စွမ်းအင်လှံများနှင့် လက်ဝါးစည်းတံဆိပ်တို့ ထိပ်တိုက်တွေ့ဆုံတော့မည့်ဆဲဆဲတွင် လက်ဝါးစည်းတံဆိပ်သည် ရုတ်ခြည်း ငါးခုကွဲထွက်သွားသည်။ ၎င်းတို့သည် တစ်ခုပေါ်တစ်ခု ထပ်လျက် လေဟာနယ်ကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်း စွမ်းအင်လှံများ၏ အထက်သို့ ရောက်ရှိလာသည်။
ဘန်း
လက်ဝါးစည်းတံဆိပ်ငါးခုတွင် တာအိုစွမ်းအားများ ကိန်းဝပ်နေသဖြင့် စွမ်းအင်လှံများကို အသာစီးဖြင့် ဖိနှိပ်ပစ်လိုက်ပြီး တွမ့်မူရှန်းဆီသို့ တဟုန်ထိုး ကျရောက်လာတော့သည်။
တွမ့်မူရှန်းသည် နယ်ရှင်လှံကို မြှောက်၍ ကာကွယ်ထားသည်။ သူ၏လက်မောင်းများ ထုံကျဉ်လာသော်လည်း နယ်ရှင်လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲပင်။ သို့သော်လည်း သူသည် လျင်မြန်စွာပင် အောက်သို့ ဖိနှိပ်ခံလိုက်ရလေသည်။
ဘုန်း
အသက်တစ်ရှိုက်စာအတွင်းမှာပင် တွမ့်မူရှန်းသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ သူသည် လက်ဝါးစည်းတံဆိပ်များကို အစွမ်းကုန် အံတုတွန်းကန်ထား၏။ အပြာရောင်ကျောက်ပြားခင်းထားသော ကွင်းပြင်သည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ လုကျိုးက လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စအစအနများ လွင့်စဉ်သွားလေသည်။ အခြားသူများလည်း ပျံဝဲလာသော အပိုင်းအစများကို ကာကွယ်ရန် အကာအကွယ်စွမ်းအင်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ဤမျှဆိုလျှင် တိုက်ပွဲက ပြီးဆုံးသင့်ပြီ ဖြစ်သည်။ သို့သော် အသာစီးရလာသော ကျန်းရှောင်ရော့သည် တိုက်ပွဲကို ဤမျှမြန်မြန် ပြီးဆုံးစေလိုစိတ် မရှိပေ။ ဤအဆင့်လောက် အောင်နိုင်မှုဖြင့် သူ မတင်းတိမ်နိုင်သေး။ သူသည် လက်လျှော့မည့်အရိပ်အယောင် လုံးဝမပြသော တွမ့်မူရှန်းကို စူးစိုက်ကြည့်နေသည်။
ဂျွတ်
နယ်ရှင်လှံ၏ ကိုယ်ထည်သည် ပြင်းထန်သောဖိအားကြောင့် ကွေးညွှတ်သွားသည်။
“လောင်စန်း” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် အော်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် လေ့ကျင့်ရေးခန်းမအပြင်ဘက်ရှိ ဆောင်းဦးနှင်းစက်တောင်မှ တပည့်များကလည်း ဟစ်အော်လိုက်ကြသည်။
“ပဉ္စမသခင်လေး” လူတိုင်းက လုကျိုးနှင့် ချန်ဖူကို လှည့်ကြည့်လိုက်ကြ၏။ အကြီးအကဲနှစ်ဦးစလုံး၏ တည်ငြိမ်လှသော မျက်နှာထားများမှာ ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိကြောင်း ထင်ရှားနေသဖြင့် အခြားသူများမှာ ဆက်လက်ကြည့်ရှုနေရုံသာ ရှိတော့သည်။
တွမ့်မူရှန်းမှာမူ ထုံကျဉ်လွန်းသဖြင့် နာကျင်မှုကိုပင် မခံစားရတော့ပေ။
“ဘာလို့ ဒုက္ခခံနေဦးမှာလဲ၊ မင်းမှာ အင်အားမရှိတော့ပါဘူး” ကျန်းရှောင်ရော့က ဆိုသည်။
ထိုစဉ် တွမ့်မူရှန်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူသည် နယ်ရှင်လှံ၏ ကိုယ်ထည်ကို အားဖြင့် ပြန်လည်ဖြောင့်တန်းစေလိုက်သည်။ ယင်းကို မြင်သောအခါ ကျန်းရှောင်ရော့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်သည်။
“ရှစ်လွှာစည်းတံဆိပ်” ပြီးနောက် လက်ဝါးစည်းတံဆိပ် သုံးခုကို ထပ်မံထုတ်လွှတ်လိုက်ရာ အခြားငါးခုနှင့် ပေါင်းစပ်သွားတော့သည်။
ဘုန်း… ဘုန်း… ဘုန်း
နယ်ရှင်လှံ ထပ်မံကွေးညွှတ်သွားပြီး တွမ့်မူရှန်း၏ ခြေထောက်များသည် မြေကြီးထဲသို့ နစ်ဝင်သွားသည်။ လက်မောင်းပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ဝင်းလက်နေ၏။ သူသည် အရှုံးပေးရန် လုံးဝဆန္ဒမရှိပေ။ သူသည် အံကိုကြိတ်ကာ အော်ဟစ်လိုက်ပြီး နယ်ရှင်လှံကို အားဖြင့် ထပ်မံဖြောင့်တန်းလိုက်ပြန်သည်။
“မင်းက ဒီလိုဖြစ်နေမှတော့ ငါလည်း ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး။ ရှစ်လွှာစည်းတံဆိပ် နှစ်ခု”
ကျန်းရှောင်ရော့သည် လေပေါ်တွင် ဝဲပျံနေရင်း လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။ ယင်းကို မြင်သောအခါ ချန်ဖူ မျက်မှောင်ကျုံ့သွားပြီး လက်မြှောက်ရန် ပြင်လိုက်စဉ် လုကျိုးက သူ၏လက်ကို ပြန်ဖိချလိုက်သည်။
လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“ကြည့်နေလိုက်”
ရှစ်လွှာစည်းတံဆိပ်နှစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ထိုတိုက်ကွက်၏ ပြင်းအားကို အာရုံခံမိကြသည်။ အကယ်၍ တွမ့်မူရှန်းသာ လက်မလျှော့ပါက သေချာပေါက် အကြီးအကျယ် ဒဏ်ရာရသွားပေလိမ့်မည်။ သူတို့ ဝင်ရောက်ကူညီချင်သော်လည်း လုကျိုး၏ တည်ငြိမ်လှသော မျက်နှာထားကြောင့် လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
လက်ဝါးစည်းတံဆိပ်များ ကျရောက်လာချိန်တွင် တွမ့်မူရှန်း ညည်းတွားလိုက်ရပြီး သူ၏ခြေထောက်များမှာ မြေကြီးထဲသို့ ပေဝက်ခန့် နစ်ဝင်သွားသည်။ နယ်ရှင်လှံမှာ ထပ်မံကွေးညွှတ်သွားပြန်သည်။ တစ်ချိန်တည်းမှာပင် လှံကိုယ်ထည်ပေါ်ရှိ နဂါးရစ်ပတ်ပုံသဏ္ဌာန်မှာ ပြင်းထန်စွာ ဝင်းလက်လာပြီး လှံကျိုးတော့မည့် အရိပ်အယောင် ပြလာသည်။
“ဖယ်စမ်း” တွမ့်မူရှန်း ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏လက်မောင်းပေါ်ရှိ ခရမ်းရောင်နဂါးများမှာ ပေါက်ကွဲထွက်လာတော့သည်။ ၎င်းတို့သည် နယ်ရှင်လှံကို ချက်ချင်းပြန်ဖြောင့်တန်းစေပြီး ရှစ်လွှာစည်းတံဆိပ်များကို ဖယ်ရှားပစ်လိုက်သည်။
အလစ်အငိုက်မိသွားသော ကျန်းရှောင်ရော့သည် ခရမ်းရောင်နဂါးနှစ်ကောင်၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စဉ်သွားရသည်။ “မိစ္ဆာကျင့်ကြံသူလား”
ဆောင်းဦးနှင်းစက်တောင်၏ တပည့်များကလည်း တညီတညွတ်တည်း အာမေဋိတ်ပြုလိုက်ကြသည်။
“သူက မိစ္ဆာကျင့်ကြံသူလား”
တွမ့်မူရှန်းသည် မြေပြင်ကို ဆောင့်နင်းလိုက်ရာ စွမ်းအင်လှံများ လေထဲတွင် ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်နဂါးနှစ်ကောင်သည် အဆတစ်ထောင်မက ကြီးထွားလာပြီး လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအခြေအနေဖြင့် တွမ့်မူရှန်းသည် ကျန်းရှောင်ရော့ကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်လေတော့သည်။
ဆောင်းဦးနှင်းစက်တောင်၏ တပည့်များမှာ ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။ တစ်ယောက်က ပြောလိုက်သည်။
“ဆရာ... သူက မိစ္ဆာကျင့်ကြံသူပါ”
ချန်ဖူလည်း အံ့အားသင့်သွားသော်လည်း လုကျိုး၏ တည်ငြိမ်သော မျက်နှာထားကို မြင်သောအခါ လုကျိုးက ဤအချက်ကို သိထားပြီးဖြစ်မည်ဟု နားလည်လိုက်သည်။ ထို့ကြောင့် သူက အမိန့်ပေးလိုက်သည်။
“မလှုပ်နဲ့”
၎င်းကြောင့် ချန်ဖူ၏ တပည့်များမှာ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေရုံသာ တတ်နိုင်တော့သည်။ သူတို့နှစ်ဦး တိုက်ခိုက်နေစဉ် ကျန်းရှောင်ရော့က မေးလိုက်သည်။
“မင်းက တကယ်ပဲ မိစ္ဆာကျင့်ကြံသူ ဖြစ်နေတာလား”
“မိစ္ဆာကျင့်ကြံသူဆိုတာ ဘာလဲ” တွမ့်မူရှန်းက ပြန်မေးလိုက်သည်။
ကျန်းရှောင်ရော့သည် တွမ့်မူရှန်း၏ ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သော ပုံရိပ်ပွားများ ကျန်ရစ်ခဲ့သည်။
ဝှစ် ဝှစ် ဝှစ်
တွမ့်မူရှန်း၏ စွမ်းအင်လှံများသည် အရပ်မျက်နှာအနှံ့ ပျံထွက်သွားသည်။ သူ လှံကို ထိုးသွင်းလိုက်လေ ပိုမိုများပြားသော စွမ်းအင်လှံများ ပေါ်လာလေဖြစ်သည်။ နောက်ဆုံးတွင် သူသည် စွမ်းအင်လှံများဖြင့် စက်ဝိုင်းပုံ နယ်ပယ်ငယ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏လက်မောင်းများသည် မရပ်မနား လှုပ်ရှားနေပြီး ခရမ်းရောင်နဂါးများမှာ သူ့ပတ်လည်တွင် ပျံသန်းနေကြသည်။
“ဆရာသခင်လား” ချန်ဖူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “သူက တာအိုစွမ်းအားနဲ့ လေဟာနယ်နိယာမကို လှံနဲ့ ပေါင်းစပ်လှုံ့ဆော်လိုက်တာလား။ ထူးခြားလိုက်တဲ့ ဆရာသခင်ပါလား”
ချန်ဖူ၏ အသံဆုံးသည်နှင့်...
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။ စွမ်းအင်လှံများသည် တစ်စုံတစ်ရာနှင့် တိုက်မိသွားပုံရသည်။ တစ်ချိန်တည်းမှာပင် ပုံရိပ်ပွားများအားလုံး ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံမှ ထိုးကျလာသည်ကို မြင်လိုက်ရသည်။
ကျန်းရှောင်ရော့ သွေးအန်လျက် မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။ လူတိုင်း တံတွေးမျိုချလိုက်မိကြ၏။ တိုက်ပွဲက ပြီးဆုံးသွားပုံရသည်။
တွမ့်မူရှန်းသည် ကျန်းရှောင်ရော့နှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်သည်။ သူသည် နယ်ရှင်လှံကို အောက်သို့စိုက်ကိုင်ထားပြီး လဲကျနေသော ကျန်းရှောင်ရော့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်နဂါးများသည် သူ၏လက်မောင်းများဆီသို့ ပြန်လည်ဝင်ရောက်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ယိုယွင်းတိုက်စားခြင်း စွမ်းအင်များလည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူက ခေါင်းခါလျက် ပြောလိုက်သည်။
“ထပ်လုပ်ဦးမယ်”
တွမ့်မူရှန်းသည် နယ်ရှင်လှံကို မြေပြင်ပေါ် စိုက်ချလိုက်သည်။ တိုက်ပွဲက အရမ်းကျေနပ်စရာကောင်းနေသဖြင့် သူ မဝသေးပေ။ ဆောင်းဦးနှင်းစက်တောင်၏ တပည့်များမှာမူ တွေးတောကာ စိုးရိမ်နေကြသည်။
“ဒီလူက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး”
တွမ့်မူရှန်းသည် ကျန်းရှောင်ရော့၏ ခေတ္တပေါ်လာသော သတ်ဖြတ်လိုစိတ်ကြောင့် ဒေါသထွက်နေသဖြင့် ပြောလိုက်သည်။
“သူရဲဘောကြောင်တဲ့ကောင်... ထစမ်း၊ ငါနဲ့ ဆက်တိုက်စမ်း”
ကျန်းရှောင်ရော့မှာမူ မထနိုင်တော့ပေ။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးစများ မြင်တွေ့နေရပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။
ထိုအချိန်တွင် လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“တော်လောက်ပြီ”
ထိုစကားကြောင့် တွမ့်မူရှန်း၏ ဒေါသများ ချက်ချင်းပြေပျောက်သွားပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
“ဆုတ်တော့” လုကျိုးက လက်ဝေ့ယမ်းလျက် ထပ်ပြောလိုက်သည်။
“ဟုတ်ကဲ့” တွမ့်မူရှန်းသည် နယ်ရှင်လှံကို သိမ်းဆည်းလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။
တွမ့်မူရှန်း နောက်လှည့်လိုက်သည်နှင့် ကျန်းရှောင်ရော့သည် ရုတ်တရက် ခုန်ထလာသည်။ လေဟာနယ်မှာ အေးခဲသွား၏။ အေးစက်သော စွမ်းအင်တစ်ခုသည် ကျန်းရှောင်ရော့၏လက်မှ ပျံထွက်လာပြီး သူက အော်ဟစ်လိုက်သည်။
“ငါ မရှုံးသေးဘူး”
ဝှစ်
တွမ့်မူရှန်းသည် ကျောပြင်တစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသော်လည်း တုံ့ပြန်ရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူ စိတ်ထဲတွင် တွေးလိုက်မိသည်။
“ပြီးသွားပြီ...”
ထိုအချိန်တွင် လုကျိုး၏ လျစ်လျူရှုသော အသံ ထွက်ပေါ်လာသည်။ “မင်းကများ ရာရာစစ”
ကျန်းရှောင်ရော့ထက် အဆပေါင်းများစွာ ပိုမြန်သော ရွှေရောင်လက်ဝါးစည်းတံဆိပ်တစ်ခု ပျံထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရှောင်ရော့ကို လွင့်စဉ်သွားစေတော့သည်။
ကျန်းရှောင်ရော့ မြေပြင်ပေါ်သို့ ချက်ချင်း ပြန်လည်ကျရောက်သွားသည်။
“၀ူရှစ်တိ”
“လောင်ဝူ” ချန်ဖူ၏ တပည့်အချို့က ကျန်းရှောင်ရော့ကို ဖမ်းရန် ပြေးထွက်လာကြသည်။
“ငါတို့ ဒါကို သည်းခံနိုင်ပေမဲ့ သည်းမခံဘူးကွာ။ မင်းတို့က ယှဉ်ပြိုင်ချင်တယ်ဆိုတော့ ယှဉ်ပြိုင်ကြတာပေါ့။ အားနည်းတဲ့သူကို အနိုင်ကျင့်ရတာ ဘာများ ဂုဏ်ယူစရာ ကောင်းလို့လဲ”
ချန်ဖူ၏ တပည့်ဆယ်ဦးမှာ ယခုအချိန်တွင် အလွန် စည်းလုံးနေကြသည်။ ဟွားယင်၊ လျန်ယွီဖုန်းနှင့် ယွင်ထုန်းရှောင်တို့သည် မူလက ဂရုမစိုက်ခဲ့ကြသော်လည်း ယခု သူတို့၏ ၀ူရှစ်တိ ဒဏ်ရာရသွားသဖြင့် လက်ပိုက်ကြည့်နေတော့မည် မဟုတ်ပေ။ ထို့အပြင် အခြားသူများကလည်း မိစ္ဆာကျင့်ကြံသူဆီသို့ ပြေးဝင်သွားကြသဖြင့် သူတို့လည်း လိုက်ပါသွားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ချန်ဖူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“တော်ကြတော့” ပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။ ကံဆိုးစွာဖြင့် ချန်ဖူ၏အသံမှာ ဆူညံသံများအောက်တွင် ပျောက်ကွယ်သွားလေ၏။
ဝူး
ထိုအချိန်တွင် လုကျိုးသည် တွမ့်မူရှန်း၏ နောက်၌ ပေါ်လာပြီး လက်ဝါးကို အပြင်ဘက်သို့ လှည့်ထားလိုက်သည်။ ထို့နောက် သူက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတယ်”
ဆောင်းဦးနှင်းစက်တောင်မှ လူတိုင်းသည် ရွှေရောင်စွမ်းအင်စည်းတံဆိပ်ကြောင့် လွင့်ထွက်သွားကြပြီး ကျယ်လောင်သောအသံနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ တိုက်ကွက် တစ်ကွက်တည်းဖြင့် လုကျိုးက ကွင်းပြင်တစ်ခုလုံးကို ရှင်းလင်းပစ်လိုက်လေသည်။
***