ရန်ကိုင်၏ အထက်အရာရှိမှာ ယန်ယန် ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူ့လုပ်ရပ်ကိုသာ တွေ့ရှိသွားခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ကျိန်းသေ အပြစ်ပေးခံရပေလိမ့်မည်။ အခန့်မသင့်လျှင် သူ၏ ကြယ်စီရင်စုသခင်ဟူသော ရာထူးကိုပါ ဆုံးရှုံးသွားရနိုင်ပေသည်။ သို့သော်ငြား ယန်ယန်မှ ကာကွယ်ပေးနေမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဘာမျှစိတ်ပူနေစရာ မလိုပေ။
"ဒါဆိုရင် နင် စုစုပေါင်း ဘယ်လောက်ခေါ်လာလဲ" ပင်းယွင်မှာ ရုတ်တရက် တစ်ခုခုကို နားလည်သွားတော့လေသည်။ လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားနှင့်ပင် လူထောင်နှင့်ချီနေပြီဆိုပါက ဟုန်းလော့ကြယ်စီရင်စုကြီး တစ်ခုလုံးဆိုလျှင် မည်မျှပင်များလိုက်လေမည်နည်း။ တကယ်တော့ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ရန်ကိုင်၏ မွေးရပ်မြေပင် မဟုတ်လေလော။ ထိုနေရာတွင် ရန်ကိုင် လျစ်လျူရှု၍ မရသည့် သူ၏ မိတ်ဆွေများနှင့် မိသားစုများ ရှိနေကြပေသေးသည်။
"တစ်သိန်းကျော်မယ် ထင်တာပဲ" ရန်ကိုင်က မေးစေ့ကို ပွတ်ရင်းမှ ပြောလိုက်သည်။
ပင်းယွင်မှာ လုံးဝကို ကြောင်သွားခဲ့လေသည်။ ကျိယောင်သည်လည်း ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေသည်။ လူတစ်သိန်းဟူသော ပမာဏမှာ မည်မျှပင်များလိုက်လေမည်နည်း။ ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော တပည့်အရေအတွက်သည်ပင်လျှင် ထောင်ဂဏန်းလောက်သာ ရှိပေသည်။ တစ်သောင်းပင် မပြည့်ပေ။ ထိုအပြင် ထိုတပည့်အရေအတွက်မှာ ရေခဲနှလုံးသားတောင်ကြားမှ နှစ်နှင့်ချီကာ တပည့်များကို စုဆောင်းထားသည့် အရေအတွက် ဖြစ်လေသည်။ တစ်နည်းဆိုရသော် လူတစ်သိန်းကျော်ဟူသော ပမာဏသည် ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော တပည့်အရေအတွက်ထက် အဆပေါင်းများစွာ ပိုမိုများပြားလှပေသည်။
"နင်ဘာလို့ ဒီလောက်တောင် လူအများကြီးခေါ်လာရတာလဲ" ပင်းယွင်မှာ ရယ်ရခက်ငိုရခက် ဖြစ်နေလေသည်။ "နင်သူတို့ကို ကျွေးထားနိုင်လို့လား"
[လူတစ်သိန်းကျော်ကို ကျွေးထားဖို့က နည်းတာတော့ မဟုတ်ဘူး၊ အထက်ကောင်းကင်နန်းတော် တည်ထောင်ထားတာ ဘယ်လောက်ကြာသေးလို့လဲ၊ သူတို့မှာ လူတစ်သိန်းလုံးကို ထောက်ပံ့ပေးနိုင်မဲ့ အရင်းအမြစ်တွေ ရှိနေလို့လား] ပင်းယွင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်မပူဘဲ မနေနိုင်ပေ။
ရန်ကိုင်က ရယ်သွမ်းသွေးလျက်... "အခုလောလောဆယ်တော့ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြဿနာမှမရှိသေးဘူး"
ပင်းယွင် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ခေါင်းညိတ်၍... "ကြည့်ရတာ ငါနင့်ကို အထင်သေးမိလိုက်တဲ့ပုံပဲ၊ နင့်ဆီမှာ လူတွေအများကြီးလည်းရှိနေပြီဆိုတော့ လှိုင်းနီကြယ်ပေါ်က ရေခဲနှလုံးသားတောင်ကြားက လူတွေကို ငါ့ဆီပို့လိုက်ပေါ့၊ အဲဒါဆိုရင် နင်လည်း နည်းနည်းပါးပါး ဝန်ပေါ့သွားမှာပေါ့"
ပုံမှန်အားဖြင့် ပင်းယွင် ယခုကဲ့သို့ လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားသည် ပင်းယွင်ကိုယ်တိုင် တည်ထောင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ထိုဂိုဏ်း၏ ဂိုဏ်းသားများမှာ ပင်းယွင်၏ တပည့်များပင်ဖြစ်သည်ဟု ပြော၍ ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တပည့်များ ရေခဲနှလုံးသားတောင်ကြားတွင် လာရောက်ကျင့်ကြံလျှင် ပို၍အဆင်ပြေပေလိမ့်မည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ"
ပင်းယွင်က ပြုံးလျက်... "ငါကပဲ နင့်ကိုကျေးဇူးတင်သင့်တာ၊ နင်ကိုယ်တိုင်ကလည်း တော်တော်လေး လုံလုံလောက်လောက်ရှိနေတာဆိုတော့ ငါတို့ ရေခဲနှလုံးသားတောင်ကြား နင့်ကိုပေးနိုင်တာ ဘာမှမရှိတော့ဘူး၊ ကျေးဇူးတင်စကားပဲ ပြောလို့ရတော့မယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ အလဲအလှယ်အနေနဲ့ ငါ စုယန်ကို သေသေချာချာပြန်ပြီး ဂရုစိုက်ပေးမှာပါ"
ရန်ကိုင်ကမူ အခွင့်အရေးကို အမိအရဖမ်းဆုပ်၍ နောက်ထပ်တောင်းဆိုချက်တစ်ခုကို ထပ်မံ ပြုလုပ်လိုက်လေသည်။ "စီနီယာ၊ ဂျူနီယာ စီနီယာကို တောင်းဆိုချင်တာလေးတစ်ခု ထပ်ရှိသေးလို့"
ပင်းယွင်က ပြောလိုက်သည်။ "ဘာပြောမလို့လဲ၊ အရမ်းကြီးလွန်လွန်ကျူးကျူး မဟုတ်ရင်တော့ ပြောကြည့်ပေါ့"
ရန်ကိုင်က ခါးသက်သက်အမူအရာဖြင့်... "စီနီယာ၊ အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ သိပ်မကြာသေးဘူးလေ၊ ဒီတော့ ရှင်းရှင်းပြောရရင် အထက်ကောင်းကင်နန်းတော်က ကြယ်တာရာအစုအဝေးက အခြားဂိုဏ်းတွေနဲ့ ယှဉ်လို့မရသေးဘူး၊ ကျင့်ကြံမှုအရင်းအမြစ်တွေ ရှားပါးလို့ နည်းနည်းပါးပါး စိစစ်ပြီးနေလို့ရပေမဲ့ တပည့်တွေက အရင်းအမြစ်ကျောက်တွေကိုပဲ အားကိုးပြီးတော့ ကျင့်ကြံနေလို့ မရဘူးလေ၊ သူတို့ကျင့်ကြံဖို့အတွက် ကျင့်စဉ်တွေ သိုင်းပညာရပ်တွေလိုဦးမှာပေါ့ ဟုတ်တယ်မလား၊ ဦးတည်ရာလမ်းကြောင်းမရှိဘဲနဲ့ ဒီအတိုင်း ကြုံရာကျပန်း လျှောက်ကျင့်ကြံနေမယ်ဆိုရင် သူတို့ကျင့်ကြံခြင်း ဘယ်လောက်မြင့်နေမြင့်နေ အခြားသူတွေတိုက်ခိုက်တဲ့အချိန်ကျရင် သူတို့ပဲ ဒုက္ခရောက်ကြမှာ၊ သူတို့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့လူတွေ သတ်တာခံလိုက်ရမယ်ဆိုရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းမလဲ"
ပင်းယွင်သည် ရန်ကိုင်အား စိတ်ပျက်သည့် အမူအရာဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ "လိုရင်းကိုပြော၊ နင်ဘာတွေဒီလောက်တောင် ဝေ့ပတ်ပြီး ပြောနေရတာလဲ"
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက်... "စီနီယာများ ရေခဲနှလုံးသားတောင်ကြားမှာရှိတဲ့ ကျင့်စဉ်လေး သိုင်းပညာရပ်လေး နည်းနည်းပါးပါးကို ငှားပေးနိုင်မလားလို့ မေးချင်လို့ပါ၊ စီနီယာသိတဲ့အတိုင်းပဲ ကျုပ်ခေါ်လာတဲ့ လူတွေထဲမှာ နေရာပေါင်းစုံက လူတွေ ပါနေကြတာလေ၊ အဲဒီအထဲမှာ အချို့က ရေခဲဓာတ်ကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံရင်ကျင့်ကြံနေကြမှာ၊ ဒါပေမဲ့ လတ်တလော ကျုပ်တို့ဂိုဏ်းမှာ အဲဒီလိုပညာရပ်တွေ မရှိဘူး ဖြစ်နေလို့"
ပင်းယွင်က ရယ်မောလျက်... "နင် ရမ္မက်လျှာဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပြီးတော့ သူတို့ ရတနာဂိုဒေါင်ထဲကဟာတွေ အကုန်လုံးကို ယူထားတာ၊ အဲဒါနဲ့တင်မလောက်သေးဘူးလား" ရှင်းရှင်းပြောရသော် ရမ္မက်လျှာဂိုဏ်း၏ အမွေအနှစ်သည် ရေခဲနှလုံးသားတောင်ကြား၏ အမွေအနှစ်ထက် ပိုမိုနက်ရှိုင်းသည်ဟု ပြော၍ ရပေသည်။ တကယ်တော့ ရမ္မက်လျှာဂိုဏ်းသည် မဟာဧကရာဇ်တစ်ပါးမှ တည်ထောင်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်းပင် မဟုတ်ပေလော။ ရမ္မက်လျှာမဟာဧကရာဇ်မှာလည်း အလွန်ကိုမှသြဇာအာဏာကြီးမားသည့် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ သို့သော်ငြား ထိုဧကရာဇ်အလွန်တွင် ရမ္မက်လျှာဂိုဏ်း၏ ဂုဏ်သတင်းမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး အဆုံးတွင်တော့ ရမ္မက်လျှာဂိုဏ်းသည် ရန်ကိုင်၏ ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ရမ္မက်လျှာဂိုဏ်းကို ဖျက်ဆီးပြီးသည့်နောက် ရန်ကိုင် မည်မျှရလိုက်သလဲဆိုသည်ကို ပင်းယွင် မသိပါသော်ငြား သူခေါ်လာသည့် လူတစ်သိန်းကျော်အား ကျွေးမွေးထားနိုင်သည်ကို ကြည့်လျှင် ရမ္မက်လျှာဂိုဏ်းဆီမှ ရန်ကိုင် မည်မျှရလိုက်သလဲဆိုသည်ကို သိနိုင်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်တွင် အမျိုးမျိုးသော သိုင်းပညာရပ်များနှင့် ကျင့်စဉ်များလည်း ရှိနေရပေလိမ့်မည်။
ရန်ကိုင်သည် လက်နှစ်ဖက်ကို အတူပွတ်ရင်းမှ... "ဒါပေမဲ့လည်း စီနီယာရယ်၊ ကျင့်စဉ်တွေ သိုင်းပညာရပ်တွေဆိုတာ များများပိုရှိထားလေ ပိုပြီးတော့ အဆင်ပြေလေပဲလေ၊ အဲဒီလိုဆိုရင် တပည့်တွေမှာလည်း ရွေးစရာပိုများသွားတာပေါ့၊ အမ် စီနီယာစိတ်ဝင်စားရင် ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် အလဲအလှယ် လုပ်လို့ရတယ်လေ၊ ကျုပ်တို့ အထက်ကောင်းကင်နန်းတော်မှာ သိုင်းကျမ်းဆောင်ရှိတယ်၊ စီနီယာကြိုက်တဲ့ သိုင်းပညာရပ်တွေကို အဲဒီမှာသွားရွေးလို့ရတယ်"
ပင်းယွင်က သူမ လက်ကို ဝှေ့ယမ်းလျက်... "ရေခဲနှလုံးသားတောင်ကြားက ရေခဲဓာတ်ကျင့်စဉ်တွေနဲ့ ရေခဲဓာတ်သိုင်းပညာရပ်တွေကိုပဲ ကျင့်ကြံတာ၊ ဘာလို့အခြားကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေကို လိုက်ပြီးတော့ ကျင့်ကြံနေရဦးမှာလဲ"
"ဒါဆို စီနီယာ"
ပင်းယွင်က ပြန်ပြောလိုက်သည်။ "ငါ နင်တောင်းဆိုတာကို ငြင်းလိုက်ရင် ငါကပ်စေးနှဲရာ ရောက်သွားမှာပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ" ရန်ကိုင် အပြုံးကြီးပြုံးသွားလေသည်။
ပင်းယွင်က ခေါင်းညိတ်၍ ကျိယောင်ဘက်သို့ လှည့်ကာ... "ယောင်အာ၊ သူ့ကို သိုင်းကျမ်းဆောင်ဆီ ခေါ်သွားပေးလိုက်၊ ထိပ်ဆုံးအဆင့်မှာရှိနေတဲ့ တားမြစ်ထားတာတွေက လွဲပြီးတော့ ကျန်တဲ့ဟာတွေ သူကြိုက်တာယူပါစေ"
ရန်ကိုင် အရှေ့၌ ယခုကဲ့သို့ပြောသည်ကို ကြည့်လျှင် ပင်းယွင် ရန်ကိုင်အား အပြင်လူတစ်ဦးအဖြစ် သဘောမထားကြောင်းကို သိနိုင်ပေသည်။ တားမြစ်ပညာရပ်များအတွက်မူ ထိုအရာများသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်များသည်ပင်လျှင် ကျင့်ကြံချင်တိုင်း ကျင့်ကြံ၍ မရသည့် ပညာရပ်များဖြစ်သည့်အလျောက် ရန်ကိုင်အား ယူသွားခွင့်မပေးသည်မှာ အဆန်းတော့မဟုတ်ပေ။
"အာ ရပါတယ်၊ ကျုပ်ဘာသာကျုပ်ပဲ သွားလိုက်ပါမယ်၊ ဂျူနီယာညီမ ကျိယောင်ကို အလုပ်ရှုပ်ခိုင်းနေစရာ မလိုပါဘူး"
ကျိယောင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။ "ဒါက စီနီယာအစ်ကိုရန် ပြောရမဲ့ကိစ္စ မဟုတ်တော့ဘူး၊ ဆရာက အမိန့်ပေးပြီးသွားပြီ၊ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးနော် စီနီယာအစ်ကိုရန်" ကျိယောင်သည် ပြော၍ ရန်ကိုင်အား ဖြတ်လျှောက်သွားလေသည်။ သူ့နားမှ ဖြတ်သွားသည့်အခိုက် သင်းပျံ့မွှေးကြိုင်သည့် ကိုယ်သင်းရနံ့လေးကို ရန်ကိုင် ရလိုက်လေ၏။
"သွားတော့ ငါစုယန်နဲ့ စကားပြောလိုက်ဦးမယ်" ပင်းယွင်သည် ရန်ကိုင်အား လက်ဝှေ့ယမ်းရင်း မောင်းထုတ်လိုက်လေသည်။
ထိုအကြောင်းကြောင့် ရန်ကိုင်လည်း ဆက်မနေနိုင်တော့ဘဲ ထွက်လာခဲ့လိုက်ရသည်။ သို့သော်ငြား ထွက်မလာခင် စုယန်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ ပြောသွားသေး၏။ "ကျင့်ကြံခြင်းကို အာရုံစိုက်နော်၊ ငါနင့်ဆီ မကြာမကြာ လာလည်မယ်"
စုယန် ခေါင်းပြန်ညိတ်ပြလိုက်လေသည်။
ထို့နောက်တွင်တော့ ခန်းမတံခါး ပိတ်သွားခဲ့ပြီး ရန်ကိုင်သည် ကျိယောင်နှင့်အတူ သိုင်းကျမ်းဆောင်ဆီသို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ချောမောလှပသော မိန်းမချောလေးပေါင်းများစွာကို တွေ့ခဲ့ရလေသည်။ ရန်ကိုင်တို့ကို မြင်သည့်အခါ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ဘေးသို့ရွှေ့ကာ ရန်ကိုင်တို့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး သူတို့အား တလေးတစားဖြင့် ဦးညွှတ်လိုက်ကြသည်။ ထိုအပြင် ရန်ကိုင်တို့အား ကြည့်ရင်းမှ အချင်းချင်း အတင်းများလည်း ပြောနေကြသေး၏။
လမ်းတစ်လျှောက်လုံးမှာ လုံးဝကို တိတ်ဆိတ်နေခဲ့လေသည်။ ကျိယောင်မှာ ရှေ့မှ ဦးဆောင်သွားနေပါသော်ငြား ရန်ကိုင်အား စကားအနည်းငယ်မျှပင် လှည့်မပြောခဲ့။ မကြာမီ ရန်ကိုင်၏ မြင်ကွင်းထဲ ကိုးထပ်ကျောင်းဆောင်တစ်ဆောင် ပေါ်လာခဲ့လေသည်။ ကျောင်းဆောင်အပေါက်ဝတွင်တော့ သိုင်းကျမ်းဆောင်ဟု ရေးထားသော ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေခဲ့သည်။ ရေခဲနှလုံးသားတောင်ကြား တပည့်များစွာတို့သည် သိုင်းကျမ်းဆောင်ထဲသို့ ဝင်ချည်ထွက်ချည် ပြုနေကြလေ၏။
ရန်ကိုင် ကျိယောင်နှင့်အတူ သိုင်းကျမ်းဆောင်ထဲသို့ ဝင်လာသည့်အခါတွင် နန်းတော်အဝတ်အစားကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံထုံး ထုံးနှောင်ထားသည့် အမျိုးသမီးတစ်ဦးက သူတို့အား လာရောက်ဆီးကြို နှုတ်ဆက်လေသည်။ "ဒေါ်လေးကျိ" ထိုအမျိုးသမီးသည် တာအိုသခင်အဆင့်သာ ရှိပေသည်။
ထိုသို့ နှုတ်ဆက်ပြီးသည့်နောက်တွင် ထိုအမျိုးသမီးသည် ရန်ကိုင်ကို ကြည့်၍ အံ့အားသင့်နေဟန်ဖြင့်... "ဦးလေးရန်လား"
သူမ ရန်ကိုင်ကို မြင်ဖူးပေသည်။ အဝေးမှသာ လှမ်းမြင်ခဲ့ဖူးခြင်း ဖြစ်ပါသော်ငြား လက်ရှိအချိန်၌ ရေခဲနှလုံးသားတောင်ကြား၏ သိုင်းကျမ်းဆောင်ထဲသို့ ကျိယောင်နှင့်အတူ စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်သည့် အမျိုးသားဆို၍ အထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်သော ရန်ကိုင် တစ်ဦးတည်းသာ ရှိပေသည်။
ရန်ကိုင်က ပြုံး၍ ပြန်နှုတ်ဆက်လိုက်လေသည်။ ရေခဲနှလုံးသားတောင်ကြားထဲတွင် သူမည်မျှ နာမည်ကျော်ကြားကြောင်းကို သိထားပြီး ဖြစ်သည့်အလျောက် ရန်ကိုင်မှာ အံ့အားသင့်နေခြင်းမရှိပေ။
"တပည့်တွေကို ထွက်သွားဖို့ပြောလိုက်၊ ငါ စီနီယာအစ်ကိုရန်နဲ့ လုပ်စရာလေးတစ်ခုရှိလို့" ကျိယောင်က ထူးမခြားနားဟန်ဖြင့် အမိန့်ပေးလိုက်လေသည်။
ထိုအမျိုးသမီး၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ [ကောလာဟလတွေက မှန်နေတာလား၊ မဟုတ်ရင် သိုင်းကျမ်းဆောင်ထဲက လူတွေအကုန်လုံးကို ဘာဖြစ်လို့ ထွက်သွားခိုင်းရမှာလဲ၊ ဒီအကြောင်းသာ သတင်းပျံ့သွားရင်တော့ ဒေါ်လေးကျိရဲ့ ဂုဏ်သတင်းက ထိခိုက်တော့မှာပဲ၊ ဒါပေမဲ့ ဒေါ်လေးကျိကိုကြည့်ရတာတော့ ဂရုစိုက်တဲ့ပုံမပေါ်ဘူး]
သူမ စိတ်ထဲ မယုံသင်္ကာဖြစ်နေလင့်ကစား ထိုအမျိုးသမီးက ပြန်၍ ပြောလိုက်လေသည်။ "ဟုတ်ကဲ့"
ထို့နောက်တွင် အမျိုးသမီးသည် သိုင်းကျမ်းဆောင်ထဲသို့ ဝင်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ သိုင်းကျမ်းဆောင်ထဲမှ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေ၏။ ရန်ကိုင်နှင့် ကျိယောင်တို့ကို မြင်သည့်အခါ ဦးညွှတ်နှုတ်ဆက်ကြပြီး ထွက်ခွာသွားကြသည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် အစောပိုင်းက သူတို့အား လာရောက်နှုတ်ဆက်ခဲ့သော အမျိုးသမီး ပြန်ရောက်လာခဲ့ပြီး ပြောလိုက်လေသည်။ "ဒေါ်လေးကျိ၊ တပည့်တွေအကုန်လုံးကို ထွက်သွားခိုင်းလိုက်ပါပြီ"
"ကောင်းပြီ" ကျိယောင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေ၏။ "ဝင်လာခဲ့"
ရန်ကိုင်မှာတော့ အတော်လေးကိုမှ နေရထိုင်ရ အဆင်မပြေ ဖြစ်နေခဲ့လေသည်။ ကျိယောင်မှ တပည့်အားလုံးကို ထွက်သွားခိုင်းရန်ပြောစဉ်က ရန်ကိုင်မှာ ဝင်တားလိုက်ချင်ပါသော်ငြား အခြားသူများ အထင်အမြင်လွဲမှားသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တိတ်တိတ်နေရန်သာ ဆုံးဖြတ်ခဲ့လိုက်သည်။ ယခု သင်္ဘောမှာ ရွက်လွှင့်သွားပြီ ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဆက်စီးရုံသာ တတ်နိုင်တော့လေသည်။
[မိန်းမဖြစ်တဲ့ ကျိယောင်တောင် မကြောက်တာ၊ ငါကဘာလို့ကြောက်နေရမှာလဲ]
သိုင်းကျမ်းဆောင်ကို အထပ်ကိုးထပ်ခွဲထားခဲ့သည်။ အထပ်ပိုမြင့်လေ ထိုအထပ်တွင် ရှိနေသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ၏ အဆင့်မှာ ပိုမြင့်လေပင်။ ထိုနည်းတူစွာပင် ထိုအထပ်များသို့ ဝင်ရောက်ရန်အတွက် လိုအပ်ချက်မှာလည်း ပိုမိုမြင့်မားလာလေ၏။ ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ သိုင်းကျမ်းဆောင်ဖြစ်ပါသော်ငြား ဤနေရာ၌ ရှိနေသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်အားလုံးသည် ရေခဲဓာတ်အမျိုးအစားချည်းများသာ မဟုတ်ကြပေ။
တကယ်တော့ ရေခဲနှလုံးသားတောင်ကြား တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီနေခဲ့ပြီ မဟုတ်လေလော။ တပည့်များ အပြင်လောကကြီးဆီသို့ အတွေ့အကြုံ ခရီးထွက်သည့်အခါတွင် အခွင့်အလမ်းများနှင့် ကြုံကြိုက်ရ၍ဖြစ်စေ အခြားသောကျင့်ကြံသူများနှင့် တိုက်ခိုက်ပြီး ထိုကျင့်ကြံသူများကို သတ်ဖြတ်ကာ ပိုင်ဆိုင်မှုများကို ရယူလိုက်ခြင်းဖြင့်ဖြစ်စေ အမျိုးမျိုးသော သိုင်းပညာရပ်များ ကျင့်စဉ်များကို ရရှိခဲ့ကြသည်။ ထိုအရာများကို ရေခဲနှလုံးသားတောင်ကြားဆီသို့ ပြန်ယူလာပြီးသည့်နောက်တွင် အကျိုးဆောင်ခွင့်များနှင့် လဲလှယ်ကြလေသည်။ ထိုနည်းဖြင့် ဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ်မှာ တဖြည်းဖြည်းနှင့် ပိုမိုနက်ရှိုင်းလာရခြင်း ဖြစ်ပေသည်။ ဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ် နက်ရှိုင်းလာဖို့ရာ နေ့ချင်းညချင်း လုပ်၍မရပေ။
ကျိယောင်သည် ရန်ကိုင်အား အထဲသို့ ခေါ်လာပြီးသည့်နောက် သိုင်းကျမ်းဆောင်၏ ဖွဲ့စည်းပုံကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ အကြမ်းဖျင်းသိသွားပြီးသည့် နောက်တွင် ရန်ကိုင်က ပြောလိုက်သည်။ "လေးလွှာမြောက်ကို တန်းသွားကြတာပေါ့"
လေးလွှာမြောက်၏ အောက်ဘက်တွင် ရှိနေသည့် သိုင်းပညာရပ်များနှင့် ကျင့်စဉ်များမှာ ရန်ကိုင်အတွက် အသုံးမဝင်ပေ။ သူတော်စင်ဘုရင်အဆင့်နှင့် အထက်အဆင့်များအတွက် ကျင့်ကြံဖို့ရာ သင့်လျော်သော အရာများသည် လေးလွှာမြောက်နှင့် အထက်တွင်သာ ရှိနေကြပေသည်။
ကျိယောင်လည်း ခေါင်းညိတ်၍ ရန်ကိုင်အား လှေကားထစ်မှတစ်ဆင့် လေးလွှာမြောက်ဆီသို့ ခေါ်သွားပေးလိုက်လေသည်။ "အချိန်ယူပြီး ကြည့်ကြည့်လိုက်"
ရန်ကိုင်လည်း ခေါင်းညိတ်၍ လှည့်ပတ်ကြည့်လေသည်။ လေးလွှာမှာ အတော်လေးကိုမှ ကျယ်ဝန်းပေသည်။ ထိုအပြင် ဤလေးလွှာတွင် လူတစ်ရပ်စာမျှ အမြင့်ရှိပြီး အလျားမီတာပေါင်းများစွာရှည်လျားသော သစ်သားစင် အခုနှစ်ဆယ်ခန့် ရှိနေခဲ့သည်။ သစ်သားစင်လေးများကိုမူ အကန့်အကန့် ထပ်ခွဲထားသေး၏။ ထိုအကန့်လေးများထဲတွင်မူ ကျောက်စိမ်းပြား တစ်ပြားချင်းစီ ရှိနေကြလေသည်။ ကျောက်စိမ်းပြားထဲ၌ ရှိနေသော ကျင့်စဉ်နှင့် သိုင်းပညာရပ်များကိုမူ ကျောက်စိမ်းပြားပေါ်၌ ထိုးထွင်းထားခဲ့လေသည်။
ကြုံရာ ကျောက်စိမ်းပြားတစ်ပြားကို ကောက်ယူလိုက်ပြီးသည့် နောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ထိုကျောက်စိမ်းပြားထဲသို့ ပို့လွှတ်၍ အထဲရှိ အကြောင်းအရာများကို စစ်ဆေးကြည့်လိုက်သည်။ ဤအရာသည် ကျင့်ကြံသူတစ်ဦး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်သော သိုင်းပညာရပ်တစ်ခုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဤသိုင်းပညာရပ်မှာ သိပ်၍ အဖိုးမတန်လှပါသော်ငြား ကျင့်ကြံသူတစ်ဦးအား ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာအောင် ကူညီပေးနိုင်ပေသည်။ ကျင့်ကြံခြင်း သွေဖယ်သွားမည့် ကိစ္စမျိုးကို စိတ်ပူစရာမလိုပေ။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း အသင့်ပြင်လာသော ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူ၍ ကျောက်စိမ်းပြားထဲတွင်ရှိနေသည့် အကြောင်းအရာများကို သူ့ကျောက်စိမ်းပြားထဲသို့ ကူးထည့်လိုက်လေသည်။ ရန်ကိုင်သည် ယခုအဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။ ထိုအတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် ဗလာကျင်းနေသော ကျောက်စိမ်းပြားပေါင်းသောင်းနှင့်ချီကာ ရှိနေလေသည်။ ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားရှိ သိုင်းပညာရပ်များကိုသာ ရယူရန် စဉ်းစားထားခြင်း မဟုတ်။ လီကျောက်ကိုလည်း မီးနဂါးနန်းတော်ဆီသို့ ပြန်ခိုင်း၍ ထိုနေရာတွင် ရှိနေသော သိုင်းပညာရပ်များနှင့် ကျင့်စဉ်များကို ယူလာရန် ပြောထားပြီးသားပင်။
ယခင်ကသာဆိုလျှင်တော့ လီကျောက်အနေဖြင့် ရန်ကိုင်နှင့် အပြန်အလှန်ဆွေးနွေးလျှင် ဆွေးနွေး မဆွေးနွေးပါက ရန်ကိုင်၏ တောင်းဆိုချက်ကို ငြင်းလျှင် ငြင်းပေလိမ့်မည်။ သို့သော်ငြား နဂါးကျွန်းမှ အဖြစ်အပျက် နောက်ပိုင်း လီကျောက်မှာ ရန်ကိုင်၏ တောင်းဆိုချက်ကို တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့လေသည်။ ယခုဆိုလျှင် လီကျောက်သည် လျူစန်းနျန်နှင့် လျူယုချင်းတို့ကိုခေါ်ကာ မီးနဂါးနန်းတော်ဆီသို့ ပြန်သွားခဲ့လေပြီ။
[အခုချိန်လောက်ဆိုရင်တော့ လီကျောက်ဆီကနေ ကျင့်စဉ်တွေ သိုင်းပညာရပ်တွေ ရနေလောက်ပြီ] ရန်ကိုင်သည် တောင်ဘက်နယ်မြေသို့ သွားကာ နေမင်းပြာကျောင်းတော်မှ သိုင်းကျင့်စဉ်များနှင့် ပညာရပ်များကို ရယူရန် စဉ်းစားထားပေသေးသည်။
အထက်ကောင်းကင်ဂိုဏ်းထဲတွင် ကြယ်တာရာအစုအဝေး၏ ထိပ်တန်းဂိုဏ်း လေးဂိုဏ်းမှ သိုင်းပညာရပ်များနှင့် ကျင့်စဉ်များ လာရောက် စုဝေးနေမည်ဆိုပါက အထက်ကောင်းကင်နန်းတော်မှ တပည့်များအဖို့ ကျင့်ကြံဖို့ရာအတွက် ရွေးချယ်စရာ ပိုမိုများပြားလာရပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါတွင်တော့ အထက်ကောင်းကင်နန်းတော်၏ တပည့်များသည် အခြားသူများထက် ပိုမို အားမကောင်းလျှင်ပင် ပိုမိုအားကောင်းလာရပေလိမ့်မည်။ တကယ်တော့ သူတို့တွင်ရွေးချယ်စရာ ကျင့်စဉ် သိုင်းပညာရပ်ပေါင်းများစွာ ရှိနေသည် မဟုတ်ပေလော။
"ငါကူညီပေးရမလား" ကျိယောင်သည် ရန်ကိုင် အနားသို့ ရောက်လာပြီး မေးလိုက်လေသည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ ကျောက်စိမ်းပြားတစ်ပြားကို ကျိယောင်ဆီသို့ ပေးလိုက်သည်။ ရေခဲနှလုံးသားတောင်ကြား၏ သိုင်းကျမ်းဆောင်ထဲ သိုင်းပညာရပ်များ ကျင့်စဉ်များ မည်မျှ ရှိနေသလဲဆိုသည်ကို ရန်ကိုင်မ သိပါသော်ငြား သူ့အား ကူညီပေးမည့် လူပိုတစ်ယောက် ရှိနေခြင်းမှာ ရန်ကိုင်အတွက် ပို၍ အဆင်ပြေရပေသည်။
***