သူမ နာမည် အော်ခေါ်သံကို ကြားလိုက်ရသည့်အခိုက် ရှန်ချင်းလော့ အံ့အားသင့်သွားခဲ့သည်။ အကြည့်ချင်း ဆုံသွားသည့်အခိုက် ရှန်ချင်းလော့ စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်လိုက်လေ၏။ "အမေ"
သူမနှင့် ပီလော့တို့ အလွန်ကိုမှ ထူးဆန်းသည့် ယဇ်ပလ္လင်တစ်ခုကို သုံး၍ ဟန်မင်းဆက်မှ ထွက်လာခဲ့စဉ်က မွန်းစတားဧကရာဇ်ကြယ်ဆီသို့ ရောက်ရှိသွားခဲ့ရသည်။ ထိုစဉ်က ချီယွဲ့ သူမတို့အား ရှာတွေ့ပြီး သူမအား မွေးစားသမီးအဖြစ် ခေါ်ယူမွေးစားကာ စောင့်ရှောက်ပေးခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက သူမနှင့် ပီလော့တို့၏ ခွန်အားအရ ထိုစဉ်က ဒုက္ခလှလှ တွေ့ခဲ့ရပေမည်။
ထို့ကြောင့် ချီယွဲ့သည် သူမ၏ ကျေးဇူးရှင်သာလျှင် မဟုတ်။ သူမ၏ မွေးစားအမေလည်း ဖြစ်ပေသည်။
အိုင်းအောင် သည်လည်း ရွှယ့်ယွယ်အား စိုက်ကြည့်နေခဲ့လေ၏။ ရွှယ့်ယွယ်၏ မျက်လုံးလေးများမှာတော့ သူမ အဖေကို မြင်ပြီးသည့်နောက် တဖြည်းဖြည်း ရဲတက်လာခဲ့ပြီး လှမ်း၍ အော်ခေါ်လိုက်လေသည်။ "အဖေ"
အိုင်းအောင် သည် ကသောင်းကနင်း ဖြစ်နေသော စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထားရင်းမှ ခေါင်းညိတ်၍..."ကောင်းတယ်၊ ကောင်းတယ်၊ နင်အဆင်ပြေနေတာ တကယ်ကောင်းတယ်" ထို့နောက် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင်အပေါ် မကျေနပ်ချက်များမှာလည်း နေလာ နှင်းပျောက်သည့်ပမာ အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့လေပြီ။ ရန်ကိုင်သည် ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားပြီး သူ့သမီးအား ဤနေရာသို့ ခေါ်လာပေးခဲ့ပြီဖြစ်ရာ အိုင်းအောင် အနေဖြင့် ဘာများ ထပ်ပြောစရာ ရှိပါဦးမည်နည်း။
စုယန်နှင့် ရှနင်းချန်တို့မှာ ပြန်ဆုံစရာ မိသားစုဝင်များ မရှိကြပါသော်ငြား ကွေ့ဇူကို နှစ်ပေါင်းများစွာ မတွေ့ရသည့်အတွက်ကြောင့် ပြန်တွေ့သည့်အခိုက် သွားရောက် နှုတ်ဆက်လိုက်ကြလေသည်။ ကုချန်းယွင်မှာတော့ ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်ရင်းမှ ထိတ်လန့်အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။ "နန်းတော်သခင် အရင်ကြယ်စီရင်စုကြီးဆီ ပြန်သွားတာလား"
ချီယွဲ့နှင့် အိုင်းအောင် တို့မှာ ရန်ကိုင်အား 'ကောင်လေး' 'ကောင်စုတ်လေး'ဟု ခေါ်၍ရသလို နာမည်တပ်ခေါ်၍လည်း ရပါသော်ငြား ကုချန်းယွင်ကမူ ထိုကဲ့သို့ သွားမခေါ်ရဲပေ။ ထိုအတွက်ကြောင့် သတိထားပြီး ရန်ကိုင်အား နန်းတော်သခင်ဟုသာ ခေါ်ဝေါ်လိုက်လေသည်။
"အင်း၊ ကျုပ်အခုလေးတင် ပြန်ရောက်တာ" ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါ ဒါဆို ဓားအဖွဲ့အစည်းကရော" ကုချန်းယွင်သည် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့ စီနီယာကု၊ ကျုပ် ရောင်းရင်းကုနဲ့ ဓားအဖွဲ့အစည်းက အခြားလူတွေကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်တယ်"
"ဒါဆို သူတို့ဘယ်မှာလဲ" ကုချန်းယွင်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။
"လောမနေစမ်းပါနဲ့၊ မကြာခင် တွေ့ရမှာပေါ့" လောကဓာတ်လုံးထဲရှိ တစ်ခုသော နေရာတွင် လူပေါင်းသိန်းနှင့်ချီမက စုဝေးနေကြလေသည်။ ထိုအတွက်ကြောင့် ထိုလူအုပ်ကြီးထဲ ကုကျန်းရှင်နှင့် သူ၏ လူများကို ရှာဖို့ရာ ရန်ကိုင်အဖို့ အနည်းငယ် အခက်တွေ့ရပေသည်။ စုယန်နှင့် အခြားသူများကို အလွယ်တကူ ခေါ်ထုတ်နိုင်ခဲ့ခြင်းမှာ စုယန်နှင့် အခြားလူများမှာ ထိုလူအုပ်ကြီးရှိနေသည့် နေရာတွင် ရှိမနေသည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။
"တကျွင်း တောင်နှင်းပင်ပုံရိပ်ကို ယူလာပေးစမ်း" ရန်ကိုင်က သူ့လက်ကို မြှောက်၍ ပြောလိုက်သည်။
ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း တကျွင်း မသိပေ။ သို့သော် ဘာမျှ ပြန်မမေးနေခဲ့ဘဲ တောင်းနှင်ပင်ပုံရိပ်အား ထိန်းချုပ်သည့် ပစ္စည်းကို အလျင်စလို ထုတ်ယူ၍ ဖွင့်ပေးလိုက်လေသည်။ ချက်ချင်းဆိုသလို အထက်ကောင်းကင်နန်းတော်၏ မြေနေရာအနေအထား တစ်ခုလုံးကို အသေးစိတ် ပုံဖော်ထားသည့် ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ အမျိုးမျိုးသော တောင်များ၊ စမ်းချောင်းများ၊ မြစ်ချောင်းများ အကုန်လုံးကို ထိုပုံရိပ်ပေါ်တွင် အသေးစိတ် ဖော်ပြထားပေသည်။ ထိုအရာသည် နန်မန်တကျွင်းနှင့် ဟို့ယုတို့ အတူတကွ ပူးပေါင်းဖန်တီးထားသည့် အရာတစ်ခု ဖြစ်လေရာ ဤကဲ့သို့ အသေးစိတ်ကျကာ သေသပ်နေသည်မှာတော့ အဆန်းမဟုတ်ပေ။
ရန်ကိုင်သည် တောင်အချို့ကို ညွှန်ပြရင်းမှ မေးလိုက်လေသည်။ "အဲဒီမှာ လူတွေနေတယ်မလား"
ပိယန်ယုချင်းသည် ရန်ကိုင် ညွှန်ပြသည့် နေရာကို ကြည့်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲဒီမှာ ရွက်တစ်ထောင်ဂိုဏ်းက လူတွေနေနေကြတာ၊ သူတော်စင်ငါးပါးတောင်မှာတော့ ချီယွဲ့ နေနေတာ" ပိယန်ယုချင်း အထက်ကောင်းကင်နန်းတော်တွင် နေလာသည်မှာ ဆယ်နှစ်ကျော်မက ရှိနေပြီဖြစ်ရာ မည်သည့်နေရာတွင် မည်သူများ ရှိနေကြသလဲဆိုသည်ကို သိနေသည်မှာ အဆန်းတော့မဟုတ်ပေ။
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "မကြာခင် လူတွေထပ်လာဦးမှာ၊ ဒီတော့ သူတို့ရောက်လာရင် သူတို့ကို ကူပြီးတော့ နေရာချပေးလိုက်ဦး"
"ဘယ်လောက်လာမှာလဲ" ပိယန်ယုချင်းက ပြန်မေးလိုက်သည်။
"တစ်သိန်းကျော်"
ရန်ကိုင် ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း သက်ပြင်းရှိုက်သွားကြလေသည်။ အထက်ကောင်းကင်နန်းတော်သည် အမြဲတမ်းဆိုသလို လူအရေအတွက် နည်းပါးသည့် အင်အားစုတစ်ခု ဖြစ်ပေသည်။ ထိုအပြင် အထက်ကောင်းကင်နန်းတော်အား စတင်တည်ထောင်ပြီးချိန်မှ စ၍ ရန်ကိုင်သည် မည်သည့် တပည့်သစ်ကိုမျှ စုဆောင်းမည့် အရိပ်အယောင် မပြခဲ့ပေ။ ယခု ရန်ကိုင်မှ နောက်ထပ် လူတစ်သိန်းကျော် ရောက်လာမည်ဟု ပြောလာသည့်အခါ အကုန်လုံး အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်လေသည်။
"အဲဒီလောက်များနေမယ်ဆိုရင်တော့ အကူအညီလိုလိမ့်မယ်" ပိယန်ယုချင်းက ပြောလိုက်သည်။
"ရတယ်၊ ရွက်တစ်ထောင်ဂိုဏ်းက လူတွေကို သွားအကူအညီတောင်းလိုက်" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ငါ အခုပဲ အဲဒီလူတွေကို ခေါ်ထုတ်လိုက်တော့မယ်"
ပိယန်ယုချင်းလည်း သူမ၏ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူ၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ လှမ်းအကူအညီ တောင်းတော့လေသည်။
ရန်ကိုင်သည် လောကဓာတ်လုံးကို အပြင်သို့ ထုတ်ယူလိုက်သည်။ အနက်ရောင် ဝဲကတော့ကြီးတစ်ခု ပေါ်လာခဲ့ပြီး ဖားလောင်းကဲ့သို့သော အရာကြီးတစ်ခု အားလုံး၏ မြင်ကွင်းထဲ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုအရာမှာ ဂန်းဂန်းသာ ဖြစ်လေ၏။
ဂန်းဂန်းဆီမှ ဖြာထွက်နေသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် မွန်းစတားဘုရင်သုံးပါးကိုပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားစေခဲ့သည်။ ထိုအရာကြီး ဘာမှန်း သုံးဦးစလုံး မပြောနိုင်ကြ။ သုံးဦးစလုံး အံ့အားသင့်သွားရခြင်းမှာ ဂန်းဂန်း၏ ကြီးမားလှသော အရွယ်အစားကြောင့် မဟုတ်ဘဲ ၎င်းဆီမှ ဖြာထွက်နေသော အန္တရာယ်များလွန်းလှသည့် အရှိန်အဝါကြောင့်သာ ဖြစ်လေသည်။
မကြာမီ ဂန်းဂန်း၏ ဟထားသည့် ပါးစပ်ထဲမှ လူတစ်ဦး ပြေးထွက်လာခဲ့သည်။ ထိုလူသည် အပြင်သို့ ရောက်လာပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား ထိတ်လန့်တကြား အမူအရာဖြင့် ကြည့်လိုက်လေ၏။ ယခုပေါ်လာသည့် လူမှာတော့ မန်ဝူရမှလွဲ၍ အခြားမဟုတ်ပေ။ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်တို့သည် မန်ဟူရအား သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟုပင် ထင်မှတ်နေစေခဲ့လေသည်။ အရိပ်ကြယ်ပေါ်ရှိ အထက်ကောင်းကင်ဂိုဏ်း ရှိနေသည့် နေရာသည် မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းကြွယ်ဝသည့် နေရာတစ်ခုဖြစ်သည်။ သို့သော်ငြား ထိုနေရာသည်ပင်လျှင် လက်ရှိ သူရောက်နေသည့် နေရာနှင့် ယှဉ်လိုက်သော် အလွန်ကို ကွာခြားသွားတော့သည်။ ဤနေရာတွင်ဆိုလျှင် သူ ကျင့်စဉ်ကိုပင်လျှင် လှည့်ပတ်နေစရာမလိုဘဲ မိုးမြေစွမ်းအင်များသည် သူ့ကိုယ်ထဲသို့ အလိုလို စီးဝင်နေခဲ့လေသည်။
ထို့နောက်တွင် အခြားတစ်ဦး ဂန်းဂန်း၏ ပါးစပ်ထဲမှ ထပ်မံပြေးထွက်လာပြန်လေသည်။ ထို့နောက် တတိယမြောက်တစ်ယောက်၊ ထို့နောက် စတုတ္ထမြောက်တစ်ယောက် စသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။
အကုန်လုံး ငေးကြောင်ကြောင်ဖြင့် ရပ်နေကြသည်ကို မြင်သော် ရန်ကိုင်က လှမ်းအော်ပြောလိုက်လေ၏။ "ထွက်လာပြီးသွားရင် အဲဒီမှာပဲ ကြောင်ရပ်မနေကြနဲ့နော်၊ တော်ကြာ အနောက်ကလူတွေ ဆက်ထွက်လာလို့မရ ဖြစ်နေဦးမယ်"
ရန်ကိုင်၏ အသံကို ကြားသည့်အခါမှသာလျှင် ထိုလူများ ငေးကြောင်ကြောင်ဖြစ်နေရာမှ အသိပြန်ဝင်လာကြပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရန်ကိုင်သည် သူတို့အား ကြယ်တာရာအစုအဝေးဟု ခေါ်သော ပိုမိုအဆင့်မြင့်သည့် ကမ္ဘာတစ်ခုဆီသို့ ခေါ်သွားပေးမည်မှန်း အကုန်လုံး သိထားပြီးကြသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ကြယ်တာရာအစုအဝေးဟုခေါ်သည့် နေရာဆီသို့ သူတို့အားလုံး လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနှင့် ရောက်ရှိလာသည့်ပုံပင်။ သို့သော်ငြား ကြယ်တာရာအစုအဝေးသည် ဤမျှ ကောင်းမွန်သည့် ကျင့်ကြံရေးပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ တကယ် မထင်ထားခဲ့ကြပေ။
ပုံမှန်အားဖြင့် ကြယ်တာရာအစုအဝေးထဲရှိ နေရာများသည် ယခု အထက်ကောင်းကင်နန်းတော်ကဲ့သို့ မဟုတ်ကြပေ။ ကြယ်တာရာအစုအဝေးသည် ကြယ်စီရင်စုများထက် ပိုမိုအဆင့်မြင့်သည့် နေရာတစ်ခု ဖြစ်နေမည်ဆိုလျှင်ပင် ကျင့်ကြံရေးပတ်ဝန်းကျင် ကွာခြားချက်မှာတော့ ထိုမျှ ကြီးမားမနေသင့်ပေ။ သို့သော် လက်ရှိ အထက်ကောင်းကင်နန်းတော် ရှိနေသည့် နေရာသည် ယခင်က ရမ္မက်လျှာဂိုဏ်း တည်ရှိခဲ့သည့် နေရာ ဖြစ်ပေသည်။ ရမ္မက်လျှာဂိုဏ်းသည် မြောက်ပိုင်းနယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သည့်အလျောက် ၎င်းမှ ခြေကုပ်ယူထားသော ပိုင်နက်နယ်မြေသည် မည်ကဲ့သို့များ မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝခြင်း မရှိသည့် နေရာတစ်ခု ဖြစ်ရပါမည်နည်း။
ထိုသို့ဖြင့် ဂန်းဂန်း၏ ပါးစပ်ထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာခဲ့ကြရာ မကြာမီ မြေကွက်လပ်တစ်ခုလုံး လူများဖြင့် ပြည့်နှက်သွားတော့လေသည်။
မကြာမီ ရွက်တစ်ထောင်ဂိုဏ်းမှ လူများသည် ရီဟန်၏ ဦးဆောင်မှုနှင့် အတူ ရောက်ရှိလာကြသည်။ လူတော့ သိပ်မများလှ။ ရာဂဏန်းလောက်သာ ရှိကြလေ၏။ မြေကွက်လပ်ဆီသို့ ရောက်လာပြီးနောက် စုဝေးနေသည့် လူအုပ်ကြီးကို မြင်လိုက်သော် ရွက်တစ်ထောင်ဂိုဏ်းသားများ အံ့အားသင့်သွားကုန်ကြလေသည်။ အနည်းငယ် မေးစမ်းကြည့်ပြီးသည့်နောက် ထိုလူများသည် အဆင့်နိမ့်ကြယ်စီရင်စု တစ်ခုမှ ရန်ကိုင်ခေါ်လာသည့် လူများမှန်း သိသွားကြတော့လေ၏။
ကြယ်တာရာအစုအဝေး၏ ဒေသခံများ အမြင်တွင် အဆင့်နိမ့် ကြယ်စီရင်စုမှ ရောက်လာကြသူများသည် လက်ရွေးစင်များ ဖြစ်ကြပေသည်။ ထိုလူများသည်သာ စောစော မသေသွားသရွေ့ သူတို့အဖို့ ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခြေ အလွန်ကိုမှ များပေသည်။ အဆင့်နိမ့်ကြယ်စီရင်စု၏ ပတ်ဝန်းကျင်သည် ကြယ်တာရာအစုအဝေးထက် နိမ့်ကျနေသည့်အတွက် ထိုလူများ၏ အလားအလာမှာ အကန့်အသတ်နှင့်သာ ရှိခဲ့ရခြင်း ဖြစ်လေရာ ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် သူတို့၏ ပုန်းကွယ်နေသော အလားအလာများ ပွင့်ထွက်လာသည်မှာ အဆန်းတော့ မဟုတ်ပေ။
ထိုအပြင် ကြယ်တာရာအစုအဝေး၌ အဆင့်နိမ့် ကြယ်စီရင်စုမှ တက်လာသော ကျင့်ကြံသူများ မရှိကြခြင်း မဟုတ်။ ရှိကြပေသည်။ သို့သော်ငြား ထိုလူများသည် ဟိုတစ်နေရာ ဒီတစ်နေရာ ပြန့်ကျဲနေကြခြင်း ဖြစ်လေရာ သူတို့ကဲ့သို့သော လူများအား တစ်နေရာတည်းတွင် အတူတကွတွေ့ရန်မှာ အလွန်ခဲယဉ်းလှပေသည်။
လက်ရှိအချိန်တွင်တော့ မြေကွက်လပ်ထဲ၌ ထောင်နှင့်ချီသော ကျင့်ကြံသူများ စုဝေးနေကုန်ကြလေသည်။ ထိုလူများသည် အဆုံးသတ် မဟုတ်သေးဘဲ ဂန်းဂန်း၏ ပါးစပ်ထဲမှ ပိုမိုများပြားသော လူများ ထပ်မံ ထွက်လာနေကြသေးသည်။ ထိုအပြင် လက်ရှိအချိန်၌ ထိုလူများသည် အားကောင်းကြသေးလိမ့်မည် မဟုတ်ပါသော်ငြား အချိန်အတန်အသင့်သာ ရသွားခဲ့မည်ဆိုလျှင် အထက်ကောင်းကင်နန်းတော်၏ အခြေခံအုတ်မြစ်များ ကျိန်းသေ ဖြစ်လာပေလိမ့်မည်။
ရန်ကိုင်မှာတော့ မည်သူနှင့်မျှ စကားပြောခြင်းမရှိ။ ပိယန်ယုချင်းနှင့်အတူ ဆွေးနွေးနေရင်း အသစ်ရောက်လာသည့် လူများအတွက် နေစရာထိုင်စရာ ရှာဖွေပေးနေရလေသည်။
ထိုသို့ဖြင့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသည် တစ်ဦးလျှင် လူတစ်ထောင်ကျ နှစ်ထောင်ကျ ဦးဆောင်လျက် နေရမည့် နေရာဆီသို့ အသီးသီး ခေါ်ဆောင်ပေးသွားကြလေသည်။
အသစ်ရောက်လာသည့် လူများအား နေစရာပြင်ဆင်ပေးဖို့ရာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့လေသည်။ ထိုအချိန်အတောအတွင်း ဟွာချင်းစီ တောင်ပိုင်းနယ်မြေမှ ပြန်ရောက်လာခဲ့လေ၏။ သူမ၏ အကူအညီကြောင့် အသစ်ရောက်လာသည့် လူများအား နေရာချပေးရသည်မှာ ယခင်ကထက် ပိုမို အဆင်ပြေ ချောမွေ့သွားခဲ့လေသည်။ လက်ရှိအခြေအနေအပေါ် ဟွာချင်းစီမှာ ဝမ်းလည်းဝမ်းသာမိသလို စိတ်လည်းညစ်မိလေသည်။ ရန်ကိုင်ကိုလည်း မကျေနပ်သည့် အကြည့်မျိုးဖြင့် မကြာမကြာ လှမ်းလှမ်းကြည့်လေ၏။
အထက်ကောင်းကင်နန်းတော်ကို စတင်တည်ထောင်ပြီးနောက်တွင် ရန်ကိုင်သည် ဟွာချင်းစီအား မန်နေဂျာမှူး ရာထူးကိုပေးခဲ့ပါသော်ငြား ဟွာချင်းစီမှာတော့ ဘာမျှလုပ်စရာ သိပ်မရှိခဲ့ပေ။ ထိုစဉ်က အထက်ကောင်းကင်နန်းတော်ထဲ၌ တပည့်များများစားစားမှ မရှိလေဘဲ။ အထက်ကောင်းကင်နန်းတော်၌ ရှိသည့် လူအများစုဆို၍ ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသာ ရှိကြပေသည်။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းတွင် ဦးဆောင်မည့် ရီယန် ရှိနေသည့်အတွက် ဟွာချင်းစီအဖို့ ဘာမျှ ဝင်ရှုပ်နေစရာ မလိုပေ။
ထိုအကြောင်းကြောင့်ပင်လျှင် လွန်ခဲ့သည့် နှစ်များအတွင်း ဟွာချင်းစီသည် အထက်ကောင်းကင်နန်းတော်၏ စီမံခန့်ခွဲရေးရာများနှင့် ပတ်သက်၍ ဘာမျှ သိပ်မလုပ်ရဘဲ ကျင့်ကြံရေးအရင်းအမြစ်များ ရအောင် မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကိုသာ စဉ်းစားနေခဲ့ရသည်။ ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရာမှ အကျိုးအမြတ်များစွာ ရရှိနေခဲ့လေသည်။ သို့သော်ငြား တပည့်မရှိသည့် ဂိုဏ်းတစ်ခုအဖို့ ထိုမျှများပြားလှသော အကျိုးအမြတ်များကို ရှာဖွေနိုင်၍လည်း ဘာများ အကျိုးထူးပါမည်နည်း။ ထိုအကြောင်းကြောင့် ဟွာချင်းစီမှာ မန်နေဂျာမှူးတစ်ဦး ဖြစ်သည်ဟု ပြော၍ ရပါသော်ငြား အမည်ခံသက်သက်သာ ဖြစ်လေသည်။
သို့ရာတွင် ယခုမူ မတူတော့ချေ။ အထက်ကောင်းကင်နန်းတော်ထဲသို့ တပည့်ပေါင်း တစ်သိန်းကျော် ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ တစ်နည်းဆိုရသော် သူမအနေဖြင့် ထိုတပည့်များအတွက် နေစရာထိုင်စရာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များကို စတင် ပြင်ဆင်ပေးရပေတော့မည်။ ဤလူထုကြီးတစ်ခုလုံးကို စီမံခန့်ခွဲရမည် ဖြစ်လေရာ ဟွာချင်းစီအနေဖြင့် အနည်းဆုံး နှစ်ဝက်ခန့်တော့ နားရလိမ့်မည် မဟုတ်ပေ။
ယခုမှသာ ဟွာချင်းစီ၏ မန်နေဂျာမှူးဟူသည့် ရာထူးဂုဏ်ပုဒ်မှာ အမှန်တကယ်ကို ထိုက်တန်သွားပြီဟု ပြော၍ ရလေသည်။ သို့သော် လက်ရှိ အလုပ်ဝန်သည် သူမအတွက်တော့ အတော်လေးကိုမှ ဝန်ပိစရာကောင်းနေခဲ့လေသည်။
ကံကောင်းစွာဖြင့် သူမ၏ ပြဿနာများကို ကူညီဖြေရှင်းပေးမည့် ပိယန်ယုချင်း ရှိနေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ဤဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံးကို သူမတစ်ဦးတည်းသာ ခါးစည်းခံရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား တစ်သိန်းကျော်သော လူအုပ်ကြီး၏ ဝေယျာဝစ္စအဝဝကို သူမနှင့် ပိယန်ယုချင်းတို့ နှစ်ဦးတည်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ရာမှာ အတော်လေး ဝန်ပိနေသေးပေသည်။ ထိုအကြောင်းကြောင့် ဟွာချင်းစီအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်သော အစီအစဉ်တစ်ခုကို စတင်စဉ်းစားရန် လိုအပ်လာလေပြီ။
လောကဓာတ်လုံးထဲမှ နောက်ဆုံးထွက်လာသည့် အသုတ်မှာတော့ မွန်းစတားဧကရာဇ်ကြယ်မှ မွန်းစတားမျိုးနွယ်စုဝင်များသာ ဖြစ်ကြလေသည်။ ထိုလူများသည် မွန်းစတားဧကရာဇ်ကြယ်၏ လက်ရွေးစင်များဖြစ်ကြပြီး စုစုပေါင်း အယောက် သုံးထောင်နီးပါးခန့် ရှိပေသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသည့်လူမှာတော့ ယူရှုန်းသာ ဖြစ်လေသည်။
ရန်ကိုင်သည် မွန်းစတားဘုရင်သုံးပါးကို လှမ်းအချက်ပြလိုက်လေသည်။ "ဒီလူတွေကိုတော့ ခင်ဗျားတို့သုံးယောက်ပဲ စီစဉ်ပေးလိုက်ကြပေတော့"
မွန်းစတားမျိုးနွယ်စုဝင်များ၏ ကျင့်ကြံပုံသည် လူသားများ၏ ကျင့်ကြံပုံနှင့် ကွာခြားပေသည်။ ထိုအကြောင်းကြောင့် မွန်းစတားမျိုးနွယ်စုဝင်များကို မွန်းစတားဘုရင်သုံးပါးမှ သင်ကြားပြသပေးလျှင် ပိုအဆင်ပြေပေလိမ့်မည်။ ရန်ကိုင်၏ စကားကို ကြားသော် ယင်ဖေး၊ ရှီလဲ့နှင့် ရှဲ့ဝေတို့ အပြုံးကြီး ပြုံးသွားကြသည်။ သုံးဦးသား၏ အကြည့်သည် ထောင်နှင့်ချီသော မွန်းစတားမျိုးနွယ်စုဝင်များကို စီမံတွက်ချက်နေသည့် အကြည့်မျိုးဖြင့် ဝေ့ကြည့်သွားခဲ့ရာ မွန်းစတားမျိုးနွယ်စုဝင်များ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။
ဤနေရာသို့ ရောက်နေသော မွန်းစတားမျိုးနွယ်စုဝင်များမှာ မွန်းစတားဧကရာဇ်၏ လက်ရွေးစင်များဖြစ်ကြကာ အဆုံးမဲ့သားရဲတောင်တန်းနှင့် တိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့ကြသည့် ပါရမီရှင်များ ဖြစ်ကြပေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုလူများသည် မွန်းစတားဘုရင်သုံးပါးဆီမှ ဖြာထွက်လာနေသည့် အရှိန်အဝါနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ကလေးသူငယ်များပမာ ဖြစ်ကုန်ကြလေသည်။ မွန်းစတားဘုရင်များ မည်မျှအားကောင်းကြသလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြ။ သို့သော်ငြား ထိုမွန်းစတားဘုရင် သုံးပါးစလုံးသည် သူတို့အား လက်ဖျောက်တစ်ချက်နှင့် သတ်ပစ်နိုင်သည်ကိုတော့ အကုန်လုံး သိနေကြပေသည်။
"နောက်ဆုံးတော့ ငါတို့မှာလည်း လုပ်စရာတစ်ခုခု ရှိလာပြီ" ရှီလဲ့က အကျယ်ကြီး အော်ရယ်မောလိုက်သည်။
ဟွာချင်းစီကဲ့သို့ပင် မွန်းစတားဘုရင်သုံးပါးမှာ အထက်ကောင်းကင်နန်းတော်ထဲသို့ ရောက်လာပြီးနောက် လုပ်စရာကိုင်စရာမရှိ ဖြစ်နေခြင်း ဖြစ်လေသည်။ သူတို့အဖို့ လုပ်စရာရှိသည်ဆို၍ ဟို့ယုနှင့် တူတူပုန်းတမ်းကစားရုံသာ ရှိပေသည်။ သို့သော်ငြား ထွက်ပြေးရန် ကြိုးစားလိုက်တိုင်း အမြဲတမ်း ပြန်လည်ဖမ်းဆီးခံရပြီးနောက်တွင်တော့ ဟို့ယုမှာလည်း ထွက်ပြေးချင်စိတ် မရှိတော့ဘဲ အထက်ကောင်းကင်နန်းတော်အတွက်သာ မှော်ရတနာများကို တစိုက်မတ်မတ် သွန်းလုပ်ပေးတော့လေသည်။
အခြားတစ်နည်းဖြင့် ပြောရသော် ဟို့ယုမှာ အထက်ကောင်းကင်နန်းတော်ထဲရှိ အရင်းအမြစ်များကို ဖြုန်းတီးခြင်းဖြင့် ရန်ကိုင် စိတ်ဓာတ်ကျအောင်လုပ်ကာ သူမအား ပြန်လွှတ်ပေးလာအောင် လုပ်လိုခြင်း ဖြစ်ပေသည်။ သို့သော် ဧကရာဇ်အဆင့် ပန်းပဲပညာရှင်ဟူသော ဂုဏ်ပုဒ်ကိုလည်း မထိခိုက်စေလိုသည့်အတွက် ဟို့ယုမှာ သွန်းလုပ်သည့် မှော်ရတနာတိုင်းကို သေသေချာချာ အာရုံအပြည့်စိုက်ထားခဲ့လေရာ သူမ သွန်းလုပ်လိုက်သည့် မှော်ရတနာတိုင်းမှာ ထိပ်တန်းအဆင့်ချည်း ဖြစ်နေခဲ့ကြလေသည်။ လက်ရှိအချိန်တွင် အထက်ကောင်းကင်နန်းတော်၏ ရတနာဂိုဒေါင်ထဲ၌ မရေမတွက်နိုင်သော အဆင့်အမျိုးမျိုး ရှိကြသည့် မှော်ရတနာများ ပုံထပ်နေကြလေသည်။ ရန်ကိုင်သည် ထိုမှော်ရတနာများကို ကောင်းကောင်းအသုံးချရန် ဤမျှ များပြားလှသော လူများအား ခေါ်လာလိမ့်မည်မှန်း ကြိုသိခဲ့ပါလျှင် ဟို့ယုအနေဖြင့် ထိုမျှကောင်းမွန်လှသော မှော်ရတနာများကို မဖန်တီးခဲ့ပေ။
လိုက်ဖမ်းစရာ ဟို့ယု မရှိတော့သည့်အတွက် မွန်းစတားဘုရင်သုံးပါးအဖို့ အတော်လေး ပျင်းရိစရာ ကောင်းလာတော့လေသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ရန်ကိုင်သည် သူတို့အား ထောင်နှင့်ချီသော မွန်းစတားမျိုးနွယ်စုဝင်များကို လေ့ကျင့်သင်ကြားပေးရန်ဟူသည့် တာဝန်ကို ပေးအပ်လာခဲ့လေသည်။ ယခုကဲ့သို့ လုပ်စရာတစ်ခုခု ရှိလိုက်ခြင်းသည် ဘာဆိုဘာမျှလုပ်စရာမရှိဘဲ ဤအတိုင်း နေနေရသည်နှင့်စာလျှင် အများကြီး ပိုကောင်းပေသေးသည်။
"ကောင်လေးတွေ၊ ငါ့နောက်လိုက်ခဲ့" ရှီလဲ့သည် သူ့လက်ကိုဝှေ့ယမ်း၍ အော်ပြောလိုက်ပြီးသည့်နောက် အရှေ့မှ ဦးဆောင်ကာ အထက်ကောင်းကင်နန်းတော်ထဲ၌ ရှိနေသော တောင်တစ်လုံးဆီသို့ ဦးတည်ပျံသန်းသွားလေ၏။
ထောင်နှင့်ချီသော မွန်းစတားမျိုးနွယ်စုဝင်များမှာ ငေးကြောင်ကြောင် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေကြလေသည်။ ထိုအချင်းအရာကို မြင်လိုက်သော ချီယွဲ့လည်း စိတ်မရှည်နိုင်တော့ဘဲ လှမ်းအော်ပြောလိုက်လေ၏။ "နင်တို့ ဘာတွေ ကြောင်ကြည့်နေကြတာလဲ၊ မြန်မြန် လိုက်သွားကြလေ"
ထိုအခါမှသာ မွန်းစတားမျိုးနွယ်စုဝင်များမှာ ချီယွဲ့အား သတိထားမိသွားခဲ့ကြလေသည်။ ချီယွဲ့အား ဤနေရာတွင် ပြန်တွေ့လိုက်ရသည့်အပေါ် သူတို့စိတ်ထဲ ဝမ်းသာမိသလို အံ့လည်း အံ့အားသင့်မိရသည်။ ကြယ်စီရင်စုကြီးထဲမှ ထွက်လာသည့် လူငါးရာအနက် ချီယွဲ့သည်သာ တစ်ဦးတည်းသော မွန်းစတားမျိုးနွယ်စုဝင် ဖြစ်နေခြင်း ဖြစ်လေသည်။ လက်ရှိ ချီယွဲ့၏ ခွန်အားမှာ ရှီလဲ့နှင့် အခြားသော မွန်းစတားဘုရင်နှစ်ပါးကို မယှဉ်နိုင်ပါသော်ငြား သူမ၏ အမိန့်သည် မွန်းစတားမျိုးနွယ်စုဝင်များအပေါ် အတန်အသင့် သက်ရောက်မှု ရှိပေသေးသည်။ ထို့ကြောင့် ချီယွဲ့မှ ထအော်လိုက်သည်နှင့်တစ်ပြိုင်နက် မွန်းစတားမျိုးနွယ်စုဝင်များ အားလုံး ရှီလဲ့နောက်သို့ နာခံစွာဖြင့် လိုက်သွားကြလေသည်။
***