(မဟာမိတ် ... တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတယ် ... အင်း ... ဒါလည်းမဆိုးပါဘူး ...) ထက်ကောင်းကင်နန်းတော်သည် လက်ရှိအချိန်တွင် ဂိုဏ်းသားပေါင်းတစ်သိန်းကျော် ရှိနေခဲ့ပြီး မြောက်ဘက်နယ်မြေတွင် အတော်လေး လူလေးစားခံရသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါသော်ငြား အင်အားစုအသစ်တစ်ခု ဖြစ်သည်ဟူသော အချက်မှာတော့ ငြင်း၍မရပေ။ ထက်ကောင်းကင်နန်းတော်သည်သာ မီးနဂါးနန်းတော်နှင့် မဟာမိတ်ဖွဲ့နိုင်လျှင် ကျိန်းသေ အကျိုးအမြတ်ရှိပေလိမ့်မည်။ တကယ်တော့ လီကျောက်သည်လည်း အပြင်လူတစ်ဦးမှ မဟုတ်တော့လေဘဲ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ယခုကဲ့သို့သော ကမ်းလှမ်းချက်မျိုးကို ငြင်းဆိုစရာအကြောင်းမရှိပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ချက်ချင်းသဘောတူလိုက်လေ၏။
လီကျောက်က ရယ်သွမ်းသွေးရင်းမှ ရင်ဘတ်ပေါ်လက်တင်၍ “ဒါဆို အခုကနေစပြီးတော့ မီးနဂါးနန်းတော်က မင်းအပေါ် အားကိုးနေမယ်နော် ရောင်းရင်းရန် ... ငါတို့က မင်းတို့ထက်ကောင်းကင်နန်းတော်လက်အောက်ကိုပဲ ခိုဝင်တာ ...”
ရန်ကိုင် မည်မျှထိ အားကောင်းသလဲဆိုသည်ကို သူသိပေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦး မဟာမိတ်ဖွဲ့မည်ဆိုလျှင်ပင် ရာထူးအဆင့်မှာတော့ ရှိရပေလိမ့်ဦးမည်။ မီးနဂါးနန်းတော်သည် ထက်ကောင်းကင်နန်းတော်၏ ပြိုင်ဘက်မဟုတ်။ ဤသည်မှာ အမှန်အတိုင်းပြောနေခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့ပြောခြင်းနှင့်ပတ်သက်၍ ဘာမှရှက်နေစရာမလို။
အင်အားစုနှစ်ခု မဟာမိတ်ဖွဲ့သည်မှာ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ခေါင်းဆောင်နှစ်ဦးကြားမှ စကားလေးအချို့ဖြင့် ပြီးသွားခဲ့သည်။ ရန်ကိုင်တို့အနေဖြင့် လက်မှတ်ပင် ရေးထိုးနေစရာမလိုခဲ့။ ထိုသို့လုပ်ရန်မလိုမှန်းလည်း နှစ်ဦးစလုံး သိနေကြပေသည်။
“ရောင်းရင်းရန် ... ငါတို့ မဟာမိတ်ဖွဲ့ပြီးသွားပြီဆိုတော့ အခု တစ်မိသားစုတည်းဖြစ်သွားပြီပေါ့ ... ဟုတ်တယ်မလား ...” လီကျောက်က ပြုံးဖြီး၍ “ဒါဆိုရင် ဟိုအကြွေးတွေလေ ... ငါတို့ အဲ့အကြွေးတွေကို ချေလိုက်လို့ ရပြီမလား ...”
“ဒါဆို မင်း ငါ့ကို လှည့်စားလိုက်တာပေါ့ ...” ရန်ကိုင်သည် လီကျောက်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထိုအကြွေးများသည် နည်းနည်းနောနောတော့ မဟုတ်ပေ။
လီကျောက်က အဓိပ္ပာယ်ပါပါပြုံးလျက် “ငါတို့က အပြင်လူတွေမှမဟုတ်တော့တာကိုကွာ ... အခု တစ်မိသားစုတည်း ဖြစ်နေကြပြီလေ ...”
ရန်ကိုင်က တစ်ချက်မျှ ရပ်နေပြီးသည့်နောက် ရယ်မောလျက် “အကြွေးတွေကို ချေပေးလိုက်လို့ မရတာတော့ မဟုတ်ပါဘူး ...”
လီကျောက်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်ရေ ...”
ရန်ကိုင်က လက်မြှောက်၍လှမ်းတားကာ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့မှာတောင်းဆိုစရာတစ်ခုရှိတယ် ...”
လီကျောက်က ပြောလိုက်သည်။ “ဒါဆို ကျေးဇူးပြုပြီး ပြောသာပြောလိုက် ရောင်းရင်းရန် ...”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အခု ထက်ကောင်းကင်နန်းတော်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မင်းလည်းသိမှာပေါ့ ... တပည့်အယောက်တစ်သိန်းကျော် ရုတ်တရက်ကြီးရောက်ချလာတာ ... သူတို့အတွက်ကျင့်ကြံဖို့ အရင်းအမြစ်တွေ၊ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေက ရှိနေတယ်ဆိုပေမယ့် သင်ပေးမယ့်လူက ရှိမနေဘူးဖြစ်နေတယ် ... ငါတို့ဂိုဏ်းမှာလည်း လူက ဒီလောက်ရှိတာမဟုတ်ဘူး ... သူတို့ကိုသင်ပေးမယ့်လူက ဒီလောက်မရှိတော့ ငါ မင်းဆီက အကူအညီတောင်းချင်လို့လေ ...”
သိုင်းတာအိုခရီးလမ်းကိုလျှောက်လှမ်းရာတွင် သင်ပေးမည့်လူတစ်ဦး ရှိနေခြင်းနှင့် ကိုယ့်ဘာသာကိုယ်ကြိုးစားရခြင်းမှာ လုံးဝမတူကွဲပြားသည့် ကိစ္စနှစ်ရပ်ဖြစ်ပေသည်။ ရန်ကိုင်မှာ သူ့ခရီးလမ်းတစ်ခုလုံးကို သူ့ဘာသာသူ လျှောက်လှမ်းခဲ့ရခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် တပည့်များအား မည်ကဲ့သို့ စီစဉ်ပေးရမလဲဆိုသည်ကို ရန်ကိုင် အစောကြီးတည်းက အစီအစဉ်တစ်ခု စဉ်းစားထားပြီးသားပင်။ သူ့ရှေ့တည့်တည့်သို့ ယခုကဲ့သို့ အခွင့်အရေးမျိုးနှင့် အတူတကွ ရောက်ရှိလာလေရာ ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။
ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ရေခဲဓာတ်ကျင့်စဉ်များနှင့် သိုင်းပညာရပ်များကိုသာ ကျင့်ကြံကြသည့်အတွက်ကြောင့် ဤကဲ့သို့သော ပုံမှန်ဆန်လွန်းလှသည့် ကျင့်ကြံသူအားလုံးကို သင်ကြားပေးဖို့ရာ သိပ်၍ မသင့်တော်လှပေ။ ထိုအကြောင်းကြောင့်သာမဟုတ်လျှင် ရေခဲနှလုံးသားတောင်ကြားသို့ ရောက်တည်းက လူအနည်းငယ်လွှတ်ပေးရန် ရန်ကိုင် ပင်းယွင်အား အကူအညီတောင်းခံခဲ့ပေလိမ့်မည်။
“ဘယ်လိုအကူအညီမျိုးတောင်းမလို့လဲ ...” လီကျောက် ဇဝေဇဝါဖြစ်နေလေသည်။
“ငါပြောချင်တာက ဒီကလူတွေကို သင်ပေးဖို့အတွက် မင်းဂိုဏ်းထဲကနေပြီးတော့ နည်းနည်းအတွေ့အကြုံရှိတဲ့ ကျင့်ကြံသူတစ်အုပ်လောက်ကို ရွေးပြီးတော့ ဒီကိုပို့ပေးဖို့ပဲ ...”
(အဲဒါပဲလား ... ငါက ကိစ္စကြီးမှတ်နေတာ ...) လီကျောက်က သူ့ရင်ဘတ်ကိုပုတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ကိစ္စမရှိဘူး ...”
တစ်ချက်မျှရပ်ပြီးသည့်နောက် လီကျောက်က ဆက်၍ပြောလိုက်သည်။ “ဒါပေမဲ့ ထက်ကောင်းကင်နန်းတော်မှာ တပည့်တွေအများကြီးရှိနေတာ ... ငါတို့မီးနဂါးနန်းတော်က ကူညီပေးမယ်ဆိုရင်တောင် လုံလောက်ဦးမှာမဟုတ်သေးဘူး ...”
တပည့်အရေအတွက်မှာ တစ်သိန်းကျော်ရှိနေသည့်အတွက်ကြောင့် ဆရာတစ်ဦးလျှင် တပည့်ငါးရာ တာဝန်ယူမည်ဆိုလျှင်ပင် အနည်းဆုံး ဆရာ အယောက်နှစ်ရာမှ သုံးရာလောက်အထိ လိုပေလိမ့်ဦးမည်။ မီးနဂါးနန်းတော်သည် ထိုမျှများပြားလှသည့်လူများကို ပို့ပေးဖို့ရာ မဖြစ်နိုင်ပေ။ ကြယ်စီရင်စုမှခေါ်လာသည့်လူများကို သင်ကြားပေးဖို့ရာအတွက် မီးနဂါးနန်းတော်မှ ပို့ရမည့်လူများမှာ အနည်းဆုံး တာအိုသခင်အဆင့်တွင် ရှိနေရပေလိမ့်မည်။ မီးနဂါးနန်းတော်ထဲတွင် တာအိုသခင်အဆင့်ကျင့်ကြံသူ မည်မျှများစွာပင် ရှိနေစေကာမူ ထိုလူအားလုံးကို ဤနေရာသို့ ပို့ပေးဖို့ရာ မဖြစ်နိုင်ပေ။
“ဒါက အခုတလော အရေးပေါ်အခြေအနေတွက်ပေါ့ ... အစီအစဉ်တစ်ခုခုကိုတော့ နောက်မှ သေချာစဉ်းစားမယ် ...” ရန်ကိုင် သက်ပြင်းချလိုက်သည်။ လူပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် ပြဿနာများမှာတော့ တစ်ခုမဟုတ်တစ်ခု ပေါ်လာပေတော့မည်။ သူ့အနေဖြင့် အကုန်လုံးကို လိုက်ဂရုစိုက်နေဖို့ရာ မဖြစ်နိုင်ပေ။ ထိုအကြောင်းကြောင့် အကုန်လုံးအတွက် အဆင်ပြေလောက်မည့် အခြေခံတစ်ခုလောက်ကိုသာ စီစဉ်ပေးရတော့မည်။
“ရောင်းရင်းရန် ... မင်း လူဘယ်လောက်လောက်လိုလဲ ...”
“တစ်ရာ ...”
လီကျောက်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကောင်းပြီလေ ...”
တစ်ရာသည် မနည်းလှပေ။ သို့သော်ငြား မီးနဂါးနန်းတော်အတွက်မူ ထိုတစ်ရာဟူသော တာအိုသခင်အဆင့် ပညာရှင်များကို စေလွှတ်ပေးနိုင်ပေသည်။ ထို့ထက်ပိုများမည်ဆိုလျှင်တော့ မဖြစ်နိုင်တော့ပေ။ ထို့အပြင် လီကျောက်မှ ပို့လိုက်မည့်လူများ၏ တာဝန်မှာ အခြားသူများကို သင်ပေးရမည် ဖြစ်သည့်အတွက်ကြောင့် ထိုအရာမျိုးသည် လူတိုင်းလုပ်နိုင်သည့်အရာမျိုးမဟုတ်။ တစ်စုံတစ်ဦးအား သင်ပေးခြင်းနှင့် ကိုယ့်ဘာသာကိုယ်ကျင့်ကြံခြင်းသည် မတူကွဲပြားသည့် အရာနှစ်ခုဖြစ်ပေသည်။ မီးနဂါးနန်းတော်သည် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည့်အလျောက် ထိုကဲ့သို့သော အခြားသူတစ်ဦးကို သင်ပေးဖို့ရာ အတွေ့အကြုံရှိသည့် လူတစ်ရာလောက်ကို စေလွှတ်ဖို့ရာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
“မင်း ငါ့ကိုပေးရမယ့် အကြွေးတွေကိုတော့ အဲ့ဆရာအယောက်တစ်ရာရဲ့ လစာလို့ပဲ မှတ်လိုက်ပေါ့ ... မင်း အခြားဘာပြောချင်တာရှိသေးလဲ ရောင်းရင်းလီ ...”
“မရှိတော့ဘူး မရှိတော့ဘူး ...” လီကျောက်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ ထိုအကြွေးများသည် သူ့အား အမှန်တကယ်ကို ခေါင်းခဲစေနေခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ထိုဆရာအယောက်တစ်ရာကို စေလွှတ်လိုက်၍ အကြွေးအားလုံးကို ချေနိုင်မည်ဆိုလျှင်တော့ လီကျောက်သည် ဝမ်းပန်းတသာနှင့်ကို လက်ခံလိုက်ပေလိမ့်မည်။ ထို့အပြင် ထိုဆရာအယောက်တစ်ရာသည် နောက်ဆုံးတွင် သူ့ဆီသို့ပင် ပြန်လာလိမ့်မည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ယခုအလဲအလှယ်နှင့် ပတ်သက်၍ သူ့ဘက်မှ ဘာမှဆုံးရှုံးသွားစရာအကြောင်း မရှိပေ။ ထိုအကြောင်းကြောင့်ပင်လျှင် လီကျောက်က မတ်တတ်ရပ်၍ ပြောလိုက်လေသည်။ “ဒီကိစ္စက နှောင့်နှေးနေလို့ မဖြစ်တော့ဘူး ... ငါ အခုချက်ချင်း ပြန်ပြီးတော့ စီစဉ်လိုက်ဦးမယ် ...”
“ငါလည်း မင်းနဲ့လိုက်ခဲ့မယ် ...” ရန်ကိုင်က ပြောလိုက်သည်။
လီကျောက် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားသည့်အလား မေးလိုက်လေ၏။ “ရောင်းရင်းရန် ... မင်း မီးနဂါးနန်းတော်နဲ့ ထက်ကောင်းကင်နန်းတော်ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဖန်တီးချင်နေတာလား ...”
“အဲ့လိုဆို သွားရလာရ ပိုအဆင်ပြေသွားမယ်လေ ...”
“ကောင်းပြီလေ ...” လီကျောက် ငြင်းမနေခဲ့ဘဲ ချက်ချင်း မီးနဂါးနန်းတော်သို့ ရန်ကိုင်၊ လျူစန်းနျန်တို့နှင့်အတူ ထွက်လာခဲ့လေသည်။
သုံးဦးစလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသလို ပျံသန်းရေးမှော်ရတနာများ၏ အကူအညီကိုလည်း ရရှိထားသည့်အတွက်ကြောင့် နေ့ဝက်အတွင်းမှာပင် မီးနဂါးနန်းတော်ဆီသို့ ရောက်လာနိုင်ခဲ့လေသည်။
လီကျောက်သည် ရန်ကိုင်အား မီးနဂါးနန်းတော်ထဲရှိ ငြိမ်သက်တိတ်ဆိတ်သည့် နေရာတစ်ခုဆီသို့ ခေါ်လာပေးလေ၏။
ရန်ကိုင်မှာလည်း ရောက်ရောက်ချင်းကို ဟင်းလင်းပြင်အစီအရင်အား စတင်ခင်းကျင်းခဲ့လေရာ ညအချိန်သို့ ရောက်လာသည့်အခါ၌ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းလို့ ပြီးသွားခဲ့လေပြီ။ ဤအစီအရင်နှင့်သာဆိုပါက မီးနဂါးနန်းတော်မှ ထက်ကောင်းကင်နန်းတော်ဆီသို့ သွားဖို့ရာ ဘာပြဿနာမှ ရှိတော့လိမ့်မည်မဟုတ်ပေ။ ယခုဆိုလျှင် ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ဂိုဏ်းမှ တစ်ဂိုဏ်းဆီသို့ အလွယ်တကူ သွားလာနိုင်ပေတော့မည်။
ဟင်းလင်းပြင်အစီအရင်ကို ခင်းပြီးပြီးချင်း ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်သွားရန် ရန်ကိုင်စဉ်းစားထားခဲ့သည်။ တကယ်တော့ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသေးသည် မဟုတ်ပေလော။ သို့သော်ငြား လီကျောက်ကမူ သူ့အား မပြန်ခိုင်းပဲ မီးနဂါးနန်းတော်တွင်သာ တစ်ညအိပ်သွားရန် ပြောခဲ့လေသည်။ သူ့အတွက်လည်း စားသောက်ပွဲတစ်ခု ကျင်းပပေးဦးမည်ဟု ပြောခဲ့ပေသေးသည်။ လီကျောက်မှ ပြောလာနေခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ငြင်းရန် မကောင်းသဖြင့် သဘောတူလိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။
မီးနဂါးနန်းတော်၏ ခန်းမတစ်ခုလုံးမှာ မီးရောင်များဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။ မီးနဂါးနန်းတော်ထဲတွင် အဆင့်အတန်း အတန်အသင့်ရှိသည့် မည်သူမဆို ရန်ကိုင်အား ဂုဏ်ပြုရန် စားသောက်ပွဲသို့ ရောက်နေကြလေသည်။
အကုန်လုံးမှာ သူတို့အနေဖြင့် ထက်ကောင်းကင်နန်းတော်အား အရင်းအမြစ်ကျောက်များ ထပ်မံပေးစရာမလိုတော့သည့်အကြောင်းကို လီကျောက်ဆီမှ ကြားထားပြီးကြသည့်ပုံပင်။ ထိုအကြောင်းကြောင့်ပင်လျှင် အကုန်လုံးမှာ အလွန်ကိုမှ စိတ်ကောင်းဝင်နေကြလေရာ ရန်ကိုင်အပေါ်လည်း အလွန်ကိုမှ ဖော်ရွေနေခဲ့ကြလေသည်။ တချို့ဆိုလျှင် ရန်ကိုင်၏ပခုံးကိုဖက်၍ ညီအစ်ကိုရင်းပမာ သောက်စားပျော်ပါး အော်ဟစ်နေခဲ့လေသေးသည်။
ခန်းမတစ်ခုလုံးမှာလည်း အလွန်ကိုမှ ဝမ်းသာပျော်ရွှင်ဖွယ်ရာ ကောင်းနေခဲ့လေသည်။ ကချေသည်များမှာ တီးလုံးသံများအလိုက် မြူးကြွဖွယ်ကောင်းစွာ ကခုန်နေခဲ့ပြီး တီးလုံးသံများမှာလည်း ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ ရန်ကိုင်သည် လီကျောက်နှင့်အတူ တစ်တန်းတည်း ထိုင်နေခဲ့လေသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် ယခုကဲ့သို့ ထိုင်သည်မှာလည်း ဘာမှတော့ သိပ်မဖြစ်လှပေ။ ထိုအကြောင်းကြောင့်ပင်လျှင် မီးနဂါးနန်းတော်၏ အကြီးအကဲများမှာ ရန်ကိုင်အပေါ် ပိုပို၍ အထင်အမြင်ကောင်းလာကြတော့သည်။ ရန်ကိုင်သည် အားကောင်းလှသော ထက်ကောင်းကင်နန်းတော်၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်တိုင် သူ့ကိုယ်သူ ယခုကဲ့သို့ နှိမ့်ချ၍ လီကျောက်နှင့်အတူ တစ်တန်းတည်းထိုင်ခဲ့သည်မှာ တကယ်ကို ချီးကျူးစရာပင်။
ညလယ်လောက် ရောက်သည့်အခါမှသာ အကုန်လုံး အသီးသီးပြန်သွားကုန်ကြလေသည်။ လီကျောက်သည် ရန်ကိုင်နားနေရန်အတွက် မိန်းမချောလေးများကို စေလွှတ်၍ ရန်ကိုင်အခန်းဆီသို့ ပို့ဆောင်ပေးခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ လက်မခံခဲ့ဘဲ လုပ်စရာကိစ္စများ ရှိသေးသည်ဟူသော အကြောင်းပြချက်ဖြင့် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့လေသည်။ လီကျောက်မှာလည်း မငြင်းသာသည့်အတွက်ကြောင့် ရန်ကိုင်အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့လေ၏။
ဟင်းလင်းပြင်အစီအရင်ရှေ့သို့ရောက်သော် ရန်ကိုင်သည် ရုတ်တရက် လီကျောက်ဘက်သို့လှည့်၍ “ရောင်းရင်းလီ ... ငါ မြောက်ဘက်နယ်မြေကို စုစည်းပစ်ချင်တယ် ... မင်း ဘယ်လိုထင်လဲ ...”
ညလေအေးသည် လီကျောက်၏ပါးပြင်နှစ်ဖက်စလုံးကို ဖြတ်တိုက်သွားခဲ့လေသည်။ လီကျောက်မှာလည်း အနည်းငယ် မူးဝေဝေဖြစ်နေရာမှ ချက်ချင်း အသိပြန်ဝင်လာခဲ့လေ၏။ “မြောက်ဘက်နယ်မြေကို စုစည်းမယ် ...”
“ဟုတ်တယ် ...”
ထိုအကြံမှာ ရန်ကိုင်ခေါင်းထဲ ရုတ်တရက်ဆိုသလို ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ထက်ကောင်းကင်နန်းတော်ထဲတွင် ရန်ကိုင်မှ ထောက်ပံ့ပေးရမည့် တပည့်ပေါင်းတစ်သိန်းကျော် ရှိနေခဲ့သည်။ လတ်တလော၌ သူ့တွင် ကျင့်ကြံရေးအရင်းအမြစ်များ အလုံအလောက်ရှိနေသေးသလို ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့်လည်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုထားသည့်အတွက်ကြောင့် ဘာမှ စိတ်ပူစရာမရှိသေးပေ။ ထို့အပြင် ရှေးဟောင်းကုန်းမြေကြီးထဲမှ အရင်းအမြစ်များကိုလည်း လိုအပ်လျှင် သွားယူနိုင်သေးသည့်အတွက်ကြောင့် လတ်တလော၌ မည်သည့်ပြဿနာမှ ရှိမနေ။ သို့သော်ငြား ရှိနေပြီးသားအရင်းအမြစ်များကို ဘာမှမလုပ်ပဲ ဤအတိုင်းထိုင်ဖြုန်းနေခြင်းသည် ရေရှည်နည်းလမ်းတစ်ခုမဟုတ်ပေ။ ထက်ကောင်းကင်နန်းတော်သည်သာ ဤလူများကို ဆက်လက်ထောက်ပံ့၍ အမွေအနှစ်ကို ထိန်းသိမ်းထားလိုပါက ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ထူထောင်မှသာ အဆင်ပြေပေလိမ့်မည်။
ယခင်က ရမ္မက်ရှာဂိုဏ်းတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများစွာ ရှိခဲ့ပြီး လက်အောက်ခံအင်အားစုပေါင်းများစွာလည်း ရှိခဲ့လေသည်။ ရှင်းရှင်းပြောရသော် ရမ္မက်ရှာဂိုဏ်းအနီးတစ်ဝိုက်တွင် လက်အောက်ခံမြို့ပေါင်း နှစ်ဆယ်ကျော်ရှိခဲ့သည်။ ရမ္မက်ရှာဂိုဏ်းသည် ထိုမြို့များမှာ အခကြေးငွေကို ကောက်ခံ၍ ဂိုဏ်း၏ ဘဏ္ဍာရေးကို ထိန်းထားခဲ့လေသည်။ အပြန်အလှန်အနေဖြင့် ရမ္မက်ရှာဂိုဏ်းမှ ထိုမြို့များအား ပြန်လည်ကာကွယ်ပေးလေသည်။
ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ကိုသာ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်မှ ရမ္မက်ရှာဂိုဏ်းကို သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် ထိုမြို့နှစ်ဆယ်ကျော်လုံးမှာ ရမ္မက်ရှာဂိုဏ်း၏လက်အောက်မှ လွတ်မြောက်သွားခဲ့သလို ရန်ကိုင်၏လက်အောက်သို့ ခိုဝင်လာခဲ့ခြင်းလည်း မရှိပေ။ ထိုမြို့များကို ပြန်သိမ်းဖို့ရာ ထိုမျှမခက်ပေ။ ရန်ကိုင်မှ ကြုံရာမွန်းစတားဘုရင်တစ်ပါးကို စေလွှတ်လိုက်ရုံဖြင့် တစ်ဖက်လူအား ချက်ချင်း သူ့လက်အောက်သို့ ပြန်လည်ခေါ်သွင်းပစ်နိုင်ပေသည်။
သို့ပင်ဖြစ်လင့်ကစား ထိုမျှလောက်သောဝင်ငွေသည် လက်ရှိရှိနေသည့် တပည့်အားလုံးကို ထောက်ပံ့ပေးနိုင်လိမ့်ဦးမည်မဟုတ်ပေ။ ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းနိုင်မည်ဆိုလျှင် ဘာမျှစိတ်ပူစရာလိုတော့လိမ့်မည်မဟုတ်။ သူသာလိုအပ်လာလျှင် မြောက်ဘက်နယ်မြေရှိ အရင်းအမြစ်အားလုံးကို ထုတ်သုံးနိုင်ပေသည်။ ထို့အတွက်ကြောင့် တပည့်တစ်သိန်းမဆိုထားနှင့် သန်းပေါင်းများစွာသော တပည့်များကိုပင်လျှင် ထောက်ပံ့ပေးထားနိုင်ပေလိမ့်မည်။
ထိုသို့ပင် စဉ်းစားထားလင့်ကစား ထိုသို့လုပ်ဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်မှန်းတော့ ရန်ကိုင်သိနေခဲ့သည်။ ထက်ကောင်းကင်နန်းတော် မည်မျှပင် အားကောင်းနေစေကာမူ မြောက်ဘက်နယ်မြေထဲ ကျင့်ကြံသူပေါင်း ဘီလီယံနှင့်ချီကာ ရှိနေကြပြီး ထိုကျင့်ကြံသူများသည် မြောက်ဘက်နယ်မြေတစ်ခုလုံးကို ရန်ကိုင်မှ အုပ်စိုးမည့်အစီအစဉ်အား လက်ခံကြလိမ့်မည်မဟုတ်ပေ။ ရန်ကိုင်တွင် အားကောင်းသည့်ပညာရှင်များဖြစ်ကြသော မွန်းစတားဘုရင်များ ရှိကြပါသော်ငြား ဤနေရာသည် လူသားပိုင်နက် ဖြစ်သည့်အတွက်ကြောင့် မွန်းစတားဘုရင်များ သောင်းကျန်းဖို့ရာ သိပ်၍အဆင်မပြေလှပေ။ မွန်းစတားဘုရင်များကိုသာ သောင်းကျန်းခိုင်းလိုက်မည်ဆိုလျှင် ရန်ကိုင်ပင်လျှင် ပြန်လည်ပြဿနာတက်သွားရနိုင်ပေသည်။
ထို့အပြင် မြောက်ဘက်နယ်မြေထဲ အခြားသော အားကောင်းသည့်ပညာရှင်များလည်း ရှိနေရပေလိမ့်ဦးမည်။ လူရှေ့သူရှေ့ ထွက်လာကြသည့် ပညာရှင်များ ရှိကြပါသော်ငြား လူမြင်ကွင်းသို့ ထွက်လာလေ့မရှိဘဲ တောတောင်များထဲ တစ်ကိုယ်တော်ပုန်းအောင်းနေကြသော အမည်အသိမခံသည့် အားကောင်းလှသော ပညာရှင်များလည်း ရှိနေကြပေလိမ့်ဦးမည်။ ရန်ကိုင်မှ ထိုလူများအား သွားရောက်ရန်မစမိသေးသည့်အတွက်ကြောင့်သာ ထိုလူများ လူလုံးထွက်ပြမလာသေးခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းလိုက်မည်ဆိုလျှင်တော့ ထိုလူများသည်လည်း ငြိမ်ခံနေကြတော့လိမ့်မည်မဟုတ်ပဲ အလျှိုလျှိုထွက်လာကြပေလိမ့်မည်။
လက်ရှိအချိန်တွင် မြောက်ဘက်နယ်မြေထဲ ထိပ်တန်းအင်အားစုပေါင်းများစွာ ရှိကြပြီး ရေခဲနှလုံးသားတောင်ကြားနှင့် မီးနဂါးနန်းတော်တို့သည် ရန်ကိုင်ဘက်မှ ဖြစ်ကြပေသည်။ ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းမည်ဆိုလျှင် ထိုဂိုဏ်းနှစ်ဂိုဏ်းသည် သူ့ရှေ့တွင် ပိတ်ရပ်နေကြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း ထိုဂိုဏ်းနှစ်ဂိုဏ်း၏ အကျိုးအမြတ်များကို ထိခိုက်အောင် သွားလုပ်နေလိမ့်မည်မဟုတ်။ ကံမကောင်းစွာဖြင့် အခြားသောအင်အားစုများမှာတော့ ထိုမျှ အလွယ်တကူ ဘေးဖယ်ပေးကြလိမ့်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင်တော့ လီကျောက်မှာ ရန်ကိုင်အကြောင်းအား အတော်အတန်ကို သိပြီးနေလေပြီ။ ရန်ကိုင်သည် အလွန်ကိုမှ လက်ရဲဇက်ရဲရှိလှသည့် လူတစ်ဦးဖြစ်သည်။ နဂါးကျွန်းကဲ့သို့သော ဒဏ္ဍာရီလာကျွန်းထဲသို့ သွား၍ပင် ပြဿနာရှာထားသူတစ်ဦး ဖြစ်လေရာ ရန်ကိုင်မှ မြောက်ဘက်နယ်မြေအား တစ်စုံတစ်ဦးတည်း လုပ်ပစ်မည့်အကြံမှာတော့ အိပ်မက်သက်သက်သာမဟုတ်မှန်း လီကျောက် သိနေခဲ့လေသည်။ ထို့အပြင် လက်ရှိရန်ကိုင်ကို ကြည့်ရသလောက် အရက်မူးနေသည့်အရိပ်အယောင် လုံးဝမမြင်ရ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထိုစကားများကို မူးမူးရူးရူးနှင့် ပြောနေခြင်းမဟုတ်မှန်းလည်း သိသာလှသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် လီကျောက်က ပြန်ပြောလိုက်လေသည်။ “မင်း အဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ ငါလည်း မင်းကို ကူညီပေးမယ်လေ ...” (ဘယ်လိုပဲဖြစ်ဖြစ် အခုလေးတင်မှ မဟာမိတ်ဖွဲ့ထားတာ ... ဒီတိုင်းရပ်နေလို့တော့မဖြစ်ဘူး ...) “ကူညီပေးတာကတော့ ဟုတ်ပါပြီ ... ဒီကလူတွေ ဝေဖန်မယ့်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ ပြင်ပြီးသွားပြီလား ... လူက နည်းနည်းလေးမဟုတ်ဘူးနော် ... မြောက်ဘက်နယ်မြေတစ်ခုလုံးက လူတွေ ...”
ရန်ကိုင်က ရယ်မောလျက် “အခြားလူတွေ သေသေရှင်ရှင်ကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ ... ငါက ထက်ကောင်းကင်နန်းတော်အတွက်ပဲ ဂရုစိုက်တာ ...”
လီကျောက် ခေါင်းညိတ်လိုက်သည်။ လူတိုင်းသည် သူအပါအဝင် ကိုယ့်ဘက်ကိုယ်ယက်သည့် လိပ်များချည်းသာ ဖြစ်ကြလေရာ မည်ကဲ့သို့များ အခြားသူများအတွက် အထူးတလည် အရေးစိုက်နေပါမည်နည်း။
***