ကျောက်စိမ်းတံဆိပ်ပြားကို မြင်သောအခါ လီချွင်းသည် မျက်မှောင်ကြုတ်မိသွားကာ သူ့၏မျက်လုံးထဲ၌ အံ့ဩမို့အရိပ်အယောင် ပေါ်လာလေ၏။ သို့သော် အမြန်သတိကပ်သွားပြီးနောက် မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်တော့သည်။
"ဒီတော့ ခင်ဗျားက အဖြူရောင်ဧကရာဇ်ဆီကကိုး။ နှစ်မြွှာကြာနယ်မြေထဲမှာ နောက်ထပ်သူတော်စင်တစ်ပါး ရှိနေတာ အံ့ဩစရာမရှိဘူးပဲ”
လုကျိုးက အဖြူရောင်ကျောက်စိမ်းတံဆိပ်ကို ထုတ်လာလိမ့်မည်ဟု မထင်မှတ်ထားသော ချန်ဖုက အံ့ဩပြီး စဉ်းစားလိုက်တော့သည်။ ကျောက်စိမ်းတံဆိပ်ကို သိမ်းပြီးနောက် လုကျိုးက သူ့၏နေရာသို့ ပြန်ထိုင်လိုက်၏။
လီချွင်းသည် သူ့၏ မောက်မာထောင်လွှားမှုများကို ဘေးချိတ်ထားလျက် လုကျိုးရှေ့ လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
"ခင်ဗျားက အဖြူရောင်ဧကရာဇ်ဆီကမှန်း မသိခဲ့ဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
လုကျိုးသည် အဖြူရောင်ဧကရာဇ်က မဟာအသူရာမြေအား သူတို့ကို ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်ခွင့် ချီးမြှင့်ပေးနိုင်ခဲ့သောကြောင့် အဖြူရောင်ဧကရာဇ်၏ ဂုဏ်သတင်းနှင့် အထောက်အထားကို အံ့ဩခြင်းမရှိခဲ့ပေ။ ဤမတိုင်မီက လီချွင်းသည် လုကျိုးအကြောင်း များများစားစား မစဉ်းစားခဲ့ပေ။ သို့သော် လုကျိုးနောက်၌ အဖြူရောင်ဧကရာဇ် ရှိနေလေရာ သူသည် လုကျိုးကို အလေးအနက် ထားရတော့မည်။
လုကျိုးက မေးလိုက်၏။
"ခင်ဗျားက ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်တွေကို ခေါ်သွားဖို့ အစီအစဉ်ရှိသေးတာလား”
လီချွင်းက တောင်းပန်စကား ဆိုလိုက်သည်။
"အဖြူရောင်ဧကရာဇ်က ဒီနေရာကို လူလွှတ်လိုက်ပြီဆိုတော့ ဒီကိစ္စကို ဆက်မပြောတော့ပါဘူး။ အဖြူရောင်ဧကရာဇ်ဆီ သတင်းပါးပေးပါဦး။ အချိန်ရှိတဲ့အခါ ရွှမ်းယီနန်းတော်ကို လာလည်ဖို့ မျှော်လင့်ကြောင်း ပြောပေးပါ။ ကျုပ်တို့ ခန်းမသခင်က သူ့ကို အချိန်မရွေး ကြိုဆိုနေပါတယ်”
"သတင်းပါးပေးပါမယ်”
လုကျိုးက ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ သူ့၏မျက်နှာထားက ပြောင်းလဲမှုမရှိသလို နှလုံးခုန်နှုန်းက ပိုမြန်လာခြင်းလည်း မရှိပေ။
လီချွင်းက ပြုံးပြီး ပြောလိုက်၏။
"ကျုပ်က ဆောင်းဦးနှင်းစက်တောင်က တပည့်တွေကို ခေါ်မသွားဘူးဆိုပေမဲ့ တခြားသူတွေ ရောက်လာလိမ့်မယ်။ သူတို့ကို တစ်သက်လုံး မဖွက်ထားနိုင်မှာစိုးတယ်”
"ဘယ်သူလဲ”
"ထုဝေ့ခန်းမရဲ့ ကျန့်ဝမ်ရွှီ”
လီချွင်းက ဆက်ပြောလိုက်၏။
"ထုဝေ့ခန်းမက အမည်မသိကုန်းမြေထဲမှာ ငွေရောင်ချပ်ဝတ်အစောင့် သုံးထောင်ကျော် ဆုံးရှုံးခဲ့တယ်။ ငွေရောင်ချပ်ဝတ်အစောင့်တွေက ထုဝေ့နန်းတော်ရဲ့ ပင်မခွန်အားပဲ။ နှစ်ပေါင်းများစွာကြာအောင် သူတို့တွေက မဟာလေဟာနယ်ကို အထောက်အပံ့ ပေးခဲ့တာ။ အမည်မသိကုန်းမြေထဲမှာ သူတို့ရှင်းထုတ်ခံလိုက်ရလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ သူတို့ရဲ့ လူအင်အား အရေးတကြီး လိုနေမှုကြောင့် ထုဝေ့ခန်းမက အဖြူရောင်ဧကရာဇ်ကို လှစ်လျူရှုထားမှာ စိုးတယ်”
လုကျိုးသည် အနက်ရောင်ချပ်ဝတ်အစောင့်များနှင့် ငွေရောင်ချပ်ဝတ်အစောင့်များ အမည်မသိကုန်းမြေ၌ ပဋိပက္ခဖြစ်ပွားခဲ့တာကို ပြန်တွေးမိပြီး မေးလိုက်တော့သည်။
"နှစ်ဖက်လုံးက မဟာလေဟာနယ်ကပဲလေ။ ခင်ဗျားတို့က ဘက်မတူဘူးလား”
လီချွင်းက ရယ်မောလိုက်၏။
"ယေဘုယျအားဖြင့်တော့ ကျုပ်တို့က အရေးပါတဲ့ စည်းမျဉ်းတွေကို လိုက်နာတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အတွေးအခေါ်နဲ့ ဆောင်ရွက်ပုံတွေက မတူညီကြဘူး။ ဥပမာအနေနဲ့ ရွှမ်းယီနန်းတော်က ထုဝေ့ခန်းမရဲ့ ငွေရောင်ချပ်ဝတ်အစောင့်တွေရဲ့ လုပ်ရပ်ကို မထောက်ခံဘူး”
"မဟာလေဟာနယ်ဧကရာဇ်က ဂရုမစိုက်ဘူးလား”
"ခန်းမဆယ်ခုက စည်းမျဉ်းမဖောက်ဖျက်သရွေ့၊ မိုးနဲ့မြေရဲ့ မျှခြေကို မဖျက်ဆီးသရွေ့ နေရာအတွက် တိုက်ခိုက်ခွင့် ရှိကြောင်း မဟာလေဟာနယ်ဧကရာဇ်က ခွင့်ပြုချက် ပေးထားတာ”
လီချွင်းက ပြောလိုက်သည်။
ထို့နောက် ချန်ဖုသည် စိုးရိမ်ပူပန်သွားပုံပေါ်ကာ အကြိမ်အနည်းငယ် လျှောက်သွားလိုက်၏။ ပြီးနောက် သူက သက်ပြင်းချလျက် ပြောလိုက်လေ၏။
"ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒဖြစ်နေမလား”
"စဉ်းစားထားကြည့်လိုက်။ မင်းရဲ့တပည့်တွေကို ရွှမ်းယီနန်းတော်ဆီ အချိန်မရွေး လာဖို့ ပြောလို့ရတယ်။ အဖြူရောင်ဧကရာဇ်ကြောင့် မင်းကို ဖိအားမပေးတော့ဘူး။ ပြီးတော့ မင်းရဲ့ဆန္ဒကို လေးစားပေးမယ်”
လီချွင်းသည် ထရပ်ပြီးနောက် အပြင်ဘက်ရှိ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏။ သူရောက်ချိန်၌ မှောင်နေပြီဖြစ်သည်။ သူ ဤနေရာ၌ တစ်ညနေရန် စီစဉ်ထားခဲ့သည်။ သို့သော် ဤနေရာ၌ အဖြူရောင်ဧကရာဇ်၏ လူရှိနေသောကြောင့် ထွက်သွားရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။ သူက ဝင်းပေါက်ဆီ လျှောက်သွားပြီးနောက် ပြန်လှည့်လာကာ မေးလိုက်သည်။
"ချန်ဖု... မင်းမှာ အချိန်ဘယ်လောက်ရှိသေးလဲ”
"ဘယ်သူသိမှာလဲ။ ဒီညထိပဲ ဖြစ်ရင်ဖြစ်မယ်။ မနက်ဖြန်ထိပဲ ဖြစ်နိုင်တာပဲ”
"မင်းက မဟာလေဟာနယ်ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကနေ ရှင်သန်နိုင်ခဲ့တာပဲ။ ထုဝေ့ခန်းမနဲ့ ကျန့်ဝမ်ရွှီက လူကောင်းတွေ မဟုတ်ကြောင်း သတိပေးဖို့ ရက်အနည်းငယ်အတွင်း ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက် လီချွင်းက လေထုထဲ ပျောက်ကွယ်သွားတော့သည်။ ခန်းမက တိတ်ဆိတ်သွားလေ၏။ ချန်ဖု မည်သည်ကို တွေးနေမှန်း မည်သူမှ မသိပေ။
"ဆောင်းဦးနှင်းစက်တောင်က ဒီကပ်ဘေးကနေ လွတ်မြောက်မှာ မဟုတ်ဘူး”
"တာ့ဟန်ကတောင် ဒီကပ်ဘေးကနေ လွတ်မြောက်မှာ မဟုတ်ဘူး”
ချန်ဖုက သက်ပြင်းချလိုက်၏။ သူသည် အစက လုကျိုး၏ စွမ်းအားကို ငှားယူပြီး သူ့၏တပည့်များကြား ပဋိပက္ခကို ဖြေရှင်းကာ ပြင်ပလောကကို ရင်ဆိုင်ချိန်တွင် သူတို့ကို စည်းလုံးညီညွတ်အောင် လုပ်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် အခြေအနေများက သူမှန်းဆနိုင်သည်ထက် ကျော်လွန်သွားပြီဖြစ်သည်။ ခဏအကြာ၌ ချန်ဖုက မေးလိုက်သည်။
"အမည်မသိကုန်းမြေထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ”
"ငါထင်တာမမှားရင် ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ အခြေအနေက ပိုဆိုးလာပြီ”
လုကျိုးက ပြောလိုက်၏။
ချန်ဖုက မျက်မှောင်ကြုတ်မိသွားသည်။ သူသည် လုကျိုးကို ဖျက်ဆီးခြင်းတိုင်လုံးအချို့ဆီသို့ နောက်ဆုံးအခေါက် ခေါ်သွားစဉ်က ၎င်းတို့သည် ပုံမှန်အတိုင်း ဖြစ်နေ၏။ သူ အချိန်တော်ကြာ မှင်တက်နေပြီးနောက် အမည်မသိကုန်းမြေရှိရာဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုလု... တိုင်လုံးတွေ ပြိုလဲတော့မယ်လို့ ဆိုလိုတာလား”
"ခန့်မှန်းထားရုံပါပဲ”
ချန်ဖုက ထရပ်လျက် လက်နောက်ပစ်ကာ ရှေ့လျှောက်နောက်လျှောက် လျှောက်လိုက်၏။ သူသည် ဒယ်အိုးပူပူပေါ်၌ ရပ်နေသော ပုရွက်ဆိတ်တစ်ကောင်ပမာ စိုးရိမ်ပူပန်နေပြီး သောကမအေး ဖြစ်နေသည်။
"ဘာလို့ ဒီလောက် စိုးရိမ်ပူပန်နေတာလဲ”
"မိုးပြိုရင် ကမ္ဘာမြေကြီးရဲ့ အုတ်မြစ် လှုပ်ခါသွားနိုင်တယ်။ မြေကြီးထပ်ပြီး အက်ကွဲသွားပြီး... ၁၀ ခုမြောက်... ၁၁ ခုမြောက် နယ်မြေ... စသဖြင့် နယ်မြေတွေ ထပ်ပြီး ပေါ်လာနိုင်တယ်။ သွေးတွေက မြစ်လိုစီးသွားပြီး အသက်တွေက အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်”
ချန်ဖုက မှင်တက်စွာ ပြောလိုက်မိ၏။ သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်က မြင်ကွင်းကို ပြန်တွေးမိနေသည်။ အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့သောကြောင့် သူ၏စိတ်ထဲ၌ ပုံရိပ်များက ကွက်ကွက်ကွင်းကွင်း ရှိနေသေး၏။
"မဟာလေဟာနယ်က ကောင်းကင်ပေါ် ဘယ်လိုလုပ် တက်သွားတာလဲ”
ချန်ဖုက ခေါင်းခါလိုက်သည်။
"ဒီအကြောင်းကို လူအနည်းစုပဲ သိတယ်။ တချို့က ပြောတာတော့ ဖျက်ဆီးခြင်းတိုင်လုံးတွေနဲ့ သက်ဆိုင်နေတယ်တဲ့။ သူတို့ပြောတာ မြေကြီးထဲကနေ တိုင်လုံးတွေ ပေါ်ထွက်လာပြီး ကုန်းမြေကို ဝေဟင်ထိ ပင့်မြှောက်ပေးထားတာတဲ့။ လူတချို့ပြောတာကလည်း အထွတ်အထိပ်သက်ရှိတွေရဲ့ ပူးပေါင်းအားစိုက်ထုတ်မှုနဲ့ အဲ့ဒီတုန်းက ကုန်းမြေအက်ကွဲမှုကနေ ထွက်ပြေးခဲ့တာလို့လည်း ဆိုတယ်။ သူတို့ပြောတာ အထွတ်အထိပ်သက်ရှိတွေက မဟာလေဟာနယ်ကို ဝေဟင်ထဲ မြှောက်ကိုင်ထားတာတဲ့။ မဟာလေဟာနယ်ရဲ့ ခန်းမဆယ်ခုက ပူပေါင်းပြီး တိုင်လုံးတွေကို ဖန်တီးခဲ့တာလို့လည်း သတင်းတွေ ရှိတယ်”
"ပထမဆုံး ကောလာဟလက ယုံနိုင်စရာ ရှိသေးတယ်။ ဒါပေမဲ့ နောက်ဟာတွေက အမှန်လို့ မထင်ဘူး။ ဖျက်ဆီးခြင်းတိုင်လုံးက လူသားတွေ ဖန်တီးနိုင်တာမျိုး မဟုတ်ဘူးလေ”
"ဒါမဟုတ်လောက်ဘူး”
ချန်ဖုက ခေါင်းခါပြီး ပြောလိုက်သည်။
"ကျင့်ကြံခြင်းလမ်းစဉ်က ရှည်တယ်။ အထွတ်အထိပ်သက်ရှိရဲ့ အဆင့်ရောက်အောင် ကျင့်ကြံမယ်ဆိုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ကောင်းကင်က ကြယ်ကို ယူနိုင်လောက်တဲ့အထိ မြင့်မားလာလိမ့်မယ်။ ကောင်းကင်က ကြယ်၊ လေနဲ့ မိုးကို ဆင့်ခေါ်ပြီး မိုးကြိုးကို ဖျက်ဆီး၊ နေနဲ့ လကို တိုက်ရိုက် မျှော်ကြည့်နိုင်တဲ့ အနေအထားထိ မြင့်မားလာလိမ့်မယ်”
လုကျိုးသည် ပြောရန်ပြင်လိုက်သော်ငြား ဖြစ်နိုင်ချေရှိတာကို တွေ့မိသွားစဉ်၌ ဆိတ်ဆိတ်သာ နေလိုက်၏။ သို့သော်ငြား သူသည် ချန်ဖုဖော်ပြသည့် မြင်ကွင်းကို တွေ့မိသောအခါ ချဲ့ကားရာ ရောက်လွန်းသည်ဟု ခံစားမိသေးသည်။ နောက်ဆုံး၌ သူက မေးလိုက်၏။
"ခင်ဗျား အရင်က တွေ့ဖူးလား”
"မတွေ့ဖူးဘူး”
မတွေ့ဖူးဘဲနဲ့ ဘာကြောင့် ဒီလောက်အများကြီး ပြောနေတာလဲ။
လုကျိုးသည် အဓိကအကြောင်းအရာဆီ ပြန်ရောက်လာကာ ပြောလိုက်၏။
"တကယ်တော့ ဆောင်းဦးနှင်းစက်တောင်အဖို့ ကပ်ဘေးကို ရှောင်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး”
ချန်ဖု၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
"အစ်ကိုလု... ခင်ဗျားမှာ နည်းလမ်းတစ်ခုရှိလား”
"သင်းပျံ့တောင်ကြားမှာ တူတူပုန်းကြရအောင်။ တာအိုသူတော်စင်တွေတောင် သင်းပျံ့တောင်ကြားကို မရှာနိုင်သလို ဖောက်မဝင်နိုင်ဘူးလို့ ခင်ဗျားပြောခဲ့တာမလား”
လုကျိုးက ပြောလိုက်တော့သည်။
***