"ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ပဲ" လီကျောက်က ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသော် မီချီ၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး အံ့သြတကြီး ပြောလိုက်လေသည်။ "ဘာဖြစ်လို့ သူထပ်ဖြစ်နေရတာလဲ"
မီချီမှာ ရန်ကိုင်အပေါ် အမှန်တကယ်ကို အခဲမကျေ ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် တစ်ကြိမ်သာ တွေ့ခဲ့ဖူးပြီး ထိုတစ်ကြိမ်တွင်ပင် ရန်ကိုင်အပေါ် အကြွေးကြီးကြီးမားမား တင်သွားခဲ့ရသည်။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း သူ့ရင်ထဲ တနုံ့နုံ့ကို ခံစားရလေသည်။ ထိုစဉ်က ထိုအလောင်းအစားထဲ ဝင်ပါမိခဲ့သည်ကိုပင်လျှင် နောင်တရနေခဲ့ရလေပြီ။
မီချီသည် လီကျောက်အား စောင်းကြည့်၍ မေးလိုက်လေသည်။ "ရောင်းရင်းလီ၊ သူဖိနှိပ်တာနဲ့တင် မကျေနပ်သေးဘူးလား၊ မင်းကဘာဖြစ်လို့ အဲဒီခွေးသူတောင်းစားကို ဖော်လန်ဖားလုပ်နေရတာလဲ" မီချီ၏ လေသံထဲ လှောင်ပြောင်ထေ့ငေါ့မှု၊ ဒေါသနှင့် ခါးသက်မှုတို့ ပြည့်နေခဲ့လေသည်။ သူနှင့် လီကျောက်သည် မိတ်ဆွေများဖြစ်ကြပေသည်။ နှစ်ဦးသားမှာ အလွန်ကိုမှ ရင်းနှီးသည့် မိတ်ဆွေများ မဟုတ်ကြပါသော်ငြား သူတို့အကြားရှိဆက်ဆံရေးသည် ရန်ကိုင်နှင့် လီကျောက်အကြားရှိ ဆက်ဆံရေးထက်တော့ ပိုသာပေလိမ့်မည်။ ထိုအကြောင်းကြောင့် လီကျောက်က ရန်ကိုင်၏ သတင်းစကားအား သယ်လာပေးသည့်အပေါ် မီချီမှာ အလွန်ကိုမှ စိတ်ပျက်ရလေသည်။ [လီကျောက်က တကယ်ကို ငကြောက်ကောင်ပါလားကွာ၊ နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာတောင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်တတ်နေရတာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ]
ထိုစကားကိုကြားသော် လီကျောက်မှာ ရှက်ချင်သလို ဖြစ်သွားခဲ့ပြီး မျက်နှာအထက် အပြစ်မကင်းစိတ်များ ထွက်ပေါ်လာခဲ့ရသည်။ သူနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးမှာ အလွန်ကိုမှ တိုးတက်လာခဲ့လေရာ ရန်ကိုင်မှ သူ့အကြွေးအားလုံးအား ချေပေးလိုက်သည်ဟူသော အချက်ကို သွားပြော၍တော့ မဖြစ်ပေ။ ထိုအတွက်ကြောင့် ခါးသက်သက် အမူအရာဖြင့်သာ ပြန်ပြောလိုက်လေ၏။ "ရွေးချယ်စရာမှ မရှိတာ၊ သူကအကြွေးရှင်လေ၊သူတောင်းစားတွေမှာ ရွေးချယ်ခွင့်မရှိဘူးလေ၊ ဒါကြောင့်ပဲ အခုလိုမျိုး လုပ်ရတာပေါ့"
"ဟမ့်" မီချီက စားပွဲခုံအား ဒေါမာန်တကြီးဖြင့် ကောက်ရိုက်လေ၏။ "အဲဒီအကျင့်မကောင်းတဲ့ကောင်ကွာ၊ မဟုတ်တရုတ်နည်းလမ်းတွေသုံးပြီးတော့ ငါတို့ကို အကွက်ချသွားတာ၊ ဆေးဝိဇ္ဇာကျိကြောင့်သာ မဟုတ်ရင်တော့ အခုလိုမျိုး ငြိမ်ခံနေမှာမဟုတ်ဘူး"
မီချီ အမှန်ကို ပြောနေခြင်း ဖြစ်ပေသည်။ အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သလို မီချီသည်လည်း ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် အလောင်းအစားအား ရှုံးနိမ့်သွားခဲ့လျှင်ပင် ခေါင်းရှောင်နေလိုက်၍ ရပေသည်။ အကြွေးအများကြီး ပေးရမည်ဖြစ်လေရာ နည်းနည်းပါးပါး ရှက်စရာကောင်းသွား၍ရော ဘာများဖြစ်ပါမည်နည်း။ သို့သော်ငြား ထိုအဖြစ်အပျက်သည် ကျိယင် အရှေ့တည့်တည့်တွင် ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။ ထိုအပြင် ကျိယင်သည် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ပြီး ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူး ဖြစ်လာသည့်အကြောင်းကိုလည်း မီချီ ကြားခဲ့ရသည်။ ထိုအကြောင်းကြောင့် ရွေးချယ်စရာမရှိတော့ဘဲ အလောင်းအစားအတိုင်း လုပ်ပေးခဲ့ရခြင်း ဖြစ်လေသည်။
တကယ်တော့ သူသာ ငြင်းလိုက်လျှင် ကျိယင်အား စိတ်ပျက်သွားအောင် လုပ်မိလိုက်သလို ဖြစ်သွားပေလိမ့်မည်။ မီချီမှာ ရန်ကိုင်ကို မကြောက်ပေ။ သို့သော်ငြား ကျိယင်ကိုတော့ ကြောက်ပေသည်။ ကျိယင်၏ မဟာဆေးဧကရာဇ်၏ တပည့်ဟူသော ဂုဏ်ပုဒ်နှင့် ဧကရာဇ်အဆင့်ဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်မှာ အထင်သေး၍ မရသည့် အရာများ ဖြစ်ကြသည်။
လီကျောက်က စိတ်ထဲမှနေ၍ ကြိတ်ကာ ပြောလိုက်လေသည်။ [ဘာအလိမ်အညာမှ မပါဘူးလေကွာ၊ ရန်ကိုင်က ဒီအတိုင်းပဲ ရိုးရိုးသားသားပြိုင်ပြီးတော့ နိုင်သွားတာလေ] ရန်ကိုင်နှင့်အတူ ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့်သာ မဟုတ်ပါက လက်ရှိ မီချီ တွေးနေသည့် အတွေးမှာ လီကျောက် တွေးနေသည့် အတွေးနှင့် ခြားလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား လွန်ခဲ့သည့်ကာလအတွင်း အတူတကွကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် ရန်ကိုင်အပေါ် လီကျောက်၏ အထင်အမြင်မှာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ ရန်ကိုင်သည် အတော်လေးကိုမှ စိတ်ထားကောင်းသည့် လူတစ်ဦးမှန်း လီကျောက် ပြောနိုင်ပေသည်။ ထိုသို့ဖြစ်ဖို့ရာလည်း ရန်ကိုင်အား အရင်သွား ရန်မစမိရန် လိုအပ်ပေလိမ့်မည်။
မီချီသည် ဒေါသပြေသွားရန်အလို့ငှာ အရက်ခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။ ထို့နောက် အမြန် ပြောလိုက်လေ၏။ "ရောင်းရင်းလီ၊ မင်းကိုဘာပြောခိုင်းလိုက်တာလဲ"
လီကျောက်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "နန်းတော်သခင်ရန်က အာကာယံကောင်းကင်ဂိုဏ်းကို ထက်ကောင်းကင်နန်းတော် လက်အောက်ထဲ ခိုဝင်စေချင်တယ်"
"ဘာကွ" မီချီ မျက်လုံးပြူးသွားခဲ့လေသည်။ "မင်းစကားမှားသွားတာတော့ မဟုတ်ပါဘူးနော် ရောင်းရင်းလီ"
လီကျောက် သက်ပြင်းချလိုက်လေသည်။ မီချီ သိလျက်သားနှင့် ပြန်မေးနေသည်ကို လီကျောက် မသိဘဲ ဘယ်နေပါ့မည်နည်း။ ဤနေရာတွင် သူတို့နှစ်ဦးတည်းသာ ရှိနေသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်နေခဲ့လေရာ သူပြောသည်ကို မီချီအနေဖြင့် မကြားဘဲ မည်ကဲ့သို့များ နေပါမည်နည်း။ စိတ်ပေါက်ပေါက်ဖြင့် လီကျောက်မှာ နောက်တစ်ကြိမ်သာ ထပ်ပြောပြလိုက်ရသည်။
"ဟားဟား" မီချီမှာ ဒေါသထွက်လွန်းအားကြီးသည့်အတွက်ကြောင့် အော်၍ပင် ရယ်မောလိုက်တော့သည်။ ထို့နောက် အေးစက်စက်အကြည့်ဖြင့် အရက်ခွက်ကို ဆော့ကစားရင်းမှ ပြန်ပြောလိုက်သည်။ "သူက ငါ့ကိုဘယ်လို ခိုဝင်စေချင်တာလဲ"
သူ၏လေသံမှာ ရေခဲတမျှ အေးစက်နေခဲ့လေသည်။ ကြည့်ရသလောက် မီချီမှာ လီကျောက်အပေါ်လည်း အခဲမကျေဖြစ်နေသည့် ပုံပင်။
[ဒီလိုစကားမျိုးကို ဒီကောင် လာပြောရဲလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး] ရှင်းရှင်းပြောရသော် ဤကဲ့သို့သော စကားမျိုးကို လာပြောပြပေးသည့် လီကျောက်မှာလည်း မီချီ၏ အမြင်တွင် အတော်လေးကိုမှ မုန်းစရာကောင်းနေခဲ့ပေသည်။
ဤနေရာသို့ မလာခင်ကတည်းက သူနှင့် မီချီအကြားရှိ ဆက်ဆံရေးမှာ အဆုံးသတ်တော့မည်မှန်း လီကျောက် သိပြီးသားပင်။ ယခု မီချီ၏ အမူအရာကို မြင်ပြီးသည့်နောက် သူ့စိတ်ထဲ ပို၍ သေချာသွားခဲ့သလို အနည်းငယ်လည်း နောင်တရမိသွားခဲ့လေသည်။ "ရောင်းရင်းမီ၊ အရမ်းကြီးတော့လည်း စိတ်မပူပါနဲ့ကွာ၊နန်းတော်သခင်ရန်က မင်းတို့ အာကာယံကောင်းကင်ဂိုဏ်းရဲ့ ပိုင်နက်တစ်ခုလုံးကို လိုချင်တာမဟုတ်ဘူး၊ အခုလောလောဆယ် ထက်ကောင်းကင်နန်းတော်က ကျင့်ကြံရေးအရင်းအမြစ်တွေ အများကြီး လိုနေတာမလို့ မင်းတို့ အာကာယံကောင်းကင်ဂိုဏ်းရဲ့ တစ်နှစ်စာဝင်ငွေထဲက နည်းနည်းပါးပါးလောက်ကို ထက်ကောင်းကင်နန်းတော်ဆီ နှစ်တိုင်း ပေးစေချင်ရုံပဲ"
မီချီက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြန်မေးလိုက်သည်။ "ဘယ်လောက်လိုချင်နေတာလဲ"
"တစ်ဝက်" လီကျောက်က ပြန်ပြောလိုက်သည်။ ရန်ကိုင်သည် အတိအကျပမာဏကို ပြောမသွားခဲ့ပါသော်ငြား နည်းနည်းလောက်နှင့် ကျေနပ်လိမ့်မည် မဟုတ်မှန်းတော့ လီကျောက် သိနေခဲ့သည်။
"တစ်ဝက်" မီချီသည် ပြုံး၍ သူ့ဝိုင်ခွက်ကို မြှောက်ပင့်လိုက်ရင်းမှ... "ရောင်းရင်းလီ၊ သောက်လိုက်"
လီကျောက် အံ့အားသင့်သွားခဲ့သည်။ သို့တိုင် သူ၏ အရက်ခွက်ကို မြှောက်၍ မီချီနှင့် ခွက်ချင်းတိုက်ကာ မော့ချလိုက်လေသည်။ တစ်ခွက်လုံးကို ကုန်အောင် မော့သောက်ပစ်လိုက်ပြီးနောက် တစ်ခုခုကွဲကြေသံကို ကြား၍ ကြည့်လိုက်ရာ မီချီသည် သူကိုင်ထားသည့် အရက်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ခွဲ၍ စားပွဲခုံအား လက်သီးဖြင့် ထုရိုက်ရင်းမှ ဒေါမာန်တကြီးဖြင့် ထအော်သည်ကို တွေ့လိုက်ရလေသည်။ "တစ်ဝက်၊ ငါတို့ အာကာယံကောင်းကင်ဂိုဏ်းက ဘာမှမလုပ်နိုင်ဘူးလို့ အဲဒီကောင် ထင်နေတာလား" ဤအဆင့်သို့ ရောက်ဖို့ရာ မီချီအနေဖြင့် အမျိုးမျိုးသော အခက်အခဲများကို ကြုံတွေ့ခဲ့ရလေသည်။ သူ့အနေဖြင့် ထိုစဉ်က ဤမျှကြောက်ရွံ့နေခဲ့မည်ဆိုလျှင် ယခုအဆင့်သို့ ရောက်ခဲ့လိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးက လာတောင်းသည့်အတွက်ကြောင့် အာကာယံကောင်းကင်ဂိုဏ်း၏ တစ်နှစ်စာဝင်ငွေ တစ်ဝက်လောက်ကို ဤအတိုင်း ပေးပစ်ရမည်ဆိုလျှင် သူ့အနေဖြင့် ယနေ့ထိတိုင်လည်း အသက်ရှင်နိုင်ခဲ့လိမ့်မည် မဟုတ်။
ဤသည်မှာ ထက်ကောင်းကင်နန်းတော်အပေါ် ပေးချေရမည့် အကြွေးများနှင့် မတူ။ အကြွေးများမှာ အမှန်တကယ်ကို ပေးရခက်လိမ့်မည်ဖြစ်ပါသော်ငြား ထိုအကြွေးများတွင် အဆုံးသတ်တော့ ရှိနေပေသည်။ မီချီအနေဖြင့် နောက်ထပ် နှစ်သုံးဆယ်လောက် ကြိတ်မှိတ်သည်းခံနေလိုက်ရုံဖြင့် ပေးချေရမည့် အကြွေးများအားလုံးကို ကုန်စင်အောင် ပေးပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား သူတို့သည်သာ လီကျောက် ပြောသကဲ့သို့ ထက်ကောင်းကင်နန်းတော် လက်အောက်သို့ ခိုဝင်လိုက်မည်ဆိုလျှင် သူတို့၏ တစ်နှစ်စာဝင်ငွေကို နှစ်စဉ်နှစ်တိုင်း ထက်ကောင်းကင်နန်းတော်ဆီသို့ ပေးရပေလိမ့်မည်။ အာကာယံကောင်းကင်ဂိုဏ်း သို့မဟုတ် ထက်ကောင်းကင်နန်းတော်ထဲမှ တစ်ဂိုဏ်းဂိုဏ်း ပျက်စီးသွားသည့် အခါမှသာလျှင် ထိုကဲ့သို့ နှစ်ဝက်စာဝင်ငွေကို ဆတ်ကြေးပေးရမည့် အစီအစဉ်မှာ အဆုံးသတ်သွားပေလိမ့်မည်။။
[ငါ့ကို အဲဒီလိုဟာမျိုးကို သဘောတူစေချင်နေတာလား၊ ငါသဘောတူလိုက်ရင် လူတွေ ငါ့ကို ဘယ်လိုထင်ကုန်တော့မှာလဲ၊ အာကာယံကောင်းကင်ဂိုဏ်းက တပည့်တွေရော ငါ့ကိုဘယ်လိုထင်ကုန်တော့မှာလဲ]
"ရောင်းရင်းမီ၊ စိတ်ကိုအေးအေးထားပါဦး"
"မင်းပါးစပ်ကို ပိတ်ထားလိုက်" မီချီသည် လီကျောက်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် အထင်အမြင်တသေးဖြင့် ပြုံးလျက်... "ရောင်းရင်းလီ၊ မင်းက တကယ်ကို ပြောရဆိုရလွယ်တဲ့ကောင်ပဲကွ၊ အရင်တုန်းက မင်းနဲ့ငါနဲ့ နှစ်ယောက်စလုံး သူ့ကြောင့် ဒုက္ခရောက်ခဲ့ရတာလေ၊ ဒီလောက်နှစ်တွေအများကြီး ဖိနှိပ်ထားခံခဲ့ရတာကို မင်းသူ့အပေါ် လက်စားပြန်မချေတာနဲ့တင် တော်တော်လေး ဆိုးနေပြီကို၊ မင်းကပါ သူနဲ့ပေါင်းနေသေးတယ်ပေါ့ ဟုတ်လား၊ နန်းတော်သခင်ရန်၊ ဟားဟားဟား၊ မင်းဘာလို့ သူ့အပေါ် ဒီလောက်တောင်ကပ်တွယ်ပြီး သူ့လက်အောက်ငယ်သား လုပ်ချင်နေတာလဲဆိုတာကိုတော့ ငါတကယ်ကို နားမလည်နိုင်ဘူး ရောင်းရင်းလီရေ"
လီကျောက်မှာ မီချီ၏ ပြောစကားကြောင့် ရှက်သွားခဲ့ပါသော်ငြား မီချီ ပြောသည့် စကားမှာ အတော်လေးကိုမှ နားမခံသာဖြစ်စရာကောင်းလှသည့်အတွက် လီကျောက်က မျက်နှာသေဖြင့် ပြန်၍ ပြောလိုက်လေသည်။ "ရှင်းပြရခက်တယ်"
လွန်ခဲ့သည့်နှစ်များအတွင်း သူနှင့် ရန်ကိုင် အတူတကွ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သွားပြောပြ၍ မဖြစ်ပေ။ မီချီနှင့် သူ ဤမျှ မရင်းနှီးသည့် အချက်ကို ထည့်မတွက်လျှင်ပင် နဂါးကျွန်းနှင့် ပတ်သက်နေသော လျှို့ဝှက်ချက်များမှာ ထုတ်ပြောချင်တိုင်း ထုတ်ပြော၍ကောင်းသည့် အရာမျိုး မဟုတ်ကြပေ။
"ရှင်းပြရခက်တယ် ဟုတ်လား" မီချီက အထင်အမြင်တသေးဖြင့် လီကျောက်အား ကြည့်၍... "ရောင်းရင်းလီ၊ လူတိုင်းမှာ အထင်အမြင်တွေ အမျိုးမျိုးကတော့ ရှိမှာပဲ၊ မင်းလည်း မင်းအတွက် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့တာ၊ အဲဒီတော့ ငါမင်းကို အပြစ်မတင်ဘူး၊ ဒါပေမဲ့ ငါကတော့ ငါ့ကိုယ်ငါ မင်းအဆင့်ထိ နှိမ့်မှာမဟုတ်ဘူး"
မီချီ ပြောသည်မှာတော့ ရှင်းပေသည်။ လီကျောက်သည် လောဘကြီးသည့် ငကြောက်တစ်ကောင်ဖြစ်ပြီး သူကိုယ်တိုင်မှာတော့ သတ္တိရှိကာ သွေးမကြောင်သည့် လူစားတစ်ဦးဖြစ်သည်ဟု သွယ်ဝိုက်ပြောလိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုစကားကိုကြားသော် လီကျောက်၏ မျက်နှာကြီး အရုပ်ဆိုးသွားတော့လေသည်။ "ငါက သတင်းပို့ပေးရုံပဲ၊ မင်းဘာလို့ ငါ့အပေါ် ဒီလောက်တောင် စကားမာနေရတာလဲ ရောင်းရင်းမီ၊ မင်းသဘောတူတူ မတူတူ ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူးလေ"
"ကြည့်ရတာ ငါတို့လမ်းကြောင်းမတူတော့ဘူးနဲ့ တူတယ်၊ နန်းတော်သခင်လီ ကျေးဇူးပြုပြီး ထွက်သွားလိုက်ပေတော့"
မီချီမှာ လီကျောက်အပေါ် ခေါ်ဝေါ်သည့် ပုံစံကိုပင် ပြောင်းလဲပစ်လိုက်လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် လီကျောက်နှင့် မပတ်သက်ချင်တော့သည်မှာ လုံးဝကို သိသာနေလေပြီ။
လီကျောက်က ခေါင်းခါ၍ ထရပ်လိုက်သည်။ သို့သော်ငြား မီချီနှင့် သူ့အကြားရှိ ခင်မင်ခဲ့သည်များကို ထောက်ထား၍ ပြောလိုက်သေး၏။ "နန်းတော်သခင်မီ၊ ကျေးဇူးပြုပြီး မင်းဆုံးဖြတ်ချက်ကို သေသေချာချာ ပြန်စဉ်းစားနော်၊ ရမ္မက်ရှာဂိုဏ်းက ထက်ကောင်းကင်နန်းတော် ဖျက်ဆီးတာခံလိုက်ရတာ၊ အဲဒါက ဟိုးအရင်တုန်းက၊ အခုဒီလောက်နှစ်တွေ ကြာသွားတဲ့နောက်ပိုင်း ထက်ကောင်းကင်နန်းတော်က အရင်ထက်ပိုပြီး အားကောင်းလာမှာ အသေအချာပဲ၊ မင်းရဲ့ အာကာယံကောင်းကင်ဂိုဏ်းက ရမ္မက်ရှာဂိုဏ်းနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မင်းဘာသာမင်း ပြန်စဉ်းစား၊ ဒီတော့ ပြဿနာကို မဖိတ်ခေါ်ချင်နဲ့"
မီချီက လှောင်ပြုံးပြုံးလျက်... "နန်းတော်သခင်လီ၊ မင်းကိစ္စကိုပဲ မင်းအာရုံစိုက်၊ ငါ့အာကာယံကောင်းကင်ဂိုဏ်းကိစ္စကို လာစိတ်ပူနေစရာမလိုဘူး၊ ရန်ကိုင် ငါတို့ အာကာယံကောင်းကင်ဂိုဏ်းကို အညံ့ခံစေချင်တယ်ဆိုရင် သူကိုယ်တိုင်လာပြီးတော့ ပြောခိုင်းလိုက်"
"အဲဒါဆို ငါသွားတော့မယ်" လီကျောက်လည်း ခေါင်းညိတ်ပြီး လက်သီးဆုပ်နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်လေသည်။ [ပြောစရာစကားကိုတော့ ပြောပြီးသွားပြီ၊ ဘာလုပ်မလဲဆိုတာကိုတော့ မီချီကပဲ ဆုံးဖြတ်သွားရမှာ]
ရန်ကိုင်သည် အာကာယံကောင်းကင်ဂိုဏ်းကို နမူနာထား၍ မြောက်ဘက်နယ်မြေတစ်ခုလုံးကို သတိပေးလိုလေရာ အာကာယံကောင်းကင်ဂိုဏ်းသည် သူ၏ တောင်းဆိုချက်ကို အလွယ်တကူ လက်ခံလိမ့်မည်မဟုတ်မှန်း ကြိုသိထားပြီးသား ဖြစ်ရပေလိမ့်မည်။ လက်ရှိအခြေအနေသည် ရန်ကိုင် လိုချင်နေသည့်အတိုင်းသာ ဖြစ်ပေသည်။ ထိုသို့သာမဟုတ်လျှင် သူ၏ ခွန်အားနှင့် အာဏာကို မည်ကဲ့သို့များ ထုတ်ပြနိုင်မည်နည်း။ မြောက်ဘက်နယ်မြေတွင် ထိပ်တန်းဂိုဏ်း လေးဂိုဏ်းရှိပြီး နှစ်ဂိုဏ်းမှာ ထက်ကောင်းကင်နန်းတော်နှင့် ရင်းနှီးပေသည်။ ထိုအကြောင်းကြောင့် တစ်ခုတည်းသော ရွေးစရာဆို၍ အာကာယံကောင်းကင်ဂိုဏ်းသာ ရှိတော့သည်။
မီချီသည် လီကျောက် ထွက်သွားသည့် အရပ်ဆီသို့ လှောင်ပြုံးပြုံးကာ ကြည့်နေခဲ့လေသည်။ လီကျောက် အလွန်ကိုမှ အဖြစ်သည်းလွန်းနေသည်ဟု မီချီ စိတ်ထဲ ခံစားနေခဲ့ရသည်။ ရန်ကိုင်သည် မည်ကဲ့သို့သော နည်းလမ်းကို သုံး၍များ မီးနဂါးနန်းတော်အား သူ့လက်အောက်သို့ ခိုဝင်လာအောင် လုပ်နိုင်ခဲ့သလဲဆိုသည်ကိုတော့ မီချီ မသိပေ။ လီကျောက် ရန်ကိုင်အား မည်မျှကြောက်ရွံ့နေသလဲဆိုလျှင် ရန်ကိုင် ကိုယ်စားပင် သူ့စကားကို ဤနေရာသို့ လာပြောပေးခဲ့သည်ကို ကြည့်လျှင် သိနိုင်ပေသည်။
ရမ္မက်ရှာဂိုဏ်း ပျက်စီးသွားသည့် အကြောင်းကို မီချီ ကြားပေသည်။ ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ ထိုဂိုဏ်း ပျက်စီးသွားသည့် အကြောင်းကို မီချီအနေဖြင့် မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ရမ္မက်ရှာဂိုဏ်း၏ ခွန်အားသည် အာကာယံကောင်းကင်ဂိုဏ်းအောက် နိမ့်ကျခြင်း မရှိသည်မှာလည်း အမှန်ပင်ဖြစ်လေသည်။ ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းသည်ပင်လျှင် အလွယ်တကူ ဖျက်ဆီးခံလိုက်ရလေရာ အာကာယံကောင်းကင်ဂိုဏ်းသည်လည်း တောင့်ခံနိုင်လိမ့်မည် မဟုတ်။
သို့သော်ငြား ရမ္မက်ရှာဂိုဏ်း ပျက်စီးသွားခံရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရမ္မက်ရှာဂိုဏ်းမှ ပညာရှင်အားလုံး ရေခဲနှလုံးသားတောင်ကြားကို သွားရောက်တိုက်ခိုက်နေသည့်အတွက်ကြောင့် ဖြစ်သည်ဟု မီချီ ယုံကြည်နေပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ရေခဲနှလုံးသားတောင်ကြားမှ ပညာရှင်များနှင့်အတူ ပူးပေါင်း၍ ရမ္မက်ရှာဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်ရှင်းလင်းပစ်ခဲ့ခြင်း ဖြစ်သည်။
မီချီမှာတော့ ထက်ကောင်းကင်နန်းတော်အား တိုက်ခိုက်လိုခြင်း မရှိပေ။ သို့သော်ငြား ရန်ကိုင်သည်သာ သူ့အား ပြဿနာလာရှာမည်ဆိုလျှင်တော့ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်နှင့် ပညာရှင်များသည် ရန်ကိုင်၏ အင်အားစုများကို ရင်ဆိုင်ရန်အတွက် လုံလောက်ပေလိမ့်မည်။ ကံသာကောင်းလျှင် ရန်ကိုင်ကိုပင်လျှင် သတ်ပစ်ကောင်း သတ်ပစ်နိုင်ပေလိမ့်ဦးမည်။
ဂိုဏ်းနှစ်ဂိုဏ်းအကြားဝယ် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းမှာ လုံးဝကို မတူကွဲပြားသည့် ကိစ္စနှစ်ရပ် ဖြစ်ပေသည်။ သို့တိုင် မီချီ စိတ်ပူနေသည့် ကိစ္စတစ်ရပ်တော့ ရှိပေသည်။ ရန်ကိုင်၏ လက်အောက်တွင် မွန်းစတားဘုရင်သုံးပါး ရှိနေခြင်းပင်ဖြစ်သည်။ မွန်းစတာဘုရင်တစ်ပါးချင်းစီတိုင်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည့်အတွက်ကြောင့် ထိုသုံးပါးမှာ ရင်ဆိုင်ရလွယ်လိမ့်မည်တော့ မဟုတ်ပေ။ မီချီမှာ ခေါင်းခြောက်မတတ်ကို စဉ်းစားနေပြီးသည့်နောက် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိလိုက်သည့်အလား လက်ခုပ်ကောက်တီးလိုက်သည်။ ချက်ချင်းဆိုသလို အနက်ရောင်ဝတ်ရုံဝတ် လူတစ်ဦး အထဲသို့ ဝင်လာလေ၏။ မီချီသည် ထိုလူကို ကြည့်ရင်းမှ မေးလိုက်သည်။ "ဆေးဥယျာဉ်ထဲက ကျောက်စိမ်းပြားအသီး မှည့်ပြီလား"
မီချီ ဘာကြောင့် ထိုအကြောင်းအား ရုတ်တရက်ကြီး အစဖော်လာသလဲဆိုသည်ကို အနက်ရောင်ဝတ်ရုံနှင့်လူ မသိပါသော်ငြား ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "နောက်တစ်လအတွင်း မှည့်ပါလိမ့်မယ်"
မီချီက ခေါင်းညိတ်လိုက်သည်။ "ကောင်းတယ်၊ လူအိုကြီးတောက်ကို အဲဒီအသီးကို လာစားဖို့ ဖိတ်ခေါ်လိုက်"
အနက်ရောင်ဝတ်ရုံဝတ်လူသည် တလေးတစား ဦးညွှတ်လိုက်ပြီးနောက် ပြန်ထွက်သွားခဲ့လေသည်။
ထို့နောက်တွင် မီချီသည် ထက်ကောင်းကင်နန်းတော် ရှိရာဆီသို့ လှမ်းကြည့်ရင်းမှ အော်ရယ်မောလိုက်လေသည်။ [ရန်ကိုင် အိုး ရန်ကိုင်၊ မင်းကိုယ်မင်းသာ ကံကောင်းပါစေလို့ ဆုတောင်းပေတော့ပေါ့ကွာ၊ ငါတို့ အာကာယံကောင်းကင်ဂိုဏ်းကို လာအထင်သေးမိသွားရင် မင်းဒီနေရာကနေ ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားလို့ရမှာ မဟုတ်ဘူးကွ]
...
"ဂိုဏ်းချုပ်ရီလည်း လတ်တလော ထက်ကောင်းကင်နန်းတော် အခြေအနေကို သိမှာပေါ့ ဟုတ်တယ်မလား၊ တပည့်တွေက အများကြီးပဲ၊ တောင်တွေအကုန်လုံးလည်း တပည့်တွေနဲ့ပြည့်နေပြီ၊ အချို့တောင်တွေဆိုရင် တပည့်နှစ်ထောင် သုံးထောင်လောက်ကိုတောင် လက်ခံထားရတယ်၊ အဲဒါက ဒီအတိုင်း ပြွတ်သိပ်တိုးကြိတ်ပြီး နေနေရတဲ့ ဘဝမျိုး ရောက်နေတာ၊ ဒါပေမဲ့ ဂိုဏ်းချုပ်ရီရဲ့ ရွက်တစ်ထောင်ဂိုဏ်းကျတော့ လူနည်းနည်းလေးနဲ့ ဒီတောင်လေးမှာပဲ အေးအေးဆေးဆေး နေနေတယ်၊ တောင်သခင်တွေ တော်တော်များများက အခုအဲဒီကိစ္စနဲ့ ပတ်သက်ပြီး အထွန့်တက်နေကြတာ၊ တောင်မှာရှိနေတဲ့ ရွက်တစ်ထောင်ဂိုဏ်းသားတွေက အဲဒီလောက်များတာ မဟုတ်ဘူးလေ၊ ဒါကြောင့် သေသေချာချာ စဉ်းစားကြည့်ပြီးတော့ အခုလောလောဆယ် ဂိုဏ်းချုပ်ရီနဲ့ လာပြီးတော့ ဆွေးနွေးကြည့်တာ" ရန်ကိုင်သည် ကူကယ်ရာမဲ့စွာဖြင့် ရွက်တစ်ထောင်ဂိုဏ်းချုပ် ယီဟန်အား ကြည့်၍ ပြောလိုက်လေသည်။ သူတို့ အရှေ့ရှိ စားပွဲဝိုင်းမှာ အရက်များ၊ သောက်စရာများ၊ စားစရာများဖြင့် ပြည့်နေပါသော်ငြား တစ်ခုမှ ထိတွေ့ထားခြင်း မရှိသေးပေ။
"နန်းတော်သခင် ဘာပြောချင်နေတာလဲ" ယီဟန်သည် ရန်ကိုင်အား မေးမြန်းလိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျုပ် ဂိုဏ်းချုပ်ရီကို ထက်ကောင်းကင်နန်းတော်ဆီ အကြောင်းအရင်းအချို့ကြောင့် ပြန်ခေါ်လာခဲ့တာ၊ ပထမတစ်ခုကတော့ ဒီနေရာက ကျင့်ကြံရေးပတ်ဝန်းကျင်က အရမ်းကောင်းတယ်လေ၊ ဘာအနှောင့်အယှက်မှလည်း မရှိဘူး၊ ဒီတော့ ဂိုဏ်းချုပ်ရီတို့ အနားယူပြီး ပြန်ကောင်းလာအောင်လုပ်ဖို့ အဆင်ပြေတာပေါ့၊ ဒုတိယတစ်ချက်ကတော့ ရွက်တစ်ထောင်ဂိုဏ်း အခုလိုမျိုး ဒုက္ခရောက်ခဲ့ရတာ ကျုပ်နဲ့လည်း ပတ်သက်နေတယ်လေ၊ ကျုပ်ကိုယ်တိုင်လည်း အဲဒီအတွက်နဲ့ အမှန်တကယ်ကို လိပ်ပြာမလုံဘူး"
"နန်းတော်သခင် ချဲ့ကားပြောလွန်းနေပါပြီ၊ ရွက်တစ်ထောင်ဂိုဏ်း အဲဒီလို ဖျက်ဆီးခံလိုက်ရတာ အခြားဂိုဏ်းတွေကို မယှဉ်နိုင်တဲ့ ကျုပ်ကိုယ်ကျုပ်ပဲ အပြစ်တင်ရမှာ၊ ရှင်းရှင်းပြောရရင် နန်းတော်သခင် အခုလိုမျိုး ကာကွယ်ပြီး ကူညီပေးထားတာအတွက်တောင် ရွက်တစ်ထောင်ဂိုဏ်းက နန်းတော်သခင်ကို ကျေးဇူးတင်နေရဦးမှာ"
"အဲဒီလိုမျိုးတော့ ကျေးဇူးတင်နေစရာမလိုပါဘူး" ရန်ကိုင်က သူ့လက်ကို မြှောက်၍ တားကာ... "ဒီနေ့ ကျုပ်လူကြမ်းလာလုပ်တာ"
"နန်းတော်သခင် သေသေချာချာလေး ရှင်းပြပေးလို့ရမလား"
ရန်ကိုင်က ခါးသက်သက် အမူအရာဖြင့်... "ဆိုရိုးစကားတစ်ခုရှိတယ်လေ၊ ဂူတစ်ဂူထဲမှာ ကျားနှစ်ကောင် အတူမအောင်းဘူးလို့၊ အဲဒီလိုစကားမျိုးက အခုလိုအချိန်မျိုးမှာ ပြောဖို့ မသင့်တော်ဘူးဆိုပေမဲ့ ကျုပ်တော့ ပြောရတော့မှာ၊ ဂိုဏ်းချုပ်ရီ၊ ကျုပ် ခင်ဗျားတို့ ရွက်တစ်ထောင်ဂိုဏ်းသားတွေကို မောင်းထုတ်ချင်နေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အခုလောလောဆယ် အခြေအနေအရ ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ဂိုဏ်းနှစ်ဂိုဏ်း အတူရှိနေတာက သိပ်တော့အဆင်မပြေဘူးလေ၊ ဟုတ်တယ်မလား”
***