ သတိထားမိခဲ့ကြပါသော်ငြား ယင်ဖေးမှာ ကျန်နှစ်ဦးထက် ပိုမြန်သည့်အတွက်ကြောင့် စောကာ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးသည့်နောက် ရှီလဲ့က မေးလိုက်လေသည်။ “သခင်လေးရန် ဘာကိုကြည့်နေတာလဲ ...”
“ဒီထက်ကောင်းကင်နန်းတော်ထဲမှာ လူဘယ်လောက်ကာမလဲဆိုတာကို နည်းနည်းစစ်ဆေးကြည့်နေတာ ...”
ရှီလဲ့က ရယ်သွမ်းသွေးလျက် “ဒီနေရာက တော်တော်လေးကို ကျယ်တာဆိုတော့ လူတစ်သိန်းနှစ်သိန်းလောက်ကတော့ အသာလေးကာတယ် ... ဘာလို့လဲ ... သခင်လေးရန် လူသစ်တွေ စပြီးတော့ စုဆောင်းတော့မလို့လား ...”
“အဲ့လိုတော့မဟုတ်သေးဘူး ...” ရန်ကိုင် ခေါင်းခါလိုက်သည်။ ထို့နောက် ထပ်ပြောလိုက်လေသည်။ “ဒါနဲ့ ကျုပ် အခုလေးတင် ရှေးဟောင်းတောအုပ်ကြီးကနေ ပြန်လာတာ သိလား ...”
ထိုစကားကိုကြားလိုက်သည့်အခိုက် မွန်းစတားဘုရင်သုံးပါး၏မျက်နှာ ဖြူလျော်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးသည့်နောက် ယင်ဖေးက မေးလိုက်လေ၏။ “နတ်အရှင်တွေ ဘာပြောသေးလဲ သခင်လေးရန် ...”
“ဘာမှတော့မပြောဖြစ်ပါဘူး ... ကျုပ်တို့ ခဏလေးပဲ တွေ့တာ ... တွေ့ပြီးတာနဲ့ ကျုပ်ကို မောင်းထုတ်တော့တာပဲ ... ကြည့်ရတာ သူတို့ ကျုပ်ကို သိပ်ပြီးတော့အမြင်မကြည်ကြဘူးနဲ့တူတယ် ...” ရန်ကိုင်က ပြုံးဖြီး၍ ပြန်ပြောလိုက်သည်။
“အဲ့လိုလား ...” ယင်ဖေး ဆွံ့အသွားတော့လေသည်။ နတ်အရှင်သုံးပါး ရန်ကိုင်အား ဘာကြောင့်မကြိုဆိုရသလဲဆိုသည်ကို သူတို့သိပါသော်ငြား လက်ရှိအချိန်မျိုးတွင် ထိုအကြောင်းကို သွားရှင်းပြဖို့ရာ မလွယ်ကူပေ။
ရှီလဲ့မှာမူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် “နတ်အရှင်တွေ ကျုပ်တို့အကြောင်းကိုရော ပြောကြသေးလား ...”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ယင်ဖေးနှင့် ရှဲ့ဝူဝေတို့နှစ်ဦးစလုံး ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြလေသည်။ ရှင်းရှင်းပြောရလျှင် သူတို့သုံးဦးမှာ ရှေးဟောင်းတောအုပ်ကြီး၏ မွန်းစတားဘုရင်များ ဖြစ်နေကြဆဲ။ တစ်နည်းဆိုရသော် သူတို့သုံးဦးသည် နတ်အရှင်သုံးပါးများ ဖြစ်နေကြပေသည်။ နတ်အရှင်သုံးပါးသည်သာ သူတို့အား ပြန်လာရန် အမိန့်ပေးမည်ဆိုပါက သူတို့အနေဖြင် ငြင်း၍ ရလိမ့်မည်မဟုတ်။ ထိုသို့သာမဟုတ်ပါက နတ်အရှင်သုံးပါးကို သစ္စာဖောက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ဤအတိုင်းပြန်သွားရမည်ဆိုလျှင်လည်း သုံးဦးစလုံးအတွက် မချိမခံသာစရာ ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်ဘေးနားတွင် နှစ်အတန်ကြာအောင် နေခဲ့လင့်ကစား သူတို့မျှော်လင့်နေသည့်အခွင့်အရေးအား ယခုအချိန်ထိတိုင် မရသေးပေ။ ထို့အတွက်ကြောင့် ယခုနေ ပြန်ထွက်သွားရလျှင် ရန်ကိုင်ဘေးနားတွင် နေခဲ့ရသည်မှာ အလဟာသ ဖြစ်သွားရပေလိမ့်မည်။
“မပြောပါဘူး ...” ရန်ကိုင်က ခေါင်းခါလျက် “ကြည့်ရတာ အခုကနေစပြီးတော့ ခင်ဗျားတို့သုံးယောက်က ကျုပ်ရဲ့လူတွေ တရားဝင်ဖြစ်သွားပြီနဲ့တူတယ် ...”
မွန်းစတားဘုရင်သုံးပါးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် ပြိုင်တူလက်သီးဆုပ်၍ ပြောလိုက်ကြလေသည်။ “ကျုပ်တို့ သခင်လေးရန်ရဲ့လက်အောက်မှာ ဝမ်းပန်းတသာနဲ့ ခစားမှာပါ ...”
သုံးဦးစလုံး၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ နတ်အရှင်သုံးပါး သူတို့အား ပြန်မလာရန် အမိန့်ပေးပါက အကောင်းဆုံးပင်။ ရန်ကိုင်နားတွင် ဆက်နေ၍သာ ရန်ကိုင်လက်အောက်၌ ခစားပေလိမ့်မည်။ ထက်ကောင်းကင်နန်းတော်မှာ ငြိမ်းချမ်းနေသည့်အတွက်ကြောင့် သူတို့အဖို့ လုပ်စရာ ဘာမှမရှိပါသော်ငြား ရန်ကိုင်နားတွင် နေနေခြင်းသည် ကောင်းကင်အမိန့်တော်၏မျိုးဆက်နှင့် ဆက်သွယ်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။
“ကြိုးစားထား ... နောက်ပိုင်းကျရင် ခင်ဗျားတို့အချိန်တွေအတွက် တန်အောင်လို့ ကျုပ် ပြန်လုပ်ပေးမယ် ...” ရန်ကိုင်က ပြောလိုက်သည်။ ဒီတိုင်း သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာ ဖြစ်ပါသော်ငြား မွန်းစတားဘုရင်သုံးပါးမှာတော့ ရန်ကိုင်၏စကားကို ကြာပြီးသည့်နောက် အလွန်ကိုမှ စိတ်လှုပ်ရှားလာကြတော့လေသည်။
“အင်း ... ကျုပ်နောက်လိုက်ခဲ့ဦး ...” ထိုသို့အမိန့်ပေးသည့်နောက် ရန်ကိုင်သည် အောက်ဘက်သို့ ဆင်းသွားလေ၏။ မကြာမီတွင် နန်မန်တကျွင်းနှင့် ပိရန်ယုချင်းတို့မှ စောင့်နေသော မြေကွက်လပ်ကြီးတစ်ခုဆိသို့ ရန်ကိုင်ရောက်လာခဲ့လေသည်။
ရန်ကိုင်ရောက်လာသည်ကို သတိထားမိသော် နန်မန်တကျွင်းက အလျင်စလို လာနှုတ်ဆက်လေ၏။ “မင်္ဂလာပါ နန်းတော်သခင် ...”
“ကောင်လေး ... နင် နောက်ဆုံးတော့ ပြန်လာပြီပေါ့ ...” ချီယွဲ့၊ ကွေ့ဇူ၊ ကုချန်းယွင်နှင့် အိုင်းအောင်တို့မှာလည်း ရန်ကိုင်အား နှုတ်ဆက်လိုက်ကြသည်။
ရန်ကိုင်က လက်သီးဆုပ်၍ တလေးတစားဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ ရန်ကိုင်၏ကျင့်ကြံခြင်း မည်မျှ မြင့်မားနေစေကာမူ ထိုလူများသည် အမြဲတစေ သူ၏စီနီယာများသာ ဖြစ်နေကြပေလိမ့်မည်။ အထူးသဖြင့် ချီယွဲ့နှင့် အိုင်းအောင်တို့ပင်။ ချီယွဲ့မှာ ရန်ကိုင်၏ ယောက္ခမဖြစ်ကာ အိုင်းအောင်မှာတော့ ရန်ကိုင်၏ ယောက္ခထီဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ထိုနှစ်ဦးအပေါ် ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ မလေးမစား လုပ်ဝံ့ပါမည်နည်း။
“ကောင်လေး.. မင်း ဒီတစ်လော ဘာတွေလျှောက်လုပ်နေတာလဲ ... ငါကြားတာတော့ မင်း နဂါးမလေးတစ်ကောင်ကို အိမ်ခေါ်လာတယ်ဆို ...” အိုင်းအောင်သည် ရန်ကိုင်အား သုန်သုန်မှုန်မှုန်အမူအရာဖြင့် ကြည့်ရင်းမှ ပြောလိုက်လေသည်။
(ဒီကောင်က တကယ်ကို မတော်မတရားလွန်လွန်းတာပဲကွ ... သူ့မှာ မိန်းမလေးယောက်တောင်ရှိနေပြီကို နောက်ထပ်မိန်းမတွေ ထပ်ရှာနေရဲသေးတယ် ... ဘာတဲ့ ... နောက်ထပ် ထပ်ယူတဲ့မိန်းမကလည်း နဂါးကလန်သားတဲ့ ...) အိုင်းအောင်မှာ နဂါးကလန်ရှေ့တွင် မာနတစ်ခွဲသားဖြင့် ပြုမူရဲလိမ့်မည်မဟုတ်ပါသော်ငြား ရန်ကိုင်ရှေ့တွင်တော့ ထိုသို့မဟုတ်ပေ။ (ဒီကောင့်ကျင့်ကြံခြင်း ဘယ်လောက်မြင့်မြင့် ဘယ်သူကဂရုစိုက်မှာလဲ ... ငါ့သမီးကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့ကတော့ ငါ ဒီကောင့်ကို လုံးဝခွင့်မလွှတ်ဘူး ...)
ထို့အပြင် ထိုနဂါးမလေးသည်သာ တစ်ဦးတည်းသောသူမဟုတ်။ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးတစ်ဦးသည်လည်း ရန်ကိုင်နှင့် မရှင်းမလင်းဆက်ဆံရေး ရှိနေသည်ဟူသော ကောလာဟလများလည်း ရှိနေပေသေးသည်။ သူ့ခွန်အား ရန်ကိုင်ထက် နိမ့်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် အိုင်းအောင်မှာ ရန်ကိုင်အား သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်ပေပြီ။
“မတော်တဆဖြစ်သွားတာ ... အဲဒါ တကယ်ကို မတော်တဆဖြစ်သွားတာ ...” ရန်ကိုင် ဇောချွေးပြန်သွားခဲ့လေသည်။ ရန်ကိုင်မှာ ကျုချင်းအကြောင်းကို စုယန်ကိုသာ ပြောပြခဲ့ပြီး စုယန်မှ ထိုအကြောင်းအား လော့အာနှင့် ရွှယ့်ယွယ်တို့အား ပြန်ပြောခဲ့သလားဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။ သို့သော်ငြား လော့အာနှင့် ရွှယ့်ယွယ်တို့နှစ်ဦးစလုံး ကျုချင်းနှင့်ပတ်သက်၍ ရန်ကိုင်အား တစ်ခါမှ လာမမေးခဲ့ဖူးပေ။
“မတော်တဆ ဟုတ်လား ...” အိုင်းအောင်က ဒေါသတကြီးဖြင့် ပြန်ပြောလေသည်။ “မင်း ဟိုကောင်မလေးတွေကို ဘယ်လိုတောင် လုပ်ရက်တာလဲကွာ ... သူတို့ ကြယ်စီရင်စုထဲမှာ ဘယ်လိုတွေ နေနေရလဲဆိုတာကိုတောင် သိသေးတာမဟုတ်ဘူး ... အဲဒါကိုတောင် ဒီမှာ အခြားမိန်းမတွေနဲ့ လျှောက်ပျော်ပါးနေတယ် ... မင်းမှာ အဲ့လောက် အချိန်တွေ ရှိနေတယ်ဆိုရင် မိန်းမတွေ လိုက်ရှာမနေပဲနဲ့ ဟိုကိုသာ ဘယ်လိုပြန်ရမလဲ စဉ်းစားကွ ... အခု မင်းစွမ်းရည်နဲ့ဆို အဲ့လိုလုပ်နိုင်လောက်ပြီမဟုတ်ဘူးလား ...”
“ကျုပ်လည်း အခုပဲ အဲ့အကြောင်းကို ပြောတော့မလို့..” ရန်ကိုင်သည် အခွင့်အရေးရှာ၍ စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်လေသည်။
“အဲ့အကြောင်းကိုပြောဖို့ ...” ချီယွဲ့သည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။
“ဘယ်သူရောက်နေလဲ ကြည့်ကြည့်လိုက် ...” ရန်ကိုင်က ပြုံး၍ သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ လူပေါင်းများစွာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြလေသည်။
စုယန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့အားလုံး တစ်ပြိုင်တည်းပေါ်လာကြလေသည်။ ဗြုန်းစားကြီး ဆင့်ခေါ်ခံလိုက်ရသည့်အတွက်ကြောင့် မိန်းကလေးလေးဦးစလုံးမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘဲ ဇဝေဇဝါဖြစ်နေကြလေသည်။
ထိုမိန်းကလေးလေးဦးကိုကြည့်ရင်း နန်မန်တကျွင်းနှင့် ပိရန်ယုချင်းတို့နှစ်ဦးစလုံး အံ့ဩသွားခဲ့ကြလေသည်။ စုယန်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းမှာ နန်မန်တကျွင်းတို့အတွက်မူ ဘာမျှမပြောပလောက်ပါသော်ငြား အမျိုးသမီးတစ်ဦးချင်းစီတိုင်းသည် အလွန်ကိုမှ ချောမောလှပကြသည်။ သာမန်လူများအဖို့ ဤကဲ့သို့သောအမျိုးသမီးတစ်ဦးကို ရလိုက်မည်ဆိုလျှင် အလွန်ကိုမှ ကံကောင်းနေပြီဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့သောအမျိုးသမီး လေးဦးစလုံးကို တစ်ပြိုင်တည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။ ကြည့်ရသလောက် သူတို့၏နန်းတော်သခင်မှာ အချစ်ရေးနှင့်ပတ်သက်လာသော် အလွန်ကိုမှ ကံကောင်းသည့်ပုံပင်။
(ရန်ကိုင်ပဲဟာကို ... ဒီလောက်တော့ရှိမှာပေါ့ ...)
ထိုအချိန်အတောအတွင်း မွန်းစတားဘုရင်သုံးပါး၏ အာရုံမှာတော့ အမျိုးသမီးနှစ်ဦးဆီသို့ ရောက်နေကြလေသည်။ စုယန်နှင့် ကျန်လူများမှာ အတော်လေးကိုမှ ချောမောလှပကြပါသော်ငြား မွန်းစတားမျိုးနွယ်စုဝင်များ၏ အမြင်တွင်တော့ ထိုသို့မဟုတ်ကြပေ။ လက်ရှိအချိန်တွင် မွန်းစတားမျိုးနွယ်စုဝင်များမှာ အမျိုးသမီးနှစ်ဦးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို အထူးတလည် ခံစားမိနေကြလေသည်။
အထူးသဖြင့် အေးစက်စက်မျက်နှာထားနှင့် အမျိုးသမီးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူတို့ကိုပင်လျှင် ရိုကျိုးလေးစားလာအောင် လုပ်နေသလို မွန်းစတားဘုရင်သုံးပါးစလုံး ခံစားနေရလေသည်။ သူမ၏အရှိန်အဝါမှာ လွမ်ဖုန်းနှင့်တူပါသော်ငြား လွမ်ဖုန်းထက် ပို၍ကြီးကျယ်ခမ်းနားကာ အားကောင်းပေသည်။ ထိုနေရာတွင် ဤအတိုင်းရပ်နေသည့်တိုင် ထိုအမျိုးသမီးသည် သာမန်အမျိုးသမီးတစ်ဦးသာလျှင် မဟုတ်တော့ဘဲ သူတို့ပင်လျှင် မော်ကြည့်နေရသည့် တိမ်စိုက်တိမ်တိုက်များကို ထိုးဖောက်နေသော မိုးထိမတတ် မြင့်မားလွန်းလှသည့် တာဝါတိုင်ကြီးတစ်ခုပမာ။ ထိုအမျိုးသမီးနှင့် မတူညီစွာပင် အခြားသောစွဲမက်ဖွယ်ကောင်းလှသည့် အမျိုးသမီးမှာတော့ ထိုကဲ့သို့သော ခမ်းနားကြီးကျယ်လှသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားခြင်းမရှိ။ သို့ပင်ဖြစ်လင့်ကစား သူမ၏အရှိန်အဝါသည် သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရှိန်အဝါမျိုး မဟုတ်ပေ။
(နတ်သားရဲတွေလား ...) မွန်းစတားဘုရင်သုံးပါးစလုံး တစ်ဦးကိုတစ်ဦး ထိတ်လန့်တကြားအမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။ မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြသည့်အလျောက် မွန်းစတားဘုရင်သုံးပါးသည် နတ်သားရဲများ၏ အရှိန်အဝါအပေါ် အလွန်ကိုမှ အာရုံခံစားလွယ်ပေသည်။ ထို့အတွက်ကြောင့် စုယန်နှင့် ရှန်ချင်းလော့တို့မှာ နတ်သားရဲများ၏ အမြုတေကို သယ်ဆောင်ထားကြသည့်လူများမှန်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောနိုင်ခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုအမျိုးသမီးနှစ်ဦးစလုံးမှာ အားနည်းနေကြပါသော်ငြား တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ ထိုအမျိုးသမီးနှစ်ဦးစလုံးသည် သူတို့အား ခွန်အားအရာတွင် ကျော်တက်သွားလိမ့်မည်မှန်း မွန်းစတားဘုရင်သုံးပါးစလုံး သိနေကြသည်။
“လော့အာလား ...” ချီယွဲ့မှာ ရှန်ချင်းလော့ကိုကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေခဲ့လေသည်။ သူမရှေ့တွင် ရုတ်တရက်ပေါ်လာသည့် ရှန်ချင်းလော့ကိုကြည့်ရင်း ချီယွဲ့မှာ သူမမျက်လုံးသူမ မယုံနိုင်ဖြစ်နေခဲ့လေသည်။
အိုင်းအောင်မှာ ယခုလေးတင် ရန်ကိုင်အား ကြယ်စီရင်စုကြီးဆီသို့ မည်ကဲ့သို့ ပြန်သွားရမလဲဆိုသည်နှင့်ပတ်သက်၍ နည်းလမ်းရှာရန် ပြောနေခြင်း ဖြစ်လေသည်။ သို့သော်ငြား ရုတ်တရက်ဆိုသလို ရှန်ချင်းလော့သည် မျက်တောင်တစ်ခတ်အတွင်း သူမရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့သည်။
***