ရန်ကိုင်သည် ကျောက်စိမ်းပြားများကို သစ်သားစင်၏ ဘယ်ဘက်မှနေကာ စတင်ကူးယူသွားခဲ့ပြီး ကျိယောင်မှာတော့ ညာဘက်မှနေကာ စတင်ကူးယူလေသည်။ တရွေ့ရွေ့နှင့် ရန်ကိုင်နှင့် ကျိယောင်တို့မှာ တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကာ လျှောက်လာနေကြလေ၏။ မော့ကြည့်လိုက်မည်ဆိုလျှင် တစ်ယောက်မျက်နှာကို တစ်ယောက် အတိုင်းသား မြင်နေရလေသည်။
မည်သည့်သိုင်းပညာရပ်များ၊ ကျင့်စဉ်များကို ကူးယူရမလဲဆိုသည်ကိုတော့ ရန်ကိုင် ဂရုစိုက်မနေခဲ့ပေ။ တွေ့လေရာ သိုင်းပညာရပ်၊ ကျင့်စဉ်အားလုံးကို ကူးယူရန်သာ စဉ်းစားထားခဲ့သည်။
ထိုအချိန်အတောအတွင်း သိုင်းကျမ်းဆောင်တစ်ခုလုံးမှာ လုံးဝကို တိတ်ဆိတ်နေခဲ့လေသည်။ လေးလွှာမြောက်တွင် ကျောက်စိမ်းပြားများ ထောင်နှင့်ချီကာ ရှိကြပါသော်ငြား ရန်ကိုင်တို့နှစ်ဦးအဖို့ လေးလွှာမြောက်၌ရှိနေသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်များကို ကူးယူရန်အလို့ငှာ နေ့တစ်ဝက်ခန့်သာ အချိန်ယူလိုက်ရပေသည်။
“နောက်တစ်လွှာသွားကြရအောင် ...” ကျိယောင်က ရှေ့မှဦးဆောင်သွားရင်းမှ ပြောလိုက်သည်။
ငါးလွှာသည် လေးလွှာမြောက်ထက် အနည်းငယ်ပိုသေးပေသည်။ သစ်သားစင်အရေအတွက်မှာလည်း ပိုနည်း၏။ စုစုပေါင်းမှ ဆယ်ခုကျော်လောက်သာ ရှိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ငါးလွှာမြောက်၌ရှိနေသော ကျောက်စိမ်းပြားအရေအတွက်မှာလည်း လေးလွှာမြောက်၏ တစ်ဝက်လောက်သာ ရှိပေ၏။
ယခင်တစ်ကြိမ် လုပ်ဖူးထားပြီး ဖြစ်သည့်အတွက်ကြောင့် နှစ်ဦးစလုံးသည် ယခင်ကထက်ပို၍ အလုပ်တွင်နေခဲ့လေသည်။ ငါးလွှာမြောက်တွင်ရှိနေသော ကျောက်စိမ်းပြားအားလုံးကို ကူးယူရန်အတွက် နှစ်နာရီလောက်သာ အချိန်ယူခဲ့ရသည်။ ထို့နောက် ခြောက်လွှာမြောက်သို့ ဆက်တက်သွားလေ၏။ ထိုနည်းဖြင့် ခုနှစ်လွှာ ...။
အစပိုင်းတွင် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။ ကျိယောင် သူ့နောက်သို့ လိုက်လာနေသည်မှာ မကောင်းဟု သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။ သို့ရာတွင် ကျိယောင်မှာတော့ ပုံမှန်အတိုင်းသာ ပြုမူနေခဲ့လေသည်။ သူ့ကိုပင်လျှင် တစ်ခါတစ်ရံမှသာ စကားလာပြောသည်။ ပြောလိုက်တိုင်းလည်း ပုံမှန်စကားဝိုင်းများသာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ တဖြည်းဖြည်းနှင့် စတင်၍ စိတ်သက်သာရာ ရလာတော့၏။
ကျိယောင် ရှေးဟောင်းတောအုပ်ကြီးထဲတွင် ဖြစ်ခဲ့သည့် အကြောင်းအရာများအား ပြန်အစဖော်လာမည်ကို ရန်ကိုင်ကြောက်နေခြင်း ဖြစ်လေသည်။ ထိုစဉ်က ကျိယောင်၏မသိစိတ်မှာ ဝိုးတဝါးတားဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်အား ပင်းယွင်နှင့် အထင်မှားခဲ့သည်။ အကျိုးဆက်အနေဖြင့် မဖြစ်သင့်သည့်ကိစ္စများ ထပ်ဖြစ်သွားခဲ့ရသည်။ ထိုစဉ်ကကိစ္စရပ်များသာ ပြန့်သွားခဲ့မည်ဆိုလျှင် ကျိယောင်၏ဂုဏ်သတင်းမှာ ထိခိုက်သွားရပေလိမ့်မည်။
ကျိယောင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်ကိုမြင်သော် ရန်ကိုင်လည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ ထိုစဉ်က ဖြစ်ခဲ့သည့် ကိစ္စများသည် မတော်တဆအဖြစ်အပျက်တစ်ခုသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် ထိုအဖြစ်အပျက်များအပေါ် စိတ်ထဲထားလွန်းနေစရာမလိုဟု ခံစားလိုက်ရလေသည်။
ရှစ်လွှာမြောက်သို့ ရောက်လာချိန်တွင်တော့ သစ်သားစင်သည် အနည်းငယ်သာ ရှိတော့သည်။ ကျောက်စိမ်းပြားအရေအတွက်မှာလည်း တစ်ရာဝန်းကျင်လောက်သာ ရှိတော့၏။ သို့ပင်ဖြစ်လင့်ကစား ဤနေရာ၌ရှိနေသော သိုင်းပညာရပ်များနှင့် ကျင့်စဉ်များသည် ရေခဲနှလုံးသားတောင်ကြား၏ ထိပ်တန်းအဆင့် သိုင်းပညာရပ်များနှင့် ကျင့်စဉ်များ ဖြစ်ကာ ဧကရာဇ်အဆင့်ကျင့်ကြံသူများ ကျင့်ကြံဖို့ရာအတွက် သင့်လျော်သော သိုင်းပညာရပ်များလည်း ဖြစ်ကြလေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ပင်းယွင် ရန်ကိုင်အပေါ် မည်မျှသဘောကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ အခြားလူတစ်ဦးသာဆိုလျှင်တော့ ရန်ကိုင်အား ၎င်းတို့တန်ဖိုးထားရသော သိုင်းပညာရပ်များ၊ ကျင့်စဉ်များကို ယခုကဲ့သို့ ယူခွင့်ပေးလိမ့်မည်မဟုတ်ပေ။
ဤနေရာတွင် ကျောက်စိမ်းပြား များများစားစား မရှိသည့်အတွက်ကြောင့် ကျိယောင်မှာ ရန်ကိုင်အား ဆက်၍ ကူညီပေးမနေတော့ဘဲ သူမဘာသာသူမ ပြတင်းပေါက်ဆီသို့သွား၍ ဝမ်းနည်းညှိုးငယ်နေသည့်အမူအရာဖြင့် ပြတင်းပေါက်ဘောင်ပေါ် လက်တင်ရင်း အဝေးတစ်နေရာဆီသို့ ငေးကြည့်နေလေ၏။
ထိုအချိန်အတောအတွင်း ရန်ကိုင်မှာတော့ ကျောက်စိမ်းပြားများကို သူ့ဘာသာသူ ကူးယူနေခဲ့လေသည်။
“နင် ကြယ်စီရင်စုကြီးကနေ မိန်းမလေးယောက် ခေါ်လာတယ်ဆို ...” ကျိယောင်က ရုတ်တရက် ကောက်ပြောလိုက်သည်။
ရန်ကိုင် ကျိယောင်အား လှမ်း၍ ကြည့်လိုက်လေသည်။ ကျိယောင်မှာတော့ သူ့ကိုမကြည့်။ ပြတင်းပေါက်အပြင်ဘက်သို့သာ ငေး၍ကြည့်နေခဲ့သည်။ ရန်ကိုင်က အနည်းငယ် ထိတ်ထိတ်လန့်လန့်အမူအရာဖြင့် ပြန်မေးလိုက်လေ၏။ “နင် အဲ့အကြောင်းကို ဘယ်ကနေကြားလာတာလဲ ...”
ကျိယောင်သည် ရန်ကိုင်အား လှောင်ပြုံးပြုံးကာ လှည့်ကြည့်လာလျက် ပြောလိုက်လေ၏။ “ငါ ဂျူနီယာညီမလေးနဲ့ တွေ့ပြီးသွားပြီ ... ကျန်တဲ့လူတွေနဲ့ ဘယ်အချိန်တွေ့ရမှာလဲ ...”
(နင်က ဘာဖြစ်လို့ သူတို့နဲ့တွေ့ချင်ရတာလဲ ...) ရန်ကိုင် စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဟစ်လိုက်လေသည်။ ကျိယောင် ဤအကြောင်းအား မည်ကဲ့သို့ သိသွားခဲ့သလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့ရသည်။ သူ ကြယ်စီရင်စုကြီးမှ ပြန်လာခဲ့သည်မှာ တစ်လခန့် ကြာသွားခဲ့လေပြီ။ ထိုနေရာမှ သူ့မိန်းမလေးယောက်အား ပြန်ခေါ်လာသည့်အကြောင်းမှာလည်း လျှို့ဝှက်ချက်မဟုတ်။ သို့သော်ငြား မည်သူကများ ဤအကြောင်းကို ကျိယောင်အား အထူးတလည် လာပြောပြနေပါမည်နည်း။
“နင် ထက်ကောင်းကင်နန်းတော်ထဲမှာ သူလျှိုတွေထည့်ထားတာလား ...” ရန်ကိုင်သည် ရုတ်တရက်ဆိုသလို ကျိယောင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။ ကျိယောင်သည်သာ ထက်ကောင်းကင်နန်းတော်ထဲသို့ သူလျှိုများကို ထည့်မထားပါက ဤအကြောင်းကို သိနိုင်စရာအကြောင်း မရှိပေ။
“နင် ငါ့မေးခွန်းကို မဖြေရသေးဘူးနော် ...” ကျိယောင်ကမူ ရန်ကိုင်၏အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည်။
ရန်ကိုင်က ခြောက်ကပ်ကပ်အမူအရာဖြင့် အော်ရယ်မောလျက် “နင် သူတို့နဲ့တွေ့ချင်ရင် ထက်ကောင်းကင်နန်းတော်ဆီ သွားလည်လိုက်လေ ဂျူနီယာညီမယောင်ရဲ့ ...”
ကျိယောင်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ငါလည်း သွားတွေ့ချင်တာပေါ့ ... ဒါပေမဲ့ လူအချို့က ငါ့ကို သိပ်မကြိုဆိုချင်ကြဘူးလေ ...”
“ဘယ်သူလဲ ...” ရန်ကိုင်က ထအော်လိုက်သည်။
ကျိယောင်ကမူ ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေ၏။
ရန်ကိုင်က သူ့ကိုယ်သူ လက်ညှိုးထိုးလျက် “နင် ငါ့ကိုပြောနေတာတော့ မဟုတ်ပါဘူးနော် ... ဂျူနီယာညီမယောင် ... နင် အထင်လွဲနေတာလား ... နင် ထက်ကောင်းကင်နန်းတော်ဆီ ကြိုက်တဲ့အချိန်လာလို့ရတယ် ... လူတိုင်းက နင့်ကို ဝမ်းပန်းတသာနဲ့ ကြိုဆိုမှာ ...”
“နင်ကိုယ်တိုင်ပြောတာနော် ...” ကျိယောင်က ပြုံးလျက် “အဲဒါဆို နောက်ပိုင်း ငါ ထက်ကောင်းကင်နန်းတော်ဆီ မကြာခဏလာမှာ ...”
ယခင်က ကျိယောင်မှာ ထက်ကောင်းကင်နန်းတော်ဆီသို့ မကြာခဏ လာခဲ့ဖူးပေသည်။ သို့သော်ငြား ဆယ်ကြိမ်လာလျှင် ကိုးကြိမ်မှာ ရန်ကိုင်ကိုမတွေ့ရပေ။ ရန်ကိုင်သည် အမျိုးမျိုးသောအလုပ်ကိစ္စများဖြင့် အပြင်ရောက်နေသည်ဟူသော အကြောင်းကိုသာ ကြားခဲ့ရသည်။ ထိုအရာမှာ အမှန်ဖြစ်မည်ဆိုလျှင်ပင် ရန်ကိုင်မှာ သူမအား တမင်တကာ ရှောင်ဖယ်နေသည်ဟု ကျိယောင် ခံစားနေရလေသည်။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ဝမ်းနည်းမိရသည်။ သို့သော်ငြား ယခု ရန်ကိုင်ကိုယ်တိုင်မှ ပြောလာပြီဖြစ်သည့်အတွက်ကြောင့် ကျိယောင် ယခင်ကကဲ့သို့ စိတ်မသက်မသာ ဖြစ်နေခြင်း မရှိတော့ပေ။
“ဒါနဲ့ ဟို ကျုမိန်းကလေးလည်း နင့်လက်ထဲရောက်သွားတယ်ဆို ...”
ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ဘယ်သူက ဒီလောက်တောင် အာလျှောက်ဖွာထားတာလဲ ...”
ရန်ကိုင်၏စိတ်ထဲ ဖြစ်နိုင်သည့်လူများကို စဉ်းစားကြည့်လိုက်လေသည်။ (မွန်းစတားဘုရင်သုံးပါးကတော့ မဖြစ်နိုင်ဘူး ... သူတို့က ငါ့နောက်ကွယ်မှာ အတင်းပြောမယ့်လူတွေမဟုတ်ဘူး ... ဟွာချင်းစီလား ... ဒါမှမဟုတ် နန်မန်တကျွင်းလား ... မဟုတ်သေးဘူး ... သူတို့လည်း မဖြစ်နိုင်သေးဘူး ... ဟို့ယု ... ဟုတ်တယ် ... ဟို့ယုပဲဖြစ်ရမယ် ...) ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။ (တော်တော်အာဖွာတဲ့ကောင်မ ... ငါပြန်ရောက်တော့မှ နှစ်တစ်ရာလောက် အကျယ်ချုပ်ချပြီးတော့ တောက်လျှောက်ကို မှော်ရတနာတွေချည်း သွန်းလုပ်ခိုင်းရမယ် ...)
“စီနီယာအစ်ကိုက တကယ်ကို အစွမ်းထက်တာပဲ ... ချစ်သူတွေအများကြီးနဲ့ ဘဝကိုပျော်ပါးနေလိုက်တာ ... မနာလိုစရာတောင်ကောင်းတယ် ...”
ရန်ကိုင်က ကသိကအောက်အမူအရာဖြင့် ချောင်းဟန့်လျက် “ဂျူနီယာညီမယောင် ... နင် ဘာမှလုပ်စရာမရှိရင် ငါ့ကို ဒါလေးတွေ ကူပြီးတော့ ကူးပေးပါလား ... ဒီမှာ သိပ်ကျန်တော့တာလည်း မဟုတ်ဘူး ...”
ထိုကဲ့သို့သောအကြောင်းအရာမျိုးကို ကျိယောင်ကဲ့သို့သော အမျိုးသမီးတစ်ဦးနှင့် ပြောနေရသည်မှာ အလွန်ကိုမှ ထူးဆန်းလှပေသည်။ ကျိယောင်နေရာတွင်သာ အခြားယောက်ျားသားတစ်ဦးဦးဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် အာပေါင်အာရင်းသန်သန်ဖြင့် ပြန်ပြောကောင်း ပြောမိပေလိမ့်ဦးမည်။
ကျိယောင်သည် ရန်ကိုင်အား ချိုးချိုးဖဲ့ဖဲ့အမူအရာဖြင့် ကြည့်လျက် “စီနီယာအစ်ကို ... နင်ရှက်နေတာလား ... ဘာတွေရှက်စရာရှိလို့လဲ ... ယောက်ျားတွေအကုန်လုံး ဒီအတိုင်းပဲမဟုတ်ဘူးလား ... ယောကျ်ားတွေဆိုတာ ဒီလောကကြီးမှာရှိနေတဲ့ မိန်းမချောလေးတွေအကုန်လုံးကို သိမ်းပိုက်ချင်နေကြတာလေ ...”
“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ ...” ရန်ကိုင်က ခေါင်းခါလျက် “မိန်းမချောလေးတွေက ယောက်ျားတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကိုတော့ ငါမငြင်းဘူး ... ဘယ်ယောက်ျားမဆို အဲ့လိုမိန်းမချောလေးတွေအကြောင်းကို တစ်ခါတစ်ရံ စိတ်ကူးယဉ်တတ်ကြတာပဲ ... ဒါပေမဲ့ ဒီလောကကြီးမှာရှိနေတဲ့ မိန်းမတွေအကုန်လုံးကို သိမ်းပိုက်ဖို့ဆိုတာတော့ လက်တွေ့သိပ်မဆန်ဘူး ...”
“တကယ်လား ...” ကျိယောင်က မျက်နှာသေအမူအရာဖြင့် “ဒါဆို စီနီယာအစ်ကိုက ဘေးမှာရှိနေတဲ့ မိန်းမငါးယောက်နဲ့တင် ကျေနပ်နေပြီပေါ့ ...”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး မကျေနပ်ပဲနေမှာလဲ..”
ကျိယောင်သည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး အလေးအနက်အမူအရာဖြင့် “စီနီယာအစ်ကို ... အဲ့မိန်းမငါးယောက်အပြင် အခြား ဘယ်မိန်းမကိုမှ လုံးဝ မထိတော့ပါဘူးလို့ အာမခံနိုင်လား ...”
ရန်ကိုင်သည် နဖူးပေါ်လက်တင်ရင်းမှ “ဂျူနီယာညီမယောင် ... ငါတို့ ဒီအကြောင်း မပြောသင့်တော့ဘူးနော် ...”
“စီနီယာအစ်ကိုရန်က ကျွန်မမေးခွန်းကို တမင်သက်သက်ရှောင်နေတာပဲ ... ဘာလဲ ... စီနီယာအစ်ကိုရန် ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိလို့လား ... ဟမ် ...” ကျိယောင်သည် ရန်ကိုင်ရှေ့တွင် ရပ်လိုက်လေသည်။ သူမ၏ သင်းပျံ့မွှေးကြိုင်လှသည့် ကိုယ်သင်းရနံ့လေးမှာတော့ ရန်ကိုင်၏နှာခေါင်းဝကို ပွတ်သပ်ကျီစယ်နေလေ၏။
ရန်ကိုင်မှာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ သစ်သားစင်နှင့် ကျောကပ်သွားခဲ့လေသည်။ ထို့နောက် သတိပေးလိုက်လေ၏။ “ဂျူနီယာညီမယောင် ... နင် စည်းကျော်နေပြီနော် ...”
ကျိယောင်ကမူ ရန်ကိုင်၏သတိပေးချက်ကို ဂရုစိုက်မနေခဲ့ဘဲ ဆက်၍သာ ပြောလိုက်သည်။ “အရင်တုန်းကသာဆိုရင်တော့ လျစ်လျူရှုထားရင် ထားလိုက်ဦးမှာ ... ဒါပေမဲ့ ဆရာက ဂျူနီယာညီမလေးကို တပည့်အဖြစ် လက်ခံဖို့ ကတိပေးပြီးသွားပြီ ... ငါကိုယ်တိုင်ကလည်း ဂျူနီယာညီမလေးနဲ့ ညီအစ်မတွေဖြစ်လာပြီဆိုတော့ စီနီယာအစ်မတစ်ယောက်ဖြစ်တဲ့အနေနဲ့ ဂျူနီယာညီမကိုယ်စား စိတ်ပူပေးရမှာပေါ့ ...”
“နင် မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့ ...” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
ကျိယောင်က အေးစက်စက်အမူအရာဖြင့် ရယ်မောလျက် “ဘာလဲ ... စီနီယာအစ်ကိုရန်က ကြောင်သူတော်လုပ်ချင်နေတာလား ...”
“ဘာကြောင်သူတော်လုပ်ရမှာလဲ ...”
“အခု လုပ်မနေလို့လား ...”
“နင် ယောက်ျားတွေအကြောင်းကို သိသလိုလိုနဲ့ လာပြောမနေနဲ့ ...” ရန်ကိုင်သည် ကျိယောင်အား အထက်အောက် အစုံအဆန် ငုံ့ကြည့်လိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ငါ့အထင်မမှားရင် နင် အခုထိ အပျိုပဲရှိသေးတယ်မလား ဂျူနီယာညီမ ...”
ကျိယောင်၏မျက်နှာလေး ရဲတက်သွားခဲ့သည်။ “သေနာကောင် ...”
ရန်ကိုင်က သူ့လက်နှစ်ဖက်ကိုဖြန့်၍ “နင်က ဒီအကြောင်းကိုလာပြောနေလို့ ငါကလည်း ပြန်ပြောပြတာလေ ... နင် တစ်ချိန်လုံး အားနေ ကျင့်ကြံဖို့ချည်းပဲ လုပ်နေတာ ... ဘယ်ယောက်ျားတစ်ယောက်နဲ့မှ ကောင်းကောင်းကန်းကန်းတွေ့ဖူးတာမဟုတ်ဘူး ... အဲဒါကို ယောက်ျားတွေရဲ့အတွေးကို နင်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ...”
“ငါ ယောက်ျားတွေနဲ့ မတွေ့ဖူးဘူးလို့ ဘယ်သူပြောလဲ ...” ကျိယောင်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။
ကျိယောင်မှာ ထိုအကြောင်းကို ပြောလိုက်သည့်အခိုက် ရန်ကိုင်မှာ အကြောင်းအရင်းအချို့ကြောင့် စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ကျိယောင်နှင့် အကြည့်ချင်းမဆုံရဲခဲ့ အခြားတစ်ဖက်သို့ အကြည့်လွှဲဖယ်၍ ပခုံးတွန့်ပြလိုက်လေ၏။ “အဲဒါကြောင့်မလို့ ဒီအကြောင်းကို မပြောကြရအောင်လို့ ငါပြောတာ ... ဆက်ပြောနေလို့လည်း အဓိပ္ပာယ်ရှိတာမှမဟုတ်တာ ...”
“မရဘူး ...” ကျိယောင်သည် ရန်ကိုင်အား အင်္ကျီလည်တိုင်မှ ဆွဲကိုင်၍ “အစကတော့ စီနီယာအစ်ကိုရန်ကို ထင်ထားတာက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်လို့ပေါ့ ... ဒါပေမဲ့ ရုပ်ကလေးက မဆိုးသလောက် စီနီယာအစ်ကိုရဲ့အတွင်းစိတ်က ဒီလောက်ထိတောင် ပုပ်သိုးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ... အခုကိစ္စကို ဒီမှာတင်ရှင်းမှရမယ် ... မဟုတ်ရင် နောက်ပိုင်းကျ ဂျူနီယာညီမလေး ကျိန်းသေ ခံစားရလိမ့်မယ် ...”
ရန်ကိုင်က ချက်ချင်းပဲ ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာအတွင်းစိတ်က ပုပ်သိုးနေတာလဲ ...” (ဒါကတော့ လွန်သွားပြီ ... ငါ့ကို အတွင်းစိတ်ပုပ်သိုးနေတဲ့ကောင်တဲ့ ... ဒါ တမင်သက်သက် ငါ့ကို လာအပြစ်ပုံချနေတာ ...)
ကျိယောင်သည် ချက်ချင်းဆိုသလို ရန်ကိုင်၏ အင်္ကျီလည်တိုင်ကို ခပ်တင်းတင်းဆွဲကိုင်၍ ရန်ကိုင်နားသို့တိုးကပ်ကာ ပြောလိုက်လေ၏။ “ငါ နင့်ကိုပြောနေတာလေ ...”
“ကျိယောင် ...” ရန်ကိုင်က ထအော်လိုက်သည်။ “တော်လောက်ပြီနော် ...”
“တော်လောက်ပြီ ဟုတ်လား ... တော်ရမယ် ... ဘာဖြစ်လို့လဲ ... ငါပြောတာ ယုတ္တိမတန်လို့လား ... ဟမ် ... အဲဒါဆိုရင် နင် ငါ့ကို ဘာလုပ်မှာလဲ ...” ကျိယောင်မှာ ရန်ကိုင်အနားသို့ ထပ်ကပ်လာခဲ့လေသည်။ ကျိယောင်ကိုကြည့်ရသည်မှာ နောက်ဆုတ်မည့်အရိပ်အယောင် လုံးဝမပြ။ ကျိယောင်သည် ရန်ကိုင်ထက် ခေါင်းတစ်လုံး ပိုပုနေသည့်တိုင် လက်ရှိအချိန်တွင်တော့ ရန်ကိုင်အား အထက်စီးမှ ကြည့်နေသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
ရန်ကိုင်သည်လည်း ကျိယောင်အား စူးရဲစွာ ပြန်စိုက်ကြည့်လိုက်သည်။ လေပူတို့သည် သူ့နှာခေါင်းပေါက်ဝမှ အဆက်မပြတ်ကို ထွက်နေခဲ့လေ၏။ လက်ရှိအချိန်တွင် သူ့ရှေ့တည့်တည့်၌ မိန်းမချောလေးတစ်ဦး ရှိနေခဲ့လေသည်။ ထို့အပြင် ထိုမိန်းမချောလေး၏ ရင်ဘတ်သည် သူ့ရင်ဘတ်နှင့် ဖိကပ်နေခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ တစ်ခါတစ်ရံ စကားပြောနေရင်း အခြားအကြောင်းအရာတစ်ခုဆီသို့ အတွေးများ ရောက်ရောက်သွားရသည်။ အစောပိုင်းက ကျိယောင်နှင့် ငြင်းခုန်နေရာတွင်သာ အာရုံရောက်နေသည့်အတွက်ကြောင့် သူတို့နှစ်ဦး မည်မျှထိနီးကပ်နေသလဲဆိုသည်ကို သတိမထားမိခဲ့ပေ။ ယခုအခါမှသာလျှင် လက်ရှိအခြေအနေကို ရန်ကိုင် နားလည်သွားခဲ့လေ၏။ ရန်ကိုင်မှာ ချက်ချင်းပဲ လေသံကိုပျော့၍ ပြန်ပြောလိုက်လေသည်။ “စိတ်ကိုငြိမ်ငြိမ်ထား ... ဒီအကြောင်းကို အပြင်ရောက်မှ ပြောကြရအောင် ... အခုတော့ ငါ့ကို အရင်လွှတ်ပေးလိုက်ဦး ...”
ရန်ကိုင်မှာ ကျိယောင်၏လက်ကို သူ့အင်္ကျီလည်တိုင်နေရာဆီမှ ဖယ်ထုတ်ရန် ကြိုးစားလိုက်ပါသော်ငြား ကျိယောင်ကမူ သူ့အင်္ကျီလည်တိုင်အား လုံးဝလွှတ်မပေးဘဲ တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားခဲ့သည်။ လက်ချင်းထိသွားသည့်အခိုက်တွင်တော့ ကျိယောင်၏လက်ကလေးများမှာ တဆတ်ဆတ် တုန်ရီလာခဲ့ပြီး သူမ၏မျက်နှာလေးမှာလည်း နီမြန်းလာခဲ့လေသည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် နှစ်ဦးစလုံးမှာ တစ်ဦးအပေါ်တစ်ဦး ရန်လိုခြင်း မရှိကြတော့။
ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထား၍ ပြောလိုက်လေသည်။ “ကဲ ... ငါ မှားတယ် ဟုတ်ပြီလား ... နင် ငါ့ကို အခုလွှတ်ပေးလို့ရမလား ...”
“မရဘူး ...” ကျိယောင်မှာ ရန်ကိုင်နှင့် အကြည့်ချင်းမဆုံရဲတော့ပါသော်ငြား ခေါင်းကတော့ မာနေဆဲ။
ရန်ကိုင်က အမြန်ထပ်ပြောလိုက်သည်။ “မဟုတ်ရင် ပြဿနာတွေတက်ကုန်လိမ့်မယ်နော် ...”
ကျိယောင်ကမူ ဘာမျှပြန်မပြောခဲ့ပေ။ ငြိမ်ငြိမ်လေးသာ တိတ်နေခဲ့သည်။
“နောက်ဆုံးအကြိမ်အဖြစ် ငါသတိပေးတာနော် ... မဟုတ်ရင် ပြဿနာတက်လိမ့်မယ် ...” ရန်ကိုင်၏အမူအရာမှာ တဖြည်းဖြည်းနှင့် ခက်ထန်လာခဲ့သည်။
ကျိယောင်ကမူ မလှုပ်မယှက်ဖြင့် ရှိနေဆဲ။
(ငါ သည်းမခံနိုင်တော့ဘူး ...) စိတ်ထဲမှ ထိုကဲ့သို့ တွေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ခေါင်းကိုငုံ့၍ ကျိယောင်၏နှုတ်ခမ်းကို ကောက်နမ်းလိုက်လေသည်။
ကျိယောင်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး ရန်ကိုင်၏အင်္ကျီလည်တိုင်ကို ကိုင်ထားသည့် ကျိယောင်၏ လက်ကလေးနှစ်ဖက်မှာလည်း ရုတ်ချည်းဆိုသလို တင်းကြပ်သွားခဲ့လေသည်။ အလွန်ကိုမှ စိတ်ဂနာမငြိမ် ဖြစ်နေသည့်အတွက်ကြောင့် ကျိယောင်မှာ သူမ၏မျက်လုံးနှစ်ဖက်လုံးကို ချက်ချင်း ကောက်ပိတ်လိုက်သည်။ သို့တိုင် တဆတ်ဆတ်တုန်ရီနေသော မျက်ခမ်းလေးများမှာတော့ သူမစိတ်ထဲ မည်မျှ တုန်လှုပ်နေကြောင်းကို အထင်းသား ဖော်ပြနေခဲ့လေသည်။
နွေးထွေးသည့် အထိအတွေ့သည် သူမ၏နှုတ်ခမ်းဖျားဆီမှ ခန္ဓာကိုယ်တစ်လျှောက် ပြန့်နှံ့လာခဲ့သည်။ တစ်ချိန်တည်းတွင် ကျိယောင်၏ တဆတ်ဆတ်တုန်ရီနေသည့် ခန္ဓာကိုယ်မှာ ညှို့ယူခြင်း ခံလိုက်ရသည့်ပမာ ရုတ်ချည်းဆိုသလို တောင့်တင်းသွားခဲ့လေသည်။
ရန်ကိုင်၏လှုပ်ရှားမှုများမှာလည်း အလွန်ကိုမှ သိမ်မွေ့နေခဲ့လေသည်။ ကျိယောင် ကြောက်လန့်သွားမည်ကို စိုးရိမ်နေသည့်အလား ကျိယောင်အား ထိလိုက်သည့်အချိန်တိုင်း သူ့လက်ဖြင့် ကျိယောင်ကို အတင်း ပြန်ပြန်ဆွဲခေါ်ထားခဲ့သည်။ ရန်ကိုင်၏အထိအတွေ့များမှာ ပုံမှန်နှင့်မတူ ထူးထူးခြားခြားကို သိမ်မွေ့နူးညံ့နေခဲ့လေသည်။ ကျိယောင်၏ တောင့်တောင့်ကြီးဖြစ်နေသည့် ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပြေလျော့လာခဲ့ရသည်။ အချိန်တစ်ခုသို့ရောက်သော် ရန်ကိုင်၏ အင်္ကျီလည်တိုင်ကို ဆုပ်ကိုင်ထားခဲ့သော ကျိယောင်၏လက်ကလေးနှစ်ဖက်မှာ တဖြည်းဖြည်းနှင့် ပြေလျော့သွားတော့လေ၏။ လက်ရှိအချိန်တွင် ကျိယောင်သည် ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့ပြီး သူမ၏လက်နှစ်ဖက်ဖြင့် ရန်ကိုင်၏ ကျောပြင်တစ်ခုလုံးကို ရစ်သိုင်းဖက်ထားခဲ့သည်။ ရန်ကိုင်ကမူ သူ့လက်ဖြင့် ကျိယောင်၏ခါးကို ဆွဲကိုင်ကာ သူ့ခန္ဓာကိုယ်ဆီသို့ ကျိယောင်၏ခန္ဓာကိုယ်ကို အတင်းဆွဲကပ်လိုက်လေသည်။
***