အစောင့်များမှာ မြေပြင်ပေါ်တွင် မှောက်လျက်လဲနေသော ဝတ်ရုံနက်ဝတ် အရူးကို သတိပြုမိသွားချိန်တွင် သူတို့၏မျက်နှာများမှာ ပြာနှမ်းသွားကြသည်။ အဖြစ်မှန်ကို ရိပ်မိသွားကြပြီးနောက် ထိုကောင်ကို အရှင်လတ်လတ်ပင် အရေခွံခွာပစ်ချင်စိတ် ပေါက်သွားကြတော့သည်။
"ကျွန်တော်သွားပြီး တောင်သခင်ကို သွားခေါ်လိုက်မယ်.."
မုတ်ဆိတ်ပါးပါးနှင့် အစောင့်တစ်ဦးက အမြန်ပြန်ပြောပြီး တောင်ထိပ်ဘက်သို့ လှည့်ပြေးရန် ပြင်လိုက်သည်။
သို့သော် သူ့မှာ တောင်ထိပ်ဘက်သို့ မပြေးနိုင်ခင်မှာပင် တားဆီးခြင်း ခံလိုက်ရသည်။
"မင်းသွားရင် အချိန်အများကြီး ကြာလိမ့်မယ်၊ ငါ့မှာ အဲဒီလောက် အချိန်မရှိဘူး။ ဒီအရူးကိုပဲ ကိုင်တွယ်ပြီး အဖွဲ့ရဲ့ စည်းမျဉ်းတွေအတိုင်း အပြစ်ပေးလိုက်"
ပြောပြီးသည်နှင့် သူ၏ခြေဖဝါးအောက်ရှိ ဓားမှ အပြာရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်လာကာ တောင်ထိပ်ဘက်သို့ အပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပျံသန်း ပျောက်ကွယ်သွားတော့သည်။
အစောင့်နှစ်ဦးမှာ အသက်ဝဝပြန်ရှုခွင့်ရသလို ခံစားလိုက်ရပြီး စိတ်အေးသွားစေရန် အသက်ကို ပြင်းပြင်းရှုသွင်းရှုထုတ် လုပ်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင်မူ သူတို့နှစ်ဦးလုံး၏ မျက်လုံးများထဲ၌ မုန်းတီးစိတ်များ ပြည့်လျှံလာကာ အေ့စ်ဘက်သို့ တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ သူတို့မှာ အလွန်ဒေါသထွက်နေကြပြီး သေဘေးနှင့် သီသီလေးလွဲခဲ့ရသည်မှာ ဘယ်ကမှန်းမသိသော အသုံးမကျသည့် ကောင်ကြောင့်ဟုသာ သတ်မှတ်လိုက်ကြရသည်။
သူတို့ထဲမှ တစ်ယောက်က အေ့စ်အနားသို့ အမြန်ချဉ်းကပ်သွားပြီး ထူမည့်အစား ဝမ်းဗိုက်ဘေးကို ပြင်းထန်စွာ တစ်ချက် ကန်ထည့်လိုက်သည်။
"ဒီကောင်စုတ်! မင်း ငါတို့ကို ဘယ်လိုတောင် လှည့်စားရဲရတာလဲ.."
အခြားတစ်ယောက်ကလည်း ဒေါသတကြီးနှင့် ဟိန်းဟောက်ရင်း အေ့စ်၏ခေါင်းကို အားရပါးရ ထပ်ကန်လိုက်သည်။
သူတို့က ဆဲဆိုရင်း အေ့စ်ကို ဝိုင်းရိုက်နှက်နေကြရာ သုံးလေးချက်ခန့် ကန်ပြီးမှ အေ့စ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို သတိထားမိသွားကြသည်။
"သူ့ကို အင်မော်တယ်အရှင်က ပစ်ချလိုက်တုန်းက သတိလစ်သွားတာ ဖြစ်မှာပါ။ သူ့ကို ထောင်ထဲမှာပဲ ပစ်ထားလိုက်ပြီး တောင်သခင်ရဲ့ အမိန့်ကို စောင့်ကြတာပေါ့။ တောင်သခင် ရောက်လာရင် သူ့ကို အသေသတ်ပြီး ဒေါသဖြေမှာ သေချာတယ်"
မျက်လုံးမှေးမှေးနှင့် အစောင့်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။
မုတ်ဆိတ်ပါးနှင့်အစောင့်က ခေါင်းညိတ်လိုက်သော်လည်း မျက်နှာက ပျက်ယွင်းသွားသည်။
"ဒါပေမဲ့ သူ့ကို အရင် သတိရအောင် လုပ်ရမယ်။ တကယ်လို့ သူသေသွားရင် ငါတို့လည်း အသက်ရှင်ရမှာ မဟုတ်ဘူး။ ဟိုအင်မော်တယ်ကလည်း ဒီလူသေမှုကို လက်ရှောင်ချင်လို့ ငါတို့ကို လွှဲခဲ့တာ ဖြစ်နိုင်တယ်"
အလွန်တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
အခြားအစောင့်မှာလည်း ထိတ်လန့်သွားပြီး မျက်နှာပျက်သွား၏။
"မင်း သူ့ကို အားကုန်သုံးပြီး ကန်လိုက်တာတော့ မဟုတ်ပါဘူးနော်.."
"ငါ့ကို လူအမှတ်နေလို့လား"
မုဆိတ်ပါးပါးနှင့် တစ်ယောက်က တိုးညှင်းသောလေသံနဲ့ အော်ဟစ်လိုက်၏။
သူတို့မှာ ဒေါသထွက်နေကြသော်လည်း မည်သူ့ကိုမျှ မသတ်ပစ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ပြစ်ဒဏ်မှာ အလွန်ပြင်းထန်လှပြီး မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်သည်ကို သိနေကြသောကြောင့် ဖြစ်သည်။
မဟာမိတ်အဖွဲ့သည် မည်သူမဆို မိမိအလိုရှိသလို လုပ်ဆောင်နိုင်သော နေရာမဟုတ်ဘဲ အင်မော်တယ်များပင်လျှင် စည်းမျဉ်းများကို လိုက်နာကြရသည်။
စနစ်တကျ စစ်ဆေးစီရင်ခြင်းမရှိဘဲ လူတစ်ဦးကို သတ်ဖြတ်မိပါက သတ်ဖြတ်သူကိုလည်း အလွန်ရက်စက်သော နည်းလမ်းဖြင့် ပြန်လည်သတ်ဖြတ်သည့် ပြစ်ဒဏ်ရှိသည်။
အင်မော်တယ်များမှာ အချင်းချင်း သတ်ဖြတ်ခြင်းမျိုး မဟုတ်ပါက ထိုမျှအထိ ပြင်းထန်သော ပြစ်ဒဏ်ကို မခံရသော်လည်း သာမန်လူတစ်ဦးကို သတ်ဖြတ်လျှင်မူ အပြစ်ပေးခံရမည်သာ ဖြစ်သည်။
စိတ်အေးသွားပြီးနောက် သူတို့က အေ့စ်ကို ဂျိုင်းမှမကာ အစောင့်ကင်းစခန်းဖြစ်သော အဆောက်အအုံကြီးဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားကြသည်။
အဆောက်အအုံထဲသို့ ရောက်သောအခါ မုတ်ဆိတ်နှင့်အစောင့်က တခြားအစောင့်ကို မှာလိုက်သည်။
"ငါ ခေါင်းဆောင်ကို သွားအစီရင်ခံလိုက်မယ်။ မင်း သူ့ကို သွားပိတ်ထားလိုက်၊ ပြီးတော့ သူ့ရဲ့ ဝတ်ရုံနက်တွေကို ချွတ်ပစ်ဖို့ မမေ့နဲ့ဦး"
မျက်လုံးမှေးနှင့်အစောင့်က ခေါင်းညိတ်ပြပြီး အေ့စ်ကို ကျောက်လှေကားအတိုင်း အောက်ထပ်သို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။
သို့သော် လှေကားခြေရင်းသို့ ရောက်ခါနီးတွင် ထိုအစောင့်မှာ ဦးနှောက်ထဲတွင် ဖေါက်ခနဲ ဖြစ်သွားကာ မျက်လုံးများ ပြာဝေသွားပြီး ချက်ချင်းပင် လဲကျသွားတော့သည်။
သတိလစ်သွားသော အစောင့်ကို ဘာမှမဖြစ်ခဲ့သလို ပြန်လည်မတ်တပ်ရပ်နေသည့် အေ့စ်က ဖမ်းထိန်းလိုက်သည်။ အေ့စ်၏ မျက်နှာပေါ်တွင်မူ အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
"မင်းရဲ့ မှတ်ဉာဏ်တွေနဲ့ မင်းရဲ့ မျက်နှာအတွက် ကျေးဇူးတင်ပါတယ်"
အေ့စ်က တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် မျက်လုံးမှေးအစောင့်၏ ကိုယ်ပေါ်တွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး အေ့စ်၏ မျက်နှာက ထိုအစောင့်၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အစောင့်နှစ်ယောက် သူ့ကို ဝိုင်းကန်နေစဉ်ကပင် အေ့စ်က သူတို့၏ မှတ်ဉာဏ်များကို သိမ်းယူထားပြီးဖြစ်သည်။ သူတို့မှာ သာမန်လူများသာ ဖြစ်သဖြင့် သူတို့၏ မှတ်ဉာဏ်မှာ အေ့စ် စုပ်ယူခဲ့ဖူးသမျှနှင့် ယှဉ်လျှင် ရေစက်ကလေး တစ်စက်မျှသာ ဖြစ်ပြီး သူတို့၏ ကန်ချက်များမှာလည်း သူ့အတွက် ငှက်မွေးနှင့် အတို့ခံရသလိုသာ ရှိသည်။
အေ့စ်က သူ့အား ဓားပျံစီးရင်း ခေါ်ဆောင်လာသောသူ ထွက်သွားသည်အထိ စောင့်နေခြင်းသာ ဖြစ်ပြီး ယခုအခါတွင်မူ သူက ရေထဲက ငါးကဲ့သို့ လွတ်လပ်သွားပြီ ဖြစ်သည်။
သို့တိုင် ပထမဦးစွာ သူက နောက်ထပ် အရူး တစ်ယောက်ကို စီစဉ်ထားရမည် ဖြစ်သည်။ သို့မှသာ မည်သူမျှ သံသယမဝင်နိုင်မည် ဖြစ်သည်။
ကံကောင်းသည်မှာ ထိုအစောင့်နှစ်ဦးစလုံးက အေ့စ် ကောင်းကင်မှ ကျလာစဉ်က ခေါင်းစွပ်ခြုံထားသည့် သူ့မျက်နှာကို သေချာမကြည့်မိကြခြင်းပင်။ ထို့ကြောင့် ကျန်ခဲ့သည့် အစောင့်မှာ အေ့စ်၏ ရုပ်ရည်အစစ်ကို မသိသလို၊ ဤအစောင့်မှာလည်း မည်သူ့ကိုမျှ အမှန်အတိုင်း ပြောပြနိုင်တော့မည် မဟုတ်ပေ။
အေ့စ် လက်ထဲတွင် လျှပ်စီးနက်များ ရုတ်တရက် လက်သွားပြီး ထိုအစောင့်၏ ဦးနှောက်ကို အလုပ်မလုပ်တော့အောင် ဂရုတစိုက် ထိန်းချုပ်ကာ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် လျှပ်စီးများဖြင့်ပင် ထိုသူ၏မျက်နှာကို မိခင်ဖြစ်သူပင် မှတ်မိနိုင်စွမ်း မရှိတော့အောင် ကျွမ်းသွားစေရန် လုပ်ဆောင်လိုက်သည်။
ထို့နောက် အေ့စ်က အနိမ့်ဆုံးအဆင့် ကုသရေးဆေးလုံးတစ်လုံးကို တိုက်ကျွေးကာ ဒဏ်ရာများကို သက်သာစေလိုက်ရာ အရူး အတုတစ်ယောက် အဆင်သင့် ဖြစ်သွားတော့သည်။ ကျန်သည်မှာ အဝတ်အစားများသာ ဖြစ်ပြီး အေ့စ်၏ ဝတ်ရုံမှာလည်း အစောင့်၏ အဝတ်အစားနှင့် တူညီသွားအောင် ပြောင်းလဲလိုက်သလို၊ ဝတ်ရုံနက်များကိုလည်း အလွယ်တကူ စီစဉ်လိုက်သည်။
အရာအားလုံး ပြည့်စုံသွားသောအခါ အေ့စ်က ယင်းအရူးကို ဆွဲခေါ်သွားပြီး အကျဉ်းခန်းတစ်ခုထဲသို့ ပစ်ထည့်ကာ တံခါးပိတ်လိုက်သည်။
အခက်အခဲများထဲမှ လွတ်မြောက်လာသဖြင့် သက်ပြင်းချလိုက်မိသော်လည်း သူ၏ မျက်နှာရိပ်မှာမူ စိတ်အေးရမည့်အစား ပို၍ မှိုင်တိုင်တိုင် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် သာမန်လူ နှစ်ဦး၏ မှတ်ဉာဏ်မှ ရရှိခဲ့သော ဤနေလဓားမဟာမိတ်နှင့် ပတ်သက်သည့် အခြေခံ အချက်အလက်များသည်ပင်လျှင် အေ့စ်ကို အလွန်အမင်း သတိထားစေရန် လုံလောက်နေသောကြောင့် ဖြစ်သည်။
ပထမအချက်မှာ အင်မော်တယ်ဆိုသည်မှာ တကယ်တော့ ကျင့်ကြံသူများသာ ဖြစ်ပြီး၊ သာမန်လူများကသာ ထိုသို့ ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။ ကျင့်ကြံသူများကလည်း ရှင်းပြရန် စိတ်မဝင်စားကြပေ။
ဒုတိယအချက်မှာ သူ ဝင်လာခဲ့သည့် ကြီးမားသော တံခါးကြီးများ၏ အပြင်ဘက် တစ်ခုလုံးကို သေမျိုးနယ်မြေဟု ခေါ်ပြီး၊ ထိုတံခါးကြီးများကိုမူ နေလတက်လှမ်းခြင်းတံခါးဟု ခေါ်ဆိုသည်။
တတိယအချက်မှာ ဤနေရာတွင် လူမျိုးရေး ခွဲခြားမှု မရှိဘဲ လူမျိုးစုများစွာ သဟဇာတဖြစ်စွာ နေထိုင်ကြသည်။ သို့သော် ထူးခြားသော စွမ်းဆောင်ရည်ရှိသည့် လူမျိုးစုများသည် အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် ထိုစွမ်းရည်များကို အသုံးချသရွေ့ အထူးအခွင့်အရေးများ ရရှိကြသည်။
နောက်ဆုံးနှင့် အရေးကြီးဆုံးအချက်မှာ ဤအဖွဲ့အစည်း၏ စည်းမျဉ်းများသည် အကြွင်းမဲ့ ဖြစ်ပြီး အဖွဲ့အစည်း၏ သမိုင်းတစ်လျှောက်တွင် စည်းမျဉ်းချိုးဖောက်ပြီး လွတ်မြောက်သွားသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။
သူတို့တွင် အဖွဲ့အစည်း၏ ထောင့်တိုင်း၌ မျက်လုံးများ ရှိနေသကဲ့သို့ ဖြစ်နေပြီး၊ ၎င်းမှာ အေ့စ်အတွက်တော့ လုံးဝ သတင်းကောင်း မဟုတ်ပေ။
***