ရှနင်းချန်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးမှန်း ကျိယင် အလွယ်တကူပြောနိုင်ပေသည်။ သို့တိုင် ရှနင်းချန်မှ တန်ခိုးရှင်ဘုရင်အဆင့်ဆေးပင်များအား ထုတ်လာသည်ကိုကြည့်လျှင် သူမသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးအား ဖော်စပ်မည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ တစ်နည်းဆိုရသော် ရှနင်းချန်မှာ အဆင့်နိမ့်ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦး ဖော်စပ်နိုင်သည့် အမြင့်ဆုံးသော ဆေးလုံးကို ဖော်စပ်ရန် ကြံနေခြင်း ဖြစ်လေသည်။
(ကြည့်ရတာ ငါ နည်းနည်းလောက် မျှော်လင့်လို့ရမယ်ထင်တာပဲ ...) ကျိယင် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ ရှနင်းချန်ဆေးဖော်စပ်မည်ကိုလည်း သေသေချာချာ အာရုံစိုက်လိုက်လေ၏။
ထိုအချိန်အတောအတွင်း ရှနင်းချန်သည် ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်သည်။ ထိုဆေးပင် သူမလက်ထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှနင်းချန်၏အရှိန်အဝါမှာ အပြောင်းလဲကြီးကို ပြောင်းလဲသွားတော့သည်။ သူမ၏စိတ်အာရုံအလုံးစုံဟာလည်း ဆေးပင်ပေါ်သို့သာ ရောက်ရှိလာတော့သည်။
ဆေးဖော်စပ်ခြင်းသည် အလွန်ကိုမှ အာရုံစိုက်ရန် လိုအပ်ပေသည်။ အနည်းငယ်မျှပင် အာရုံထွေပြားနေ၍မရ။ အနည်းငယ်လေးသတိလက်လွတ်ဖြစ်သွားခြင်းသည် လက်ရှိဖော်စပ်နေသည့် ဆေးလုံးအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိပေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ကျိယင် ခေါင်းတညိတ်ညိတ် ဖြစ်သွားနိုင်သည်။ ရှနင်းချန်၏ဆေးပညာအရည်အချင်း မည်သို့ပင် ဖြစ်နေစေကာမူ လက်ရှိ သူမ၏ပုံစံမှာ အနည်းဆုံးတော့ ချီးကျူးထိုက်ပေသည်။
ထို့နောက်တွင်တော့ ကျိယင် မျက်မှောင်ကျုံ့သွားတော့လေသည်။ အကြောင်းမှာ ရှနင်းချန်မှ သူမ၏သူတော်စင်ချီကို ထိန်းချုပ်၍ ဆေးပင်များအား ရစ်ပတ်လိုက်သည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။ ထို့အပြင် ရှနင်းချန်ထုတ်သုံးနေသည့် သူတော်စင်ချီပမာဏမှာ ပုံသေမရှိပေ။ သူမ၏သူတော်စင်ချီမှာ တစ်ခါတစ်ရံများသွားလိုက် တစ်ခါတစ်ရံ နည်းသွားလိုက် ဖြစ်နေခဲ့သည်။
ထိုသူတော်စင်ချီ၏ ထိန်းချုပ်မှုအောက်တွင် မြစိမ်းရောင်အရည်တို့မှာ ဆေးပင်များထဲမှ စိမ့်ထွက်လာတော့လေသည်။ ထိုအရာများသည် ဆေးအရည်များသာ ဖြစ်ကြလေ၏။
(ဆေးမီးဖိုမသုံးဘူးလား ...) ကျိယင်၏မျက်လုံးထဲ ထူးဆန်းသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ အလွန်ကိုမှ ထူးချွန်လှသည့် ဆေးပညာရှင်တစ်ဦးသည် ဆေးမီးဖိုမသုံးပဲနှင့်ပင်လျှင် ဆေးလုံးများကို ဖော်စပ်နိုင်ကြသည်။ သို့သော်ငြား ထိုကဲ့သို့ဖော်စပ်နိုင်ဖို့ရာ ဖော်စပ်မည့်ဆေးပညာရှင်သည် အလွန်ကိုမှ အဆင့်မြင့်နေရန် လိုအပ်ပေသည်။ ထို့အပြင် ထိုဆေးပညာရှင်ဖော်စပ်ရမည့်ဆေးလုံးသည် သိပ်အဆင့်မြင့်နေ၍မဖြစ်ပေ။
ဥပမာပြောရသော် ကျိယင်ကဲ့သို့သော ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးသည် တာအိုအဆင့်ဆေးလုံးတစ်လုံးအား ဆေးမီးဖိုမသုံးပဲနှင့်ပင်လျှင် ဖော်စပ်နိုင်ပေသည်။ သို့သော်ငြား သူဖော်စပ်၍ရလာမည့် ဆေးလုံးများ၏ အရည်အသွေးနှင့် အရေအတွက်မှာတော့ ဆေးမီးဖိုကိုသုံး၍ ဖော်စပ်နိုင်သည့် ဆေးလုံးအရည်အသွေးနှင့် အရေအတွက်ကို မီလိမ့်မည်မဟုတ်ပေ။
ဆေးမီးဖိုတစ်လုံးသည် ဆေးပညာရှင်၏အသက် ဖြစ်ပေသည်။ ဆေးမီးဖိုတစ်လုံး မည်မျှပင်ကောင်းကောင်း မည်မျှပင်ဆိုးဆိုး ထိုဆေးမီးဖိုသည် ဆေးပညာရှင်များ ဆေးဖော်စပ်ရာတွင် လိုအပ်သည့် အခြေခံအကျဆုံးသော ပစ္စည်းတစ်ခုဖြစ်သည်မှာတော့ ငြင်း၍မရသည့် အမှန်တရားတစ်ရပ် ဖြစ်သည်။
ရှနင်းချန်သည် တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးကို ဖော်စပ်ခြင်းသည် သူမ၏အကန့်အသတ် ဖြစ်ပေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ရှနင်းချန်ကမူ ထိုကဲ့သို့ဆေးလုံးမျိုးကို ဆေးမီးဖိုမသုံးပဲ ဖော်စပ်ပြနေခဲ့သည်။ ထို့အတွက်ကြောင့် ကျိယင်မှာ အနည်းငယ်မပျော်မရွှင် ဖြစ်သွားတော့လေသည်။ ရှနင်းချန်မှာ သူမ၏စွမ်းရည်ကို ထုတ်ပြချင်သည်ဆိုလျှင်ပင် ယခုကဲ့သို့တော့ မလုပ်သင့်ပေ။ ဤသည်မှာ ဆေးပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် စိတ်နေစိတ်ထားမျိုးမဟုတ်။ ရှနင်းချန်၏လုပ်ပုံသည် သူမမည်မျှတော်ကြောင်း ပြသရန်အတွက်နှင့် ဆေးဖော်စပ်ခြင်းအပေါ် သေချာအာရုံမထားတော့လေရာ ဤနည်းအတိုင်းသာဆက်သွားမည်ဆိုလျှင် သူမ၏အနာဂတ်အလားအလာအပေါ် သက်ရောက်မှု ရှိနိုင်ပေသည်။
အခြားတစ်ဦးဦးသာဆိုလျှင်တော့ သူ့ရှေ့တွင် ယခုကဲ့သို့ လာလုပ်သည့်အတွက်ကြောင့် ကျိယင်မှာ အပြစ်တင်မိလိုက်လိမ့်မည်ဖြစ်ပါသော်ငြား ဤအမျိုးသမီးမှာ ရန်ကိုင်၏မိန်းမ ဖြစ်နေသည့်အတွက်ကြောင့် ကျိယင်မှာ တစ်ဖက်လူအပေါ် သွားအပြစ်မတင်မိလေအောင် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းထားရလေသည်။ သို့သော်ငြား ရှနင်းချန်အပေါ် မျှော်လင့်ထားခဲ့သော သူ၏မျှော်လင့်ချက်များမှာတော့ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထို့နောက်တွင် ထပ်မြင်လိုက်ရသည့်အချက်ကြောင့် ကျိယင်မှာ ပို၍ပင် ကြောင်သွားခဲ့ရလေသည်။ အကြောင်းမှာ ရှနင်းချန်၏ သူတော်စင်ချီသည် မီးဓာတ်အမျိုးအစားမဟုတ်သည်ကို အာရုံခံမိလိုက်သည့်အတွက်ကြောင့်ပင်။ (သူ ဘာလုပ်နေတာလဲ ... ဆေးမီးဖိုမပါပဲနဲ့ ဆေးဖော်စပ်တာကတော့ ဟုတ်ပါပြီ ... အခု မီးမပါဘဲနဲ့ ထပ်ပြီးဖော်စပ်ဖို့လုပ်နေတာလား ... သူဘာလုပ်ချင်နေတာလဲ ... ဆေးဖော်စပ်တာကို ကလေးကလားများ မှတ်နေတာလား ...)
ဆက်၍သည်းမခံနိုင်တော့သည့်အဆုံး ကျိယင်သည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ရန်ကိုင်ကမူ ကျိယင်ဘာတွေးနေသည်ကို သိနေသည့်အလား ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ကြည့်နေ ရောင်းရင်းကျိ ... မင်းသိလာလိမ့်မယ် ...”
ကျိယင် မျက်မှောင်ကျုံ့သွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်က ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် ကျိယင်လည်း စိတ်ကိုတင်း၍ ဆက်ကြည့်နေရုံသာ တတ်နိုင်တော့လေ၏။ (ဒါကတော့ နည်းနည်းတော့ရှုပ်ကုန်ပြီကွာ ... အခြားတစ်ယောက်ယောက်သာဆိုရင်တော့ ဒီတိုင်း ငြင်းပစ်လိုက်လို့ရတယ် ... အခုက ရန်ကိုင်မိန်းမဖြစ်နေတာဆိုတော့ ငါသာ ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်ရင် ရန်ကိုင်နဲ့ ငါ့ကြားမှာ မကျေနပ်ချက်တွေ ဖြစ်လာနိုင်တယ် ...)
ထိုအချိန်အတောအတွင်း ရှနင်းချန်မှာ သူမ၏သူတော်စင်ချီကို ထပ်မံ၍ တိုးမြှင့်လိုက်လေရာ ဆေးပင်တစ်ပင်လုံးမှာ တဆတ်ဆတ် တုန်ခါလာပြီးသည့်နောက်တွင် ဆေးပင်တစ်ခုလုံး ညှိုးကျသွားခဲ့ပြီး ပုလဲလုံးအရွယ် မြသွေးရောင်အရည်စက်လေးတစ်စက် ထွက်ပေါ်လာခဲ့လေသည်။
ထိုအရည်စက်လေးကို မြင်လိုက်သည့်အခိုက် ကျိယင်မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ ...”
ဆေးဖော်စပ်ခြင်းသည် ပထမဦးဆုံးအဆင့်သည် ဆေးအရည်သိပ်သည်းခြင်းအဆင့်ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဆေးပညာရှင်များသည် ဆေးမီးဖိုနှင့် မီးတောက်များကိုသုံး၍ ဆေးအရည်များကို သိပ်သည်းလေ့ရှိကြသည်။ သို့သော်ငြား ရန်ကိုင်၏မိန်းမမှာတော့ ထိုအရာနှစ်ခုလုံးကို သုံးမသွားခဲ့ပေ။ ထိုသို့ပင်ဖြစ်လင့်ကစား သာမန်ဆေးပညာရှင်များကဲ့သို့ပင် ဆေးအရည်ကို အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့လေသည်။
ကျိယင်မှာ ရန်ကိုင်အား လှမ်း၍ကြည့်လိုက်ရာ ရန်ကိုင်မှာတော့ ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ပုံစံသည် ယခုကဲ့သို့ဖြစ်မည်မှန်းကို ကြိုတင်မျှော်လင့်ထားသည့်အလား။
(ဘာတွေဖြစ်နေတာလဲ ... ဆေးမီးဖိုလည်းမပါ ဘာမီးတောက်မှလည်းမပါပဲနဲ့ မိန်းကလေးရှက ဘယ်လိုလုပ်ပြီး ဆေးအရည်ကို သိပ်သည်းလိုက်နိုင်ရတာလဲ ...) မယုံနိုင်သည့်အဆုံး ကျိယင်သည် ကောင်းကင်စိတ်အာရုံကို မသိမသာလေးဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ ပိုလို့ပင် အံ့အားသင့်သွားခဲ့ရလေသည်။
ထိုအရာသည် အမှန်တကယ်ကို ဆေးအရည်တစ်စက် ဖြစ်ပေသည်။ ထို့အပြင် သာမန်ဆေးအရည်မျိုးပင်မဟုတ်ဘဲ အလွန်တရာကိုမှ သန့်စင်လှသည့် ဆေးအရည်ဖြစ်သည်။ ထိုပုလဲလုံးအရွယ် ဆေးအရည်စက်ကလေးထဲတွင် မည်သည့်အညစ်အကြေးမှ ရှိမနေခဲ့။ ထို့အပြင် ဆေးအာနိသင်မှာလည်း လုံးဝကို အကောင်းအတိုင်းသာ ရှိနေသေးသည်။ အနည်းငယ်မျှပင် ထိခိုက်ထားသည့် အရိပ်အယောင်ကို မတွေ့ရ။ ဤသည်မှာ သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင်လျှင် မြင်ဖူးခဲ့ခြင်းမရှိသည့် အရာမျိုး ဖြစ်သည့်အတွက်ကြောင့် ကျိယင်မှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်နေမိတော့သည်။
သူ့လက်ရှိအရည်အချင်းအရ ကျိယင်အနေဖြင့် ရှနင်းချန်လုပ်သွားသကဲ့သို့ပင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်တစ်ပင်မှ ဤကဲ့သို့သော သန့်စင်လှသည့် ဆေးအရည်တစ်စက်ကို သိပ်သည်းနိုင်ပေသည်။ သို့သော်ငြား ထိုကဲ့သို့လုပ်နိုင်ဖို့ရာ ကျိယင်အနေဖြင့် ဆေးမီးဖိုနှင့်တကွ သင့်လျော်သည့် မီးတောက်အပူချိန်ကို အသုံးပြုရန် လိုအပ်ပေသည်။ ထို့အပြင် လက်ရှိကျိယင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ပါး ဖြစ်နေပါသော်ငြား ရှနင်းချန်မှာမူ တန်ခိုးရှင်ဘုရင်အဆင့်တွင်သာ ရှိနေပေသေးသည်။ သူတို့နှစ်ဦးသားကြားရှိ ကွာခြားချက်မှာ မိုးနှင့်မြေပမာ ကြီးမားလွန်းလှပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးသည် ဆေးအရည်ကို ဤအတိုင်းအတာထိသို့ရောက်အောင် သိပ်သည်းနိုင်လိမ့်မည်ဟု ကျိယင် လုံးဝ မျှော်လင့်ထားခြင်းမရှိပေ။ အနည်းဆုံး ကျိယင်ကိုယ်တိုင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်စဉ်က ယခု ရှနင်းချန်လုပ်သွားသကဲ့ မလုပ်နိုင်ခဲ့ပေ။
ဆေးအရည်တစ်စက်၏ သန့်စင်နှုန်းသည် ဆက်လက်ဖော်စပ်မည့် ဆေးလုံးအပေါ် သက်ရောက်မှုရှိပေသည်။ ဆေးအရည်ပိုမိုသန့်စင်လေ ဆေးဖော်စပ်ရ ပိုမိုလွယ်ကူမည်ဖြစ်သလို ထွက်ပေါ်လာမည့်ဆေးလုံးမှာလည်း ပို၍အာနိသင်ကောင်းလေပင်။ ထိုအကြောင်းကြောင့် ဤအဆင့်တွင် ရှနင်းချန်မှာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီဟု ပြော၍ရလေသည်။
ထို့နောက်တွင် ကျိယင်သည် ရှနင်းချန်၏လက်ထဲ၌ ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့်ဆေးပင်အား လှမ်းကြည့်လိုက်ရာ ဆေးပင်ထဲရှိ ဆေးအာနိသင်အားလုံးမှာ ကုန်စင်အောင် ထုတ်ယူခံလိုက်ရပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ဆေးပင်တစ်ပင်လုံးမှာ အမှိုက်သာသာသာ ဖြစ်နေပြီး ဆေးပင်ထဲ မည်သည့်ဆေးအာနိသင်မှ ကျန်ရစ်ခြင်း မရှိတော့ပေ။
ဆေးမီးဖိုကိုလည်းမသုံး မည်သည့်မီးတောက်ကိုမှလည်း အသုံးမပြုဘဲနှင့် ဤမျှသန့်စင်လှသော ဆေးအရည်စက်ကို သိပ်သည်းနိုင်သည်မှာ အလွန်ကိုမှ အံ့ဩဖွယ် ကောင်းနေလေပြီ။ သို့ပင်ဖြစ်လင့်ကစား ရှနင်းချန်မှာတော့ ဆေးပင်ထဲရှိ ဆေးအာနိသင်အားလုံးကိုပင် ကုန်စင်အောင် ထုတ်ယူပြသွားခဲ့သည်။ ဤသည်မှာ ကျိယင် တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိစဉ်ကပင် မလုပ်နိုင်ခဲ့သည့် အရာမျိုးဖြစ်သည်။ လက်ရှိကျိယင်အနေဖြင့် ရှနင်းချန်အား အမှတ်ပေးရမည်ဆိုလျှင် ဆယ်မှတ်ပေးရမည်ဆိုပါက ကိုးမှတ်ထိပေး၍ရပေသည်။ နောက်ဆုံးတစ်မှတ်ကို လျှော့ထားရခြင်းမှာတော့ ရှနင်းချန် သွေးနားထင်ရောက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
ရှနင်းချန် ဤကဲ့သို့ဖြစ်သွားအောင် မည်ကဲ့သို့လုပ်လိုက်သလဲဆိုသည်ကို ကျိယင် လုံးဝမသိ။ ရှနင်းချန်လုပ်သွားသည်မှာ ကျိယင်ယုံကြည်ထားသည်နှင့် လုံးဝကို ကွာခြားနေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်းမှ ရှနင်းချန်အား ဆက်၍ကြည့်နေလိုက်သည်။ ရှနင်းချန်သည် ပထမဆေးပင်နည်းတူ အခြားသောဆေးပင်များကိုလည်း ဆေးအရည်စက်လေးများအဖြစ်သို့ သိပ်သည်းပစ်လိုက်လေသည်။ မကြာမီတွင် သူမထုတ်ယူလိုက်သော ဆေးပင်အားလုံးကို ဆေးရည်အဖြစ်သို့ အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့သည်။
ရှနင်းချန်လုပ်နေသည်ကိုကြည့်ရင်း ကျိယင်မှာတော့ အမှန်တကယ်ကို အံ့ဩမိနေခဲ့သည်။ ရှနင်းချန် ထပ်မံသိပ်သည်းလာသော ဆေးအရည်စက်များကို မြင်တွေ့ပြီးသည့်နောက် ရှနင်းချန် ပထမဦးဆုံးသိပ်သည်းလိုက်သည့်ဆေးအရည်စက်သည် ကံကောင်းမှုသက်သက်ကြောင့်သာမဟုတ်မှန်း ကျိယင် ထပ်မံသဘောပေါက်သွားခဲ့ရသည်။
ရှနင်းချန်၏စွမ်းရည်ကို မြင်တွေ့ပြီးသည့်နောက်တွင်တော့ ရှနင်းချန်အပေါ် ကျိယင်၏ မကျေနပ်ချက် အထင်သေးစိတ်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ကျိယင်ကိုယ်တိုင်သည် ရှနင်းချန်၏လက်ကွက်များကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့လေသည်။ သူ့အနေဖြင့် ရှနင်းချန်မှာ ဤကဲ့သို့ ဖြစ်လာအောင် မည်ကဲ့သို့လုပ်လိုက်သလဲဆိုသည်ကို မသိပါသော်ငြား ရှနင်းချန်၏လက်ကွက်လှုပ်ရှားမှုများကို ကြည့်ရသည်မှာ သူ့ကဲ့သို့သော ဆေးပညာရှင်တစ်ပါးအတွက် အလွန်ကိုမှ မျက်စိပသာဒဖြစ်စရာ ကောင်းလှပေသည်။
ဆေးအရည်များကို သိပ်သည်းပြီးသည့်နောက် အစီအရင်များကိုခင်းကျင်းကာ ပေါင်းစပ်ရမည့်အချိန်သို့ ရောက်လာခဲ့လေသည်။ ထိုအကြောင်းကြောင့် ကျိယင်မှာ သူ့စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (ဒီအဆင့်ထိရောက်လာပြီဆိုတော့ အခုချိန်လောက်ဆို ဆေးမီးဖိုကို ထုတ်သင့်နေပြီ ... ခုနတုန်းက လုပ်ပြသွားတာတွေနဲ့တင် သူဘယ်လောက်တော်လဲဆိုတာ ငါသိနေပြီပဲဟာကို ...)
သို့သော်ငြား ကျိယင်မျှော်လင့်ထားသကဲ့သို့ ရှနင်းချန်မှာ ဆေးမီးဖိုကို ထုတ်မလာခဲ့ပေ။ ရှနင်းချန်သည် သူမ၏လက်ဝါးကိုဖြန့်၍သာ သူတော်စင်ချီဖြင့် ဆေးအရည်စက်များကို ထိန်းချုပ်ထားခဲ့သည်။ ရှနင်းချန်၏သူတော်စင်ချီ၏ ထိန်းချုပ်မှုအောက်တွင် ဆေးအရည်စက်များသည် တစ်စက်နှင့်တစ်စက် တဖြည်းဖြည်းချင်း အတူတကွ စတင်ပေါင်းစပ်လာတော့လေသည်။
လက်ရှိအချိန်တွင်တော့ ကျိယင်မှာ လုံးဝကို ဆွံ့အနေခဲ့ရလေပြီ။ သူ့အရည်အချင်းနှင့်ပင် လက်ရှိရှနင်းချန်ဆေးဖော်စပ်နေသည်ကိုကြည့်ရင်း သူနားလည်နိုင်သည့်အရာဆို၍ ရှနင်းချန်၏ဆေးဖော်စပ်ပုံသည် သူတို့ကဲ့သို့သောဆေးပညာရှင်များ ဆေးဖော်စပ်ပုံနှင့် လုံးဝကို ကွာခြားသည်ဟူသောအချက်ပင်။ ကောင်းကင်စိတ်အာရုံကိုသုံး၍ ဆေးအရည်စက်ထဲရှိ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင်တော့ ကျိယင်၏အမူအရာမှာ အဆက်မပြတ်ကို ပြောင်းလဲသွားရတော့လေသည်။ အံ့အားသင့်နေရာမှထိတ်လန့် ထိတ်လန့်နေရာမှတုန်လှုပ် စသဖြင့် အမျိုးမျိုးကို ပြောင်းလဲနေတော့လေ၏။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ရှနင်းချန်၏လက်ထဲတိုင် အဆက်မပြတ်လည်ပတ်နေသော ဆေးအရည်များကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် ဆေးအရည်စက်သည် တဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့လေသည်။ လက်ရှိကျိယင်၏ အရည်အချင်းအရ ဆေးအရည်စက်အားလုံးမှာ အတူတကွ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီဖြစ်ကြောင်းကို အတိုင်းသားပြောနိုင်ပေသည်။
ပြီးခါနီးဖြစ်နေသော ဆေးလုံးကို ကိုင်ထားရင်းမှ ရှနင်းချန် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက်တွင် သူမ၏ ကျန်လက်တစ်ဖက်ဖြင့် အသုံးပြုနေသောအစီအရင်ကို ပြောင်းလျက် သူမ၏သူတော်စင်ချီကို အနေအထားတစ်ခုအတိုင်း စတင်၍ လှည့်ပတ်လိုက်လေ၏။
“ဒါက ...” ကျိယင် ရုတ်တရပ် ထရပ်လိုက်သည်။ ရှနင်းချန် ယခုလက်ရှိအသုံးပြုနေသည့် ဆေးပညာရပ်မှာ ကျိယင် အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်မှလွဲ၍ အခြားမဟုတ်ပေ။ ကျိယင်သည် ထိုပညာရပ်အကြောင်းကို ရန်ကိုင်နှင့်အတူ ဆွေးနွေးရင်းမှ ထိုပညာရပ်ကိုသုံး၍ ဆေးလုံးပေါင်း အလုံးနှစ်ဆယ်ခန့်ထိ ဖော်စပ်ခဲ့သည်။ သို့သော်ငြား ထိုမျှသာလျှင် လုပ်ခဲ့ခြင်းဖြစ်လေသည်။ ရှနင်းချန်သည် သူတို့လုပ်နေသည်ကိုကြည့်ရင်းဖြင့် သူအသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်ကို တတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ ရှနင်းချန်သည် ထိုပညာရပ်ကို တတ်ရုံသာလျှင်မဟုတ်။ လက်တွေ့ပင်လျှင် အမှန်အကန် အသုံးချနေနိုင်ခြင်းပင် ဖြစ်လေ၏။
ရှနင်းချန်ဆေးဖော်စပ်နေသည်ကို ကြည့်ရင်းနှင့်မှ နွံဖုံးနေသည့်ပတ္တမြားတစ်လုံးကို တွေ့ရှိသွားလိုက်သည့်အလား ကျိယင်မှာ ပိုပို၍ကို စိတ်လှုပ်ရှားလာနေတော့သည်။
ရှနင်းချန်ထုတ်ပြသွားသည့် ဆေးစွမ်းရည်များသည် သူမဆေးဖော်စပ်သည်မှာ ကြာနေပြီဖြစ်သည့်အတွက်ကြောင့်ဟု ငြင်း၍ရပါသော်ငြား ကျိယင်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်အား ယခုကဲ့သို့ အသုံးချပြနေသည်မှာတော့ သူမ၏ပါရမီကြောင့်သာလျှင် ဖြစ်သည်ဟူသော အချက်အပေါ် ငြင်း၍ရလိမ့်မည်မဟုတ်ပေ။ တစ်နည်းဆိုရသော် ရှနင်းချန်၏ ပါရမီသည် လုံးဝကို အံ့အားသင့်ဖွယ်ရာအဆင့်တစ်ခုသို့ ရောက်နေပြီဟုပင် ပြော၍ရလေသည်။
လက်ရှိရှနင်းချန်အသုံးပြုနေသော ကျိယင်ဖန်တီးထားသည့် ဆေးသိပ်သည်းခြင်းပညာရပ်တွင် ချို့ယွင်းချက်များ ရှိနေပေသေးသည်။ ရှနင်းချန် အချို့နေရာများတွင် သုံးသွားသည်မှာ သိပ်၍ပုံစံမကျပေ။ သို့သော်ငြား ထိုချို့ယွင်းချက်များသည် သူမ၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုမရှိပေ။ ရှနင်းချန်မှာ ထိုဆေးပညာရပ်အား အသုံးပြုနေသည်ကို ဤအတိုင်းထိုင်ကြည့်ရင်းမှ ယခုကဲ့သို့ ပြန်လည်အသုံးချပြနေခြင်း ဖြစ်လေသည်။ ရပ်ကြည့်နေရုံဖြင့်ပင်လျှင် ဤမျှကျွမ်းကျင်နေသည်ဆိုလျှင် သူကိုယ်တိုင်သာ သင်ကြားပေးလိုက်မည်ဆိုပါက ရှနင်းချန် မည်မျှပင် ထူးချွန်လိုက်လေမည်နည်း။ ရှနင်းချန်နှင့်ယှဉ်လိုက်သော် ကျိယင် မျှော်လင့်ချက်ကြီးကြီးမားမားထားရသော သူ့တပည့်များမှာ ဘာမျှမပြောပလောက်တော့ပေ။
နောက်ဆုံးအဆင့်အား အဆုံးသတ်လိုက်သည့်နောက်တွင်တော့ ရှနင်းချန်လက်ထဲရှိ ဆေးအရည်စက်သည် အလုံးလေးခုနှစ်လုံးအဖြစ်သို့ ကွဲထွက်သွားခဲ့လေသည်။ ထိုဆေးအရည်စက်ခုနှစ်စက်သည် အဆက်မပြတ် လည်ပတ်နေပြီးသည့်နောက်တွင် တဖြည်းဖြည်းချင်း အေးခဲမာကြောလာတော့လေသည်။
အလုံးစုံပြီးမြောက်သွားသည့်နောက်တွင်တော့ ရှနင်းချန်၏လက်ထဲ နှင်းဖြူရောင်ဆေးလုံးခုနှစ်လုံး ရှိနေခဲ့လေ၏။
“တစ်ချက်ကြည့်ကြည့်ပါဦး ဆေးဝိဇ္ဇာ ...” ထိုသို့ပြောပြီးသည့်နောက်တွင် ရှနင်းချန်သည် သူမဖော်စပ်ထားသော ဆေးလုံးခုနှစ်လုံးကို စားပွဲခုံပေါ်တွင် ချပေး၍ ကျိယင်ရှေ့သို့တိုးပေးလျက် ရန်ကိုင်နောက်တွင် သွားပြန်ရပ်နေလေ၏။
ကျိယင်သည်လည်း ထိုဆေးလုံးခုနှစ်လုံးကို သေသေချာချာ စစ်ဆေးကြည့်တော့လေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်မှာတော့ ကျိယင်၏အမူအရာကိုသာ အဆက်မပြတ် ကြည့်နေခဲ့လေသည်။ ကျိယင်၏အမူအရာ လုံးဝပြောင်းလဲသွားသည်ကို ရန်ကိုင် မည်ကဲ့သို့များ သတိမထားမိဘဲ နေပါမည်နည်း။ ထို့အတွက်ကြောင့် သူမလုပ်သွားသည်မှာ အမှန်တကယ်ကို ကောင်းမွန်လှကြောင်း ရှနင်းချန်အား လှမ်း၍ မျက်စပစ်ပြလိုက်သည်။
“ဆေးသွေးကြောတွေ ...” ကျိယင် အလန့်တကြား ထအော်လေသည်။ ရှနင်းချန်ဖော်စပ်ခဲ့သော ဆေးလုံးခုနှစ်လုံးအနက် နှစ်လုံးတွင် ဆေးသွေးကြောများ ရှိနေခဲ့သည်။
***