လျိုကျန်း ချန်ထားခဲ့သော သွေးကွက်များကို ရှင်းလင်းပြီးနောက် မင်ရှစ်ရင်နှင့် ချုံချီတို့သည် ပတ်ဝန်းကျင် မြေပြင်အနေအထားနှင့် အခြေအနေများကို စစ်ဆေးလိုက်ကြသည်။ မည်သည့် ပြဿနာကြီးကြီးမားမားမျှ မရှိကြောင်း သေချာသွားသောအခါမှသာ သူသည် ချုံချီ၏ ကျောပေါ်၌ ထိုင်လျက် သင်းပျံ့တောင်ကြားဆီသို့ ပျံသန်းလာခဲ့သည်။
တောင်ကြား၏ အဝင်ဝမှာ သိပ်မကျယ်လှဘဲ ဘေးတစ်ဖက်တစ်ချက်တွင် ရှေးဟောင်းသစ်ပင်ကြီးများ သိပ်သည်းစွာ ပေါက်ရောက်နေသည်။
အဝင်ဝရှိ အစီအရင်မှာလည်း အလွန်ထူးဆန်းလှပေသည်။ ရှေးဟောင်းအစီအရင်မှ ထွက်ပေါ်နေသော လှိုင်းလုံးကဲ့သို့ စွမ်းအားများကို ရှင်းလင်းစွာ ခံစားနေရ၏။ မင်ရှစ်ရင် ပျံသန်းဝင်ရောက်လာစဉ် သင်းပျံ့တောင်ကြား အဝင်ဝ၌ ရပ်နေသော ရှောင်ယွမ်အာကို တွေ့လိုက်ရသည်။ သူက ပြုံးလျက် သူမအနားသို့ ပျံသန်းသွားပြီးနောက် ပြောလိုက်သည်။
“ကျိုရှစ်မေ့ကတော့ တကယ့်ကို အလိုက်အသိဆုံးပဲ။ တခြားလူတွေလို စိတ်နှလုံးမရှိတာမျိုး မဟုတ်ဘဲ ငါ့ကို စောင့်နေရမှန်း သိသေးတယ်”
ရှောင်ယွမ်အာက မင်ရှစ်ရင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် သစ်ပင်တစ်ပင်ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
မင်ရှစ်ရင် မော့ကြည့်လိုက်သောအခါ သစ်ကိုင်းထက်၌ ထိုင်နေသော သူ၏ အာ့ရှစ်ရှိုး ယွီရှန်းရုန်ကို တွေ့လိုက်ရသည်။ “အဲ...”
ယွီရှန်းရုန်က တည်ငြိမ်စွာ ဆိုလိုက်၏။ “လူတိုင်းက မင်းကို စောင့်နေကြတာ”
“ဟုတ်ကဲ့” မင်ရှစ်ရင် ခေါင်းညိတ်လိုက်ရသည်။
လူတိုင်း သင်းပျံ့တောင်ကြားထဲတွင် ရပ်နေကြသည်။ ချန်ဖု ပြောခဲ့သည့်အတိုင်းပင် ငှက်သံလေးများ ကျီကျီကျာကျာ မြည်နေကြပြီး ပန်းရနံ့များလည်း သင်းပျံ့နေ၏။ ပတ်ဝန်းကျင်သည် နွေဦးကာလကဲ့သို့ စိမ်းလန်းစိုပြေနေပေသည်။
ထိုအချိန်တွင် ချန်ဖု၊ လုကျိုးနှင့် သူတို့၏ လူများသည် သင်းပျံ့တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ချန်ဖုက တောင်တန်းများ ဝန်းရံထားသော ဧရိယာကို ညွှန်ပြလျက် ပြောလိုက်သည်။
“ဒါတွေအားလုံးက သင်းပျံ့တောင်ကြားပဲ”
“နေရာကောင်းတစ်ခုပဲ”
“ဒီနေရာကို သိတဲ့သူ သိပ်မရှိဘူး။ ဟိုဘက်မှာ ရှေးဟောင်းအဆောက်အအုံတချို့ ရှိတယ်။ သန့်ရှင်းရေးလုပ်ပြီးရင် ခင်ဗျားတို့ အဲဒီမှာ နေလို့ရတယ်။ တောင်ပေါ်မှာ ကျင့်ကြံဖို့နဲ့ လက်ရည်ယှဉ်ဖို့ သင့်တော်တဲ့ စင်မြင့်ဝိုင်းတစ်ခု ရှိတယ်။ ပိုပြီး အတွင်းဘက်ကျတဲ့နေရာကတော့ သင်းပျံ့တောင်ကြားရဲ့ အန္တရာယ်အရှိဆုံးနေရာပဲ။ မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ပြီး သူတော်စင်ဖြစ်လာဖို့ အဲဒီနေရာကို သုံးလို့ရတယ်။ အရေးတကြီး လိုအပ်တာမျိုး မဟုတ်ရင်တော့ အဲဒီကို မသွားတာ အကောင်းဆုံးပဲ”
ချန်ဖုက ဆက်လက် ရှင်းပြသည်။
ထို့နောက် လူတိုင်းသည် တောင်ကုန်းတစ်ခုဆီသို့ ပျံသန်းသွားကြပြီး စင်မြင့်ဝိုင်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ စင်မြင့်ဝိုင်း၏ မျက်နှာပြင်ထက်တွင် ထူးဆန်းသော သင်္ကေတအမျိုးမျိုးကို ထွင်းထုထားသည်။ ၎င်းတို့မှာ နှစ်ကာလများစွာ ဖြတ်သန်းလာခဲ့သည့် ရှေးဟောင်းသစ်ပင်ကြီးများ၏ သက်တမ်းစက်ဝန်းများနှယ်ပင်။
ကျောင်းဟုန်ဖုက အံ့အားသင့်စွာ အာမေဋိတ်ပြုလိုက်သည်။
“ထူးခြားလိုက်တဲ့ အစီအရင်ပါလား။ ဒီလိုမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
“မိန်းကလေးကျောင်းကတောင် ဒီလိုပြောတယ်ဆိုမှတော့ ဒါက တကယ်ကို စွမ်းအားကြီးမှာ သေချာတယ်”
လူတိုင်း စင်မြင့်ဝိုင်းကို ခဏမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် အထုပ်အပိုးများ ပြင်ဆင်ရန် ထွက်ခွာသွားကြသည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ လူများသည် ကျင့်ကြံမည့်နေရာများကို အသီးသီး စီစဉ်ပြီးနောက် အနားယူလိုက်ကြသည်။
ညဉ့်ဦးယံ။
သင်းပျံ့တောင်ကြားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းက လွှမ်းမိုးထားသည်။
သင်းပျံ့တောင်ကြား၏ အရှေ့ဘက်တောင်ကုန်းရှိ ရှေးဟောင်းအဆောက်အအုံတစ်ခုအတွင်း လုကျိုးသည် တင်ပျဉ်ခွေ ထိုင်နေ၏။ သူက ပတ်ဝန်းကျင်ကို ကြည့်ကာ ချီးကျူးလိုက်သည်။
“ရှေးခေတ်ကာလက အဆောက်အအုံဆိုတဲ့အတိုင်း တကယ်ကို ထိုက်တန်ပေတယ်...”
ချန်ဖုက ဆိုလိုက်၏။
“ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့တဲ့ အစီအရင်တွေ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ နေရာတွေ အများကြီး ရှိခဲ့တယ်။ ကုန်းမြေကွဲအက်တုန်းက အဲဒါတွေ အများကြီး ပျောက်ကွယ်သွားခဲ့တာ။ သင်းပျံ့တောင်ကြားကတော့ ကုန်းမြေကွဲအက်မှုကို ကြံ့ကြံ့ခံပြီး ကျန်ရစ်ခဲ့တဲ့ ရှားပါးနေရာတွေထဲက တစ်ခုပေါ့”
လုကျိုးသည် အတိတ်က အကြီးအကဲလေးဦး ကျင့်ကြံခဲ့သည့် ကြယ်တာရာစုစည်းခြင်းအစီအရင်ကို ပြန်သတိရသွားသည်။ ၎င်းသည်လည်း ရှေးဟောင်းအစီအရင်တစ်ခု ဖြစ်သည်။
“ရှေးခေတ်က လူသားတွေက အရမ်း စွမ်းအားကြီးကြတာလား” ဟု လုကျိုးက မေးလိုက်သည်။
“ကျုပ် အရင်က ပြောခဲ့သလိုပါပဲ... ရှေးခေတ်တုန်းက လူသားနဲ့ ကြမ်းတမ်းခက်ထန်သားရဲကြား ခွဲခြားမှု မရှိသလောက်ပါပဲ။ အဲဒီအချိန်က သူတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေက ရိုင်းစိုင်းကြမ်းတမ်းပြီး ဘာထိန်းချုပ်မှုမှ မရှိဘူး။ ပိုသန်မာလာဖို့ဆိုရင် ဘယ်လိုနည်းလမ်းမျိုး သုံးရသုံးရ သူတို့ ဂရုမစိုက်ကြဘူး။ ဒါကြောင့် ရှေးခေတ်လူသားတွေနဲ့ ရှေးခေတ်သားရဲတွေက ပိုပိုပြီး သန်မာလာကြတာပေါ့။ ကျုပ် ဆိုလိုတဲ့ သန်မာခြင်းဆိုတာက သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းက အံ့ဩစရာကောင်းလောက်အောင် ကြီးမားတာကို ပြောတာပါ”
ချန်ဖုက ပြောကာ အံ့သြချီးကျူးသည့်လေသံဖြင့် သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
“အချိန်ကြာလာတာနဲ့အမျှ အသိဉာဏ်ရှိတဲ့ လူသားတွေနဲ့ သားရဲတွေက စည်းမျဉ်းတွေနဲ့ ထိန်းချုပ်မှုတွေကို ဖန်တီးလာကြတယ်။ ဥပဒေတွေ၊ ကျင့်ဝတ်တွေနဲ့ ကိုယ်ကျင့်တရားတွေ နောက်ဆက်တွဲ ပါလာတာပေါ့။ တကယ်တော့ ရှေးခေတ်ကာလဟာ လူသားတွေရော သားရဲတွေအတွက်ပါ အတောက်ပဆုံး အချိန်ပါပဲ”
“တောက်ပခဲ့တယ်ဆိုရင် ဘာလို့ ပြောင်းလဲခဲ့တာလဲ” ဟု လုကျိုးက မေးလိုက်သည်။
“တောက်ပတိုင်း မှန်ကန်တယ်လို့ မဆိုလိုပါဘူး။ အဲဒီအချိန်က အခြေအနေတွေက တကယ်ကို ဆိုးရွားလွန်းတယ်။ သေဆုံးသူဦးရေက အရမ်းများသလို ဒဏ်ရာရသူတွေလည်း အများကြီးပဲ။ အဲဒီခေတ်နဲ့ ယှဉ်ရင် ကျုပ်ကတော့ အခုလို အေးအေးချမ်းချမ်း နေရတဲ့ ဘဝကိုပဲ ပိုနှစ်သက်တယ်”
ချန်ဖုက ဆိုသည်။
လုကျိုး ခေါင်းညိတ်လိုက်၏။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းမှာ ကျောက်ခေတ်နှင့် ခေတ်သစ်ကာလကို နှိုင်းယှဉ်ပြနေသကဲ့သို့ပင်။
“ဒါကြောင့်လည်း ခင်ဗျားက လောကကြီး ပြောင်းလဲသွားမှာကို မလိုလားတာကိုး” လုကျိုးက မှတ်ချက်ပေးလိုက်သည်။
ချန်ဖုက နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီးနောက် အပြင်ဘက် ကောင်းကင်ယံကို ကြည့်လိုက်သည်။ သူက စကားလမ်းကြောင်းလွှဲလျက် ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို ဒီတစ်ခါ ကူညီပေးခဲ့တာဆိုတော့ ကျုပ်ကလည်း ခင်ဗျားကို ပြန်ကူညီမှာပါ။ ကျုပ်ရဲ့ အချိန်မကုန်ဆုံးခင် လောကကြီးမှာ သူတော်စင်တွေ ပိုပြီး ပေါ်ထွန်းလာတာကို မြင်ချင်ပါသေးတယ်”
လုကျိုး၏ မျက်လုံးများက တောက်ပလာပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ကျုပ်ကို ယုံလိုက်ပါ။ သူတို့က ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ဘူး။ သူတော်စင်ဆိုတာ အစပျိုးရုံသက်သက်ပါပဲ”
ချန်ဖု ခေတ္တမျှ ကြောင်အသွားသည်။ သတိပြန်ဝင်လာသောအခါ သူက ပြုံးလျက် ပြောလိုက်သည်။
“စောင့်ကြည့်ကြတာပေါ့”
ထို့နောက် ချန်ဖုသည် သူ၏ လက်စွပ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်ပြီး လုကျိုးထံသို့ ကမ်းပေးလိုက်သည်။
ချန်ဖုက ပြောလိုက်သည်။
“ခင်ဗျား နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ချင်နေမှန်း ကျုပ် သိပါတယ်။ ဒါက အဲဒီအတွက် အဆင့်ဆင့် လုပ်ဆောင်ရမဲ့ နည်းလမ်းတွေပဲ။ အရမ်းကြီးတော့ မလောပါနဲ့။ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ဖို့အတွက် အနည်းဆုံး သုံးလကနေ ငါးလအထိ၊ အများဆုံးဆိုရင် သုံးနှစ်ကနေ ငါးနှစ်အထိ ကြာနိုင်တယ်”
လုကျိုး ခေါင်းညိတ်ပြလိုက်ပြီး အားနာမနေဘဲ ချန်ဖုပေးသော စက္ကူကို ယူကာ သိမ်းဆည်းလိုက်သည်။
ထို့နောက် ချန်ဖုသည် အခြားစကားများ ဆက်မပြောတော့ဘဲ သူ၏ အစေခံနှင့်အတူ ထွက်ခွာသွားတော့သည်။
ညဉ့်နက်ပိုင်း။
လူတိုင်း အနားယူနေကြ သို့မဟုတ် ကျင့်ကြံနေကြစဉ် လုကျိုးသည် သူ၏ ကြာပလ္လင်ကို ထုတ်ဖော်လိုက်သည်။
“မွေးဖွားဇယားချပ် ၂၄ ခု၊ အကန့်အသတ်က ၂၆ ခုမှာပဲ ရှိနေသေးတယ်...” လုကျိုးက တီးတိုးရေရွတ်လိုက်၏။ သူသည် မွေးဖွားနန်းဆောင်ကို စစ်ဆေးကြည့်လိုက်သည်။ ၂၅ ခုမြောက် ဇယားချပ်ကို ဖွင့်ရန်မှာ စောလွန်းသေးသည်။ သို့သော် အမည်မသိကုန်းမြေတွင် တိုးတက်မှုနှုန်းမှာ ပြင်ပလောကထက် သိသိသာသာ ပိုမိုမြန်ဆန်လှပေသည်။
“ဒါဆိုလည်း နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ဖို့ စမ်းကြည့်ကြတာပေါ့...”
လုကျိုးသည် စက္ကူပေါ်ရှိ အဆင့်များကို ကြည့်ကာ မှတ်သားလိုက်သည်။ ထို့နောက် သူ၏ စွမ်းအားဗဟိုချက် ချီပင်လယ်ကို အာရုံစိုက်လိုက်ရာ အတွင်းရှိ ကနဦးချီများမှာ စတင်ဆူပွက်လာပြီး မွေးဖွားနန်းဆောင်ကို လွှမ်းခြုံသွားတော့သည်။
နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ခြင်း၏ အနှစ်သာရမှာ မိမိ၏ မွေးဖွားဇယားချပ်များ အားလုံးကို ပေါင်းစည်းပစ်ခြင်းပင် ဖြစ်သည်။ ထိုအခါ နတ်ဝိညာဉ်ပုလဲသည် မွေးဖွားဇယားချပ်များ၏ စွမ်းရည်အားလုံးကို ပိုင်ဆိုင်ထားမည် ဖြစ်သည်။
မွေးဖွားဇယားချပ် ၂၄ ခု ရှိနေချိန်မှာ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ခြင်းက အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ အနာဂတ်တွင် နောက်ထပ် ဇယားချပ်များ ဖွင့်လှစ်သည့်အခါတွင်လည်း နတ်ဝိညာဉ်ပုလဲနှင့် အလွယ်တကူ ပေါင်းစည်းနိုင်ပေလိမ့်မည်။
“လုပ်ငန်းစဉ်က သိပ်မခက်ခဲဖို့ မျှော်လင့်ရတာပဲ” လုကျိုး ရေရွတ်ရင်း နတ်ဝိညာဉ်ပုလဲကို စတင်ဖွဲ့တည်လိုက်သည်။
ဝူး
လုကျိုး၏ မွေးဖွားနန်းဆောင်မှာ စတင် ဂယက်ထကာ တွန့်လိမ်လာသည်။ သူ၏ မွေးဖွားဇယားချပ်များမှာ တစ်ခုနှင့်တစ်ခု တိုးဝှေ့မိရာမှ တစီစီ မြည်သံများ ထွက်ပေါ်လာသည်။
“ဟင် ကောင်းကင်စွမ်းအားလား”
ထိုအချိန်တွင် သူ၏ ကောင်းကင်စွမ်းအားများသည် မွေးဖွားဇယားချပ် နယ်မြေများတစ်လျှောက် စီးဆင်းနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ခဏအကြာတွင် သူ ယင်းကို အာရုံမစိုက်တော့ဘဲ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ခြင်းကိုသာ ဆက်လက် လုပ်ဆောင်နေလိုက်သည်။
ကောင်းကင်စွမ်းအားများ ပိုမိုအားကောင်းလာသည်နှင့်အမျှ တစီစီမြည်သံများမှာလည်း ပို၍ ကျယ်လောင်လာသည်။ သူသည် ကောင်းကင်စွမ်းအားကို တမင်တကာ ထုတ်သုံးနေခြင်း မဟုတ်သည့်အတွက် ဤအချက်မှာ ထူးဆန်းလှပေသည်။ ကောင်းကင်စွမ်းအားများက မွေးဖွားဇယားချပ်များကို လွှမ်းခြုံပေးလိုက်ရာ နာကျင်မှုများ ပျောက်ကွယ်သွားပြီး လုပ်ငန်းစဉ်တစ်ခုလုံးမှာ ပုံမှန်ထက် ထူးကဲစွာ ချောမွေ့နေခဲ့သည်။
နှစ်နာရီခန့် ကြာပြီးနောက် မွေးဖွားဇယားချပ် ၂၄ ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
ထိုအခိုက်အတန့်၌ လုကျိုး၏ တန်ထျန်း ချီပင်လယ်ထဲတွင် ပုံမှန်မဟုတ်သော ကနဦးချီများ တဟုန်ထိုး တိုးပွားလာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအားများမှာ ချီပင်လယ်ကို ပြည့်လျှံသွားစေပြီး ထူးကဲချီသွေးကြောရှစ်ခုတစ်လျှောက် စီးဆင်းသွားတော့သည်။ သူ၏ ကျင့်ကြံမှုအခြေခံမှာ ဒီရေလှိုင်းများနှယ် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်ကို သူ ခံစားနေရ၏။ မွေးဖွားနန်းဆောင်၏ အကူအညီဖြင့် ထိုစွမ်းအားများမှာ ဆက်လက်၍ ဟုန်းဟုန်းတောက် မြင့်တက်နေဆဲပင်။
ထိုအချိန်တွင် လုကျိုး၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်နေပြီး အပူလှိုင်းများလည်း ထွက်ပေါ်နေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ သူ၏ ကနဦးချီများကို သန့်စင်ပေးနေသကဲ့သို့ပင်။
“ဒါက...” လုကျိုး အံ့အားသင့်သွားရသည်။
ချန်ဖု ပြောခဲ့သည်မှာ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ရန် အနည်းဆုံး သုံးလမှ ငါးလအထိ ကြာမည်ဟု ဆိုသည်။ သို့သော် သူက နှစ်နာရီအတွင်းမှာပင် ဖွဲ့တည်နိုင်ခဲ့သည်လား။
လုကျိုးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကနဦးချီ ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်သည်။ သူ၏ ကျင့်ကြံမှု တည်ငြိမ်သွားသောအခါမှ သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူ၏ ကျင့်ကြံမှုအခြေခံကို စစ်ဆေးလိုက်သည်။ မွေးဖွားဇယားချပ် ၂၄ ခုမှာ အရင်အတိုင်းပင် ဖြစ်သော်လည်း သူ၏ ကနဦးချီမှာမူ အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားနေရ၏။
သူသည် သူ၏ မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ မွေးဖွားနန်းဆောင်၏ အလယ်ဗဟိုတွင် စက်ဝိုင်းပုံ ဧရိယာတစ်ခု ရှိနေသည်။ ထိုစက်ဝိုင်းအတွင်း၌ သူ၏ မွေးဖွားဇယားချပ် ၂၄ ခုကို ကိုယ်စားပြုသော ထပ်လျက်စက်ဝိုင်း ၂၄ ခု ရှိနေသည်။
“နတ်ဝိညာဉ်ပုလဲ...”
စိတ်ကူးလိုက်ရုံဖြင့် သူ၏ ကြာပလ္လင်မှာ ပျောက်ကွယ်သွားသည်။ ထို့နောက် လေထဲတွင် ဝဲပျံနေသော နတ်ဝိညာဉ်ပုလဲ တစ်လုံး ပေါ်ထွက်လာသည်။
ထူးဆန်းသည်မှာ လုကျိုး ထိုနတ်ဝိညာဉ်ပုလဲကို ကြည့်လိုက်သောအခါ တစ်ခါက လုပ်ဖူးသကဲ့သို့ ခံစားချက်တစ်ခု ရရှိလိုက်ခြင်းပင်။ သို့သော် သူ ဤခံစားချက်ကို သိပ်ပြီး အလေးမထားခဲ့ပေ။ သူ ကမ္ဘာမြေပေါ်တွင် ရှိစဉ်ကလည်း ဤကဲ့သို့ ခံစားချက်မျိုး ခဏခဏ ဖြစ်ပေါ်ဖူးသောကြောင့်ပင်။ ခဏတဖြုတ် အိပ်ပျော်သွားပြီး ပြန်နိုးလာချိန်တွင် အတိတ်က အဖြစ်အပျက်များကို ထပ်မံ ကြုံတွေ့နေရသလို ခံစားချက်မျိုးလည်း ရှိတတ်ပေသည်။
နတ်ဝိညာဉ်ပုလဲမှာ နောက်ဆုံးတွင် လုကျိုး၏ လက်ထဲသို့ ကျရောက်လာသည်။ သူ၏ နတ်ဝိညာဉ်ပုလဲမှာ ထျန်းဝူနှင့် ဟုန်ကျန့်တို့၏ ပုလဲများနှင့် အနည်းငယ် ကွဲပြားသည်။ သူ၏ ပုလဲအတွင်း၌ အပြာရောင် လျှပ်စီးတန်းလေးတစ်ခု ဖျတ်ခနဲ လက်နေသကဲ့သို့ ရှိနေပြီး ပတ်လည်တွင်လည်း အလင်းစက်လေးများ ဝန်းရံနေသည်။
နတ်ဝိညာဉ်ပုလဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များဖြင့် တောက်ပနေ၏။ လုကျိုး ယင်းကို ကြည့်လိုက်သောအခါ စကြဝဠာနှင့် နက်ရှိုင်းလှသော ကြယ်တာရာ ကောင်းကင်ယံကြီးကို မြင်တွေ့နေရသကဲ့သို့ပင် ခံစားလိုက်ရတော့သတည်း။
***