စွန်တစ်ကောင်ကဲ့သို့ ပျံသန်းနေသော ဓားနောက်တွင် အေ့စ်ဟာ တရွတ်တိုက် ပါလာသော်လည်း မည်သည့်အသံမျှ မထွက်ပေ။ ဤအချက်ကပင် ဓားကို ထိန်းကျောင်းနေသူအား ဤလူမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း ပို၍ပင် သေချာသွားစေပြီး၊ ဤကဲ့သို့သောလူမျိုး ယနေ့ထက်တိုင် မည်သို့အသက်ရှင်နေသနည်းဟုပင် တွေးတောမိစေသည်။
သို့သော်ငြားလည်း သူက အရူးတစ်ကောင်နှင့် စကားပြောရန် အထင်သေးနေဆဲဖြစ်ပြီး၊ သူ့ကို ပြန်လည်ဆွဲခေါ်သွားခြင်းမှာ သူ၏ တာဝန်ဝတ္တရားတစ်ခုကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
အေ့စ်ကမူ တောင်တန်းများထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ တောင်တန်းများ၏ အနေအထားကို အနီးကပ် စောင့်ကြည့်နေသည်။ ချီ စွမ်းအင်များ ပိုမိုသိပ်သည်းလာသည်ကိုလည်း သူ ခံစားနေရသည်။
သို့သော် ရှေ့တွင် အံ့သြဖွယ်ရာတစ်ခုကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ ယခုအခါ သူက ကောင်းကင်ယံသို့ ရောက်နေသဖြင့် ဤနေရာ၏ လှပသော မြင်ကွင်းကို မြင်တွေ့နိုင်သော်လည်း၊ ဤမြင်ကွင်းမှာ တစ်စုံတစ်ယောက်၏ စိတ်ကူးယဉ်အိပ်မက်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ဆန်းကြယ်လှသည်။
တောင်တန်းများ ယှက်နွယ်နေသည့် အလယ်ဗဟိုတည့်တည့်တွင် တိမ်မြူများကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားသော ကျောက်လှေကားထစ်ကြီးတစ်ခုကို သူ မြင်လိုက်ရသည်။ယင်းအပြင် အမှန်တကယ် တုန်လှုပ်စရာကောင်းသည်မှာ ထိုလှေကားထစ်များ မစတင်မီ တောင်ခြေတွင် ရှိနေသော နေနှင့်လ သင်္ကေတများပါသည့် တောင်တစ်လုံးစာခန့်ကြီးမားသော ကြေးဝါတံခါးကြီးနှစ်ချပ်ပင် ဖြစ်သည်။
ထို့အပြင် ထိုတံခါးကြီးများ၏ ဘေးတွင် ရွှေရောင်နှင့် ငွေရောင် ဝိုင်ဗန် နဂါးရုပ်တုကြီးနှစ်ခုမှာ သက်ရှိထင်ရှားရှိနေသကဲ့သို့ ခန့်ညားစွာ တည်ရှိနေသည်။ မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ထိုတံခါးကြီးများ၏ ခန့်ညားထည်ဝါသော အရှိန်အဝါကို အေ့စ် ခံစားနေရပြီး၊ ၎င်းမှာ မည်သည့်သာမန်လူကိုမဆို ကြောက်ရွံ့ရိုသေစွာဖြင့် ဒူးထောက်သွားစေနိုင်လောက်သည်။
ထိုတံခါးကြီးများ၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ စုဝေးနေကြသော လူအုပ်ကြီးကိုလည်း အေ့စ် သတိပြုမိလိုက်သည်။
'ဒါက ဘယ်လို ငရဲမျိုးလဲ..'
ဖြူဖွေးသော မြူထုများထဲသို့ ဦးတည်နေသည့် ဧရာမ တံခါးကြီးများနှင့် လှေကားထစ်များကို မြင်ရုံဖြင့် အေ့စ် အတော်ပင် တုန်လှုပ်သွားရသည်။
ထိုမြူထုများ၏ တစ်ဖက်တွင် ဘာရှိသလဲဆိုသည်ကိုမူ သူ မသိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှစ၍ အရာအားလုံးမှာ ထူထပ်သော မြူဖြူများဖြင့် ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။
သူ မြင်တွေ့နေရသောအရာများကပင် သူရောက်ရှိနေသည့်နေရာနှင့် ပတ်သက်၍ ယေဘုယျအချက်အလက်များကို သိရှိရန် လုံလောက်နေပြီဖြစ်သည်။
'ငါ့အထင်မမှားရင် ဒီနေရာက အသူရာတိုက်ကြီးရဲ့ အင်ပါယာနယ်မြေထက် မနိမ့်ကျဘူး။ ပြီးတော့ ဒီမှာ လူသားတွေက အဆင့်အတန်းမြင့်ပုံရတယ်။ ငါ ရွှေကောင်းကင်ကမ္ဘာရဲ့ တစ်နေရာရာမှာ ပုန်းကွယ်နေတဲ့ အင်အားစုကြီးတစ်ခုရဲ့ နယ်မြေထဲကို ရောက်သွားတာတော့ မဟုတ်ပါဘူးနော်..'
အနီရောင်တောက်နေသော ကံကြမ္မာမြေပုံကို ကြည့်ရင်း အေ့စ် စိုးရိမ်တကြီး တွေးတောနေမိသည်။
သူသာ အရူးအဖြစ် ဟန်မဆောင်ထားပါက ရှေ့မှလူကို မေးမြန်းမိမည်ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ ငြိမ်ငြိမ်နေပြီး အူကြောင်ကြောင် ဆက်လုပ်နေခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူ သိသည်။
ဝိညာဉ်စူးစမ်းခြင်း အကြောင်းကိုမူ သူ လုံးဝမစဉ်းစားရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် အကောင်းဆုံး အခြေအနေတွင် ရှိနေသရွေ့ ၎င်းမှာ ကျရှုံးမည်မှာ သေချာသောကြောင့်ဖြစ်သည်။ ဝိညာဉ်သရုပ်ပြခြင်းနယ်ပယ်ဆိုသည်မှာ နောက်ပြောင်စရာမဟုတ်ပေ။ လုံးဝယုံကြည်မှုမရှိဘဲနှင့် ဤသို့ မသိနားမလည်သော နယ်မြေတွင် ဝိညာဉ်စူးစမ်းရန် ကြိုးစားခြင်းမှာ အေ့စ်အတွက် အလွန်အန္တရာယ်များလှသည်။
ယင်းက သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းကိုပင် သူ ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက သူဟာ တစ်စုံတစ်ခုသော ထောင်ချောက်ကို နင်းမိနိုင်သည်၊ သို့မဟုတ် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားပါက သူ၏ ကိုယ်ပိုင်လက္ခဏာများ ပေါ်သွားနိုင်သည်။
ထိုအချိန်တွင် ပျံသန်းနေသော ဓားမှာ ဘယ်ဘက်သို့ ရုတ်တရက် အကွေ့အကောက်ဖြင့် လှည့်လိုက်ပြီး ဧရာမ တံခါးကြီးများဆီသို့ ဦးတည်မသွားသည်ကို တွေ့လိုက်ရသဖြင့် အေ့စ် အံ့သြသွားသည်။
သူ့ရှေ့တွင် မြင်လိုက်ရသည်မှာ ကြည်လင်သော ငွေရောင်အတားအဆီး တစ်ခုဖြစ်ပြီး၊ ထိုအတားအဆီး၏ နောက်ကွယ်ရှိ တောင်ကြီးတစ်လုံးပေါ်တွင် ဟောင်းနွမ်းနေသော ရှေးဟောင်းအဆောက်အအုံများ ပျံ့နှံ့နေသည်။
၎င်းမှာ တောင်ပေါ်မြို့တော်တစ်ခုနှင့်ပင် တူလှသည်။
တောင်ဟောင်းကြီးဆီသို့ နီးကပ်သွားသောအခါ ပို၍ပင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ကျောက်လမ်းများပေါ်တွင် အဝတ်ဟောင်းများကို ဝတ်ဆင်ကာ လမ်းလျှောက်နေကြသော ဒေသခံများဖြစ်ပြီး၊ ထိုသူများထဲတွင် လူသားများသာ ပါဝင်သည်မဟုတ်ပေ။
အသားညိုညို အရပ်ရှည်ရှည် အသူရာတစ်ဦးမှာ လူသားတစ်ဦးနှင့်အတူ ရယ်မောကာ စကားပြောရင်း လမ်းလျှောက်နေသည်ကို မြင်လိုက်ရသောအခါ အေ့စ် တစ်ယောက် အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားသည်။ ၎င်းတင်မကသေးဘဲ ဆိုင်တစ်ဆိုင်ရှေ့တွင် ခရမ်းရောင် လင်းနို့တောင်ပံလေးများပါပြီး နောက်ကျောတွင် မြှားပုံသဏ္ဌာန် အမြီးပါသော အပြာရောင် လူသားပုံသဏ္ဌာန်ရှိသူတစ်ဦး ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။
'ဒါ... ဒါက နတ်ဆိုးပဲ'
ထူးခြားသော မျိုးနွယ်စုလက္ခဏာများကြောင့် ထိုသူအား နတ်ဆိုးအဖြစ် ချက်ချင်း ခွဲခြားသိမြင်လိုက်သည်။
ထို့အပြင် ထူးခြားသော ဆံပင်အရောင်များဖြင့် လမ်းလျှောက်နေသည့် လူသားသုံးဦးကိုလည်း တွေ့ရပြီး သူတို့မှာ မုဆိုးများ ဖြစ်ပုံရသည်။
ကွဲပြားခြားနားသော မျိုးနွယ်စုဝင်များမှာ တိုက်ခိုက်နေကြမည့်အစား တစ်ဦးနှင့်တစ်ဦး ရောနှောနေထိုင်နေကြသည်ကို မြင်ရသဖြင့် အေ့စ်လည်း တကယ့်ကို အိပ်မက်ကမ္ဘာထဲ ရောက်နေသကဲ့သို့ ခံစားရသည်။
သူ၏ စူးရှသော အမြင်အာရုံဖြင့် ကြည့်လိုက်ရာ လူတိုင်းမှာ အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အားလုံးမှာ အတော်ပင် ပိန်လှီနေကြသည်ကို သတိပြုမိလိုက်သည်။
ဓားစီးလာသူမှာ သူခေါ်လာသော အရူးက အရာအားလုံးကို မြင်နေရသည်ဟု လုံးဝမထင်မှတ်ထားဘဲ၊ ဧရာမ တောင်တံခါးများဆီသို့ ဆင်းသက်လိုက်သည်။
ထိုနေရာတွင် လှံများကို ကိုင်ဆောင်ကာ ကင်းစောင့်နေသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူသားနှစ်ဦး ရှိနေပြီး၊ သူတို့မှာ အပြာရောင်အလင်းတန်း ဝင်လာသည်ကို မမြင်မီအထိ ပျင်းရိငြီးငွေ့နေပုံရသည်။
နောက်အခိုက်တန့်မှာပဲ အစောင့် နှစ်ယောက်မှာ ကြောင်နှင့်တိုးသော ကြွက်များကဲ့သို့ ဖြစ်သွားပြီး မျက်နှာများ ဖြူဖျော့ကာ ကျောကို ဆတ်ခနဲ မတ်လိုက်ကြသည်။ တံခါးကို စောင့်ကြပ်နေသော ကျောက်ရုပ်တုများကဲ့သို့ပင် ကြွက်သားတစ်ချက်မျှ မလှုပ်ရဲကြတော့ပေ။
နောက်ဆုံး၌ အပြာရောင်အလင်းတန်းဟာတောင်တံခါးနှင့် မီတာအနည်းငယ်အကွာတွင် အရှိန်သတ်လိုက်ပြီး ချောမောသော အမျိုးသား ပေါ်ထွက်လာသည်။
ကင်းသမားနှစ်ဦးမှာ ထိုသူ၏ ဝတ်ရုံကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားပြီး ချက်ချင်း ဒူးထောက်ကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့ အင်မော်တယ်အရှင်ကို ဂါရဝပြုပါတယ်.."
'ဟင်..အင်မော်တယ် အရှင်ဆိုပါလား'
ယင်းနှုတ်ဆက်စကားကြောင့် အေ့စ် ရယ်ချင်သွားမိသော်လည်း၊ သူ၏ လက်ကောက်ဝတ်တွင် ပတ်ထားသော ချီ စွမ်းအင်များ ပြေလျော့သွားသည်ကို ခံစားလိုက်ရသဖြင့် လန့်သွားသည်။ နောက်တစ်ခဏတွင် ၎င်းမှာ ပျောက်ကွယ်သွားပြီး သူဟာ ပေ ၃၀ ကျော် (၁၀ မီတာကျော်) အမြင့်မှ ကျောက်ပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
အကယ်၍ သူသာ သာမန်လူတစ်ယောက် အမှန်တကယ် ဖြစ်နေပါက အရိုးကျိုးခြင်း သို့မဟုတ် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားမည်ဖြစ်ပြီး ၎င်းမှာ ဓားပေါ်မှလူက အေ့စ် ၏ အသက်ကို လုံးဝဂရုမစိုက်ကြောင်း ပြသနေခြင်းဖြစ်ပြီး၊ သူက အေ့စ်ကို သတ်ဖြတ်ခြင်းမပြုရန် တားဆီးထားသည့် ပြင်းထန်သော စည်းမျဉ်းအချို့ကြောင့်သာ အသက်ချမ်းသာပေးထားခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်လျှင်လည်း ပုရွက်ဆိတ်တစ်ကောင်ကို ကိုင်တွယ်ရန် သူက အလွန်ပင် မာနကြီးနေခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အေ့စ်ကမူ အခမဲ့ စီးနင်းခွင့်ရသည့်အတွက် ဝမ်းသာနေပြီး၊ ထိုသူအနေဖြင့် နောင်တစ်ချိန်တွင် မည်သူက အမှန်တကယ် ငကြောင်တစ်ကောင် ဖြစ်သည်ကို သိရှိသွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် အေ့စ်က မည်သည့်စွမ်းအားမျှ အသုံးမပြုဘဲ အူကြောင်ကြောင် မျက်နှာထားဖြင့်ပင် ကျောက်ပြင်ပေါ်သို့ မှောက်လျက်သား ကျလိုက်သည်။ ဓားပေါ်မှလူက သူ့ကို တစ်ချက်မျှသာ ကြည့်ပြီးနောက်၊ ရုတ်တရက် မြင်ကွင်းကြောင့် ကြောင်နေသည့် ကင်းသမားများဘက်သို့ ခေါင်းလှည့်လိုက်သည်။
သူက စူးရှသော အကြည့်များဖြင့် အေးစက်စွာ မေးလိုက်၏။
"ဒီအရူးကို ဘယ်သူ အပြင်လွှတ်လိုက်တာလဲ.."
ကင်းသမားနှစ်ဦးမှာ ချွေးပြန်ကာ တုန်တုန်ရင်ရင် ဖြစ်လာကြသည်။
"ကျွန်... ကျွန်တော်တို့ မသိ..."
တစ်ယောက်က မဖြေရသေးမီမှာပင် တောင်တစ်လုံးကဲ့သို့ လေးလံသော အရှိန်အဝါတစ်ခုက သူတို့အပေါ် ကျရောက်လာသည်။
"မင်းတို့က အခုထိ ဟန်ဆောင်နေတုန်းလား.."
ဓားပေါ်မှလူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
အရူးတစ်ယောက်ကို ပြန်လိုက်ဖမ်းရသည်အထိ ပင်ပန်းအောင်လုပ်ခဲ့သော ဤနှစ်ယောက်အပေါ်တွင်သာ ဒေါသပုံချတော့မည် ဖြစ်သည်။
"သူက သလင်းမြစ်ထဲမှာ ရေချိုးနေရုံတင်မကဘူး၊ သစ်သားချပ်အစုတ်ကြီးနဲ့ ဟိုဘက်ရောက်နေတာ။ ဒါတင်မကသေးဘူး၊ သူက နေလ ဓားမဟာမိတ်ရဲ့ ပြင်ပမှာ တားမြစ်ထားတဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ထားတယ်။ မင်းတို့ရဲ့ တောင်သခင်ကို ဒီကို ခေါ်ခဲ့စမ်း။ ဒီအဝတ်အစားတွေကို ဘယ်သူက ရက်ပေးလိုက်သလဲဆိုတာ ငါကြည့်ချင်သေးတယ်"
မြေပြင်ပေါ်တွင် အေ့စ်မှာ ဤအမည်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။
'နေလ ဓားမဟာမိတ်တဲ့လား..'
***