ဆေးသွေးကြောများသည် ဆေးပညာရှင်တစ်ဦး မည်မျှတော်ကြောင်းကို ပြသနိုင်သော အကောင်းဆုံးသော သက်သေအထောက်အထားတစ်ခု ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ဆေးသွေးကြောများသည် တစ်ခါတစ်ရံမှသာ ပေါ်လာတတ်ကြသည်။ ဆေးသွေးကြော ပေါ်လာခဲ့မည်ဆိုလျှင်တော့ ဆေးလုံး၏ ဆေးအာနိသင်မှာ အနည်းဆုံး နှစ်ဆခန့် ဖြစ်သွားပေလိမ့်မည်။ ထိုအပြင် ထိုဆေးလုံး၏ ဆေးအာနိသင်မှာလည်း အချိန်မည်မျှကြာအောင် သိုလှောင်ထားစေကာမူ ပျောက်ကွယ်သွားတော့လိမ့်မည် မဟုတ်ပေ။
ဆေးတိမ်တိုက်သာဆိုလျှင်တော့ ပို၍ပင် အံ့ဩဖွယ်ကောင်းပေလိမ့်ဦးမည်။ ဆေးတိမ်တိုက်များသည် ဆေးသွေးကြောများကဲ့သို့ပင် ဆေးလုံးအာနိသင်အား ထိန်းထားနိုင်ရုံသာလျှင် မဟုတ်။ မိုးမြေစွမ်းအင်ကို အလိုလို စုပ်ယူ၍ ဆေးလုံးကိုလည်း ပိုမိုအစွမ်းထက်လာအောင် လုပ်ပေးနိုင်ပေသည်။ ဆေးတိမ်တိုက်ပါသည့် ဆေးလုံး တစ်လုံးအား ပို၍ ကြာကြာသိုလှောင်ထားလေ ထိုဆေးလုံး၏ ဆေးအာနိသင်မှာ ပိုမို အားကောင်းလာလေပင်။ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံးအား နှစ်ပေါင်းထောင်သောင်းနှင့်ချီကာ သိုလှောင်ထားခဲ့မည်ဆိုလျှင်တော့ ထိုဆေးလုံးထဲရှိ ဆေးအာနိသင်မှာ ကြောက်မခန်းလိလိ များပြားနေပေလိမ့်မည်။
ဆေးသွေးကြောပါသည့် ဆေးလုံးများကို ဖော်စပ်ဖို့ရာပင်လျှင် အတော်လေးကံကောင်းဖို့ လိုနေလေရာ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ဆေးတိမ်တိုက်ပါသော ဆေးလုံးများမှာ အလွန်တရာကိုမှ ရှားပါးလွန်းလှပေသည်။ ကျိယင်သည် ဆေးလုံးပေါင်းမြောက်မြားစွာကို ဖော်စပ်ခဲ့ပြီး ဆေးသွေးကြောပါသည့် ဆေးလုံးများကိုပင်လျှင် မကြာခဏ ဖော်စပ်ခဲ့ဖူးပါသော်ငြား ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကိုမူ တစ်ကြိမ်တစ်ခါမျှပင်လျှင် ဖော်စပ်ခဲ့ဖူးခြင်း မရှိသေးချေ။
သို့သော်ငြား သူ၏ လေးယောက်မြောက် စီနီယာအစ်မသည် ကံကောင်းထောက်မစွာဖြင့် ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့လေသည်။ သို့သော်ငြား ထိုဆေးလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်သာ ဖြစ်လေသည်။ စီနီယာအစ်မကိုယ်တိုင်မှာမူ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေ၏။ သို့ပင်ဖြစ်လင့်ကစား ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့်အတွက်ကြောင့် သူ့ဆရာသည် သူ၏ လေးယောက်မြောက် စီနီယာအစ်မအား အထူးတလည် ချီးကျူးစကားဆိုခဲ့လေသည်။ သူ၏ လေးယောက်မြောက် စီနီယာအစ်မသည်လည်း ထိုဆေးတိမ်တိုက်ပါသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအား အလွန်ကိုမှ အဖိုးတန်လှသည့် ရတနာတစ်ပါးပမာ သေသေချာချာကို သိမ်းထားခဲ့သည်။
ရှနင်းချန်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်သည့်အလျောက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကိုသာ ဖော်စပ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ထိုကဲ့သို့သော ဆေးလုံးကို ဖော်စပ်နေသည့်တိုင် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးကိုပင် ဖော်စပ်နိုင်ခဲ့သည်။
ထိုအတွက်ကြောင့် ကျိယင်မှာ အမှန်တကယ်ကို ထိတ်လန့်နေမိတော့သည်။ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့ပါက ကံကောင်းသွားသည့်အတွက်ကြောင့်ဟု ပြော၍ ရပါသော်ငြား နှစ်လုံးဆက်တိုက်ကိုမူ ကံကောင်းသွားလွန်းသဖြင့် ဖော်စပ်နိုင်သည်လား။ ဤသည်မှာ ကံကောင်းသည်ထက် တိုက်ဆိုင်မှုများ ဖြစ်နေလေမလား။
ကျိယင်သည် ဆေးလုံးများကို သေသေချာချာ စစ်ဆေးကြည့်သည်။ သူ လုံးဝ မမှားခဲ့ပေ။ ဤဆေးလုံးများသည် ဆေးသွေးကြောပါသည့် ဆေးလုံးများ ဖြစ်ကြသည်။
ဆေးသွေးကြောပါသည့် ဆေးလုံးများ၏ ဆေးအာနိသင်မှာ ပုံမှန်ဆေးလုံးများထက် နှစ်ဆဖြစ်နေသည့်အတွက်ကြောင့် ဆေးသွေးကြောပါသည့် ဆေးလုံး နှစ်လုံးပါသော ဆေးလုံး ခုနစ်လုံးကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ ပုံမှန်ဆေးလုံးကိုးလုံး ဖော်စပ်နိုင်ခြင်းထက် ပိုမို ကောင်းမွန်ပေသည်။
ရှနင်းချန်အနေဖြင့် ယခုကဲ့သို့ ဆေးလုံး ခုနစ်လုံးကိုသာ ဖော်စပ်နိုင်ခဲ့ရခြင်းမှာ သူမ၏ ဆေးသိပ်သည်းခြင်းပညာရပ်အား ကောင်းကောင်း နားမလည်သေးသည့်အတွက်ကြောင့် ဖြစ်မည်မှန်း ကျိယင် ထပ်မံစဉ်းစားမိသွားခဲ့သည်။ တကယ်တော့ ရှနင်းချန်အဖို့ ထိုဆေးသိပ်သည်းခြင်းပညာရပ်ကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်သုံးခြင်းပင် မဟုတ်လေလော။ ထိုအပြင် ထိုပညာရပ်ကို ရှနင်းချန်သည် မည်သူ၏ သင်ကြားပြသပေးမှုကိုမှ မရရှိခဲ့ဘဲ သူမဘာသာ ဤအတိုင်း စောင့်ကြည့်ရင်းမှ သင်ယူခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ထိုပညာရပ်ကို သုံး၍ ဆေးလုံးကို သိပ်သည်းခဲ့လေရာ ဆေးလုံးခုနစ်လုံးသာ ရခဲ့သည်မှာတော့ အဆန်းမဟုတ်။
အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ ကျိယင်သည် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးကို ပြန်ချထားလိုက်ပြီး ကျန်သည့် ဆေးငါးလုံးကို အံ့ဩတကြီးဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ရှနင်းချန် သိပ်သည်းလိုက်သည့် ဆေးအရည်ကို မြင်ကတည်းက သူမ ဖော်စပ်၍ ရလာမည့် ဆေးလုံးများ၏ အရည်အသွေးမှာ အတော်လေးကိုမှ ကောင်းမွန်လိမ့်မည်မှန်း ကျိယင် ခန့်မှန်းမိသားပင်။ သူထင်ထားသကဲ့သို့ပင် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးအပြင် ကျန်ဆေးငါးလုံး၏ ဆေးအာနိသင်မှာလည်း ထိပ်တန်းပင် ဖြစ်နေပေသည်။
[မဒမ်ရန်က ပါရမီရှင်တွေထဲမှာမှ တကယ့်ကို ပါရမီရှင်တစ်ပါးပဲ၊ ကြည့်ရတာက မဒမ်ရန်က ရန်ကိုင်ထက်တောင် ပိုပြီး ပါရမီရှိတယ်နဲ့တူတယ်]
အစောပိုင်းက ရှနင်းချန် ဆေးဖော်စပ်သွားသည့်ပုံကို သေချာပြန်စဉ်းစားမိလိုက်သည့်နောက် ကျိယင် စိတ်ထဲ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် ရှနင်းချန်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "မဒမ်ရန်က ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလား"
ထိုအကြောင်းကို ပြောလာချိန် ရှနင်းချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင်ကမူ အော်ရယ်မောလျက်... "ရောင်းရင်းကျိက တကယ်ကို အမြင်စူးရှတာပဲ"
"ဒါကြောင့်ကိုး ဒါကြောင့်ကိုး" ကျိယင် ခါးသက်သက်အမူအရာဖြင့် ပြုံးလိုက်လေသည်။ ရှနင်းချန်မှ ဤမျှ ကောင်းမွန်လှသော ဆေးလုံးများကို ဆေးမီးဖိုလည်းမပါ မည်သည့်မီးတောက်ကိုလည်း အသုံးမပြုဘဲနှင့် ဖော်စပ်နိုင်ခဲ့ခြင်းမှာ အဆန်းတော့ မဟုတ်တော့ပေ။ သူမတွင် ထွတ်မြတ်ဆေးခန္ဓာ ရှိနေသည်ကိုး။ [ရှက်ဖို့ကောင်းလိုက်တာကွာ၊ ငါကတော့ သူ့ကို ငါ့အရှေ့မှာ လာပြီး ဟိတ်ဟန်ထုတ်ပြတယ် လုပ်နေတာ၊ အကြောင်းအရင်းမှ မသိတာကိုး၊ ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူက ဘယ်လိုလုပ်ပြီး မီးတောက်တွေ ဆေးမီးဖိုတွေ လိုဦးမှာလဲ၊ သူတို့ခန္ဓာကိုယ်တစ်ခုလုံးက အကောင်းဆုံး ဆေးမီးဖိုကြီး ဖြစ်နေပြီပဲကို]
ထို့နောက်တွင် ကျိယင်သည် ရန်ကိုင်ဖက်သို့ လှည့်၍ မကျေမနပ်ဖြင့်... "ရောင်းရင်းရန်၊ မင်းဒီအကြောင်းကို ဘာဖြစ်လို့ ငါ့ကို အစောကြီးကတည်းက မပြောလိုက်တာလဲ၊ အခုတော့ ငါ့မှာ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိခါနီးတောင် ဖြစ်သွားတယ်"
ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ကိုယ်ကိုယ်တိုင် မြင်ရတာလောက် ပိုပြီးယုံကြည်ရတဲ့အရာ ဘာမှမရှိဘူးလေ၊ ကြားပဲကြားရတယ်ဆိုရင်တောင် ယုံကြည်ဦးမှာ မဟုတ်သေးဘူး၊ ကဲ အခု ရောင်းရင်းကျိ မင်း ငါ့မိန်းမကို ဘယ်လိုထင်လဲ"
ကျိယင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ဒီကျိ သူ့ကိုမမီဘူး"
ကျိယင် တစ်ဖက်လူအား မြှောက်ဖားပင့်ဖား ပြောဆိုနေခြင်းမဟုတ်။ အမှန်ကို ပြောနေခြင်းသာ ဖြစ်လေသည်။ ကျိယင်ကိုယ်တိုင်သည်လည်း အမျိုးမျိုးသော စာအုပ်များကို ဖတ်ခဲ့ဖူးသည်။ သူဖတ်ခဲ့သည့် စာအုပ်များအနက် ဤလောကကြီးထဲတွင် အမျိုးမျိုးသော အထူးခန္ဓာကိုယ် တည်ဆောက်ပုံများ ရှိကြောင်း သိခဲ့ရသည်။ အထူးခန္ဓာကိုယ် တစ်ခုချင်းစီသည် တစ်မျိုးနှင့် တစ်မျိုး တူညီခြင်း မရှိကြပေ။ သို့သော်ငြား ဆေးပညာရှင်များအတွက်မူ ထွတ်မြတ်ဆေးခန္ဓာကိုယ်မှာ အကောင်းဆုံးဖြစ်ပေသည်။ အကြောင်းမှာ ထိုခန္ဓာကိုယ်သည် ဆေးပညာရှင်များအတွက် လောကကြီးမှ အထူးဖန်တီးပေးထားသော ခန္ဓာကိုယ်တစ်ခုဖြစ်သလားဟုပင် ထင်ရသည့်အတွက်ကြောင့်ပင်။ ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်လူများအတွက် ဆေးဖော်စပ်ရသည်မှာ ထမင်းစားရေသောက်သည့်ပမာ အလွန်ကိုမှ လွယ်ကူလှပေသည်။
လက်ရှိအချိန်တွင် ကျိယင်၏ ဆေးစွမ်းရည်မှာ ရှနင်းချန်ထက် ပိုမြင့်နေလိမ့်မည် ဖြစ်ပါသော်ငြား အချိန်တန်လာသည့်အလျောက်တွင်တော့ ကျိယင်မှာ သူမ၏ ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ပေ။ ကျိယင်၏ စီနီယာအစ်ကို စီနီယာအစ်မတို့သည်ပင်လျှင် အချိန်ကြာလာသည့်နောက် ရှနင်းချန်၏ ပြိုင်ဘက် မဟုတ်နိုင်တော့။ ရှနင်းချန်အနေဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျိယင်၏ ဆရာကဲ့သို့ပင် မဟာဆေးဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်ပေသည်။
ကျိယင် ရှနင်းချန်အား ဤအတိုင်းအတာအထိ ချီးကျူးလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက်တွင် ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် ကျိယင်ကိုကြည့်၍ သည်းလှိုက်အူလှိုက် ရယ်မောကာ ပြောလိုက်လေ၏။ "ရောင်းရင်းကျိ၊ မင်းချီးကျူးလွန်းနေပါပြီကွာ၊ ငါတို့မှာ သင်စရာတွေအများကြီး ကျန်သေးတယ်"
တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ဒီလိုဆိုတော့ မင်း ငါ့မိန်းမကို တပည့်အဖြစ် လက်ခံတော့မယ်ပေါ့၊ ဟုတ်တယ်မလား ရောင်းရင်းကျိ"
[ဒီလောက်တောင် ချီးကျူးထားတာ လက်မခံနိုင်စရာအကြောင်းတော့ ရှိမှာ မဟုတ်ဘူး]
နာမည်ကျော်ကြားသည့် မည်သည့်ပညာရှင်မဆို အမွေခံတပည့်များကို ပိုင်ဆိုင်လိုကြပေသည်။ ကျိယင်သည် ကြယ်တာရာအစုအဝေးထဲရှိ နာမည်ကျော်ကြားလှသော ဧကရာဇ်ဆေးပညာရှင်များအနက် တစ်ပါးအပါအဝင် ဖြစ်သည်။ မဟာဆေးဧကရာဇ်တွင် သူ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်မည့် တပည့်များရှိနေကြသလို ကျိယင်သည်လည်း သူ့အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်မည့် တပည့်တစ်ဦးကို လိုချင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် နာမည်ကျော်ကြားလှသည့် ပညာရှင်များမှာ များပြားလှပါသော်ငြား အရည်အချင်းရှိလှသည့် အမွေခံတပည့်များမှာတော့ ရှားပါးလွန်းလှပေသည်။ ရှနင်းချန်သည် ကျိယင်၏ အမွေကို ဆက်ခံနိုင်မည့် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်သည်။
မူလကမူ ကျိယင်သည် ဝမ်းပန်းတသာဖြင့် ရှနင်းချန်အား သူ့တပည့်အဖြစ် လက်ခံလိမ့်မည်ဟု ရန်ကိုင် ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်မှ ထိုစကားကို ပြောလိုက်ချိန် ကျိယင် မျက်မှောင်ကြီးကြုတ်သွားခဲ့လေသည်။ ထိုအခါတွင်တော့ ရန်ကိုင်လည်း မယုံသင်္ကာအမူအရာဖြင့် ထပ်၍မေးလိုက်ရတော့သည်။ "ရောင်းရင်းကျိ၊ မင်း ဆေးတောင်ကြားရဲ့ စည်းကမ်းတွေကို စိတ်ပူနေတာလား"
"မဟုတ်ဘူး" ကျိယင်က လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ "ထွတ်မြတ်ဆေးခန္ဓာကိုယ်နဲ့ ဒီလိုအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားတာ လက်မခံနိုင်စရာအကြောင်းရှိမလား၊ သူ့ကိုသာ သွားမိတ်ဆက်ပေးလိုက်ရင် အကြီးဆုံးစီနီယာအစ်ကို သူ့ကို ဝမ်းပန်းတသာနဲ့တောင် ဖိတ်ခေါ်လာဦးမှာ"
"အဲဒါဆို မင်းဘာဖြစ်လို့ အကျပ်ရိုက်နေတာလဲ ရောင်းရင်းကျိ" ရန်ကိုင် အံ့အားသင့်သွားလေသည်။ [ရှနင်းချန်ရဲ့ အရည်အချင်းကိုလည်း သူမြင်ပြီးသွားပြီပဲ၊ အဲဒါကို ဘာဖြစ်လို့ ရှနင်းချန်ကို လက်ခံဖို့ ဒီလောက်တောင် အကျပ်ရိုက်နေရတာလဲ၊ သူဘာတွေ တုံ့ဆိုင်းနေတာလဲ၊ ရှနင်းချန်ကို လက်ခံလိုက်ရလို့ သူပျော်နေရမှာမဟုတ်ဘူးလား]
ကျိယင်မှာ အတန်ကြာသည့်အထိ ပြန်မဖြေခဲ့ဘဲ ထိုင်ပြီးတော့သာ အကျပ်ရိုက်နေသည့် အမူအရာဖြင့် စဉ်းစားနေခဲ့လေသည်။ နောက်ဆုံး အတော်လေးကြာသွားသည့်နောက် တုံ့ဆိုင်းနေသည့်အမူအရာဖြင့် ပြောလိုက်လေ၏။ "ရောင်းရင်းရန်၊ ငါမရီးကို ဆရာ့ဆီ မိတ်ဆက်ပေးချင်တယ်"
"မဟာဆေးဧကရာဇ်ဆီလား" ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ထိတ်လန့်တကြားဖြင့်... "ရောင်းရင်းကျိ၊ မင်း"
"ဆရာကပဲ မရီးကို သင်ပေးဖို့ အရည်အချင်းရှိတာ" ကျိယင်က ပြောလိုက်သည်။ ရှင်းရှင်းပြောရလျှင် ကျိယင်မှာ ရှနင်းချန်အား တပည့်အဖြစ် အမှန်တကယ်ကို လက်ခံလိုပေသည်။ ရှနင်းချန်ကဲ့သို့သော ထူးချွန်လှသည့် ပါရမီရှင်တစ်ဦးကို မည်သည့်ဆေးပညာရှင်ကများ တပည့်အဖြစ် လက်မခံချင်ဘဲ နေပါမည်နည်း။ ကံမကောင်းစွာဖြင့် ကျိယင်သည်သာ ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် သူမအား အချိန်အတန်ကြာအောင် သင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ရှနင်းချန်ကို တပည့်အဖြစ် လက်ခံပြီးမှ ရှနင်းချန်သည် သူ့ထက် ဆေးစွမ်းအင်ပိုမြင့်နေလျှင် ကျိယင်အဖို့ ရှက်စရာ ဖြစ်သွားရပေလိမ့်မည်။ ထိုအပြင် ရှနင်းချန်ကို တပည့်အဖြစ် လက်ခံလိုက်ပါကလည်း သူနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးမှာ အနည်းငယ်ကမောက်ကမ ဖြစ်ကုန်ရပေလိမ့်မည်။
ထိုအကြောင်းကြောင့်သာလျှင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူသည်သာ ရှနင်းချန်အား မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်လာအောင် လုပ်နိုင်ခဲ့မည်ဆိုပါက သူတို့နှစ်ဦးသည် စီနီယာအစ်ကိုနှင့် ဂျူနီယာညီမ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်အခါတွင် ရန်ကိုင်နှင့် နောက်ပိုင်းထပ်တွေ့သည့်အခါတွင်လည်း သူတို့အကြားရှိ ဝါစဉ်မှာ ကမောက်ကမဖြစ်နေတော့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့်... "ရောင်းရင်းကျိ၊ ငါ မင်းကို ဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်းမသိတော့ဘူးကွာ"
ရန်ကိုင် အမှန်တကယ်ကို ပြောနေခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ရှနင်းချန် မဟာဆေးဧကရာဇ်၏ တပည့်ဖြစ်လာဖို့အရေးကို တစ်ခါမျှ စဉ်းစားခဲ့ဖူးခြင်းမရှိပေ။ မဟာဆေးဧကရာဇ်သည် သူတွေ့ချင်တိုင်း တွေ့လို့ရသည့် လူတစ်ဦးမှ မဟုတ်လေဘဲ။ မဟာဆေးဧကရာဇ်အား ရှနင်းချန်အား တပည့်အဖြစ် လက်ခံပေးပါဟု တောင်းဆိုဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွပင်။ ကျိယင်မှာ အထက်ကောင်းကင်နန်းတော်တွင် ရှိနေသည့်အတွက်ကြောင့် ရှနင်းချန်အတွက် သင့်တော်သည့် ဆရာတစ်ဦးဖြစ်မည်ဟု အထင်ဖြင့် ရှနင်းချန်ကို ကျိယင်ဆီသို့ ခေါ်လာပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ကျိယင်သည် ရှနင်းချန်အား သူ့ဆရာဆီ မိတ်ဆက်ပေးရန် ကြိုးစားလာလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။ ဤသည်မှာ ရန်ကိုင်အတွက်တော့ အမှန်တကယ်ကို ဝမ်းသာစရာသတင်းတစ်ရပ်ပင် ဖြစ်လေသည်။
ရန်ကိုင်သည် ရှနင်းချန်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "စီနီယာမမလေး ရောင်းရင်းကျိကို မြန်မြန်ကျေးဇူးတင်လိုက်လေ"
ရှနင်းချန် ကြယ်တာရာအစုအဝေးသို့ ရောက်သည်မှာ မကြာသေးသည့်အတွက်ကြောင့် မဟာဆေးဧကရာဇ် မည်သူဖြစ်သလဲဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား ရန်ကိုင်၏ တုံ့ပြန်ပုံကို ကြည့်ရသလောက် မဟာဆေးဧကရာဇ်မှာ အလွန်ကိုမှ ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်းတော့ ပြောနိုင်ပေသည်။ ထိုအကြောင်းကြောင့် ကျိယင်အား အလျင်စလို ကျေးဇူးတင်တော့မည့်အပြု ကျိယင်က သူ့လက်ကို မြှောက်၍ လှမ်းတားလိုက်လေ၏။ "နေဦး နေဦး"
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ရောင်းရင်းကျိ၊ မငြင်းပါနဲ့ကွာ အခုကိစ္စက စကားနဲ့တောင် ကျေးဇူးတင်လို့ရတဲ့ကိစ္စမျိုး မဟုတ်ဘူး"
ကျိယင်က ခါးသက်သက်အမူအရာဖြင့်... "ငါ ငြင်းနေတာမဟုတ်ဘူး၊ ပြဿနာကကွာ ငါလည်း အခုကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီးယုံကြည်ချက်မရှိတာပဲ၊ ဒီတော့ မအောင်မြင်ရင် မင်း ငါ့ကိုအပြစ်တင်လို့မရဘူးနော်"
"ယုံကြည်ချက်မရှိဘူး" ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ "ဘာဖြစ်လို့လဲ"
ကျိယင်က ပြန်ပြောလိုက်လေသည်။ "ဒီလိုကွ၊ ဆရာက အခုလောလောဆယ် တပည့်ငါးယောက်အထိကို လက်ခံထားတယ်၊ ငါက သူနောက်ဆုံးလက်ခံထားတဲ့ အငယ်ဆုံးတပည့်ပဲ၊ သူ ငါ့ကို လက်ခံတုန်းက ပြောခဲ့ဖူးတာရှိတယ်၊ ငါ့ကို လက်ခံပြီးကတည်းက နောက်ထပ်တပည့်တစ်ယောက်ကို ထပ်ပြီးတော့ လက်မခံတော့ဘူးတဲ့"
ထိုစကားကို ကြားသည့်အခါမှသာလျှင် ကျိယင် ဘာကြောင့်အကျပ်ရိုက်နေရသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားတော့သည်။ ကျိယင်မှာ ရှနင်းချန်အား မဟာဆေးဧကရာဇ်ဆီ မိတ်ဆက်ပေးချင်ပါသော်ငြား ထိုလူအိုကြီးကမူ နောက်ထပ်တပည့်အသစ်တစ်ယောက် ထပ်၍ လက်မခံတော့ဟု ပြောထားခဲ့သည်။ မဟာဆေးဧကရာဇ်တစ်ပါးသည် ပြောပြီးသား စကားကို မည်သည့်နည်းနှင့်မျှ အလွယ်တကူ ပြန်လည် ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။
ရှနင်းချန်အနေဖြင့် မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်လိုပါက မဟာဆေးဧကရာဇ်မှ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းရလောက်သည်အထိ စိတ်ဝင်စားလာအောင် လုပ်နိုင်မည့်အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားရန် လိုအပ်ပေလိမ့်မည်။ လက်ရှိ ရှနင်းချန်၏ ထွတ်မြတ်ဆေးခန္ဓာကိုယ်သည် သူမ၏ အကြီးမားဆုံးသော ဝှက်ဖဲတစ်ခု ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက ရှနင်းချန်အား သူ့ဆရာနှင့် မိတ်ဆက်ပေးမည်ဟု ကျိယင်မှ ပြောလာခဲ့လိမ့်မည် မဟုတ်ပေ။ မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်သည့်အလျောက် ကျိယင်မှာ သူ့ဆရာကို အရှက်ရအောင် မလုပ်ဝံ့ပါသော်ငြား ရှနင်းချန်ကဲ့သို့သော အဖိုးတန်လှသည့် ပတ္တမြားတုံးတစ်တုံးကိုလည်း ဤအတိုင်း မထားရစ်ခဲ့နိုင်ပေ။
"အဲဒါကြောင့်ကိုး" ရန်ကိုင် နားလည်သွားခဲ့လေသည်။
ကျိယင်က ဆက်ပြောလိုက်သည်။ "ငါ အကောင်းဆုံးကြိုးစားပေးမယ်လို့ပဲ ကတိပေးနိုင်တယ်၊ တကယ် အလုပ်ဖြစ်မဖြစ်ကိုတော့"
ရန်ကိုင်က အလျင်စလို ပြောလိုက်သည်။ "ရောင်းရင်းကျိ၊ ငါနဲ့ ငါ့မိန်းမ မင်းကို ကြိုပြီးတော့ ကျေးဇူးတင်ပါရစေကွာ၊ မင်း တကယ်လုပ်နိုင်နိုင်မလုပ်နိုင်နိုင် ကိစ္စမရှိဘူး၊ ငါတို့ မင်းကို တကယ်ကျေးဇူးတင်နေမှာ"
ကျိယင်က ပြုံးလျက်... "မင်း ဘာမှမကန့်ကွက်ဘူးဆိုရင် ငါ အခုပဲ ဆေးတောင်ကြားဆီ သွားလိုက်တော့မယ်"
"ဒီကိစ္စက အဲဒီလောက် အလျင်လိုစရာမလိုပါဘူး" ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကျိယင်က ပြန်၍ ပြောလေ၏။ "မင်းက အလျင်မလိုပေမဲ့ ငါက လိုတယ်ကွ"
ထိုသို့ပြောပြီးသည့်နောက် ထိုင်ရာမှ ထ၍ အခန်းအပြင်ဘက်သို့ ထွက်သွားလေသည်။
"ငါ့မိန်းမရော လိုက်စရာလိုသေးလား" ရန်ကိုင်က လှမ်း၍ မေးလိုက်သည်။
"မလိုက်ခိုင်းနဲ့ဦး ဆရာ့အခြေအနေကို သွားစမ်းကြည့်လိုက်ဦးမယ်၊ အဆင်ပြေပြီထင်တော့မှ မင်း မရီးကို ဆေးတောင်ကြားဆီ ခေါ်သွားလို့လည်း နောက်မကျသေးဘူး" တကယ့်ပြဿနာမှာ လက်ရှိကိစ္စနှင့် ပတ်သက်၍ ကျိယင်မှာ ယုံကြည်ချက်မရှိခြင်းပင် ဖြစ်လေသည်။ သူ့ဆရာသည်သာ ရှနင်းချန်ကို တွေ့ပင်မတွေ့လိုပါက ရှနင်းချန်ကို ခေါ်သွားသည်မှာ သူမအား အရှက်ခွဲသလို ဖြစ်နေပေလိမ့်မည်။
ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် ရှနင်းချန်မှာလည်း ကျိယင်အား ခန်းမအပြင်ဘက်အထိသို့သာ လိုက်ပို့ပေးလိုက်လေသည်။
"အကုန်လုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးသွားဖို့ မျှော်လင့်ရတာပဲ" ထိုသို့ပြောပြီးသည့်နောက် ကျိယင်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။ တစ်ခဏလေးအတွင်းမှာပင် ကျိယင်သည် ရန်ကိုင်တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
ကျိယင် ထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ရန်ကိုင်သည် လက်သီးကို တင်းတင်းဆုပ်၍ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒါသာ အလုပ်ဖြစ်သွားမယ်ဆိုရင်တော့ စီနီယာမမလေးမှာ အရမ်းကို အားကောင်းတဲ့ နောက်ခံတစ်ယောက် ရှိသွားပြီ"
သူမသည်သာ မဟာဆေးဧကရာဇ်၏ တပည့်တစ်ပါး ဖြစ်လာနိုင်မည်ဆိုလျှင် ကြယ်တာရာအစုအဝေးထဲရှိ မည်သူမျှ သူမအား အလွယ်တကူ ရန်စရဲတော့လိမ့်မည် မဟုတ်ပေ။
"ဂျူနီယာမောင်လေး၊ မဟာဆေးဧကရာဇ်က ဘယ်သူလဲ" ရှနင်းချန်က မေးလိုက်သည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "စီနီယာမမလေးကို ဒီအကြောင်းကို သေချာမရှင်းပြမိလိုက်သေးတာ ဆိုးသွားတယ်၊ ကဲ ဘာပဲဖြစ်ဖြစ် စုယန်၊ လော့အာနဲ့ ရွှယ့်အာတို့ကိုလည်း ခေါ်လိုက်ကြတာပေါ့၊ အကုန်လုံးကို တစ်ခါတည်း ဒီကြယ်တာရာအစုအဝေးရဲ့အကြောင်းကို ရှင်းပြပေးလိုက်မယ်"
ထို့နောက်တွင် ရန်ကိုင်သည် ရှနင်းချန်၏ ခါးကို ဖက်၍ သူနေထိုင်ရာ အဓိကတောင်ဆီသို့ ပျံသန်းသွားလေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်ပျော်နေသည့်အတွက်ကြောင့် သူ့လက်များမှာ ဂနာမငြိမ်ခဲ့။ ထိုအတွက်ကြောင့် ရှနင်းချန်မှာတော့ အဆက်မပြတ်ကို ရှက်သွေးဖြာနေရလေ၏။
***