လုကျိုးက ပြောလိုက်လေ၏။
“ပြောရရင် ဒါက ခင်ဗျားရဲ့ နယ်မြေပဲလေ”
“အဆင်ပြေပါတယ်။ ဆောင်းဦးနှင်းစက်တောင်မှာ လူများများစားစား မရှိဘူး။ ဒီနေရာရဲ့ မြောက်ဘက်မိုင်တစ်ရာအကွာလောက်မှာ သင်းပျံ့တောင်ကြား လို့ခေါ်တဲ့ နေရာတစ်ခု ရှိတယ်။ အဲ့ဒါက ဆောင်းဦးနှင်းစက်တောင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ခင်ဗျား အဲ့ဒီမှာ သွားကျင့်ကြံနေရင် ဘယ်သူမှ လာမှာမဟုတ်ဘူး”
ချန်ဖုက ပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်လိုက်လေသည်။ ချန်ဖုက ဆက်ပြောလိုက်လေ၏။
“သင်းပျံ့တောင်ကြား က သူ့ရဲ့နာမည်အတိုင်းပဲ မွှေးရနံ့တွေ သင်းပျံ့နေတာ။ ပန်းပေါင်းတစ်ရာကျော်က အဲ့ဒီမှာ ဖူးပွင့်နေကြတယ်။ တချို့က အဆိပ်ရှိပြီး တချို့က မရှိဘူး။ သင်းပျံ့တောင်ကြားရဲ့ အနက်ဆုံးအပိုင်းမှာ မိုးနဲ့မြေ၊ နေနဲ့လရဲ့ အဆီအနှစ်ကို စုပ်ယူတဲ့ ထူးဆန်းတဲ့ပန်းတစ်မျိုး ရှိတယ်။ သူက လူတွေကို ယစ်မူးစေပြီး အင်မတန် ပြင်းထန်တဲ့ နာကျင်မှုကို ဆောင်ယူလာပေးနိုင်တဲ့ သင်းရနံ့တစ်ခု ထုတ်လွှင့်တယ်။ အဲ့ဒီပန်းနားမှာ မွေးဖွားစမ်းသပ်မှု ကို ကျော်ဖြတ်ရင် ကောင်းလိမ့်မယ်။ စိတ်စွမ်းအား အားနည်းတဲ့သူတွေက အဲ့ဒီမှာ မွေးဖွားစမ်းသပ်မှု ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်”
“လျှို့ဝှက်နေရာလား”
လုကျိုးက မေးလိုက်၏။ ချန်ဖုက ရယ်မောပြီး ပြောလိုက်လေ၏။
“အဲ့ဒီနေရာကို ကာကွယ်ထားတဲ့ ရှေးဟောင်းအစီအရင်တစ်ခု ရှိတယ်။ ကုန်းမြေကွဲအက်တုန်းက ဖန်တီးခဲ့တာ။ တာအိုသူတော်စင်တွေတောင် အစီအရင်ကို မဖြိုခွင်းနိုင်ဘူး။ ဒါပေမဲ့ ဧကရာဇ်တွေထဲက တစ်ပါးဆိုရင်...”
မင်ရှစ်ရင်က အပြုံးတစ်ပွင့်ဖြင့် ဝင်ပြောလိုက်လေ၏။
“ဧကရာဇ်တွေက ဒီလောက်အားနေတာလား။ ဒါ့အပြင် ခင်ဗျားမပြော၊ ကျုပ်မပြောရင် အဲ့ဒီမှာ ကျုပ်တို့ ကျင့်ကြံနေတာ ဘယ်သူက သိမှာလဲ”
ချန်ဖုသည် မင်ရှစ်ရင်၏ စကားကို ကြားသောအခါ တစ်စုံတစ်ခု မှားနေသလို ခံစားလိုက်ရ၏။ သူက လုကျိုးကို ကြည့်ပြီး မေးလိုက်သည်။
“အမည်မသိ ကုန်းမြေမှာ ခင်ဗျား ဘယ်လောက်တောင် ကြီးမားတဲ့ အရှုပ်အထွေးတွေ ဖန်တီးခဲ့တာလဲ”
“အရေးမကြီးပါဘူး၊ ပြောဖို့မလိုဘူး”
လုကျိုးက ပြောလိုက်၏။
ချန်ဖုသည် လုကျိုး၏ လက်ကို ညင်သာစွာ ဖိလျက် ပြောလိုက်လေ၏။
“သိပ်အရေးကြီးတယ်။ ခင်ဗျား ကျုပ်ကို မီးပုံထဲ တွန်းလိုက်တာ”
လုကျိုးက လေသံ အတက်အကျမရှိ ပြောလိုက်လေ၏။
“ချန်ဖု... မင်းဆီ ငါ့ဘာကြောင့် လာလဲ သိလား”
“ဘာလို့လဲ...”
“ပထမအချက်က ခင်ဗျားက မဟာလေဟာနယ်ကို စိန်ခေါ်ရဲလို့ပဲ။ သူတို့ကို ခြိမ်းခြောက်ဖို့ ဒီနယ်မြေကို အသုံးချပြီး ခင်ဗျားနဲ့ သဘောတူညီချက် ရယူဖို့ သူတို့ကို ဖိအားပေးနိုင်ခဲ့တယ်။ ဒုတိယအချက်က ခင်ဗျားဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ ဒါကြောင့် လောကကြီး ပြောင်းလဲသွားဖို့ ခင်ဗျား မျှော်လင့်သင့်တယ်။ တတိယအချက်က ခင်ဗျား ကျုပ်ကို ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ ခေါ်သွားပေးဖူးတာ”
“ခင်ဗျားသာ သူတို့အဆင့်ရောက်ရင် မြင့်မြင့်ရပ်နိုင်မယ်ဆိုတာ သိသာနေရဲသားနဲ့ ခင်ဗျား မလုပ်ခဲ့ဘူး။ ခင်ဗျားလိုပဲ ကျုပ်လည်း သူတို့ဆီ မသွားချင်ဘူး။ ကျုပ်ရဲ့ တပည့်တွေရောပဲ”
ပြီးနောက် လုကျိုး၏ တပည့်များအားလုံး တညီတညွတ်တည်း ပြောလိုက်လေ၏။
“ရှစ်စွင်း နောက် သေသည်အထိ လိုက်မယ်လို့ ကျိန်ဆိုပါတယ်”
ချန်ဖု...
ချန်ဖုသည် သူတို့မျက်နှာထက်ရှိ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာကို မြင်သောအခါ သက်ပြင်းချလိုက်၏။
“မဟာလေဟာနယ် ဘယ်လောက်အစွမ်းထက်လဲဆိုတာ ခင်ဗျားသိသင့်တယ်။ ဒီလိုလုပ်တာက သစ်ပင်ကို လှုပ်ခါနေတဲ့ ပုရွက်ဆိတ်တစ်ကောင်နဲ့ မခြားဘူး”
“ခင်ဗျားလည်း အဲ့လိုပဲ လုပ်ခဲ့တာ မဟုတ်လား”
ချန်ဖုသည် တိတ်ဆိတ်သွားလေ၏။ အတိတ်အကြောင်းကို စဉ်းစားမိချိန်၌ သူက ငေးမောကာ မှိုင်တွေနေမိသွား၏။ သူ ငယ်ရွယ်စဉ်က စိတ်လိုက်မာန်ပါ ရှိခဲ့ပြီး ခွဲခွာမှုများစွာ တွေ့ကြုံခဲ့ရသည်။ သူတော်စင်တစ်ပါး ဖြစ်လာချိန်၌ ကျင့်ကြံမှု၏ အခက်အခဲနှင့် သူ၏ ရည်မှန်းချက်များကို တွေးခဲ့မိသည်။ အချိန်ကာလ လွန်လာသည်နှင့် သူ မည်ကဲ့သို့ ဤပုံစံဖြင့် အဆုံးသတ်သွားမှန်း မသိလိုက်ရပေ။
ချန်ဖုက ထိုအကြောင်းကို စဉ်းစားနေပုံပေါ်ပြီး ပြောလိုက်၏။
“ကောင်းပြီ... ခင်ဗျားကို အဖော်ပြုပေးဖို့ ကျုပ်အသက်ကို စွန့်စားမယ်။ ကျုပ် ပေါ့ပေါ့တန်တန်နဲ့ စိတ်လိုက်မာန်ပါ ထပ်လုပ်ကြည့်တာပေါ့”
လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ထိုစကားများကြောင့် ဝမ်းသာသွားလေ၏။
မင်ရှစ်ရင်က ပြောလိုက်၏။
“ဒီကိစ္စက ပေါ့ပေါ့တန်တန်တော့ မဟုတ်ပါဘူး။ သူတော်စင်ချန်... မဟာလေဟာနယ်က ဘယ်လောက်သန်မာလဲဆိုတာ မေးလို့ရမလား”
ယခင်က သူတို့သည် တွမ့်မူရှန်း၏ ဘိုးဘေး တွမ့်မူထျန်း ကို တွေ့ခဲ့စဉ်က ထိုအကြောင်း မေးရန် အချိန်မရှိခဲ့ပေ။ သူတို့ ချန်ဖုနှင့် ရှိနေပြီဖြစ်သောကြောင့် မဟာလေဟာနယ်အကြောင်း ပိုမိုရှာဖွေဖော်ထုတ်ရန် အခွင့်အရေးကောင်း ရှိလာပြီဖြစ်သည်။
“ကျုပ် မဟာလေဟာနယ်ကို တစ်ခါမှ မရောက်ဖူးဘူး။ ကျုပ်သိထားတာက မဟာလေဟာနယ်ရဲ့ သံတမန်တွေဆီကပဲ... အထွတ်အမြတ်ခန်းမ ၁၀ ခုအထက်မှာ အထွတ်အမြတ်ဘုရားကျောင်း ရှိတယ်။ ခန်းမ ၁၀ ခုရဲ့ ခန်းမသခင်တွေ အားလုံးက အထွတ်အထိပ်သက်ရှိတွေပဲ။ ဘယ်လို အထွတ်အထိပ်သက်ရှိလဲဆိုတာတော့ ငါလည်း သေချာမသိဘူး။ အထွတ်အမြတ်ခန်းမရဲ့ ခန်းမသခင်က မဟာဧကရာဇ်တွေထဲက တစ်ပါး။ အဲ့ဒါအပြင် မဟူရာဧကရာဇ် ကျိကွမ်းကျီ၊ မိုးပြာဧကရာဇ် လင်းဝေ့ယန်၊ ကြက်သွေးဧကရာဇ် ချီပျောင်နူ၊ အဖြူရောင်ဧကရာဇ် ပိုင်ကျောက်ကျွမ်း တို့ရှိတယ်”
လုကျိုးက အခွင့်အရေးကို အမိဖမ်းကာ မေးလိုက်တော့သည်။
“ခင်ဗျား အဖြူရောင်ဧကရာဇ်ကို သိလား”
ချန်ဖုက ခေါင်းခါလိုက်၏။
“သူတို့တွေ အားလုံးက ရှေးကျင့်ကြံသူတွေပဲ။ ကုန်းမြေမကွဲအက်ခင်က သူတို့ ပျောက်ကွယ်သွားတယ်။ တစ်ချိန်လုံး မဟာလေဟာနယ်မှာ ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်သလို သူတို့သေသွားတာလည်း ဖြစ်နိုင်တယ်”
“ဒီအဖြူရောင်ဧကရာဇ်က အသက်ရှင်နေလောက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါ အရေးမကြီးဘူး။ ကျေးဇူးပြုပြီး ဆက်ပြောပါဦး”
“ဘယ်သူမှ ထာဝရအသက်မရှင်နိုင်ဘူး။ သူတို့ရှင်သန်နိုင်ခြေက အင်မတန်နည်းပါးတယ်”
လုကျိုးက ဘာမှမပြောခဲ့ပေ။ သို့သော် ချန်ဖုပြောတာ မှန်နေခဲ့လျှင် အဖြူရောင်ဧကရာဇ်၏ တံဆိပ်ပြားနှင့် ဝတ်ရုံဖြူ ကျင့်ကြံသူများက မည်သူနည်း။
ကုန်းမြေကွဲအက်ပြီး နှစ်ပေါင်းတစ်သိန်း ကုန်လွန်သွားပြီဖြစ်သည်။ အထွတ်အထိပ်သက်ရှိတို့၏ သက်တမ်းက နှစ်ပေါင်းတစ်သိန်းကျော်၏။ မဟာဧကရာဇ်များက အတိအကျ အသက်မည်မျှ ရှိနေပြီနည်း။
ချန်ဖုက ဆက်ပြောလိုက်၏။
“မဟာလေဟာနယ်က အချိန်တစ်ခုကြာတိုင်း နယ်မြေကိုးခုက ပါရမီရှင်တွေကို ခေါ်ယူပြီး မဟာလေဟာနယ်ဆီ ခေါ်သွားတတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက သူတို့က ပညာရှင်အမြောက်အမြားကို စုစည်းနိုင်ခဲ့တယ်။ ခန်းမ ၁၀ ခုနဲ့ အထွတ်အမြတ်ခန်းမအပြင် မဟာတာအိုသူတော်စင်အပါအဝင် သူတော်စင် ၁၂ ပါးလည်း ရှိတယ်”
လူတိုင်း ထိတ်လန့်သွားလေ၏။ မဟာလေဟာနယ်၏ ခွန်အားက တကယ်ကြောက်မက်ဖွယ် ကောင်းလှသည်။
“သူတို့က လူသားတွေပဲ ရှိသေးတာ။ မဟာလေဟာနယ်က ကြမ်းတမ်းခက်ထန် သားရဲတွေ အများအပြားကို ထိန်းချုပ်ထားတယ်။ အံ့ဖွယ်သားရဲတွေထဲမှာ ရှေးအံ့ဖွယ်သားရဲနဲ့ ရှေးသူတော်စင်သတ်ဖြတ်သူတွေ ရှိတယ်”
ချန်ဖုက လေးစားသော ပုံစံဖြင့် ပြောလိုက်၏။ ပြီးနောက် သူက လုကျိုးဘက် လှည့်ပြောလိုက်သည်။
“ခင်ဗျား မဟာအသူရာမြေကို ရောက်ခဲ့တယ်မလား။ ကျုပ် အဲ့ဒီကို ရောက်ခဲ့ဖူးတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“မဟာအသူရာမြေရဲ့ လက်ရှိအုပ်စိုးသူက တောင်ပံမျိုးနွယ်ရဲ့ ဧကရာဇ်ယွီပဲ။ အဲ့ဒီမှာ အစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန် သားရဲတွေ အများကြီးရှိပြီး သူက အမည်မသိကုန်းမြေထဲမှာ နေရောင်ရတဲ့ တစ်ခုတည်းသောနေရာပဲ”
ချန်ဖုသည် လုကျိုး၏ စကားကြောင့် အံ့ဩသွားခြင်းမရှိပေ။ ပြတင်းပေါက်ကို ကြည့်ကာ ရေရွတ်ပြောလိုက်၏။
“နေရောင်ရှိတဲ့ တစ်ခုတည်းသောနေရာ...”
နှစ်မြွှာကြာနယ်မြေသည် နေရောင်မမြင်တွေ့ခဲ့ရတာ ကြာလှပြီဖြစ်၏။ မည်သည့်အချိန်ကျမှ အလင်းရောင်ထပ်မံ ပေါ်လာမည်နည်း။
ချန်ဖုက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဲဒီနေရာက ဘယ်လိုမျိုးလဲ”
“ကျွန်မ ပြောပြမယ်”
ရှောင်ယွမ်အာက ထိုသို့ပြောပြီးနောက် သူမမြင်တွေ့ခဲ့သမျှကို စိတ်အားထက်သန်စွာ ပြောပြလိုက်၏။ နေရောင်ခြည် ငှက်တို့၏ တကျီကျီအော်မြည်သံ၊ မွှေးရနံ့သင်းပျံ့သော ပန်းပွင့်များ စသဖြင့် သူမ ဘာကိုမှ မချန်ခဲ့ပေ။ ပြီးနောက် သူမက တောင်ပံမျိုးနွယ်အကြောင်း ပြောပြပြီး ဧရာမကြမ်းတမ်းခက်ထန် သားရဲနှင့် ခေါင်းသုံးလုံးမျိုးနွယ်အကြောင်း ပြောပြခဲ့၏။
ချန်ဖုသည် ရှောင်ယွမ်အာ ပြောတာကို နားထောင်ပြီး အံ့ဩသွားတော့သည်။ သူက
“မဟာအသူရာမြေမှာ အကြီးဆုံး ဖျက်ဆီးခြင်းတိုင်လုံး ရှိတယ်ဆိုတာ ကြားဖူးတာကြာပြီ။ အဲ့လောက်ကြီးမယ်လို့ မထင်ထားဘူး။ မိုးနဲ့မြေကို ထောက်ပံ့ပေးတဲ့ အကြီးဆုံး ဖျက်ဆီးခြင်းတိုင်လုံးက ထင်တဲ့အတိုင်းပဲ”
လုကျိုးက ခေါင်းခါပြီး ပြောလိုက်၏။
“ဖျက်ဆီးခြင်းတိုင်လုံးဆယ်ခုက အက်ကွဲတော့မဲ့ပုံပဲ။ မိုးနဲ့မြေက ဖိအားက သူတို့ကို ပြုပြင်ပေးနေတာ။ လူသားတွေ ဖြေရှင်းနိုင်တဲ့အရာ မဟုတ်ဘူး။ မဟာလေဟာနယ်က ကင်းလှည့်အဖွဲ့တွေ ပို့ပို့ပြီးပဲ ကူညီပေးနိုင်တယ်။ တိုင်လုံးက တစ်နေ့ကျ ပြိုလဲသွားမလားဆိုတာ ဘယ်သူက သိမှာလဲ”
“ကျုပ် သဘောမတူဘူး”
လုကျိုးက ဆက်ပြောလိုက်၏။
“အမည်မသိကုန်းမြေထဲမှာ နေထိုင်တဲ့လူသား များများစားစား မရှိဘူး။ ကြမ်းတမ်းခက်ထန် သားရဲတွေတော့ အများကြီးပဲ။ ဒါပေမဲ့ မျှခြေမညီမျှမှုဖြစ်တိုင်း ကြမ်းတမ်းခက်ထန် သားရဲတွေက ဝင်လာတယ်။ ဒါက သူတို့တွေက လူသားတွေ ထင်နေသလို တုံးအတဲ့သူ မဟုတ်ဘူးလို့ ဆိုလိုတာပဲ။ ပင်လယ်သားရဲတွေက မိုးပြိုကျရင် သက်ရောက်ခံရမှာ မဟုတ်ဘူး။ ဒါတွေအားလုံး ထည့်စဉ်းစားရင် မိုးပြိုရင်တောင် သိပ်မဆိုးရွားဘူး။ ဒါ့အပြင် အမည်မသိကုန်းမြေက နေအလင်းရောင်ကို ထပ်မံ မြင်တွေ့ရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လူသားတွေအဖို့ အမည်မသိကုန်းမြေဆီ ပြန်သွားပြီး နေရောင်ကို မြင်တွေ့ရမယ်ဆို ဘယ်လောက်ကောင်းမလဲ”
“မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်လုံးဆယ်ခုကို ပြိုလဲခွင့် ပေးမှာမဟုတ်ဘူး။ သူတို့တွေက သက်ရှိအားလုံးကို ကာကွယ်ဖို့လို့ ဆိုပေမဲ့ တကယ်တမ်းတော့ သူတို့အဆင့်အတန်းနဲ့ နေရာကို ထိန်းသိမ်းဖို့ပဲ”
ချန်ဖုက သက်ပြင်းချလိုက်လေ၏။ ယင်းကို သူ မည်ကဲ့သို့ မသိဘဲ နေမည်နည်း။ သို့သော် မဟာလေဟာနယ်၏ အစွမ်းထက်မှုကြောင့် သူတို့ကို မည်သူက မေးရဲမည်နည်း။
များမကြာမီ၌ ဆောင်းဦးနှင်းစက်တောင်သည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ လေ့ကျင့်ရေးခန်းမထဲတွင်မူ အလင်းတချို့သာ အမှောင်ထုထဲ ရံဖန်ရံခါ ပေါ်ထွက်လာသည်။
ထိုစဉ် ငယ်ရွယ်သည့် ကျင့်ကြံသူလေးတစ်ယောက်က အလျင်စလို ပြေးဝင်လာပြီး ဦးညွှတ်ကာ ပြောလိုက်၏။
“သူတော်စင်... နောက်ထပ် ဂုဏ်သရေရှိဧည့်သည်တစ်ယောက် ရောက်နေပါတယ်”
“နောက်ထပ် ဂုဏ်သရေရှိဧည့်သည်လား”
ချန်ဖုက အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားသည်။ ချန်ဖု ပြန်မတုံ့ပြန်ရသေးခင် အပြင်ဘက်မှ အသံတစ်သံ ဝင်လာ၏။
“ချန်ဖု... မတွေ့ရတာ ကြာပြီ”
ထိုအသံသည် အသံဩဇာနှင့် ပြည့်စုံပြီး ယုံကြည်ချက်ပြည့်ဝ၏။ လုကျိုးက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
“အားလုံးသွားကြ”
“ဟုတ်ကဲ့”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းသည် ချန်ဖု၏ လေ့ကျင့်ရေးခန်းမ အနောက်ဘက်တံခါးကနေ ထွက်သွားသည်။ မကြာမီ၌ အသက် ၆၀ ဝန်းကျင်ခန့် ရှိပုံပေါ်သည့် အဘိုးအိုတစ်ယောက်က ဝတ်ရုံရှည်ဝတ်ထားလျက် လက်နောက်ပစ်ကာ ဖြေးဖြေးချင်း လျှောက်လာသည်။
ထိုအဖိုးအိုသည် သာမန်ပုံပေါ်သော်ငြား သူတော်စင်များဖြစ်သော လုကျိုးနှင့် ချန်ဖုတို့သည် တာအိုစွမ်းအားမှ စွမ်းအင်ကို ခံစားမိနေသည်။ လုကျိုးက မျက်ခုံးတစ်ဖက် ပင့်မိသွား၏။
“ဒီလူက ဘယ်သူလဲ”
ထိုစဉ် ချန်ဖုက ထရပ်လျက် အဘိုးအိုဘက်လှည့်ကာ လက်သီးဆုပ်မိုးလိုက်သည်။
“လက်စသတ်တော့ တာအိုသူတော်စင်လီ ကိုး”
တာအိုသူတော်စင်လီသည် လုကျိုးကို တစ်ချက်ကြည့်ပြီးနောက် ချန်ဖုဘက် လှည့်ကြည့်ပြီး ပြောလိုက်သည်။
“မင်း ဖျော့တော့နေပုံပဲ။ ဒါပေမဲ့ မင်းရဲ့ မိတ်ဆွေနဲ့ ဒီလောက်ပျော်ပျော်ရွှင်ရွှင် စကားပြောဖို့ အချိန်ရှိသေးတယ်ပေါ့”
“ဒါက ကျုပ်တို့ ဆောင်းဦးနှင်းစက်တောင်ရဲ့ မိတ်ဆွေပါ။ သူ့ရဲ့ မျိုးရိုးက လု”
တာအိုသူတော်စင်လီသည် လုကျိုးကို စူးရှစွာ ကြည့်လိုက်၏။ ပြီးနောက် သူက မျက်မှောင် အနည်းငယ်ကျုံ့ကာ ပြောလိုက်သည်။
“ကြာနယ်မြေကိုးခုထဲမှာ တခြားသူတော်စင်တွေ ရှိမယ်လို့ မထင်ထားဘူး”
“သူက သူတော်စင်အသစ်ပါ”
“အံ့ဩစရာ မရှိဘူးပဲ”
တာအိုသူတော်စင်လီသည် ခေါင်းညိတ်လျက် သူ့ဘာသာသူ ပြောလိုက်၏။ အမှန်တရား ချိန်ခွင်က သူ့ကို အာရုံမခံနိုင်တာ အံ့ဩစရာ မရှိဘူး။
လုကျိုးက တာအိုသူတော်စင်လီကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“ခင်ဗျားက မဟာလေဟာနယ်ကလား”
“မင်းက အတော်လေးလျင်သားပဲ”
တာအိုသူတော်စင်လီက ထိုင်ချပြီးနောက် ပြောလိုက်တော့သည်။
***