လတ်တလောတွင် ကျိယင်သည် ဆေးသိပ်သည်းခြင်းပညာရပ်အသစ်တစ်ခုကို စမ်းသပ်နေခြင်း ဖြစ်လေသည်။ ကျိယင်၏ရှင်းပြချက်အရ ထိုဆေးသိပ်သည်းခြင်းပညာရပ်သည် တတ်မြောက်ဖို့ရာ အတော်လေးကိုမှ လွယ်ကူလှသည်။ သာမန်ဆေးပညာရှင်များအဖို့ အနည်းငယ်လောက် လေ့ကျင့်လိုက်ရုံဖြင့် ထိုဆေးသိပ်သည်းခြင်းပညာရပ်ကို တတ်မြောက်နိုင်ကြသည်။ ထို့အပြင် ထိုဆေးသိပ်သည်းခြင်းပညာရပ်ကို ကျွမ်းကျင်သွားမည်ဆိုလျှင် ဆေးလုံးသိပ်သည်းနိုင်ခြေကို တစ်ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်၏။
ဆေးလုံးသိပ်သည်းနိုင်ခြေ တစ်ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းခန့် တိုးလာခြင်းသည် ဘာမှမပြောပလောက်ပါသော်ငြား ဆေးလုံးပေါင်းမြောက်မြားစွာကို ဖော်စပ်နေသော ဆေးပညာရှင်များအတွက်မူ အလွန်ကိုမှ အကျိုးရှိသည်ဟု ပြော၍ရပေသည်။ တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်ခြေသည် မြောက်မြားလှစွာသော ဆေးလုံးပမာဏကို ရည်ညွှန်းပေ၏။
ဆေးသိပ်သည်းခြင်းအပိုင်းသည် ဆေးဖော်စပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်သည့်အတွက်ကြောင့် ကျိယင်မှာ အဆင့်မြင့်ဆေးလုံးများကို ရွေးမနေခဲ့ဘဲ တာအိုအဆင့်ဆေးလုံးတစ်လုံးကို ရွေး၍သာ ဖော်စပ်၍ သူစမ်းသပ်နေသော ဆေးသိပ်သည်းခြင်းပညာရပ်ကို လက်တွေ့စမ်းသပ်ပြလေသည်။
ဆေးဖော်စပ်ခြင်း၏ အစပိုင်းများသည် ပုံမှန်အတိုင်းသာ ဖြစ်ကြသည်။ ဘာမျှ ထူးထူးခြားခြားမရှိ။
အခန်းတစ်ခန်းလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး ကျိယင်မှာ ဆေးဖော်စပ်ရာတွင် အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့မှာတော့ ကျိယင်ဆေးဖော်စပ်နေသည်ကို မမှိတ်မသုန် ကြည့်နေကြလေသည်။ အထူးသဖြင့် ရှနင်းချန်ပင်။ ရှနင်းချန်သည် ကျိယင်ဆေးဖော်စပ်နေသည်ကို အတွေးနက်နေသည့် အမူအရာဖြင့် သေသေချာချာကို မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။
ကျိယင်သည် ဆေးအဆီအနှစ်များကို ထုတ်ယူပြီး ဆေးအရည်ကို သိပ်သည်းစေသည်။ ထို့နောက် အစီအရင်များကို ခင်းကျင်း၍ ဆေးအရည်များကို အပြည့်အဝပေါင်းစပ်ခဲ့ရာ မကြာမီတွင် ဆေးသိပ်သည်းရမည့်အဆင့်သို့ ရောက်လာခဲ့သည်။ ထို့နေရာသို့ ရောက်လာသည့်အချိန်တွင်တော့ ကျိယင်၏အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး လှမ်းပြောလိုက်လေသည်။ “ရောင်းရင်းရန် ... တစ်ချက်လောက် သေသေချာချာလေး ကြည့်ပေးပါဦး ...”
ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ကျိယင်သည် လက်ကွက်အချို့ကို ထုတ်ဖော်၍ ဧကရာဇ်ချီကို ဆေးမီးဖိုထဲသို့ စတင်ထည့်သွင်းလေသည်။ ချက်ချင်းဆိုသလို ဆေးမီးဖိုဆီမှ သင်းပျံ့သည့်မွှေးရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆေးလုံးသိပ်သည်းသည့်အဆင့်မှာ စတင်ခဲ့လေပြီ။ တစ်ခဏအကြာ၌ ကျိယင်က လေသံတိုးတိုးဖြင့် အော်ပြောလိုက်သည်။ “သိပ်သည်းလိုက်စမ်း ...”
ကျိယင်မှ ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်ရာ ဆေးလုံးလေးများ ပျံထွက်လာခဲ့လေသည်။ ကျိယင်သည် အသင့်ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းတစ်ပုလင်းဖြင့် ထိုဆေးလုံးများကို လွယ်လင့်တကူ ဖမ်းယူသိမ်းဆည်းလိုက်လေသည်။ စုစုပေါင်း ဆေးလုံးကိုးလုံးတိတိ ပျံသန်းထွက်လာခဲ့လေသည်။ ကိုးလုံးမှာ အကန့်အသတ်ဖြစ်ပေသည်။ ဆေးပညာရှင်တစ်ဦး မည်မျှပင် တော်နေစေကာမူ ဆေးတစ်ခါဖော်စပ်လျှင် ဆေးလုံးကိုးလုံးထက်ပိုရအောင် မဖော်စပ်နိုင်ကြပေ။ ဤသည်မှာ မဟာဆေးဧကရာဇ်သည်ပင်လျှင် ချိုးဖောက်နိုင်ခြင်းမရှိသော ဥပဒေသတစ်ခုလည်း ဖြစ်ပေသည်။
ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ကျိယင်မှာ သူသာ တာအိုသခင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်မည်ဆိုလျှင် သူအသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းနည်းစနစ်ကို မသုံးလျှင်ပင် ဆေးလုံးကိုးလုံးအထိရအောင် ဖော်စပ်နိုင်ပေသည်။ ထိုအကြောင်းကြောင့် အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းနည်းစနစ်ကို သုံးခဲ့သည့်တိုင် ကျိယင်ဖော်စပ်နိုင်သည့် ဆေးလုံးအရေအတွက်မှာ ကိုးလုံးသာ ဖြစ်နေပေသေးသည်။
သို့ပင်ဖြစ်လင့်ကစား ကျိယင်ဖန်တီးထားသည့် ဆေးသိပ်သည်းခြင်းနည်းစနစ်နှင့်ပတ်သက်၍ ထူးခြားသည့်အချက်များ ရှိနေသည်ကို ရန်ကိုင် သတိထားမိလေသည်။ ထိုအကြောင်းကြောင့် သူသတိထားမိလိုက်သည့် အကြောင်းအရာများကို ကျိယင်နှင့် စတင်ဆွေးနွေးတော့လေသည်။
ဆေးပညာရှင်များ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးကြရာတွင် သီအိုရီများကိုသာ ဆွေးနွေး၍မရပေ။ လက်တွေ့စမ်းသပ်ဖို့ရာလည်း လိုအပ်ပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်သည်လည်း သူ၏ဆေးမီးဖိုနှင့် ဆေးပင်အချို့ကို ထုတ်ကာ ဆေးလုံးတစ်လုံးကို စတင်ဖော်စပ်တော့လေသည်။ ဆေးသိပ်သည်းခြင်းအဆင့်သို့ အရောက်တွင်တော့ ကျိယင် အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်ကို ထုတ်သုံးကာ ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို သူကိုယ်တိုင် အတွေ့အကြုံယူလေသည်။
ထို့နောက်တွင် ရန်ကိုင်နှင့် ကျိယင်တို့မှာ ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ဖော်စပ်ကြတော့လေသည်။ အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေခဲ့ပါသော်ငြား ကျိယင်မှာတော့ အနည်းငယ်မျှပင် ပင်ပန်းမူးဝေခြင်းမရှိ။ ထို့အစား အချိန်ကြာလာသည်နှင့်အမျှ ကျိယင်၏မျက်လုံးများမှာ ပိုပို၍ပင် တောက်ပလာခဲ့ပေသေးသည်။ ရန်ကိုင်ကဲ့သို့သောလူမျိုးနှင့် ဆေးပညာအကြောင်း ဆွေးနွေးရသည်မှာ အမှန်တကယ်ကို မှန်ကန်သည့်လုပ်ရပ် ဖြစ်ပေသည်။ နောက်ရက်များအတွင်း ကျိယင်မှာ သူ အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်နှင့် ပတ်သက်၍ ချို့ယွင်းချက်များရှိနေသည်ကို သတိထားမိသွားခဲ့သည်။ ထို့နောက် ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင်၍ သူ၏ ဆေးသိပ်သည်းခြင်းပညာရပ်ကို ထပ်မံအဆင့်မြှင့်တင်လေသည်။
ငါးရက်ကြာပြီးသည့်နောက် ကျိယင်နှင့် ရန်ကိုင်တို့မှာ ဆေးမီးဖိုများကိုသုံး၍ ဆေးဖော်စပ်သည့်အခန်းထဲမှ အတူတကွ ထွက်လာခဲ့ကြသည်။ ရန်ကိုင်နှင့် အတူတကွ ဆွေးနွေးရင်းမှ ဉာဏ်အလင်းအသစ်များကို ရရှိလိုက်သည့်အတွက်ကြောင့် ကျိယင်မှာ အတော်လေးကိုမှ ဝမ်းသာပျော်ရွှင်နေခဲ့လေရာ ဆေးဖော်စပ်သည့်အခန်းထဲမှ ထွက်လာပြီးသည့်နောက်တွင် တပည့်များအား ရန်ကိုင်တို့ကို ဧည့်ခံရန်အတွက် စားသောက်ပွဲတစ်ခုပြင်ဆင်ရန် အမိန့်ပေးလိုက်လေသည်။
ဤသည်မှာလည်း ရန်ကိုင်မျှော်လင့်နေသည့်အရာမျိုး ဖြစ်သည့်အတွက်ကြောင့် ရှနင်းချန်အား မျက်စပစ်ပြလိုက်လေသည်။ ရှနင်းချန်သည်လည်း အလိုက်တသိပင် အရက်ပုလင်းကိုကိုင်၍ ရန်ကိုင်နှင့်ကျိယင်တို့အတွက် အရက်ငှဲ့ပေးလေ၏။
အရက် တစ်ခွက်ပြီးတစ်ခွက် သောက်ပြီးသည့်နောက်မှသာလျှင် ကျိယင်မှာ သူ့ခေါင်းကို ရုတ်တရက်ကောက်ရိုက်ရင်းမှ ပြောလိုက်လေသည်။ “အာ ... ငါ တကယ်ကို စည်းမဲ့ကမ်းမဲ့တွေ လုပ်နေပါလား ... ဒီအမျိုးသမီးရဲ့နာမည်ကိုတောင် အခုထိ မမေးရသေးဘူး ...”
ထိုသို့ပြောနေရင်းမှ ကျိယင်သည် ရှနင်းချန်းအား တောင်းတောင်းပန်ပန်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့ကြားရှိ ဆက်ဆံရေးမှာ ပုံမှန်မဟုတ်မှန်း သတိပြုမိလင့်ကစား ကျိယင်မှာ ဆေးဖော်စပ်ရာတွင် အပြည့်အဝ အာရုံစိုက်မိသွားခဲ့သည်။ ဆေးဖော်စပ်နေစဉ်အတောအတွင်း ကျိယင်၏စိတ်ထဲ သူနှင့် ဆေးပညာအကြောင်းကို ဆွေးနွေးနေသော ရန်ကိုင်တစ်ဦးတည်းသာ ရှိပေသည်။ ထို့အတွက်ကြောင့် ရှနင်းချန်အား လုံးဝ သတိမမူမိဖြစ်ကာ စားသောက်ပွဲကျင်းပ၍ ရှနင်းချန်မှ သူတို့အား အရက်လာငှဲ့ပေးနေသည်ကိုပင် ကျိယင်မှာ သတိမထားမိခဲ့။ ယခုအခါမှသာလျှင် ရှနင်းချန်လည်း ရှိနေသည်ကို သတိထားမိသွားခဲ့ခြင်း ဖြစ်လေသည်။
“ဒါက ငါချစ်ရတဲ့မိန်းမ ရှနင်းချန်လေ ...” ရန်ကိုင်က ပြုံး၍ မိတ်ဆက်ပေးလိုက်လေသည်။
ရှနင်းချန်က ကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။ “မင်္ဂလာပါ ဆေးဝိဇ္ဇာကျိယင် ...”
ရှနင်းချန်၏မျက်နှာမှာတော့ အနည်းငယ်လေး နီမြန်းနေခဲ့လေသည်။ တကယ်တော့ ရန်ကိုင်မှ သူမအား သူ့မိန်းမဖြစ်သည်ဟု လူရှေ့သူရှေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးလိုခြင်းပင် မဟုတ်လေလော။
“မဒမ်ရန်လား ...” ကျိယင် ကြောင်သွားခဲ့လေသည်။ (ငါ့ကို အရက်ငှဲ့ပေးနေတာ ရန်ကိုင်ရဲ့မိန်းမလား ...)
ကျိယင်လည်း ချက်ချင်း ထိုင်ရာမှ အလျင်စလိုကုန်းထ၍ ပြောလိုက်လေ၏။ “အာ ... ငါ ဘာတွေလုပ်လိုက်မိပြီလဲ ... ကျေးဇူးပြုပြီး ထိုင်ပါဦး ...” (သူက ရန်ကိုင်မိန်းမမှန်းသာ သိခဲ့ရင် အခုလိုမျိုး မလုပ်ခိုင်းပါဘူးကွာ ... အခုတော့ ငါ့လုပ်ရပ်က ရောင်းရင်းရန်ရဲ့မျက်နှာကို ရိုက်သလိုဖြစ်နေပြီ ... သူ စိတ်ထဲမထားတာ ကံကောင်းသွားတယ် ...)
“ရောင်းရင်းရန်ရေ ... မင်းကို မလေးစားသလို လုပ်မိသွားပြီကွာ ... မဒမ်ရန်ကို တောင်းပန်တဲ့အနေနဲ့ ငါ နောက်တစ်ခွက်ထပ်သောက်ပေးမယ် ... ကျေးဇူးပြုပြီးတော့ ကျုပ်ဘက်က ဧည့်ဝတ်မကျေသလို ဖြစ်သွားတာကို ခွင့်လွှတ်ပေးပါနော် ...” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ကျိယင်သည် သူ၏အရက်ခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။
“ရောင်းရင်းကျိ ... မင်း အခုလိုတွေ လုပ်နေစရာမလိုပါဘူး ... ဒါက ဘာမှဟုတ်တာမှမဟုတ်တာ ...” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
ကျိယင်သည် ရန်ကိုင်ကိုကြည့်၍ ခါးသက်သက်အမူအရာဖြင့် ပြုံးလျက် “ရောင်းရင်းရန် ... မင်း ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုမျိုး လုပ်ရတာလဲကွာ ... မင်းမိန်းမကို မပြောမဆိုနဲ့ ခေါ်လာပြီး ငါ့ကို အရက်လာငှဲ့ပေးခိုင်းနေတာ ... ငါ့ပုံစံက မကောင်းတဲ့ပုံပေါက်နေပြီ ... မရဘူး ... မင်းလည်း ငါ့ကို အခုလိုမျိုးလုပ်တဲ့အတွက် သုံးခွက်ပြန်သောက်ရမယ် ...”
“ဒါပေါ့ ဒါပေါ့ ...” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်လေသည်။ “ဒါပေမဲ့ သောက်တာကတော့ နောက်မှသောက်တာပေါ့ ... အခု ငါ ရောင်းရင်းကျိကို အကူအညီတောင်းစရာလေးရှိသေးလို့ ... အခုတောင်းမယ့် အကူအညီကလည်း ငါ့မိန်းမနဲ့ ပတ်သက်နေတာဆိုတော့လေ ...”
ကျိယင်က ပြန်ပြောလိုက်သည်။ “ပြောသာပြောလိုက် ရောင်းရင်းရန် ... ငါကူညီနိုင်သရွေ့ ငြင်းမှာမဟုတ်ဘူး ....”
“ဒီကိစ္စက မင်းတစ်ယောက်ပဲကူညီနိုင်တာ ရောင်းရင်းကျိရဲ့ ...” ရန်ကိုင်က ပြုံး၍ ရှနင်းချန်ကို ညွှန်ပြရင်းမှ ပြောလိုက်သည်။ “ဒီလိုကွ ... နင်းချန်က ကျင့်ကြံရေးခရီးလမ်းကို စလျှောက်တည်းက ဆေးပညာကို လေ့ကျင့်ခဲ့တာလေ ... သူက တိုက်ခိုက်ရတာတွေ ကျင့်ကြံတာတွေထက် ဆေးဖော်စပ်တာကို ပိုပြီးကြိုက်တာ ...”
“အို ... မရီးက ဆေးပညာရှင်လား ...” ကျိယင်သည် ရှနင်းချန်အား အလေးအနက်အမူအရာဖြင့် စစ်ဆေးကြည့်လိုက်သည်။ သို့သော်ငြား တစ်ခဏအကြာ၌ မျက်မှောင်ကျုံ့သွားတော့လေသည်။ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် တစ်စုံတစ်ဦးသည် ဆေးပညာရှင်တစ်ဦး ဟုတ်လားမဟုတ်လားဆိုသည်ကို အကြည့်တစ်ချက်ဖြင့် ကျိယင်ပြောနိုင်ပေသည်။ အကြောင်းမှာ ဆေးပညာရှင်တစ်ဦးသည် သာမန်လူများနှင့် မတူသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ အထူးသဖြင့် ဆေးပင်များနှင့် တစ်နှစ်ပတ်လုံး ထိတွေ့နေသည့် ဆေးပညာရှင်များ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သာမန်လူများနှင့် မတူကွဲပြားသည့် အငွေ့အသက်မျိုး ရှိနေကြသည်။ ထိုအငွေ့အသက်များကို မည်သို့သောနည်းလမ်းကိုသုံးပါစေ အပြီးတိုင်ဖယ်ရှား၍မရပေ။ သို့သော်ငြား ရှနင်းချန်ဆီမှ တစ်နှစ်ပတ်လုံး မီးတောက်နှင့် အလုပ်လုပ်ထားသည့် အငွေ့အသက်မျိုးကို ကျိယင် မည်သို့မှ ရှာမတွေ့ခဲ့။ ရှနင်းချန်ဆီမှ အမျိုးမျိုးသောဆေးလုံးများ၏ အငွေ့အသက်တို့ကို ရနေပါသော်ငြား ကျိယင်စိတ်ထဲတွင်တော့ အနည်းငယ် မသင်္ကာ ဖြစ်နေမိပေသည်။
“ဟုတ်တယ် ...” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “မကြာသေးခင်ကမှ သူက အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုကနေ တက်လာခဲ့တာ ... ဟိုဘက်မှာက နည်းနည်း အကန့်အသတ်နဲ့ ရှိတယ်လေ ... အဲ့မှာတုန်းက သူ့ကို ဆေးပညာအကြောင်းသင်ပေးမယ့်လူ ဘယ်သူမှမရှိဘူး ... အခု ဒီကိုရောက်လာပြီဆိုတော့ မင်းလည်းရှိနေတာနဲ့ ငါလည်း မင်းဆီမှာ သူ့ကို ဆေးပညာသင်ခိုင်းလို့ရမလားဆိုပြီး ခေါ်လာခဲ့တာကွ ...”
ကျိယင်က ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန် ... မင်းရဲ့ဆေးစွမ်းရည်က ငါ့အောက်နိမ့်ကျတာမှမဟုတ်တာ ... ပြီးတော့ မင်းတို့နှစ်ယောက်က လင်မယားတွေလေ ... မင်းကိုယ်တိုင်သင်ပေးလိုက်ရင် ပိုမကောင်းဘူးလား ... ဘာဖြစ်လို့ ငါ့ဆီ တကူးတကကြီး ခေါ်လာနေရတာလဲ ...”
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “မင်း ငါ့ကို အထင်ကြီးလွန်းနေပြီ ရောင်းရင်းကျိရေ ... မင်းသိတဲ့အတိုင်းပဲ ငါ့မှာ သူ့ကိုသင်ပေးဖို့ အချိန်မှမရှိတာ ...”
ထိုစကားကိုကြားသော် ရန်ကိုင် အမှန်ကိုပြောနေခြင်းဖြစ်မှန်း ကျိယင်သိသွားခဲ့သည်။ ကျိယင်သည် ထက်ကောင်းကင်နန်းတော်ထဲတွင် အတန်ကြာအောင်ရှိနေခဲ့ပါသော်ငြား ပုံမှန်အားဖြင့် ရန်ကိုင်အား ထက်ကောင်းကင်နန်းတော်ထဲတွင် တွေ့ရလေ့မရှိပေ။ ရန်ကိုင်မှာ တစ်နှစ်ပတ်လုံး အပြင်ဘက်တွင် အချိန်ကုန်နေလေရာ သူ့မိန်းမအား မည်ကဲ့သို့များ ဆေးပညာသင်ပေးရန် အချိန်ရှိပါမည်နည်း။
ထို့ကြောင့် ကျိယင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ ငါ ကူညီပေးလို့ရပါတယ် ... ဒါပေမဲ့ ...”
ကျိယင် သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။ “နင်းချန် ... နင့်ဆရာကို လာနှုတ်ဆက်လိုက်လေ ...”
ကျိယင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသာလျှင်မဟုတ် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ရှနင်းချန်၏ဆရာဖြစ်ဖို့ရာ ထိုက်တန်သည်ထက်ကို ပိုပေသည်။ လက်ရှိအချိန်တွင် ကျိယင်နှင့် ရန်ကိုင်တို့မှာ တစ်ဦးကိုတစ်ဦး ရောင်းရင်းညီအစ်ကိုများသဖွယ် ခေါ်ဝေါ်နေကြပါသော်ငြား ကျိယင်သည်သာ ရှနင်းချန်အား ဤအတိုင်း သင်ပေးခဲ့မည်ဆိုလျှင် သူတို့ကြားရှိဆက်ဆံရေးမှာ ဘာမျှပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။
ကျိယင်သည် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦးဖြစ်ကာ သူ၏ဆေးပညာရပ်များကို မဟာဆေးဧကရာဇ်ဆီမှ သင်ကြားခဲ့ရခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရှနင်းချန်သည်သာ ကျိယင်ဆီမှ သင်ကြားနိုင်မည်ဆိုလျှင် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
သို့သော်ငြား ကျိယင်သည်သာ သူမအား တရားဝင်တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင်တော အနည်းငယ်ကွဲပြားသွားပြီဟု ပြော၍ရပေသည်။ ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် ကျိယင်မှာ သူသိထားသမျှ အရာအားလုံးကို ရှနင်းချန်အား မချွင်းမချန် သင်ပေးရတော့ပေမည်။ ကျိယင်ဆီမှ ဤအတိုင်း သွားသင်ခြင်းထက် ရှနင်းချန်အား ကျိယင်၏တပည့် ပိုဖြစ်စေလိုပေသည်။ ရှနင်းချန်သည်သာ ကျိယင်၏တပည့် ဖြစ်နိုင်မည်ဆိုပါက သူတို့ကြားရှိ ခေါ်ဝေါ်သုံးစွဲပုံရာထူးအဆင့် အနည်းငယ်ပြောင်းလဲသွားလျှင်ပင် ရန်ကိုင်အတွက် ကိစ္စမရှိပေ။
ဤနေရာသို့ မလာခင်ကတည်းက သူ့အစီအစဉ် မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှ ရှနင်းချန်အား ကြိုပြောပြထားပြီးသားပင်။ ထို့အတွက်ကြောင့် ရှနင်းချန်သည်လည်း ရန်ကိုင်မှ အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် အလျင်အမြန် သွားဦးညွှတ်တော့လေသည်။ ရှနင်းချန်မှ ဘာမျှမပြောရသေးခင်မှာပင် ကျိယင်သည် သူ့လက်ကိုဝှေ့ယမ်း၍ ရှနင်းချန်အား ဦးမညွှတ်နိုင်အောင် လှမ်းတားထားလိုက်သည်။
“ရောင်းရင်းရန် ...” ကျိယင်သည် ရန်ကိုင်အား ကူကယ်ရာမဲ့စွာကြည့်လျက် ဆက်ပြောလိုက်လေသည်။ “ငါ အဲ့လိုလုပ်လို့မရဘူးကွ ...”
သူသည်သာ ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် သူနှင့် ရန်ကိုင်ကြားရှိ ဆက်ဆံရေးမှာ မည်ကဲ့သို့များ ဖြစ်သွားပါမည်နည်း။ ထို့အပြင် ကျိယင်သည် သာမန်ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးမဟုတ်။ ဆေးလုံးတောင်ကြားကို ကိုယ်စားပြုနေသော ဆေးပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကျိယင်အဖို့ ကြုံရာလူတစ်ဦးကို တပည့်အဖြစ်လက်ခံဖို့ရာမှာ သိပ်အဆင်မပြေလှပေ။ သူ့အနေဖြင့် ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုလျှင် ဆေးလုံးတောင်ကြား၏ ခွင့်ပြုချက်ကို ဦးစွာယူရပေမည်။
ထို့အပြင် ကျိယင်မှာ တပည့် ထပ်လက်ခံချင်စိတ် မရှိတော့ပေ။ သူ့အား ရှနင်းချန်အား ဆေးပညာသင်ပေးရန် တောင်းဆိုလာလျှင် ကိစ္စမရှိပေ။ သို့သော်ငြား ရှနင်းချန်အား တပည့်အဖြစ် လက်ခံပေးပါဟု ပြောလာလျှင်တော့ အနည်းငယ် အရေးကြီးသွားလေပြီ။ ထိုကဲ့သို့သောကိစ္စရပ်မျိုးကို မည်ကဲ့သို့များ မဆင်မခြင် လုပ်ရဲပါမည်နည်း။ ရှနင်းချန်သည် ရန်ကိုင်၏မိန်းမ ဖြစ်မည်ဆိုလျှင်ပင် ကျိယင်အနေဖြင့် ရှနင်းချန်၏အရည်အချင်းကို မသိရသေးဘဲ အလျင်စလို တပည့်အဖြစ် လက်မခံရဲပေ။ ထိုသို့သာမဟုတ်ပါက ဆေးလုံးတောင်ကြား၏ဂုဏ်သတင်း ထိခိုက်သွားရနိုင်ပေသည်။
ကျိယင်တွင် တပည့်များစွာရှိပေသည်။ သို့သော်ငြား သူ့တပည့်တစ်ဦးချင်းစီတိုင်းသည် ဆေးစွမ်းရည်တွင် လက်ရွေးစင်များဖြစ်ကြသည်။ တစ်နည်းဆိုရသော် အချိန်တန်လာလျှင် သူ့တပည့်များမှာ ဧကရာဇ်အဆင့်ဆေးပညာရှင် ဖြစ်လာနိုင်ခြေ အလွန်ကိုမှ များပေသည်။
“ဘာလို့မဖြစ်ရမှာလဲ ... ရောင်းရင်းကျိ ... မင်း လက်မခံချင်လို့လား ...” ထို့နောက် ရန်ကိုင်က တွေးလိုက်လေသည်။ (ဒီလောက်ထိပြောပြီးမှတော့ ဒီတိုင်းလွှတ်ပေးလို့တော့ မရတော့ဘူး ... ရှနင်းချန်ကို ရောင်းရင်းကျိရဲ့တပည့် ဖြစ်အောင် လုပ်ရမယ် ... မလုပ်ချင်ဘူးဆိုရင်တောင် ငါတော့ လုပ်ခိုင်းမှာပဲ ...)
“ငါမလုပ်ချင်တာမဟုတ်ဘူး ... ဒီအတိုင်း ...” ကျိယင်မှာ ဒွိဟဖြစ်နေခဲ့လေသည်။ “ရှင်းရှင်းပြောရရင်ကွာ စည်းမျဉ်းစည်းကမ်းတွေရှိတယ် ... ငါ တပည့်လက်ခံချင်တိုင်း ဒီတိုင်းလက်ခံလို့မရဘူး ... အရင်ဦးဆုံး တပည့်လက်ခံချင်လို့ရှိရင် အကြီးဆုံးစီနီယာအစ်ကိုကို သွားတင်ပြရတယ် ...”
ဆေးလုံးတောင်ကြားသည် မဟာဆေးဧကရာဇ် နေထိုင်သည့်နေရာ ဖြစ်ပါသော်ငြား မဟာဆေးဧကရာဇ်မှာ ဆေးလုံးတောင်ကြားကိစ္စများကို ဂရုစိုက်လေ့မရှိပေ။ လက်ရှိအချိန်တွင် ဆေးလုံးတောင်ကြားတစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေသည့်လူမှာ မဟာဆေးဧကရာဇ်၏ အကြီးဆုံးတပည့်လည်းဖြစ် ကျိယင်မှ အကြီးဆုံးစီနီယာအစ်ကိုဟု ခေါ်ဝေါ်နေသူ ဖြစ်ပေသည်။
“အဲ့လိုစည်းမျဉ်းတွေလည်း ရှိသေးတာလား ....” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ကျိယင် သူ့အား လိမ်လိမ့်မည်မဟုတ်မှန်းတော့ သိနေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့အစီအစဉ်ကို သေချာပြန်လည်စဉ်းစားရတော့သည်။
“ဟုတ်တယ် ... မဟုတ်ရင် ငါ အခုလိုမျိုးငြင်းနေမှာမဟုတ်ဘူး ... ဒီလိုလုပ်ကြရင် မကောင်းဘူးလား ရောင်းရင်းရန် ... ငါ မရီးကို ဆေးပညာသင်ပေးမယ် ... ဒါပေမဲ့ ငါ့တပည့်တော့ မလုပ်ခိုင်းနဲ့ ...”
ရန်ကိုင်မှာ ထိုသို့ သိပ်၍ မလုပ်ချင်လှပေ။ (သူ့တပည့်မဟုတ်လို့ သေသေချာချာမသင်ပေးရင် စီနီယာမမလေးအတွက် ဘယ်လိုလုပ်ပြီး ဒီလောက်အကျိုးရှိတော့မှာလဲ ...)
စိတ်ပူနေသည့်အလျောက် ရန်ကိုင်က ထပ်၍မေးလိုက်လေသည်။ “ဆေးလုံးတောင်ကြားက တပည့်လက်ခံသေးလား ...”
ရန်ကိုင်ဘာကြံနေသလဲဆိုသည်ကို ကျိယင် မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ထို့အတွက်ကြောင့် အကြပ်ရိုက်နေသည့် အပြုံးမျိုးပြုံးလျက် “ဆေးလုံးတောင်ကြားက တပည့်လက်မခံတာ နှစ်ငါးရာရှိသွားပြီ ... ဒါပေမဲ့ လက်ခံမယ့်လူက ပါရမီပါမယ်ဆိုလို့ရှိရင်တော့ အကြီးဆုံးစီနီယာအစ်ကို မငြင်းလောက်ပါဘူး ...”
ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပဲ ပြောလိုက်လေသည်။ “နင်းချန် ... နင့်အရည်အချင်းကို ရောင်းရင်းကျိမြင်အောင် ပြပေးလိုက်စမ်း ...”
ကျိယင်သည် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်လေသည်။ သူမြင်သလောက် ရှနင်းချန်ဆီမှ ဆေးဖော်စပ်ထားသည့်အငွေ့အသက်များကို မတွေ့ရ။ သို့သော်ငြား ရန်ကိုင်ကိုကြည့်ရသလောက်တော့ ရှနင်းချန်အပေါ် အလွန်ကိုမှ ယုံကြည်ချက်ရှိနေသည့်ပုံပင်။ ကံမကောင်းစွာဖြင့် အခြေအနေမှာ ဤအတိုင်းအတာထိ ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် ကျိယင်မှာလည်း သွားတား၍မရတော့။ ယခုမူ ရှနင်းချန်၏အရည်အချင်းပေါ်တွင်သာ မူတည်သွားခဲ့လေပြီ။
(သူ့အရည်အချင်းက သိပ်မဆိုးရင်တောင် ငါ အကြီးဆုံးစီနီယာအစ်ကိုကို သွားတောင်းဆိုလို့ရသေးတယ် ... အနည်းဆုံးတော့ ရန်ကိုင်အတွက် လုပ်ပေးသင့်တာပေါ့ ...)
“အဲဒါဆို ကျေးဇူးပြုပြီး ကျွန်မကို ခွင့်ပြုပေးပါဦးနော် ...” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရှနင်းချန်သည် သူမ၏သိုလှောင်လက်စွပ်ထဲမှ ဆေးပင်များကို ထုတ်ယူလိုက်လေသည်။ ထိုဆေးပင်အားလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်များသာ ဖြစ်ကြသည်။ တကယ်တော့ သူမနေထိုင်သည့် ကြယ်စီရင်စုတွင် တန်ခိုးရှင်ဘုရင်အဆင့်သည် အမြင့်ဆုံးအကန့်အသတ်သာလျှင် မဟုတ်ပေလော။ ထိုတစ်ချက်တည်းနှင့်ပင် ကျိယင်၏မျက်လုံးများမှာ တောက်ပသွားရလေ၏။
***