သိုင်းကျမ်းဆောင်၏အောက်ဘက်တွင် အစောပိုင်းက ရန်ကိုင်နှင့် ကျိယောင်တို့အား လာကြိုခဲ့သည့် အမျိုးသမီးမှာ စိုးရိမ်တကြီးအမူအရာဖြင့် ရပ်နေလေ၏။ အစောပိုင်းက အပေါ်ဘက်ဆီမှ ရန်ဖြစ်သံများကို သူမ ကြားလိုက်ရသည်။
လက်ရှိအချိန်တွင် သိုင်းကျမ်းဆောင်တွင် မည်သူမျှ ရှိမနေကြတော့။ ဤနေရာတွင် ရပ်နေသည့် သူမမှလွဲ၍ ရန်ကိုင်နှင့် ကျိယောင်တို့သာ ရှိကြတော့သည်။ ထို့အတွက်ကြောင့် ထိုရန်ဖြစ်သံများမှာ ရန်ကိုင်တို့နှစ်ဦးဆီမှ လာနေရခြင်းသာ ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား ဘာတွေဖြစ်နေ၍များ ထိုနှစ်ဦးသည် ဤမျှ အသံကျယ်ကျယ်ဖြင့် ရန်ဖြစ်နေရသလဲဆိုသည်ကိုတော့ ထိုအမျိုးသမီးမှာ အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေလေ၏။
(ဘာမှတော့ မဖြစ်လောက်ပါဘူး ... ဟုတ်တယ်မလား ... ရေခဲနှလုံးသားတောင်ကြားက နန်းတော်သခင်ရန်ကို အကြွေးတင်နေတာ ... ပြီးတော့ ဒေါ်လေးကျိနဲ့ နန်းတော်သခင်ရန်တို့က နည်းနည်း နီးကပ်တယ်ဆိုလားပဲ ... ပျောက်နေတဲ့ဒေါ်လေးကျိကို ပြန်ခေါ်လာတာလည်း နန်းတော်သခင်ရန်ပဲဆိုတော့ ဘာဖြစ်လို့ သူတို့က အခုလိုမျိုး ရန်ဖြစ်နေကြရတာလဲ ...) အမျိုးသမီးမှာ သိုင်းကျမ်းဆောင်ထဲရှိ အခြေအနေကို သွားစစ်ဆေးကြည့်ချင်ပါသော်ငြား သူမ မမြင်သင့်သည်ကို မြင်လိုက်မိသွားမည်ကို ကြောက်ရွံ့နေခဲ့လေသည်။
ကံကောင်းစွာဖြင့် ရန်ဖြစ်သံများမှာ တစ်ခဏလေးသာပေါ်လာပြီး ပြန်တိတ်သွားခဲ့သည်။ ထို့နောက် အပေါ်ဘက်ဆီမှ မည်သည့်အသံဗလံများကိုမှ မကြားရတော့သဖြင့် အမျိုးသမီးမှာ အတော်လေးကိုမှ စိတ်သက်သာရာ ရသွားခဲ့လေသည်။ သေသေချာချာ နားထောင်ကြည့်လိုက်သည့်တိုင် ဘာကိုမျှမကြားရ။ ထို့အတွက်ကြောင့် ခေါင်းတခါခါဖြင့်သာ သက်ပြင်းချလိုက်တော့သည်။ သိုင်းကျမ်းဆောင်ပေါက်ဝကို ဆက်၍ စောင့်ကြပ်နေရင်းမှ ဘာမှမဖြစ်ပါစေနှင့်ဟု သူမစိတ်ထဲ ကြိတ်ကာ ဆုတောင်းနေခဲ့လေသည်။
သူမ မသိသည်မှာတော့ သိုင်းကျမ်းဆောင်၏ ရှစ်လွှာမြောက်တွင် ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်နေသည်ဟူသော အချက်ပင်။
ကျိယောင်မှာ လုံးဝကို အတွေ့အကြုံမရှိပေ။ ယခုကဲ့သို့သောကိစ္စများနှင့် ပတ်သက်လာသော် ဝါရင့်သမ္ဘာရင့်ဖြစ်သော ရန်ကိုင်ကို မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ ရန်ကိုင်မှာ ကျိယောင်၏ခါးကို ကိုင်ရင်း သူမ၏ နီစွေးစွေးနှုတ်ခမ်းလေးကို နမ်းလိုက်လေသည်။ တစ်ချိန်တည်း၌ သူမ၏ပါးပြင်လေးများမှာလည်း မီးကင်ခံထားရသည့်အလား နီရဲတွတ်နေခဲ့လေ၏။
ထို့နောက်တွင် သူမ၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့ပြီး ဘယ်ကမှန်းမသိ ရလာသည့် ခွန်အားများနှင့် ရန်ကိုင်အား အတင်း တွန်းထုတ်လိုက်လေသည်။ ထို့နောက် နံရံကို ကျောပြင်ကပ်လျက် ရေထဲမှ ထွက်လာသည့် ငါးတစ်ကောင်ပမာ အသက်ကို အမောတကော ရှူရှိုက်တော့သည်။
ရန်ကိုင်မှာတော့ ကျိယောင်ကိုကြည့်၍ ပြုံးဖြီးကာ ပြောလိုက်လေသည်။ “ငါပြောသားပဲ ... နင် ပြဿနာတက်ပါလိမ့်မယ်လို့ ...”
ကျိယောင်မှာတော့ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိလျက် အမောတကောဖြင့် အသက်ရှူနေရင်းမှ ပြန်၍လှောင်ပြောင် ပြောဆိုလိုက်လေသည်။ “နင် အခု ဘာပြောချင်သေးလဲ ...”
“ဘာပြောရမှာလဲ ...” ရန်ကိုင် ကြောင်သွားလေသည်။
“နင်က တကယ်ကို ကြောင်သူတော်ပဲ ... အခုကြည့်လေ ... အမျိုးသမီးတစ်ယောက် နင့်ရင်ခွင်ထဲကို သူ့ဘာသာသူ ပစ်ဝင်လာလို့ရှိရင် နင် ခုခံနိုင်သေးလို့လား ... နင့်ကိုယ်နင် ထိန်းချုပ်နိုင်သေးလို့လား ...”
“ဒီတော့ ငါ့အပြစ်ပေါ့ ...” ရန်ကိုင် ဆွံ့အသွားတော့လေသည်။ (ဒါ နင့်အပြစ်မဟုတ်ဘူးလား ... နင်သာ လာမလုပ်ရင် ငါလည်း ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး ... ငါက ယောက်ျားတစ်ယောက်ပဲဟာကို ...)
ကျိယောင်က အေးစက်စက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ “အမှန်တရားက နင့်ရှေ့တည့်တည့်မှာရှိနေတာကို နင်က ငြင်းချင်သေးတယ်ပေါ့ ...”
ရန်ကိုင်က ခေါင်းကိုအောက်ငုံ့ချလိုက်၏။ ထို့အတွက်ကြောင့် သူ့ဆံပင်ရှည်များကို မျက်နှာတစ်ပြင်လုံးကို ဖုံးသွားခဲ့လေရာ ကျိယောင်အဖို့ ရန်ကိုင်မျက်နှာအား မြင်ရဖို့ရာ ခက်သွားတော့သည်။ ထို့နောက် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ရေရွတ်လိုက်လေသည်။ “ဒီတော့ ဂျူနီယာညီမယောင် ... နင်က နင့်ခန္ဓာကိုယ်ကို ငါးစာအဖြစ် အသုံးချပြီးတော့ နင်ပြောတာ မှန်ကန်တယ်ဆိုတဲ့အကြောင်းကို သက်သေပြချင်နေတာပေါ့ ...”
ကျိယောင်က ပြန်ပြောလိုက်သည်။ “ဟုတ်တယ် ...”
ထိုအခါ ရန်ကိုင်က ခေါင်းမော့၍ ပြုံးဖြီးလျက် “ဂျူနီယာညီမယောင် ... နင်က တကယ်ရဲတာပဲနော် ... ငါ နင့်ကို အကောင်လိုက်စားပစ်မှာကို နင်တကယ် မကြောက်ဘူးလား ...” ပြောနေရင်းမှ ရန်ကိုင်သည် ကျိယောင်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တက်လာခဲ့လေသည်။
ကျိယောင်မှာ အစောပိုင်းက အဖြစ်အပျက်ကြောင့် ရန်ကိုင် သူမနားသို့ ရောက်လာသည့်အခါ သူမ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ သူမ၏နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ရီလာခဲ့ပြီး ပြန်၍အော်ပြောလိုက်လေ၏။ “နင် ဘာလုပ်ချင်နေတာလဲ ...”
ရန်ကိုင်သည် လက်တစ်ဖက်ဖြင့် ကျိယောင်ကျောဘက်ရှိနံရံကို ကောက်ရိုက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကျိယောင်၏မေးစေ့လေးကို အသာအယာမော့လိုက်သည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ဘာလုပ်မယ်လို့ထင်လဲ ...”
ထို့နောက်တွင် ကျိယောင်ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ ခေါင်းကိုငုံ့၍ ကျိယန်၏နှုတ်ခမ်းကို ကောက်နမ်းချလိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်မှာ ယခင်ကကဲ့သို့ သိမ်မွေ့နေခြင်း မရှိတော့ချေ။
ဒုတိယအကြိမ် ဖြစ်သည့်အတွက်ကြောင့် ကျိယောင်မှာ ပထမတစ်ကြိမ်နှင့်စာလိုက်သော် သူမ၏စိတ်ခံစားချက်များကို ကောင်းကောင်းထိန်းချုပ်၍ မရတော့သလို သူမ၏ သွေးစီးဆင်းနှုန်းမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ခန္ဓာကိုယ်မှာ ပူတက်လာခဲ့ပြီး သူမစိတ်ထဲ တစ်ခါမှမခံစားခဲ့ရဖူးသော ခံစားချက်တစ်မျိုးကိုလည်း ခံစားလာရလေသည်။
ရန်ကိုင်မှာ ကျိယောင်၏ တုံံ့ပြန်ပုံကို ဂရုတစိုက် လေ့လာနေခြင်း ဖြစ်လေသည်။ ထိုအခြေအနေကိုမြင်လိုက်သော် ပြုံးလိုက်လေသည်။ သို့တိုင် အတင်းဆက်၍ တွန်းအားပေးနေခြင်းတော့ မလုပ်ခဲ့ပေ။
အတန်ကြာသည့်အခါမှသာ ရန်ကိုင်နှင့်ကျိယောင်တို့ လူချင်းပြန်ခွဲသွားကြသည်။ ကျိယောင်၏ ပါးပြင်လေးများမှာ ယခင်ကထက်ကို ပို၍ နီရဲလာတော့လေသည်။ ထို့နောက် ရန်ကိုင်၏ရင်ခွင်ထဲမှ အတင်းရုန်းထွက်ပြီး လှေကားနားဆီသို့ ပြေးထွက်သွားလေ၏။ လှေကားနားသို့ ရောက်သည့်အခါတွင်တော့ ရန်ကိုင်ဘက်သို့ပြန်လှည့်၍ စူးရဲစွာစိုက်ကြည့်လျက် “နင် ဒီကိစ္စကို ဂျူနီယာညီမလေးကို လုံးဝ သွားမပြောနဲ့နော် ...”
ထိုသို့ပြောပြီးသည့်နောက် အောက်ဘက်သို့ အမောတကော ပြေးဆင်းသွားတော့လေသည်။
(ဒါနဲ့များ လာပြီးတော့ ဆရာကြီးယောင်ဆောင်ချင်နေသေးတယ် ...) ရန်ကိုင် ကျိယောင်ပြေးထွက်သွားသည့်ဘက်ဆီသို့ ကြည့်ရင်း လှောင်ပြုံးပြုံးကာ ရယ်မောလိုက်လေသည်။
(ကျင့်စဉ်တွေ သိုင်းပညာရပ်တွေ ယူဖို့လာတာကို ဘယ်လိုလုပ်ပြီး ကျိယောင်နဲ့ ဒီလိုတွေဖြစ်ကုန်ရတာလဲ ...) ဖြစ်ပျက်သွားသည့်ကိစ္စရပ်အားလုံးမှာ အိပ်မက်တစ်ခုပမာ။ ကံမကောင်းစွာဖြင့် လုပ်ပြီးသည့်ကိစ္စများကို ပြန်ပြင်၍ မရတော့သည့်အတွက်ကြောင့် ထိုအကြောင်းကို ထိုင်စဉ်းစားနေ၍လည်း အပိုပင်။
(နောက်တစ်ခါ ကျိယောင်နဲ့ ပြန်တွေ့လို့ရှိရင် ဘယ်လိုတွေပြောမလဲတော့ မသိဘူး ...)
ရန်ကိုင်အား စိတ်ကသိကအောက် အဖြစ်စေဆုံးမှာ ကျိယောင်သည် လက်ရှိကိစ္စအား စုယန်အား မပြောခိုင်းခြင်းပင်။ မူလက ရန်ကိုင်ထင်နေသည်မှာတော့ ကျိယောင်သည် ယခုကိစ္စကိုအသုံးချ၍ စုယန်အား ရန်ကိုင်အပေါ် အပြစ်တင်လာအောင် လုပ်ရန် ဖြစ်သည်ဟူ၍ပင်။ သို့သော်ငြား သူထင်ထားသလို ဖြစ်မလာခဲ့ပေ။ ကျိယောင်ကိုကြည့်ရသလောက် ကျိယောင်မှာ ယခုကိစ္စ ပေါက်ကြားသွားမည်ကို ရန်ကိုင်ထက်ပို၍ ကြောက်လန့်နေသလိုပင်။
ရန်ကိုင်မှာ မေးစေ့ကိုပွတ်ရင်းမှ အတန်ကြာအောင် ထိုင်စဉ်းစားနေသည့်တိုင် စဉ်းစားမရတော့သည့်နောက် ခေါင်းတခါခါဖြင့် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ရန်သာ ဆုံးဖြတ်လိုက်လေသည်။
သိုင်းကျမ်းဆောင်၏ ပထမအလွှာတွင် ရပ်စောင့်နေသော အမျိုးသမီးမှာ အပေါ်ဘက်ရှိ အသံဗလံများကို ကြားပြီးသည့်နောက် အလျင်စလို ပြေးတက်လာခဲ့ရာ ချက်ချင်းဆိုသလို ကျိယောင်နှင့်သွားတိုးပြီး အလျင်စလို ဦးညွှတ် နှုတ်ဆက်လိုက်လေ၏။
“ဒေါ်လေးကျိ ...”
ကျိယောင်မှာတော့ ထိုအမျိုးသမီးကို တစ်ချက်မှပင်မကြည့်ခဲ့။ ထိုအမျိုးသမီးပြောလိုက်သည့်စကားကိုလည်း မကြားလိုက်သည့်ပမာ။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ လတ်တလော သူမစိတ်ထဲ အစောပိုင်းက ကိစ္စများနှင့်သာ ပြည့်နေသည်မဟုတ်ပေလော။ ကျိယောင်မှာ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်ခဲ့ရခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူမမျက်နှာမှာ တည်ငြိမ်နေသည့်တိုင် သူမစိတ်မှာတော့ တည်ငြိမ်နေခြင်းမရှိ။
အမျိုးသမီးက ပြောလိုက်လေသည်။ “အစောပိုင်းက အပေါ်မှာ အသံဗလံတွေကြားလိုက်လို့ .... ဒေါ်လေးကျိနဲ့ နန်းတော်သခင်ရန်တို့ စကားများနေတာတော့ မဟုတ်ပါဘူးနော် ...”
ကျိယောင်သည် ထိုအမျိုးသမီးကိုကြည့်၍ မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်သည်။ “နင်ကြားလိုက်တာလား ...”
အမျိုးသမီးက အနည်းငယ် ထိတ်ထိတ်လန့်လန့်ဖြင့် “ကျွန်မ တမင်တကာ ခိုးနားထောင်နေတာ မဟုတ်ပါဘူး ... ဒီတိုင်း နည်းနည်းလေးကျယ်လာလို့ ကြားမိသွားတာပါ ...”
ကျိယောင်၏မျက်လုံးများ တဖျတ်ဖျတ် လက်သွားခဲ့လေသည်။ “နင် ဘာကြားလိုက်တာလဲ ...”
အမျိုးသမီးက ခေါင်းကိုကုတ်လျက် “ဘာကိုမှတော့ သေချာမကြားလိုက်ရပါဘူး ...”
ဤအမျိုးသမီး အမှန်အတိုင်းပြောနေခြင်း ဟုတ်မဟုတ်ဆိုသည်ကို ကျိယောင်မသိပေ။ ထို့အတွက်ကြောင့် ထပ်၍သာပြောလိုက်သည်။ “ကြားတာကို နင့်ဘာသာနင်ပဲသိမ်းထား ... အခြားသူတွေကို လျှောက်ပြောမနေနဲ့ ... စီနီယာအစ်ကိုရန်နဲ့ ငါ့ကြား နည်းနည်းလေး အချင်းများသွားရုံပါပဲ ...”
“ကောင်းပါပြီ ...” အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြန်၍မေးလိုက်လေသည်။ “ဒေါ်လေးကျိ ... ဘာဖြစ်လို့ ဒေါ်လေးကျိမျက်နှာ ဒီလောက်နီနေရတာလဲ ...”
“သူ ငါ့ကို ဒေါသထွက်အောင်လုပ်တာကိုး ...”
အမျိုးသမီး ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ ရေခဲဓာတ်ကျင့်စဉ်များကို ကျင့်ကြံထားသူများမှာ ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိကြသည်။ ထို့အတွက်ကြောင့် ကျိယောင် ဤမျှ ဒေါသထွက်လာရလောက်သည်အထိ ရန်ကိုင်နှင့်ကျိယောင် ဘာတွေများဖြစ်နေကြသလဲဆိုသည်ကို အမျိုးသမီး သိချင်စိတ်ဖြစ်မိသွားခဲ့သည်။
(နန်းတော်သခင် ဘာဖြစ်သွားတာလဲ ... ဒေါ်လေးကျိက လူကောင်းတစ်ယောက်ပါ ... အဲဒါကိုတောင် ဒီလောက်ထိ ဒေါသထွက်သွားရတာဆိုတော့ နန်းတော်သခင်ရန်ရဲ့ အပြစ်ပဲ ဖြစ်ရလိမ့်မယ် ...)
ရှစ်လွှာမြောက်တွင် ကျောက်စိမ်းပြားများများစားစား မရှိသည့်အတွက်ကြောင့် ရန်ကိုင်သည် ထိုအလွှာတွင်ရှိနေသော ကျောက်စိမ်းပြားများကို တစ်ခဏလေးအတွင်းမှာပင် ကူးယူလို့ ပြီးသွားခဲ့လေသည်။ ထို့နောက် ကိုးလွှာမြောက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ လျှို့ဝှက်ကျင့်စဉ်များ ရှိနေသည့်နေရများ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် ရန်ကိုင်အနေဖြင့် ကိုးလွှာမြောက်သို့ အလွယ်တကူတက်ကာ ထိုနေရာတွင်ရှိနေသည့် ကျင့်စဉ်များကို ကူးယူလိုက်၍ ရပေသည်။ သို့သော်ငြား ပင်းယွင်သည် သူ့အား ထိုနေရာသို့ သွားခွင့်မပေးထားပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ထိုနေရာသို့ တက်သွား၍မရ။ တကယ်တော့ ရန်ကိုင်သည် ဤနေရာသို့ သူ့ဂိုဏ်းသားများ ကျင့်ကြံဖို့ရာအတွက် ရွေးချယ်စရာကျင့်စဉ်များ သိုင်းပညာရပ်များ များများစားစား ရှိစေရန်အတွက်သာ လာရောက်ခဲ့ခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် ထိုမျှအဆင့်မြင့်လှသည့် သိုင်းပညာရပ်များ ကျင့်စဉ်များကို မလိုအပ်ပေ။
(ဒီလောက်နဲ့ဆိုရင်တော့ အဆင်ပြေသွားပြီ ... လီကျောက်ဘက်မှာရော ဘယ်လိုနေလဲမသိဘူး ...)
ရန်ကိုင်သည် အေးအေးဆေးဆေးအမူအရာဖြင့် လှေကားပေါ်မှ လမ်းလျှောက်ဆင်းလာလိုက်လေသည်။ ထိုသို့ လမ်းလျှောက်ဆင်းလာပြီးသည့်နောက် သူ့ရှေ့တွင် အမျိုးသမီးတစ်ဦး လာပိတ်ရပ်လေ၏။
“နင် မသွားသေးဘူးလား ...” ရန်ကိုင်သည် ကျိယောင်ကိုကြည့်၍ မေးလိုက်သည်။ (အစောပိုင်းကကိစ္စကြောင့် ငါ့ကိုမြင်တာနဲ့ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတော့မယ်လို့ ထင်ထားတာလေ ... ဒီမှာရပ်စောင့်နေမယ်လို့ မထင်ထားဘူး ...)
ကျိယောင်သည် ရန်ကိုင်ဘက်သို့ပြန်လှည့်လာ၍ ပြောလိုက်သည်။ “ဘာလို့သွားရမှာလဲ ... ငါက အမှားလုပ်ထားတာမှမဟုတ်တာ ...”
(ဒီလိုကိစ္စမျိုးကို မျက်နှာတည်ကြီးနဲ့ပြောရဲတာ ယုံကိုမယုံနိုင်ဘူး ...) ရန်ကိုင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ (အခုလေးတင် သူ့ဂျူနီယာညီမရဲ့ယောက်ျားနဲ့ နောက်ကွယ်မှာ ဖောက်ပြန်ဖို့လုပ်နေတာကို ... အဲဒါကို အမှားလုပ်မထားဘူး ဟုတ်လား ...) ကံမကောင်းစွာဖြင့် ထိုပြဿနာထဲ ရန်ကိုင်မှာ သူကိုယ်တိုင်ပါ ပါနေသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ဘာမျှသွားမပြောခဲ့ပေ။ ခေါင်းညိတ်၍သာ ပြောလိုက်သည်။ “ငါပြီးသွားပြီ ... အခုပြန်တော့မယ် ...”
“ငါနင့်ကို လိုက်ပို့ပေးမယ် ...”
ရန်ကိုင် ငြင်းမနေခဲ့ပေ။ သူ့စိတ်ထင်ပဲလားတော့မပြောတတ်။ လက်ရှိအချိန်တွင် ကျိယောင်သည် သူနှင့် ခပ်ခွာခွာ ဖြစ်နေခဲ့လေသည်။ ရန်ကိုင်ဘက်မှ စကားစမြည်ပြောရန် ကြိုးစားသည့်တိုင် ကျိယောင်မှာတော့ သူ့ကို ဘာမှပြန်မပြောခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ အနည်းငယ် ပျင်းရိလာရတော့သည်။
တကယ်ဆိုလျှင် ရန်ကိုင်စိတ်ထဲ ကျိယောင်အား မေးချင်နေသည့် မေးခွန်းပေါင်းများစွာ ရှိနေပေသည်။ ဤလောကကြီးထဲတွင် ဘာတွေများ တကယ်ကြီး ဖြစ်သွားလေသနည်း။ အစောပိုင်းကပင် သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် နမ်းနေခဲ့ခြင်း မဟုတ်ပေလော။ ယခု ကျိယောင်၏မျက်နှာထားမှာ ဘာကြောင့် ဤမျှ အေးစက်စက် ဖြစ်သွားရလေသနည်း။ ကျိယောင် ဒေါသများ ထွက်နေခြင်းပေလော။
(သူ ဒေါသထွက်သွားတာ ဖြစ်လောက်တယ် ... တကယ်တော့ ငါနည်းနည်း လွန်သွားတာကိုး ... သူ ဒေါသထွက်ရင်လည်း ထွက်ချင်စရာပါပဲ ... ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ကြာအောင် နမ်းတယ်ဆိုတာ တစ်ယောက်တည်းက ဆန္ဒရှိနေလို့မဟုတ်ဘူး ... သူသာ စိတ်မပါလို့ရှိရင် ဘာလို့ ငါ့ကို အစောကြီးတည်းက မတွန်းထုတ်လိုက်တာလဲ ... ဟမ် ... သူကိုယ်တိုင်က လက်ခံနေလို့ ငါလည်း တစ်ခါတည်း အခွင့်အရေးကို အပြတ်ဖမ်းဆုပ်လိုက်တာလေ ... သွားပါပြီကွာ ... ကသိကအောက်ဖြစ်စရာတွေ ဖြစ်ကုန်တော့မယ် ... နောက်ပိုင်းပြန်တွေ့လို့ရှိရင် ဘယ်လိုတွေ ဆက်ဆံရမယ်မှန်းတောင် မသိတော့ပါဘူး ...)
ထိုသို့ဖြင့် ရန်ကိုင်မှာ ကျွန်းပေါ်ရှိ တားမြစ်နေရာဆီသို့ ရောက်လာခဲ့လေသည်။ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်ပြီးသည့်နောက် ရန်ကိုင်သည် ကျိယောင်အား လှမ်းကြည့်လိုက်သည်။ ကျိယောင်၏မျက်နှာထားမှာတော့ ပုံမှန်အတိုင်း အေးစက်စက်အမူအရာဖြင့်သာ ရှိနေခဲ့လေ၏။ ရန်ကိုင်သည် သက်ပြင်းချ၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး စုယန်ကို စောင့်ရှောက်ပေးပါနော် ဂျူနီယာညီမယောင် ...”
ကျိယောင်က ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့ ... သူ ဘာဒုက္ခမှ မရောက်စေရဘူး ...”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းကာ ကျိယောင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူပြန်သယ်လာသည့် သိုင်းကျမ်းများ ကျင့်စဉ်များကို ဟွာချင်းစီအားသွားရှာ၍ သူမလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထိုအရာများကို တပည့်များ ကျင့်ကြံရာတွင် ရွေးချယ်နိုင်စေရန်အတွက် သိုင်းကျမ်းဆောင်ထဲတွင် ထားရန်လည်း ပြောခဲ့သေး၏။
ထိုပစ္စည်းများကို ရပြီးသည့်နောက် ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “နန်းတော်သခင်လီလည်း မကြာသေးခင်တုန်းက သိုင်းပညာရပ်တွေအများကြီး ယူလာတယ် ... ကျွန်မ သူ့ကို ကျေးဇူးတင်လိုက်ပါသေးတယ် ... ဒါပေမဲ့ သူ့ကြည့်ရတာ နန်းတော်သခင်ရန်နဲ့ တစ်ခုခုပြောချင်နေတဲ့ပုံပဲ ...”
“သူ အခုဘယ်မှာလဲ ...”
“ဧည့်ခန်းမှာ ...”
“ကောင်းပြီ ... ငါ သူ့ကိုသွားတွေ့လိုက်မယ် ...”
ပြောပြီးသည့်နောက် ရန်ကိုင်သည် ထိုအရပ်ဆီသို့ ပျံသန်းထွက်သွားလေသည်။
လက်ရှိအချိန်တွင် လီကျောက်မှာ ဧည့်ခန်းထဲ လျူစန်းနျန်နှင့်အတူ ထိုင်နေခဲ့လေသည်။ နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောရင်းမှ တခစ်ခစ် ရယ်မောနေခဲ့ကြသည်။ ဧည့်ခန်းထဲသို့ တစ်ဦးဦးဝင်လာကြောင်း သတိပြုမိလိုက်သည့်နောက် လီကျောက် ချက်ချင်း လှမ်းကြည့်လိုက်လေ၏။ မည်သူမှန်းသိလိုက်သော် ချက်ချင်းပဲထ၍ တလေးတစားဖြင့် ဦးညွှတ်လိုက်လေသည်။
“ရောင်းရင်းလီ ... မင်း ငါ့ဆီကနေ ဘာလိုလို့လဲ ...” အမျိုးမျိုးသော အဖြစ်အပျက်များကို အတူတကွ ကြုံတွေ့ခဲ့ကြပြီးသည့်နောက်တွင် လက်ရှိရန်ကိုင်နှင့် လီကျောက်တို့မှာ သူစိမ်းများ မဟုတ်ကြတော့ပေ။ လီကျောက်အပေါ် ရန်ကိုင်၏အထင်အမြင်မှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲလာတော့လေသည်။
လီကျောက်က ပြောလိုက်လေသည်။ “ရောင်းရင်းရန် ... ငါ မင်းတို့ထက်ကောင်းကင်နန်းတော်နဲ့ မဟာမိတ်ဖွဲ့ချင်လို့ ... အဲဒါဆို ငါတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ရတယ်လေ ... မင်းရော ဘယ်လိုထင်လဲ ...”
***