ကွင်းထဲ အပြေးအလွှားဝင်သွားကြသည့် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် လုကျိုးကြောင့် လွင့်ထွက်သွားကြသည်။ သူ၏တိကျသောထိန်းချုပ်မှုသည် သူတို့၏သွေးနှင့်ချီကို ဆန်တက်လာစေသည်။ သူတို့၏လက်မောင်းကို ထုံကျဉ်သွားစေ၏။ ချန်ဖုကို ထောက်ထား၍သာ သူ သူတို့ကို မသတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုင် ထိုတိုက်ကွက်တစ်ခုတည်းဖြင့် သူတို့၏စိတ်နှလုံးထဲ အကြောက်တရားဆောင်ယူလာစေဖို့ လုံလောက်သည်။
လုကျိုးသည် လက်နောက်ပစ်ထားလျက် မြေပြင်ပေါ်တွင် နာကျင်စွာ လှဲနေသော လူများကို ကြည့်ပြီးပြောလိုက်၏။
“ချန်ဖုရဲ့တပည့်အနေနဲ့ မင်းက တကယ်ကြီးအလစ်တိုက်ခိုက်ရဲတယ်ပေါ့။ အရယ်ခံရမှာ မကြောက်ဘူးလား”
“သူက မိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ” ကျန်းရှောင်ရော့သည် လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားလျက် ကျန်လက်တစ်ဖက်ဖြင့် တွမ့်မူရှန်းကို ညွှန်ပြကာ စောဒကတက်လိုက်၏။ သူ စကားပြောရန်အတွက် သတ္တိအားလုံး ထည့်ထားရသည်။
“ပါးစပ်ပိတ်ထား” ထိုစဉ် ချန်ဖုက ထရပ်လိုက်၏။ အစောတည်းက စိတ်အခြေအနေမကောင်းဖြစ်နေပြီး သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။
ယင်းကိုမြင်သောအခါ ဆောင်းဦးနှင်းစက်တောင်၏တပည့်များသည် တုန်လှုပ်သွားကြလေ၏။ ချန်ဖုသည် အားနည်းဖျော့တော့နေပုံပေါ်သော်ငြား သူ၏မြင့်မြတ်သောနေရာနှင့် လူတိုင်း၏ရင်ထဲရှိ အခွင့်အာဏာသည် ပြောင်းလဲသွားခြင်းမရှိပေ။
ချန်ဖုသည် ကျန်းရှောင်ရော့ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လျက် သူ၏အမူအရာများက မည်းမှောင်နေကာ သူ့ကိုပြောလိုက်၏။
“ကောက်ကျစ်လိုက်တဲ့တပည့် မင်း ဘာတွေစဉ်းစားနေတာလဲ”
“ဆ... ဆရာ” ကျန်းရှောင်ရော့သည် ရေအေးဖြင့်လောင်းခံလိုက်ရသလိုပင် သူ၏ဆရာက အပြင်လူအတွက် ရပ်တည်ပေးရသည့်အကြောင်းအရင်းကို သူ နားမလည်ပေ။ အပြင်လူများကို ဤနေရာ၌ သူတို့စိတ်တိုင်းကျ ပြုမူနေထိုင်ခွင့်ပေးထားနိုင်မည်နည်း။
ကျန်းရှောင်ရှော့သည် သူ၏ဆရာကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်မိ၏။ သူ၏အကြည့်က မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများဆီရောက်သွားချိန်၌ ဒေါသထပ်ထွက်လာပြန်သည်။ သူ၏ဆရာသည် မဟာသူတော်စင်တစ်ပါးဖြစ်၏။ သူက ဤလူများကို အဘယ်ကြောင့် ကြောက်ရွံ့နေသင့်သနည်း။
ချန်ဖုက ဒေါသတကြီးဆက်ပြောလိုက်၏။
“တပည့်မိုက် ငါ သင်ပေးထားတာတွေ မေ့သွားပြီလား”
“ဆရာ ကျွန်တော် ကျွန်တော် ဘာအမှားလုပ်ခဲ့မိလို့လဲ” ကျန်းရှောင်ရော့က မေးလိုက်ကာ စိတ်ရှုပ်ထွေးသွားတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှလူများသည် ခေါင်းခါလိုက်ကြသည်။
ဤတစ်ခုတည်းဖြင့် ဆောင်းဦးနှင်းစက်တောင်၏တပည့်များနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များကြား မည်မျှကွာဟချက်ရှိကြောင်း သိသာသွားပြီဖြစ်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် ရှုတ်ချခံရလျှင် သူတို့က အကြောင်းအရင်းကို မေးမည်မဟုတ်။ သူတို့ရှစ်စွင်းက သူတို့ကိုရှုံ့ချလျှင်ဖြစ်စေ အပြစ်ပေးလျှင်ဖြစ်စေ သူတို့က ဘာမှမသိပင်လျှင် သူတို့အမှားကို ဦးစွာဝန်ခံ၏။ ဆိုရလျှင် ပြင်းထန်သည့် အမှားမဟုတ်သရွေ့ သူတို့သည် သူတို့၏ဆရာကို ဦးစွာလေးစားမှုပြသလိမ့်မည်။
ကျန်းရှောင်ရော့သည် ဘာအမှားလုပ်မိသည်ကို မသိသည်ကို မြင်လိုက်ရချိန်၌ ချန်ဖုက ဒေါသပိုတောင်ထွက်လာ၏။ သူက ပြောလိုက်သည်။
“ဒူးထောက်”
ကျန်းရှောင်ရော့က မည်မျှရဲတင်းစေကာမူ မည်မျှဒေါသထွက်စေကာမူ သူ၏ဆရာတူတပည့်များနှင့် ဆောင်းဦးနှင်းစက်တောင်၏ ကျန်သည့်ဂိုဏ်းသားများရှေ့၌ သူ့ဆရာ၏အမိန့်ကို မနာခံဘဲမနေရဲချေ။ သူက ချက်ချင်းဒူးထောက်လိုက်သည်။
ထောက်
ချန်ဖုက တင်းမာခက်ထန်စွာ မေးလိုက်၏။ “သူတို့က ငါ ဖိတ်ထားတဲ့ ဂုဏ်သရေရှိဧည့်သည်တွေပဲ။ မင်းကို လက်ရည်ယှဉ်ဖို့ ပြောခဲ့တာ ဒါပေမဲ့ မင်း အစောတုန်းက ဘာလုပ်ခဲ့လဲ”
“ဒါက ကျွန်တော်” ကျန်းရှောင်ရော့သည် ခဏတာတုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဆောင်းဦးနှင်းစက်တောင်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆောင်ယူခဲ့ချင်ရုံပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက ကျွန်တော်တို့မိတ်ဆွေတွေရဲ့ ကျင့်ကြံမှုက နက်နဲတယ်ဆိုတော့ အားကုန်ထုတ်သုံးလိုက်တာ။ လက်ရည်ယှဉ်တဲ့အချိန်မှာ ထိန်ချန်ထားသင့်တာမှန်ပေမယ့် ဓားမှာမျက်စိမရှိဘူးလေ။ လက်ရည်ယှဉ်နေတုန်း သူတို့ဘာမှမထိခိုက်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ ဆရာ”
ချန်ဖုသည် ဒေါသထွက်လွန်းသဖြင့် အပြင်းအထန် ချောင်းဆိုးတော့ပြန်သည်။ “မင်း ကျေးဇူးမသိတတ်တဲ့တပည့်။ မင်းက တကယ်ကျေးဇူးကန်းတာပဲ”
ကျန်းရှောင်ရော့၏စကားများသည် ချန်ဖု၏စိတ်အခြေအနေကို ကသောင်းကနင်းဖြစ်သွားစေ၏။ နှစ်ပေါင်းများစွာကြာအောင် သူသည် သူ၏တပည့်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားချိန်ကို မြင်တွေ့ရချိန် သို့မဟုတ် သူ၏တပည့်များစိတ်လိုက်မာန်ပါ ပြုမူသည်ကို မြင်တွေ့ရချိန်တောင် သူ၏ဒေါသကို မထိန်းချုပ်နိုင်တာမျိုး မရှိခဲ့ပေ။ သို့သော် ယနေ့ကျန်းရှောင်ရော့၏စကားများသည် သူ၏စိတ်အခြေအနေကို အနှောင့်အယှက်ပေးခဲ့သည်။
“ဆရာ” ကျန်းရှောင်ရော့က ထရပ်ပြီးအလွန်စိုးရိမ်နေပုံပေါ်၏။
“တော်လောက်ပြီ” လုကျိုးက ရုတ်တရက်ပြောလိုက်၏။ သူ၏အသံ၌ ကနဦးချီဖျော့ဖျော့ပါနေလေရာ လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
ယခုအချိန်၌ မည်သူမှစကားမပြောရဲတော့ချေ။
“ချန်ဖု မင်းရဲ့တပည့်တစ်ယောက်ကို သင်ပြပေးနေတဲ့အချိန် ငါက ဝင်မနှောင့်ယှက်သင့်ဘူး။ ဒါပေမဲ့ အခု ခင်ဗျားရဲ့ခန္ဓာကိုယ်က အားနည်းနေတာ။ ဒါ့အပြင် ခင်ဗျားရဲ့တပည့်တွေက ပုန်ကန်ဖို့စောင့်နေရုံပဲ” လုကျိုးက ပြောလိုက်၏။
ထိုစကားများသည် ချန်ဖုနှင့် သူ၏တပည့်၁၀ယောက်လုံးကို ရည်ညွှန်းနေသည်။ ချန်ဖု၏ တပည့်၁၀ယောက်သည် ထိုစကားများကို ကြားသောအခါ သူတို့စောဒကမတက်ရဲချေ။ ထိုအစား သူတို့တပြိုင်နက်တည်း ဒူးထောက်လိုက်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက်စပြောလိုက်သည်။
“ဒီလိုအရာမျိုး မလုပ်ရဲပါဘူး ဆရာ”
“ဆရာ့ကို သစ္စာရှိပါတယ်။ နေနဲ့လက ကျွန်တော့ကို သက်သေခံပါတယ်” တစ်ယောက်ပြီးတစ်ယောက် သူတို့သစ္စာရှိကြောင်း ထုတ်ပြောတော့သည်။
ယင်းကိုမြင်သောအခါ မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက အနေခက်လျက် ခေါင်းကုတ်နေကြ၏။ သူတို့သည် ထိုကဲ့သို့မြင်ကွင်းမျိုးကို ကြုံတွေ့ခဲ့ဖူးသလို ခံစားမိသည်။ ချန်ဖု စကားပြောတော့မည့်အချိန်တွင် လုကျိုးက စကားဖြတ်ပြောလိုက်၏။
“ခင်ဗျားက အိမ်ရှင် ကျုပ်က ဧည့်သည်တစ်ယောက်ပဲ။ ပုံမှန်အခြေအနေမှာဆို ဧည့်သည်က အိမ်ရှင်ရဲ့ဆန္ဒကို လိုက်လျောပေးသင့်တယ်။ ဒါပေမဲ့ အခု ခင်ဗျားအခြေအနေက မကောင်းဘူး။ သင့်တော်မယ်ထင်ရင် ခင်ဗျားကို ကျုပ် ဖြေရှင်းပေးမယ်။ ဘယ်လိုထင်လဲ”
ချန်ဖုသည် လုကျိုးပြောတာကို စိတ်အားထက်သန်စွာ သဘောတူလေ၏။ ကျန်းရှောင်ရော့၏ သတ်ဖြတ်လိုစိတ်သည် အစောတုန်းက သူ၏သတိပြုမှုမှ မလွတ်မြောက်ခဲ့ပေ။ ထို့အပြင် သူသည် လုကျိုးကို ဤနေရာသို့ဖိတ်ကြားခဲ့ခြင်းက လုကျိုးသည် လောကကြီးကို တာဝန်ယူဖို့ မျှော်လင့်ခဲ့သောကြောင့်ဖြစ်သည်။ သို့မှသာ ငြိမ်းချမ်းမှုဆက်လက်တည်တံ့နိုင်မည်။ ထို့အပြင် သူ၏တပည့်က လုကျိုး၏တပည့်ကို ခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်းကလည်း အမှန်ပဲဖြစ်သည်။ ဤကိစ္စကို လုကျိုးအားဖြေရှင်းခွင့်ပေးမှသာ မှန်လိမ့်မည်။ ဆန့်ကျင်ဖက်အနေဖြင့် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် သူ၏မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာရှိနေ၏။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ သူတို့ဆရာဆီကနေ ကျော်ကြားမှုကို ခိုးယူလိုက်တာ မဟုတ်ဘူးလား။ ချန်ဖုက ပြောလိုက်၏။
“အကြံကောင်းပဲ”
ဆောင်းဦးနှင်းစက်တောင်၏ တပည့်များ ဆွံ့အသွားတော့သည်။
လုကျိုးသည် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များကို ကြည့်လိုက်သည်။ ဤလောကထဲတွင် ယခုအခိုက်အတန့်၌ သူ့လောက်မည်သူမှ ချန်ဖုနှင့်ထပ်တူခံစားပေးနိုင်မှာမဟုတ်ပေ။ ပြီးနောက် သူက စိတ်အားထက်သန်စွာပြောလိုက်၏။
“မင်းတို့ရဲ့ဆရာ မဟာသူတောင်စင်ချန်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းပြီးချိန်ကစပြီး အပြန်အလှန်နားလည်သဘောပေါက်မှုရှိနေပြီ” ပြီးနောက် သူက ချန်ဖုဖက်လှည့်ပြီးပြောလိုက်၏။
“ခင်ဗျားရဲ့ ယုံကြည်မှုနဲ့ ဧည့်သည်အဖြစ်ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆောင်းဦးနှင်းစက်တောင်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့မိတ်ဆွေပါပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းက ဆောင်းဦးနှင်းစက်တောင်ရဲ့မိတ်ဆွေပဲ” ချန်ဖုက ပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်ပြီးနောက် လှမ်းခေါ်လိုက်သည်။ “ကျန်းရှောင်ရော့”
ကျန်းရှောင်ရော့သည် မှင်သက်သွားသည်။ “ချန်း ချန်းပေ့”
“ငါရဲ့တပည့်နဲ့လက်ရည်ယှဉ်တုန်းက အောင်ပွဲက မင်းရဲ့ဖမ်းဆုပ်မှုထဲမှာပဲ။ မင်း မှန်မှန်လေး တိုက်ခိုက်သွားနိုင်မယ်ဆိုရင် မင်း အနိုင်ရနိုင်မယ်။ မင်းက အနိုင်ရဖို့စိတ်စောပြီး စိတ်လိုက်မာန်ပါ ဖြစ်နေတာ။ သတ်ဖြတ်လိုစိတ်တောင် ပေါ်လာသေးတယ်။ မင်း ဝန်ခံလား” လုကျိုးက မေးလိုက်၏။
ကျန်းရှောင်ရော့က စောဒကတက်ပြန်၏။ “သတ်ဖြတ်လိုစိတ်လား။ ချန်းပေ့ ကျုပ်ကို မစွပ်စွဲပါနဲ့။ ကျုပ် ဘယ်လိုလုပ်သတ်ဖြတ်လိုစိတ်ပေါ်ပါ့မလဲ။ ကျုပ်တို့လက်ရည်ယှဉ်နေရုံပဲ။ လက်ရည်ယှဉ်တုန်း ဒဏ်ရာရမှု ရှောင်နိုင်တာမှမဟုတ်တာ”
ကျန်းရှောင်ရော့က ငြင်းရန်ကြိုးစားနေတာကို မြင်ပြီး လုကျိုးက ခေါင်းခါလျက် သက်ပြင်းချပြီးပြောလိုက်သည်။ “မင်းကိုနောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်”
ကျန်းရှောင်ရော့သည် ထိုခြိမ်းခြောက်သော စကားများကြောင့် အနည်းငယ်ထိတ်လန့်သွားတော့သည်။ မျက်နှာသေဖြစ်နေသော သူ၏ဆရာဖက်ကိုကြည့်လိုက်ပြန်၏။ ပြီးနောက် သူ သဘောပေါက်သွားတော့သည်။ လက်ရည်ယှဉ်ခြင်းသည် ဆင်ခြေတစ်ခုသာဖြစ်၏။ သူ၏ဆရာသည် ကူညီပေးမည့်သူရှာတွေ့သွားပြီးဖြစ်သည်။ ဤအသိအမြင်ဖြင့် သူက ခေါင်းခါစွာပြောလိုက်တော့သည်။
“ကျုပ်တကယ် ဘာအမှားမှမလုပ်ခဲ့ဘူး”
လုကျိုးသည် သက်ပြင်းထပ်ချလျက် ချန်ဖုကို မေးလိုက်တော့သည်။ “သူတော်စင်ချန်း ဒါက ခင်ဗျားရဲ့တပည့်ပဲ။ သူ့ကို ဘယ်လိုဖြေရှင်းချင်လဲ”
အတိတ်တုန်းကသာဆိုလျှင် ချန်ဖုသည် ထရပ်ပြီး ကျန်းရှောင်ရော့ကို သွန်သင်ပေးဦးမှာဖြစ်သည်။ ကံဆိုးသည်မှာ ယခုသူကအားနည်းပြီး သေခါနီးပြီဖြစ်၏။ သူ သေရမှာကို မကြောက်ရွံ့ပေ။ သို့သော် လောကကြီးကို လက်မလွှတ်နိုင်။ မဟုတ်လျှင် အစောတည်းက လောကကြီးနှင့် စည်းခြားထားမည်ဖြစ်သည်။
နောက်ဆုံး၌ ချန်ဖုက ပြောလာ၏။ “အစ်ကိုလု ဆန္ဒရှိသလိုလုပ်ပါ”
ချန်ဖု၏တပည့်များက ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ယင်းသည် တဖက်လူ၏လက်ထဲ သူတို့အသက်ကို ထည့်ပေးလိုက်ခြင်းနှင့်တူ၏။ သူတို့ရင်ထဲအေးစိမ့်သွားတော့သည်။
ထိုစဉ် လုကျိုးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ “သိပ်ကောင်းတယ်” ပြီးနောက် သူသည် ကျန်းရှောင်ရော့ကို ထပ်ကြည့်ပြီးပြောလိုက်၏။ “မင်းဆရာရဲ့ကိုယ်စား မင်းကို အပြစ်ပေးမယ်။ နောင်ကျ မင်း ပြောင်းလဲသွားဖို့ မျှော်လင့်တယ်”
ကျန်းရှောင်ရော့သည် ပိုတောင်ဒေါသထွက်လာပြီး မလိုမလားဖြစ်လာ၏။
“နေဦး” ချန်ဖုက ရုတ်တရက်ပြောလိုက်၏။ လုကျိုးသည် သူ၏ကိုယ်စားအလွန်သက်ညှာပြီးဖြစ်တာကို သိသည်။
“ခင်ဗျား သူ့ကို ကာကွယ်ချင်တာလား”
ချန်ဖုက ခေါင်းခါပြီး ပြောလိုက်သည်။ “ကျန်းရှောင်ရော့ မင်း အရှေ့ဖက်မြို့တော်က သံတမန်နဲ့ ပူးပေါင်းတုန်းက ငါ တကြိမ်သတိပေးခဲ့ပြီးပြီ။ အခု မင်းနောက်တစ်ခေါက် ထပ်ကျူးလွန်တာဆိုတော့ မင်း အပြစ်ပေးခံရမယ်။ အပြစ်အနေနဲ့မင်းရဲ့မွေးဖွားဇယားချပ် သုံးခုကို ဖျက်ဆီးပစ်မယ်။ ဒီအပြစ်ဒဏ်ကို လက်ခံလား”
“မွေးဖွားဇယားချပ် သုံး သုံးခုလား”
ချန်ဖု၏တတိယတပည့် ကျိုးကွမ်း၊ ချန်ဖု၏စတုတ္ထတပည့် ယွင်ထုံးရှောင်နှင့် ဆရာသခင်မဟုတ်သည့် ကျန်သည့်သူများက ချက်ချင်းဒူးထောက်လိုက်သည်။
“ဆရာ လောင်ဝူက မှားပေမယ့် သူ့ရဲ့မွေးဖွားဇယားချပ်သုံးခုကိုဖျက်ဆီးတာက မမှန်ပါဘူး။ ဒီပြစ်ဒဏ်က ပြင်းထန်လွန်းတယ်မဟုတ်ပါလား” ကျိုးကွမ်းက ပြောလိုက်၏။
“ဟုတ်တယ် ဆရာ။ လောင်ဝူက ဆရာသခင်ဖြစ်တာ မကြာသေးဘူး။ ဆရာသခင်တွေက သုံးရက်အတွင်း သူတို့မွေးဖွားဇယားချပ်တွေကို ပြန်ဖွဲ့တည်နိုင်တယ်ဆိုပေမယ့် အချိန်တိုအတွင်း သင့်တော်တဲ့အသက်ဓာတ်နှလုံးသားကို ဘယ်လိုရှာရမလဲ” ယွင်ထုံးရှောင်က ပြောလိုက်၏။
“ဝူရှစ်တိကို သက်ညှာပေးဖို့ တောင်းပန်ပါတယ်”
“ဆရာသက်ညှာပေးဖို့ တောင်းပန်ပါတယ်”
ချန်ဖုသည် သူ့တပည့်များ၏တောင်းပန်မှုကို လျစ်လျူရှုထားလျက် ဆက်ပြောလိုက်သည်။ “မင်းရဲ့ဇယားသုံးခုကို ဖျက်ဆီးတာအပြင် မင်း ဒီသုံးရက်အတွင်းပြန်လည်ဖွဲ့တည်ခွင့်မရှိဘူး”
ချန်ဖု၏တပည့်များက တညီတညွတ်တည်းလှမ်းအော်လိုက်၏။ “ဆရာ”
***