လုကျိုး၏ စကားကို ကြားသောအခါ ချန်ဖုက ပြုံးလျက် ပြောလိုက်သည်။
"ငါ့ကို မကုသပေးနိုင်လည်း အဆင်ပြေပါတယ်။ တစ်ရက်ပိုနေရတာက တင် ကောင်းလှပြီ”
လုကျိုးက ထရပ်ပြီး ပြောလိုက်၏။
"ကျုပ်တို့ မနက်ဖြန် ထွက်ခွာမယ်”
"ဘာလို့ ဒီလောက် လောနေတာလဲ”
လုကျိုးက ပြန်ပြောလိုက်၏။
"ဒီလိုကိစ္စမျိုးက နောက်ကျမှ လုပ်တာထက် စောစောစတာ ပိုသင့်တော်တယ်”
"ဟုတ်ပြီ”
ထိုသို့ပြောပြီး နှစ်ယောက်သားက သဘောတူညီချက် ရသွားလေ၏။
နောက်နေ့ နံနက်တွင် ဖြစ်သည်။
ဆောင်းဦးနှင်းစက်တောင်သည် မဟာသူတော်စင်ချန်ဖုက သူ၏တပည့်များနှင့် လောကတစ်ခွင် ခရီးနှင်မည် ဖြစ်ကြောင်း သတင်းကို ကြေညာလိုက်သည်။
ချန်ဖုသည် သူ့၏တပည့်များကို စုစည်းပြီး သူတို့အားလုံးကို သူနှင့်အတူ သင်းပျံ့တောင်ကြားဆီ ခေါ်သွားရန် ရည်ရွယ်ချက် အကြောင်း ပြောပြခဲ့သည်။ သူ့တပည့်များ အားလုံးက ကန့်ကွက်ခြင်း မရှိပေ။
ကျင့်ကြံခြင်း ဖျက်ဆီးခံထားရသော ကျန့်ရှောင်ရွှမ်းနှင့် လျိုကျန်းတို့က မဟာလေဟာနယ်နှင့် အဆက်အသွယ် ရထားပြီးဖြစ်သောကြောင့် ပြဿနာများ မတက်စေရန်အတွက် သူတို့ကို ဤနေရာတွင် ထားခဲ့၍ မရပေ။ ထို့ကြောင့် သူတို့နှစ်ယောက်ကို သင်းပျံ့တောင်ကြားသို့ ခေါ်သွားရမည်။ လူတိုင်း စုဝေးနေချိန်၌ ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် မိစ္ဆာဝေဟင်မျှော်နန်း၏ စီးတော်သားရဲများကို မြင်သောအခါ ထိတ်လန့်သွားတော့သည်။ သူတို့နှင့် မိစ္ဆာဝေဟင်မျှော်နန်းကြား ကွာဟချက်များကို တွေ့မိပြီး သက်ပြင်းချမိသွားလေ၏။
မွန်းတည့်ချိန်၌ လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ကို သင်းပျံ့တောင်ကြားဆီ ခေါ်သွားတော့သည်။
နောက်တစ်နေ့တွင် ဖြစ်သည်။
အကြီးအကဲမင်သဲ့က ဆောင်းဦးနှင်းစက်တောင်ပေါ်၌ ပေါ်လာသည်။ သူက မြေပြင်ကို ငုံ့ကြည့်ပြီးနောက် တီးတိုးပြောလိုက်တော့သည်။
"တံဆိပ်ပြားက စွမ်းအင် နောက်ဆုံးအမျှင်က ဒီနေရာမှာ ပျောက်သွားတာ”
သူ၏စွမ်းအင်ကို ဖြန့်ကျက်လျက် ဆောင်းဦးနှင်းစက်တောင် တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ခဏကြာ၌ သူဘာသာသူ ရေရွတ်ပြောလိုက်ပြန်၏။
"ဒီမှာ မဟုတ်ဘူးလား”
သူသည် ဆောင်းဦးနှင်းစက်တောင်ဆီ လှစ်ခနဲ ဝင်သွားရာ ရှင်းလင်းနေတာကို တွေ့လိုက်ရသည်။ အနား၌ မည်သူမှ မရှိပေ။
ကွဲကျေသွားသော အပြာရောင် ကျောက်တုံးများက သူ့၏အာရုံကို ဖမ်းစားလိုက်သဖြင့် သူတစ်ချက်သွားကြည့်လိုက်သည်။ သူက ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိသွားလေ၏။
"တိုက်ပွဲက မပြင်းထန်ဘူးပဲ”
အကြီးအကဲမင်သဲ့က လှစ်ခနဲ ပျောက်သွားပြန်သည်။
ဆောင်းဦးနှင်းစက်တောင်မှ ထွက်လာပြီးနောက် ချန်ဖုသည် ဆောင်းဦးနှင်းစက်တောင်၏ ကျန်သည့်တပည့်များကိုလည်း ထွက်ခွာခိုင်းလိုက်၏။
အကြီးအကဲမင်သဲ့က မည်သူ့ကိုမှ ရှာမတွေ့တာ သဘာဝကျသည်။ သူသည် လေထဲရှိ စွမ်းအင် အကြွင်းအကျန်နောက်သာ လိုက်ကာ နေရာအနှံ့ ပျံ့သန်းနေတော့သည်။ အဆုံး၌ သူသည် မြေပြင်ပေါ်ရှိ ကွဲကြေသွားသော အပြာရောင်ကျောက်တုံးများဆီသာ ပြန်ရောက်သွားတော့၏။
"သူဘယ်သွားတာလဲ”
အကြီးအကဲမင်သဲ့က မျက်မှောင်ကြုတ်မိသွားသည်။ ခဏကြာ၌ သူသည် အဆောင်တစ်ခုကို မီးမြိုက်ကာ ဤကိစ္စကို ကျန့်ဝမ်ရွှီထံ အကြောင်းကြားရန် ပြင်ဆင်လိုက်သည်။ ထိုသို့ လုပ်ပြီးနောက် သူ့ဘာသာသူ ရေရွတ်ပြောလိုက်သည်။
"ကျန့်ဝမ်ရွှီ... ခင်ဗျားက တကယ်ကံဆိုးတာပဲ။ ချန်ဖုက ထွက်ပြေးသွားပြီ”
အကြီးအကဲမင်သဲ့က လက်နောက်ပစ်ထားပြီး ခဏကြာ၌ ဆောင်းဦးနှင်းစက်တောင်သည် အလင်းတို့ဖြင့် ရောထွေးသွားတော့သည်။
"မဟာလေဟာနယ် တံဆိပ်က ကြွင်းကျန်စွမ်းအင်က ဒီလောက် အလွယ်တကူ မပျော်ဝင်သင့်ဘူး။ ဘယ်မှာ ပုန်းနေတာလဲ ကြည့်ကြသေးတာပေါ့”
အကြီးအကဲမင်သဲ့က ပြောပြီးနောက် စိတ်ရှည်လက်ရှည်ဖြင့် ရှာလေ၏။ ခဏကြာ၌ သူသည် လှစ်ခနဲ လှုပ်ရှားသွားကာ မြင်ကွင်းထဲမှ ပျောက်သွားတော့သည်။
တစ်ချိန်တည်းတွင် သင်းပျံ့တောင်ကြား၏ ဝင်ပေါက်တွင် ဖြစ်သည်။
ချန်ဖုသည် တောင်တန်းဒေသကို လက်ညှိုးညွှန်ပြလျက် ပြောလိုက်သည်။
"အရှေ့မှာပဲ။ တောင်ကြားထဲ ဝင်ပြီးရင် နေရာတစ်ခုလုံးကို ချိပ်ပိတ်လိုက်မယ်”
လုကျိုးသည် နက်ရှိုင်းပြီး ဝေးလံသော နေရာဆီ ဦးတည်နေသော လျှို့ဝှက် လမ်းကြောင်းကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
"သွားကြမယ်”
"နားလည်ပါပြီ”
"ဝှစ် ဝှစ် ဝှစ်"
လူတိုင်းသည် လုကျိုး၊ ချန်ဖုတို့နှင့်အတူ သင်းပျံ့တောင်ကြားဆီ ပျံသန်းသွားတော့သည်။
"အချိန်ဖြုန်းနေတာ ရပ်လိုက်တော့... မင်းပဲ နောက်ကောက် ကျန်နေတာ”
ဆောင်းဦးနှင်းစက်တောင်၏ တတိယတပည့် ကျိုးကွမ်းက လျိုကျန်းကို ဆွဲခေါ်လာပြီး ပြောလိုက်သည်။ လျိုကျန်းက သူ့၏ကျင့်ကြံဆင့် ဆုံးရှုံးသွားပြီဖြစ်သောကြောင့် ခရီးဆက်ရန်အတွက် ကျန်သည့်သူများကိုသာ အားကိုးနိုင်၏။
လျိုကျန်းက မြေပြင်ပေါ် သွေးတစ်ကွက် အန်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာကြောင့် စစ်ရှစ်ရှိုးကို ဒုက္ခပေးမိတာပါ”
"ငါ့ကို အဲ့လိုမခေါ်နဲ့။ မင်းက ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်မဟုတ်တော့ဘူး။ ငါ့အသက်ဆုံးမှာ ကြောက်တယ်”
ကျိုးကွမ်းက ပြောလိုက်၏။ လျိုကျန်းက မျက်နှာသေ ဖြစ်နေသည်။ ကျိုးကွမ်း၏ စွမ်းအင်သည် လျိုကျန်းကို လွှမ်းခြုံလျက် ပျံသန်းသွားသည်။ သူတို့ ဆောင်းဦးနှင်းစက်တောင်ဆီ ဝင်သွားချိန်၌ လျိုကျန်း၏ နှုတ်ခမ်းက ကွေးတက်သွားတော့သည်။
လူတိုင်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသောအခါ ချုံချီ၏ ကျောပေါ်၌ လိုက်ပါစီးလာသော မင်ရှစ်ရင်က ရုတ်တရက် ပေါ်လာ၏။ မင်ရှစ်ရင်က နှာခေါင်းရှုံ့လျက် သွေးအိုင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဟ... ဒီလိုလှည့်ကွက်မျိုးက သုံးနှစ်သားကိုပဲ ရင်ဆိုင်လို့ရမယ်”
ပြီးနောက် မင်ရှစ်ရင်သည် သွေးအိုင်ကို ရှင်းလိုက်သည်။ မည်သည့် စွမ်းအင်၊ မည်သည့် သွေးမှ မကျန်ရစ်တော့ပေ။
***