အေ့စ် အသစ်ယူထားသော မျက်နှာပိုင်ရှင်၏ အမည်မှာ အဒေါ့ဖ် ဖြစ်ပြီး၊ သူဟာ အစေခံတောင်မြို့တော်ဟု ခေါ်လေ့ရှိသော အစေခံတောင်၏ အစောင့်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည်။
အမည်အတိုင်းပင် အစေခံတောင်မြို့တော်သည် နေလဓားမဟာမိတ်အဖွဲ့၏ အစေခံအဆင့် ရှိသူများသာ နေထိုင်သည့် သီးသန့်မြို့ဖြစ်သည်။
သေမျိုးနယ်မြေသည် မဟာမိတ်အဖွဲ့၏ အထူးဥပဒေတစ်ခုကို လိုက်နာရပြီး လူများကို အဆင့်လေးဆင့် ခွဲခြားထားသည်။ အနိမ့်ဆုံးအဆင့်မှာ မဟာမိတ်အစေခံ ဖြစ်ပြီး၊ ထို့နောက် မဟာမိတ် နိုင်ငံသား၊ မဟာမိတ် အရာရှိနှင့် နောက်ဆုံးတွင် မဟာမိတ် တရားဝင် အဖွဲ့ဝင်တို့ ဖြစ်ကြသည်။
အစေခံအဆင့်ရှိသူများသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ကြရပြီး၊ သေမျိုးနယ်မြေအတွင်းရှိ နိုင်ငံသားများ ခိုင်းစေသော အလုပ်ကြမ်းများကို လုပ်ကိုင်ကြကာ ထိုအလုပ်များမှတစ်ဆင့် မာဟမိတ်ဂုဏ်ပြုမှတ်များကို ရှာဖွေကြရသည်။
မဟာမိတ်ဂုဏ်ပြုမှတ်များသည် မဟာမိတ်အဖွဲ့၏ ငွေကြေးဖြစ်ပြီး ၎င်းတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်သည်။ အသုံးအများဆုံးနှင့် အရေးကြီးဆုံးမှာ တစ်စုံတစ်ယောက်၏ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် အကဲဖြတ်ရာတွင် အသုံးပြုခြင်းဖြစ်သည်။
မဟာမိတ်အစေခံတစ်ဦးသည် လုံလောက်သော ဂုဏ်ပြုမှတ်များ ရှိပါက မဟာမိတ်နိုင်ငံသားတစ်ဦး ဖြစ်လာနိုင်သည်။
သို့သော်လည်း အစေခံများအတွက် အလုပ်အကိုင်မှာ အလွန်ရှားပါးပြီး၊ မဟာမိတ်နိုင်ငံသားများသည်လည်း မိမိတို့အိတ်ကပ်ထဲမှ ဂုဏ်ပြုမှတ်များကို အစေခံတစ်ဦးအား ပေးမည့်အစား သူတို့ဘာသာသာ အလုပ်လုပ်ကြသောကြောင့် ပြောသလောက် မလွယ်ကူပေ။
ထို့ကြောင့် အစေခံတောင်မြို့တော်တွင် လူများ အမြဲပြည့်နှက်နေပြီး ထိုအစေခံများမှာ အလုပ်လက်မဲ့များ ဖြစ်နေကြသည်။ ထို့ပြင် သူတို့သည် တောင်နောက်ဘက်ရှိ အဆင့်နိမ့် မိစ္ဆာသားရဲများ ရှိသော တောအုပ်ထဲတွင် အစားအစာအတွက် အမဲလိုက်ကြရပြီး၊ သာမန်လူများသည် သားရဲတစ်ကောင်ရရန် သူတို့၏ အသက်ကို ရင်းကြရသည်။
သို့သော် အေ့စ်ကတော့ ဤအရာများနှင့် ဘာမှမပတ်သက်ပေ။ အစေခံတောင်နှင့် အဝေးဆုံးဖြစ်ပြီး နေလတက်လှမ်းခြင်းတံခါးနှင့် အနီးဆုံးဖြစ်သော တရားဝင်တောင်မြို့တော်သို့ သွားရန် စီစဉ်နေသည်။
တရားဝင် တောင်မြို့တော်သည် အဆင့်မြင့်အဖွဲ့ဝင်များ နေထိုင်ရာနေရာ ဖြစ်သည်။ အေ့စ်က ထိုနေရာကို ဦးတည်ရခြင်း အကြောင်းရင်းမှာ အဆင့်မြင့်အဖွဲ့ဝင်များက အင်မော်တယ်ဖြစ်ခွင့်ရှိသူများ ဖြစ်သောကြောင့်ပင်။ ဆိုလိုသည်မှာ သူတို့ကို ကျင့်ကြံခွင့် ပေးထားခြင်းဖြစ်သည်။
ဒါတင်မကသေးဘဲ သူတို့က နေလတက်လှမ်းခြင်းတံခါး နောက်ကွယ်ရှိ တက်လှမ်းခြင်း လှေကားထစ်များအတိုင်း တက်လှမ်းကာ တိမ်တိုက်များထဲရှိ မဟာမိတ်အဖွဲ့၏ သန့်စင်သောမြေသို့ ဝင်ရောက်ခွင့် အခွင့်အရေးပင် ရရှိကြသည်။
အနည်းဆုံးတော့ ဤအချက်မှာ အဒေါ့ဖ်နှင့် လူသားနယ်မြေရှိ လူတိုင်း ယုံကြည်ထားကြသည့် အရာဖြစ်သည်။
သို့သော် အေ့စ်ကမူ ဤအရာသည် သာမန်လူများကို ထိန်းချုပ်ရန်နှင့် တောင်များကို ပြုစုစောင့်ရှောက်ခိုင်းရန်အတွက် မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ ဖန်တီးထားသော ထင်ယောင်ထင်မှား တစ်ခုသာ ဖြစ်သည်ကို သိနေသည်။ သို့မဟုတ်လျှင်လည်း ခက်ခဲသော အခြေအနေများမှတစ်ဆင့် ကျွမ်းကျင်သူအစစ်အမှန်များကို မွေးထုတ်ရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အေ့စ်မှာ စိတ်မဝင်စားပေ။ သူ့အနေနဲ့ကတော့ ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်ရုံသာ ဖြစ်ပြီး၊ တစ်ခုတည်းသော နည်းလမ်းမှာ မဟာမိတ်အဖွဲ့၏ အမှန်တကယ် ဗဟိုချက်မဒေသသို့ ခိုးဝင်ကာ ဤနေရာမှ ထွက်ပေါက်ကို ရှာဖွေရန်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဒေါ့ဖ်၏ မှတ်ဉာဏ်များအရ လူသားနယ်မြေ တစ်ခုလုံးကို သလင်း ရေကန်က ဝန်းရံထားပြီး၊ ထိုရေကန်၏ နောက်ကွယ်မှာ အေ့စ်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ဟာလာဟင်းလင်း ပြင်ကြီးသာ ရှိသောကြောင့် ဖြစ်သည်။
ဤလူများက ကမ္ဘာကြီးသည် လူသားနယ်မြေအထိသာ အဆုံးသတ်သည်ဟု ယုံကြည်ထားကြပြီး၊ ရှေ့သို့ ဆက်သွားလိုလျှင် တိမ်တိုက်များဆီသို့ ဦးတည်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ထင်နေကြသည်။
သူတို့အားလုံးကို ထိုသလင်း ရေကန်အနားသို့ ချဉ်းကပ်ခြင်းကို တားမြစ်ထားပြီး၊ ချိုးဖောက်ပါက ဆူးတံပါ ကြာပွတ်ဖြင့် ရိုက်ချက်ပေါင်း တစ်ရာ ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။
ထို့ကြောင့် ဓားစီးလာသော ကျင့်ကြံသူက အေ့စ်ကို ဘာမှလုပ်မနေခြင်း ဖြစ်သည်။ ထိုပြစ်ဒဏ်ကို ခံယူပြီးနောက် အသက်ရှင်နိုင်မည် မဟုတ်သည်ကို သူသိသလို၊ ၎င်းက မဟာမိတ်အဖွဲ့၏ ထိန်းချုပ်မှုကိုလည်း ပိုမိုခိုင်မာစေမည် ဖြစ်သည်။ဒါ့ေကြာင့် လူများသည် မည်သည့်စည်းမျဉ်းကိုမဆို မချိုးဖောက်မီ အကြိမ်တစ်ရာခန့် စဉ်းစားကြလိမ့်မည်။
'သူတို့က ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတွေလို ဟန်ဆောင်နေကြတာပေါ့လေ..'
အေ့စ်က မထီမဲ့မြင်နှင့် လှောင်ပြောင်လိုက်မိသည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထိုသူများကို သင်ခန်းစာ ပေးချင်စိတ်ပင် ပေါက်လာသည်။
သို့သော် သူ စိတ်မလောခဲ့ပေ။ ကံကြမ္မာမြေပုံက အနီရောင် ပြနေဆဲဖြစ်သည်။ ဆိုလိုသည်မှာ ဤနေရာတစ်ခုလုံးသည် အင်ပါယာနယ်မြေကဲ့သို့ပင် ဖွဲ့စည်းမှု တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
သူက ဤနေရာမှ ထွက်ရန် ကြိုးစားနေစဉ်အတွင်း အာရုံစိုက်မခံရအောင် အထူးဂရုစိုက်ရမည်ဖြစ်သည်။
'သူတို့က ပုရွက်ဆိတ်လေး တစ်ကောင်ကိုတော့ သတိထားမိမှာ မဟုတ်လောက်ပါဘူး.. ရေကန်ကို စောင့်ကြည့်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ လူသားနယ်မြေထဲက သက်ရှိတိုင်းကို စောင့်ကြည့်နေတယ်ဆိုတာတော့ ငါမယုံဘူး။ ဒါပေမဲ့ သေချာအောင် စမ်းသပ်ကြည့်ဖို့တော့ လိုမယ်'
သူက တွေးတောရင်း ထောင်ခန်းများမှ ပင်မအဆောက်အအုံကြီးအတွင်းသို့ ပြန်ရောက်လာသည်။
မုတ်ဆိတ်ပါးပါးနှင့်အစောင့်(သူ့အမည်မှာ ဒေါက်ဂလပ်စ် ဖြစ်သည်)မှာ မိနစ်အနည်းငယ်ခန့်က ဖြစ်ပျက်ခဲ့သည်များကို ဒေါသထွက်နေဆဲဖြစ်ပြီး ပြန်ပေါ်လာသည်။ အဒေါ့ဖ် လျှောက်လာသည်ကို မြင်သောအခါ သူက အေးစက်စွာ မေးလိုက်၏။
"မင်း အဲဒါကို အပြတ်ရှင်းခဲ့ပြီလား"
အဒေါ့ဖ်ကလည်း အေးစက်စွာ ပြုံးပြသည်။
"သူ့ကို စက်ဆုပ်စရာ ပိုးမွှားတွေရှိတဲ့ အခန်းထဲမှာ သွားပိတ်ထားခဲ့ပြီ။ ပြစ်ဒဏ်စတာနဲ့ သူသေမှာပဲ။ ဒါက ငါတို့ရဲ့ လက်စားချေမှုလေးပေါ့"
ဒေါက်ဂလပ်စ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး အေးစက်စွာ ရယ်မောလိုက်၏။
"အရမ်းကောင်းတယ်။ အဲဒီကောင်က အရက်စက်ဆုံး နည်းလမ်းနဲ့ သေသင့်တာ။ ငါတို့ကိုပါ ဆွဲထည့်ဖို့ ဘယ်လိုတောင် ကြံရဲတာလဲ"
အဒေါ့ဖ်က ရုတ်တရက် အနားတိုးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကို ဒေါက်ဂလပ်စ်၊ ဟိုအင်မော်တယ်က ငါတို့ကို အရေးမလုပ်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တောင်သခင်ကကော.. အဲဒီလူက အမြဲတမ်း စိတ်ပုတ်တတ်တာ။ အင်မော်တယ်ဆီက ဆူပူကြိမ်းမောင်းခံရပြီးရင် ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူ ငါတို့ကို လိုက်ရှာပြီး ဒုက္ခပေးလိမ့်မယ်။ သူ့ရဲ့ အာဏာကိုသုံးပြီး ငါတို့ကို စစ်ဆေးစီရင်ဖို့တောင် လုပ်နိုင်တယ်"
ဒေါက်ဂလပ်စ်၏ အားရကျေနပ်နေသော မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး ပြာနှမ်းသွား၏။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ.."
အဒေါ့ဖ်က တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ဖြည်းညှင်းစွာ ပြောသည်။
"ငါတို့ တောင်တောအုပ်ထဲကို ပြန်သွားပြီး အမဲလိုက်အဖွဲ့ထဲ ဝင်ဖို့ စေတနာ့ဝန်ထမ်း လုပ်ကြရင်ကော.. သူ ငါတို့ကို ရှာမတွေ့သရွေ့ ငါတို့ကို ဘယ်လို လက်စားချေနိုင်မှာလဲ"
"အဲဒီအခါကျရင် သူက ဟိုကောင်စုတ်အပေါ်မှာပဲ ဒေါသပုံချနိုင်တော့မယ်။ ပြီးတော့ သူ ငါတို့မျက်နှာကိုတောင် သိမှာမဟုတ်ဘူးလို့ ငါသေချာပေါက် ပြောရဲတယ်။ အမဲလိုက်အဖွဲ့ထဲမှာ ငြိမ်ငြိမ်လေး နေနေသရွေ့တော့ ဒီဘေးဒုက္ခကနေ ငါတို့ လွတ်နိုင်လိမ့်မယ်"
ဒေါက်ဂလပ်စ်က အဒေါ့ဖ်ကို စကားမပြောနိုင်လောက်အောင် ကြည့်နေပြီး လျှာတသပ်သပ် ဖြစ်နေသည်။
"ညီလေး အဒေါ့ဖ်... မင်းကတော့ တကယ့်ကို ကောက်ကျစ်တာပဲ"
အဒေါ့ဖ်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
"ဒါက ဘာမှမဟုတ်ပါဘူး။ ဒါဆို မင်း ငါနဲ့အတူ လိုက်မှာလား"
"အေးပေါ့... ငါတို့ အမြန်ပဲ ရာထူးက နုတ်ထွက်ပြီး တောင်ကို အစီရင်ခံရအောင်။ အဲဒါဆို အင်မော်တယ်တောင် ငါတို့ကို ဘာအပြစ်မှ ရှာလို့မရတော့ဘူး"
ထို့နောက် သူတို့နှစ်ဦး အမြန်ထွက်ခွာသွားကြသည်။ သို့သော် ဒေါက်ဂလပ်စ် မသိလိုက်သည်မှာ သူဟာလည်း အေ့စ်၏ စမ်းသပ်မှုခံရမည့် အရာဝတ္ထုတစ်ခု ဖြစ်လာတော့မည် ဖြစ်ကြောင်းပင်။
***