ဆောင်းဦးနှင်းစက်တောင်၏ တပည့်များက လျိုကျန်း၊ ကျန်းရှောင်ရော့နှင့် ကျန်သည့်သူများကို ခေါ်ဆောင်သွားကြသည်။
ချန်ဖုက ပြောလိုက်လေ၏။
“ဝေ့ချန်းနဲ့ စုပျယ်... ဒီနေ့ဖြစ်ရပ်က မင်းတို့အတွက် သင်ခန်းစာလို့ သတ်မှတ်ထားလိုက်။ ပြန်သွားပြီး မင်းတို့အမှားကို သုံးသပ်ကြ”
ထိုစကားကို ကြားသောအခါ သူတို့နှစ်ယောက်က အပျော်လွန်သွားလေ၏။ သူတို့က ချန်ဖုကို ချက်ချင်း ဦးညွှတ်လျက် ပြောလိုက်သည်။
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သူတော်စင်ချန်”
သူတို့နှစ်ယောက်က သူ့ကို ကျေးဇူးတင်တာ မလုံလောက်သေးပေ။ စုပျယ်သည် အစ၌ ဘာမှထပ်မပြောချင်သော်ငြား သူက ရှင်းပြလိုက်သေး၏။
“သူတော်စင်ချန်... ဒီကိစ္စမှာ ကျုပ်တို့ရဲ့ အမှားကို သဘောပေါက်သွားပါပြီ။ ကျုပ်တို့နှစ်ယောက်က ရုံးတော်ကို ပံ့ပိုးပေးနေတာက လောကကြီးရဲ့ လူသားတွေအတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ။ ကျုပ်တို့တွေက အာဏာနဲ့ အဆင့်အတန်းရဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ သူက မဟာလေဟာနယ်နဲ့ ပူးပေါင်းနေတာ ကျုပ်သိခဲ့ရင် သူ့ကို ဘယ်တော့မှ ကူညီပေးမှာ မဟုတ်ဘူး။ သူတော်စင်ချန်... ကျုပ်တို့နှစ်ယောက် သေသင့်တဲ့အပြစ် ကျူးလွန်ခဲ့မိတာ သိပါတယ်။ ဒီတစ်ခေါက် ပြန်သွားပြီးရင် ငြိမ်းချမ်းစွာနေပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတော့မယ်။ လောကီရေးရာကို ဂရုမစိုက်တော့ဘူး”
သူတော်စင်ချန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဒီလောက်ထိ ပြင်းထန်ဖို့ မလိုဘူး။ လောကကြီးရဲ့ တည်ငြိမ်မှုက ပြည်သူပြည်သားတွေအပေါ် မူတည်နေသေးတယ်”
စုပျယ်က ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
ထိုသို့ပြောပြီးနောက် သူသည် သူ့နောက်တွင် ရပ်နေသော လုကျိုးကို ကြည့်ကာ လေးစားမှု အရိပ်အယောင်ဖြင့် ပြောလိုက်၏။
“ဒီဘဝမှာ ဒုတိယမြောက် သူတော်စင်တစ်ယောက် တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး”
သူတို့က လုကျိုးကို ဦးညွှတ်ပြီးနောက် လှည့်ထွက်သွားတော့သည်။ လုကျိုးသည် သူတို့ကို တားရမှာ ပျင်းရိလွန်းနေ၏။
ဆောင်းဦးနှင်းစက်တောင်ရှိ ထိုပုပ်သိုးသော ကိစ္စများက တဖြည်းဖြည်း အဆုံးသတ်သွားပေလိမ့်မည်။ ၎င်းတို့က အသေးအမွှားများသာ ဖြစ်၏။
ချန်ဖုသည် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်၏။ သူတို့ ပြန်လည်သုံးသပ်သင့်သည့် ကိစ္စများကို သုံးသပ်ရမည်ဖြစ်သည်။ ပြီးနောက် သူသည် လုကျိုးနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များကို လေ့ကျင့်ရေးခန်းမသို့ ဖိတ်ကြားလိုက်၏။ ချန်ဖု၏ လေ့ကျင့်ရေးကွင်းက အတော်လေး ဆိတ်ငြိမ်သည်။
များမကြာမီ ဆောင်းဦးနှင်းစက်တောင်ကလည်း တိတ်ဆိတ်သွားတော့သည်။
အကူလေးက မိစ္ဆာဝေဟင်မျှော်နန်း၌ အနှစ် ၂၀ ကြာ စောင့်ကြပ်နေခဲ့ရကြောင်း ချန်ဖုကို ပြောပြချိန်၌ သူက အလွန်အံ့ဩသွားတော့သည်။
“အစ်ကိုလု... ဒီနှစ် ၂၀ အတွင်း ဘယ်သွားနေတာလဲ”
ချန်ဖုက သံသယဖြင့် မေးလိုက်၏။ လုကျိုးက ပြောလိုက်သည်။
“တိတိကျကျ ပြောရရင် နှစ်ပေါင်းတစ်ရာကျော်တယ်။ ကျုပ်တပည့်ကိုးယောက်လုံးက အတော်လေး ပါရမီထူးပြီး လေ့ကျင့်ဖို့ လိုအပ်တယ်လေ။ ဒါကြောင့် အမည်မသိကုန်းမြေမှာ နှစ်ပေါင်းတစ်ရာကြာနေခဲ့တယ်။”
ချန်ဖုက အနည်းငယ် အံ့ဩသွားလေ၏။
“အမည်မသိကုန်းမြေမှာ နှစ်ပေါင်းတစ်ရာလား... မဟာလေဟာနယ် ဧကရာဇ်က ပျက်စီးခြင်းတိုင်လုံးကို မသွားဖို့ သတိပေးခဲ့ဖူးတယ်။ အဲ့ဒီနေရာမှာ ရုတ်ရုတ်သဲသဲ အားလုံးဖြစ်စေခဲ့တဲ့သူက ခင်ဗျားလား”
လုကျိုးက ဘာကိုမှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်၏။
“ချန်ဖု...”
သူသည် ဆုံးရှုံးမှုကြီးတစ်ခု ခံစားလိုက်ရသလိုပင် ရုတ်တရက် ခံစားလိုက်ရ၏။ လုကျိုးသည် သူ၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ ပြောလိုက်သည်။
“ကျုပ်ကြောင့် မဟာလေဟာနယ် ဧကရာဇ်က ခင်ဗျားကို အပြစ်ပေးတာ။ ဒီကိစ္စကို ခင်ဗျားအတွက် တရားမျှတမှု ရှာပေးမယ်”
“အဟွတ်... အဟွတ်...”
ချန်ဖုသည် ချောင်းနှစ်ချက်ခန့် ဆိုးပြီး သက်ပြင်းချလိုက်လေ၏။
သူသည် လုကျိုး ပြောတာကိုပဲ ကြားဖူးသည်။ မဟာလေဟာနယ် ဧကရာဇ်သည် ကြာနယ်မြေကိုးခုလုံး၌ လေးစားခံရသည့် ပုဂ္ဂိုလ်ဖြစ်၏။ သို့သော်ငြား သူသည် မဟာလေဟာနယ်နှင့် အလှမ်းဝေးနေသေးသည်။
လုကျိုးက ပြောလိုက်၏။
“သူ ကျုပ်ဆီ မလာရင်တောင် ကျုပ် ခင်ဗျားဆီ လာမလို့ပါ”
“အော်...”
“ပါရမီအရာမှာ ဒီလောကထဲမှာ ကျုပ်တပည့်တွေနဲ့ ဘယ်သူမှ မယှဉ်နိုင်ဘူး”
လုကျိုးက ထိုအချက်ကို ထုတ်ပြလိုက်၏။ သို့သော် ထိုအချက်သည် ချန်ဖုကို မျက်မှောင်ကြုတ်မိသွားစေသည်။ ဆိုရလျှင် သူသည်လည်း ထိပ်တန်းဆရာတစ်ဆူ ဖြစ်သည်။ သူ့တပည့်များက ရှုံးနိမ့်ခဲ့သော်လည်း သူ့ရှေ့တွင် ကြွားလုံးထုတ်ခြင်းက မသင့်တော်သည် မဟုတ်ပါလော။
ချန်ဖုက ခေါင်းညိတ်လိုက်၏။
“ခင်ဗျားရဲ့ တပည့်တွေက တကယ်မဆိုးဘူးပဲ”
လုကျိုးက ဆက်ပြောပြီး သူ၏လေသံက အလွန်တည်ငြိမ်နေသည်။
“သူတို့တွေက အထွတ်အထိပ် သက်ရှိလောင်းလျာတွေပဲ။ ဒါကြောင့်...”
“အဟွတ်... အဟွတ်... အဟွတ်... အဟွတ်... အဟွတ်...”
ချန်ဖုသည် အဆက်မပြတ် ချောင်းဆိုးတော့သည်။ ယင်းကို မြင်သောအခါ သူ၏ အစေခံက အမြန်ရှေ့တိုးလာ၏။ လုကျိုးသည် ကုသခြင်းစွမ်းအားကို သုံးလိုက်၏။ အသက်စွမ်းအားက သူ့ကို အနည်းငယ် ပိုသက်သာလာစေသည်။
ချန်ဖုက ပြောလိုက်၏။
“အထွတ်အထိပ် သက်ရှိလောင်းလျာတွေလား...”
“ဒါကြောင့် သူတို့ တံခါးပိတ် ကျင့်ကြံဖို့အတွက် ဒီနေရာကို ခေါ်လာတာ။ ပြီးတော့ သူတော်စင်တွေလည်း အသက်ခြိမ်းခြောက်တဲ့ အန္တရာယ်ကို ဖြေရှင်းဖို့အတွက် နည်းလမ်းရှိတယ်။ အထူးသဖြင့် သူတော်စင်တွေမှာလည်း အသက်ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုးမှာပေါ့”
လုကျိုးက တည်ကြည်စွာ ပြောလိုက်၏။
အစိမ်းရောင်ကြာနယ်မြေတွင် ကောင်းကင်ကြိုးတန်း ရှိသည်။ သူတို့က သွားလိုက်ပြန်လိုက် လုပ်နေစရာ မလိုအပ်ပေ။ သို့သော် လက်ရှိအခြေအနေက သိပ်မကောင်း။ မဟာလေဟာနယ်က အချိန်မရွေး လူလွှတ်နိုင်၏။
ချန်ဖုသည် လုကျိုးကို ဂရုတစိုက် လေ့လာလိုက်သည်။ သူ၏ အမူအရာက လေးနက်တည်ကြည်နေပြီး စနောက်နေပုံမပေါ်ပေ။ သူ၏ သိမြင်နားလည်မှု စွမ်းအားကို သုံးကာ မိစ္ဆာဝေဟင်မျှော်နန်း၏ လူများကို လွှမ်းခြုံပေးလိုက်ပြီး တပည့်ကိုးယောက်လုံးကို အာရုံစိုက်လိုက်၏။
သူ့ကိုယ်သူ ဖုံးကွယ်ရာ၌ အလွန်တော်သောကြောင့် ဖြစ်ဟန်တူပြီး ချန်ဖုက ဒဏ်ရာရထားသဖြင့် ဘာကိုမှ အာရုံမခံမိပေ။ သူတို့၏ ကျင့်ကြံမှု မဆိုးရွားကြောင်းသာ သိ၏။ တချို့ကဆို သူမှန်းဆနိုင်သည်ထက်တောင် ကျော်လွန်နေသည်။ ဥပမာအနေဖြင့် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် တိုင်ကို မှီရပ်နေသော လူငယ်၊ ဓားနှင့်တူသောငြား ဓားမဟုတ်၊ ချိတ်ကောက်နှင့်တူသော်ငြားချိတ်ကောက်မဟုတ်သည့် လက်နက်နှင့် ဆော့ကစားလေ့ရှိသော လူငယ်။ ဓားသခင်တစ်ယောက်လည်း ရှိသည်။ အငယ်ဆုံးနှင့် အပြစ်ကင်းပုံပေါ်သည့် မိန်းမငယ်လေးလည်း ရှိနေသေး၏။
လုကျိုးသည် ယင်းကို မြင်သောအခါ ပြောလိုက်၏။
“စစ်ဆေးကြည့်ဖို့ မလိုတော့ဘူး။ သူတို့တွေအားလုံးက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရယူပြီးပြီ”
မဟာလေဟာနယ်မှ မျိုးစေ့ဆယ်စေ့ ပျောက်သွားသည့် ကိစ္စကို မျှော်နန်းမှ လူများ သိထားသရွေ့ အဆင်ပြေ၏။ ချန်ဖုက အားကိုးရသော်ငြား ဤကိစ္စကို ထပ်ပြော၍မရပေ။
ချန်ဖုက တအံ့တဩ ပြောလိုက်တော့သည်။
“သူတို့တွေက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရယူပြီးပြီတဲ့လား”
သူသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ကြည့်လိုက်၏။ တပည့်ကိုးယောက်၊ အကြီးအကဲများ၊ လက်ဝဲတမန်တော်၊ လက်ယာတမန်တော်နှင့် ကာကွယ်စောင့်ရှောက်သူများ။
ဒီလူတွေကလည်း အသိအမှတ်ပြုမှု ရအောင်ယူနိုင်တယ်တဲ့လား။
ချန်ဖုက မျက်မှောင်ကြုတ်မိသွား၏။ လုကျိုးက သူ့ကို အမှန်ပြင်ပေးလိုက်သည်။
“ခင်ဗျား နားလည်မှုလွဲနေပြီ။ ကျုပ်ရဲ့ တပည့်တွေအကြောင်း ပြောတာ”
ချန်ဖုက ခေါင်းညိတ်ပြီးနောက် သက်ပြင်းချလိုက်ပြန်၏။
“အစ်ကိုလု... ခင်ဗျားက တပည့်ကောင်းတွေကို သင်ပြပေးထားတာပဲ”
သူ၏ ဆိုးရွားလှသော တပည့်များအကြောင်း တွေ့မိသောအခါ ဝမ်းနည်းလာပြီး ချောင်းဆိုးတော့၏။ ချောင်းဆိုးသံတချို့ ထွက်လာပြီးနောက် ချန်ဖုက တည်ငြိမ်သွားကာ ပြောလိုက်၏။
“ခင်ဗျား တံခါးပိတ် ကျင့်ကြံဖို့ နေရာရှာချင်တယ်ဆို မခက်ခဲပါဘူး။ ဆောင်းဦးနှင်းစက်တောင်မှာ အံ့မခန်းနေရာတစ်ခု ရှိတယ်”
***