.
သူတို့၏ ရာထူးဟောင်းများကို စွန့်ခွာပြီးနောက် အစောင့်နှစ်ဦးစလုံးမှာ တောင်နောက်ဘက်သို့ အမြန် ဦးတည်သွားကြသည်။
အမဲလိုက်အဖွဲ့ဆိုသည်မှာ မည်သည့်စေတနာ့ဝန်ထမ်းမဆို ဝင်ရောက်နိုင်သော ပွင့်လင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း တောအုပ်အတွင်းရှိ မိစ္ဆာသားရဲများကြောင့် ဝင်ရောက်ရန် အန္တရာယ်အရှိဆုံး အဖွဲ့လည်း ဖြစ်သည်။
အမဲလိုက်အဖွဲ့၏ သေဆုံးနှုန်းမှာ အတော်လေး မြင့်မားသည်။ လူသားများမှာ အသူရာများ သို့မဟုတ် နတ်ဆိုးများကဲ့သို့ ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်မရှိသလို၊ အမဲလိုက်သမားများကဲ့သို့ ကျင့်ကြံခြင်းမပြုဘဲ အခြေခံ ချီကို အသုံးပြုနိုင်သည့် မွေးရာပါ စွမ်းရည်လည်း မရှိကြသဖြင့် ဤအဖွဲ့သို့ ဝင်ရောက်လေ့ မရှိကြပေ။
သို့သော်လည်း အမဲလိုက်အဖွဲ့သည် စားစရာ အလျှံပယ်ရသဖြင့် ဝင်ငွေကောင်းသောကြောင့် အချို့သော သတ္တိခဲများမှာ ဝင်ရောက်ကြဆဲ ဖြစ်သည်။
ယနေ့တွင်လည်း မထူးမခြားနားဘဲ ကွင်းပြင်ရှိ ကျောက်စားပွဲရှေ့တွင် တန်းစီနေကြပြီး၊ အပြာရောင်အသားအရေရှိသော အသူရာတစ်ဦးက တန်းစီနေသူများကို မထီမဲ့မြင် ကြည့်ရှုနေသည်။ သူဟာ တစ်စုံတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် 'အဖွဲ့ ၄၊ အဖွဲ့ ၅၊ ဒါမှမဟုတ် အဖွဲ့ ၆' ဟု အမိန့်ပေးနေသည်။
ဒေါက်ဂလပ်စ်နှင့် အဒေါ့ဖ်တို့လည်း အစောင့်တပ်ဖွဲ့ပိုင် လှံများကို ကိုင်ဆောင်ရင်း တန်းစီရာတွင် ပါဝင်လိုက်ကြသည်။ ထိုလှံဟောင်း နှစ်ချောင်းကို မည်သူကမျှ အရေးတယူ လုပ်နေမည်မဟုတ်ဟု ဒေါက်ဂလပ်စ်က တွေးထားသည်။
ထို့ပြင် ဒေါက်ဂလပ်စ်၏ စိတ်ထဲတွင် သူတို့သည် တောင်သခင်၏ လက်လှမ်းမီရာမှ ထွက်ပြေးနေခြင်းဖြစ်ရာ တောထဲတွင် အချိန်အတန်ကြာ နေထိုင်ရမည်ဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ လက်နက်လိုအပ်သည်ဟု ယူဆထားသည်။
မကြာမီ ဒေါက်ဂလပ်စ်နှင့် အဒေါ့ဖ်တို့ အလှည့်သို့ ရောက်လာသည်။ လှံကိုင်ကာ မတ်မတ်ရပ်နေသော ထိုလူသားနှစ်ဦးကိုသာ ကြည့်လိုက်ကာ အသူရာ၏ နှုတ်ခမ်းများက ပထမဆုံးအကြိမ် အနည်းငယ် ကွေးတက်သွား၏။
"မင်းတို့နှစ်ယောက်၊ အဖွဲ့ ၂ ကိုသွား"
အေ့စ် မျက်လုံးများ အနည်းငယ် မှေးကျဥ်းသွားသည်။ ထိုအသူရာထံမှ မလိုမုန်းထားစိတ်ကို သူ ခံစားလိုက်ရသည်။ အသူရာများ အလုပ်လုပ်ပုံကို သူ ကောင်းကောင်းသိသည်။ သို့သော် ယင်းအသူရာမှာ သာမန်လူမျှသာ ဖြစ်သဖြင့် သူ စိုးရိမ်နေစရာ မလိုပေ။
သူ အလိုရှိသည်မှာ မည်သူမျှ သတိမထားမိဘဲ ဤနေရာမှ ထွက်မပြေးမီ သူ့အတွေး မှန်၊ မမှန် စမ်းသပ်ရန်သာ ဖြစ်သည်။
ဤတောအုပ်က သူ လုံးဝ ပျောက်ကွယ်သွားရန်အတွက် အကောင်းဆုံးနေရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သေဆုံးခြင်းမှာ ပုံမှန်ကိစ္စဖြစ်ပြီး၊ မည်သူမျှ အရေးမပါသော လူတစ်ယောက်၏ အသက်အတွက် စုံစမ်းစစ်ဆေးနေမည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ပြင် အဖွဲ့အစည်း၏ စည်းမျဉ်းများက အကြွင်းမဲ့မှန်ကန်လျှင် ဤအသူရာက ဘာ့ကြောင့် သူတို့အပေါ် မကောင်းသော စိတ်ထား ရှိနေရသနည်း။
အေ့စ်မှာ ၎င်းကို စောင့်ကြည့်ရန် စိတ်အားထက်သန်နေမိသည်။
ဤအချိန်တွင် သဘာဝရနံ့များ ပြည့်နှက်နေပြီး အဖိုးတန် ကျောက်စိမ်းများနှင့် သစ်သားထည်များဖြင့် ခမ်းနားစွာ ပြင်ဆင်ထားသော ခန်းမဆောင်ကြီးအတွင်း၌...
ဓားစီးလာသော ဝတ်ရုံပြာနှင့် လူငယ်သည် သူ၏ မာန်မာနများ လုံးဝ ပျောက်ကွယ်သွားကာ အလွန် ရိုသေကိုင်းညွတ်သော ပုံစံဖြင့် ရှည်လျားသော ဆံပင်ဖြူနှင့် မုတ်ဆိတ်ရှည်ရှိသော အဘိုးအိုထံသို့ လျှောက်လှမ်းသွားသည်။
ထိုအဘိုးအိုက ဝတ်ရုံပြာလူငယ်နှင့် ဆင်တူသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အရောင်မှာ ခရမ်းရောင် ဖြစ်ပြီး နေမင်းတံဆိပ်မှာလည်း အတူတူပင် ဖြစ်သည်။ သူဟာ ငြိမ်းချမ်းသော ရှေးဟောင်း ရုပ်တုတစ်ခုကဲ့သို့ တရားထိုင်ဖျာပေါ်တွင် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေ ထိုင်နေသည်။
ဝတ်ရုံပြာလူငယ်က ဦးညွှတ်လိုက်၏။
"ရှစ်ယောက်မြောက် အကြီးအကဲခင်ဗျာ၊ သလင်းကျောက် ရေကန်မှာ ဖြစ်ပွားခဲ့တဲ့ အနှောင့်အယှက်နဲ့ ပတ်သက်ပြီး အစီရင်ခံစာ အပြီးသတ်တင်ပြဖို့ ရောက်လာတာပါ။ အဲဒါက ရေကန်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စိတ်မမှန်တဲ့ လူသားလူငယ်တစ်ယောက်ပါ၊ အခုတော့ ကိုင်တွယ်ဖြေရှင်းပြီးပါပြီ"
အဘိုးအို၏ မျက်ခွံများ အနည်းငယ် တုန်ယင်သွားပြီးနောက် ဉာဏ်ပညာနှင့် လောကဓံ၏ ကြမ်းတမ်းမှုကို နှစ်ပါင်းများစွာ ကျော်ဖြတ်လာသည့် မီးခိုးရောင် မျက်ဝန်းများကို ဖွင့်လိုက်သည်။ သူက မည်သည့် ခံစားချက်မျှ မပါသော အသံဩဩဖြင့် ပြောလိုက်၏။
"အဲဒီလူသားကို ဒီကို ခေါ်ခဲ့ပါ"
လူငယ်မှာ အလွန် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလှေကားထစ်များကို တက်လှမ်းနိုင်ခြင်း မရှိပါက မည်သည့် သာမန်လူမျှ ဤနေရာသို့ လာခွင့်မရှိသည်ကို သူ သိထားသောကြောင့် ဖြစ်သည်။ သူ မေးခွန်းထုတ်ချင်သော်လည်း အကြီးအကဲက မျက်လုံးပြန်မှိတ်သွားပြီဖြစ်ရာ စကားလုံးများကို ပြန်မြိုချလိုက်ရသည်။
"အမိန့်အတိုင်းပါခင်ဗျာ"
သူက တစ်ကြိမ် ထပ်မံ ဦးညွှတ်ပြီး ခန်းမထဲမှ အမြန် ထွက်ခွာသွားသည်။
တောင်သခင်က ဒေါသအလျောက် ထိုကောင်လေးကို အသက်ရှင်လျက် ထားမည် မဟုတ်သည်ကို သူသိသဖြင့် ထိုရလဒ်ရရန် သူက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ အမိန့်သစ် ရရှိသွားပြီ ဖြစ်သည်။ သူ အမြန်သွားရမည်ဖြစ်ပြီး ထိုကောင်လေး အသက်ရှင်နေသေးရန်သာ ဆုတောင်းနေမိတော့သည်။
သို့သော် ထိုလူငယ်က သူ၏ ဓားပျံကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် ရှစ်ယောက်မြောက် အကြီးအကဲ၏ အသံက သူ၏ ဦးနှောက်ထဲတွင် ရုတ်တရက် မြည်ဟည်းလာသဖြင့် ထိတ်လန့်သွားရသည်။
"အမူအရာ မပျက်စေနဲ့။ သေသေချာချာ နားထောင်စမ်း... ငါ အဲဒီကောင်လေးကို အသေသတ်စေချင်တယ်၊ သူ့ရဲ့ အလောင်းကိုပဲ ယူလာခဲ့။ ဘယ်သူမှ မသိစေနဲ့၊ သိသွားရင် မင်း သေရလိမ့်မယ်"
ထိုအသံ၏ နောက်ကွယ်ရှိ လူသတ်ငွေ့ကို ခံစားလိုက်ရသဖြင့် သူ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူ့ ခံစားချက်ကို မနည်း ထိန်းချုပ်လိုက်ရပြီး၊ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရသကဲ့သို့ ပြာနှမ်းနေသော မျက်နှာဖြင့် ဓားပျံကို စီးကာ ထွက်ခွာသွားတော့သည်။
ထိုလူငယ် ထွက်ခွာသွားပြီးနောက် သုံးမီတာခန့် မြင့်မားသော သန်မာထွားကြိုင်းသည့် လူရိပ်တစ်ခုဟာ ရှစ်ယောက်မြောက် အကြီးအကဲ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။ သူဟာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏ နေမင်းတံဆိပ်မှာ လုံးဝ အနက်ရောင် ဖြစ်ကာ ထိုနေမင်း၏ အလယ်တည့်တည့်တွင် ရွှေရောင်ဓားတစ်လက် ရှိသည်။ သူ၏ မျက်နှာကိုမူ မျက်နှာဖုံးအနက်ဖြင့် ဖုံးကွယ်ထားသည်။
ရှစ်ယောက်မြောက် အကြီးအကဲက မျက်လုံးမဖွင့်ဘဲ အသံဩဩဖြင့် မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို မသိစေဘဲ ဘေးနားတွင် ပေါ်လာနိုင်သူမှာ မည်သူဖြစ်သည်ကို သူ သိနေသောကြောင့် ဖြစ်သည်။
"နေမင်းအရှင်၊ ဒီကိစ္စက ငါတို့ရဲ့ ရှေးဟောင်းရိုးရာကို ဖျက်ဆီးရလောက်အောင် တကယ်ပဲ တန်ဖိုးရှိလို့လား.."
နေမင်းအရှင်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ရယ်မောကာ ပြန်ပြောလိုက်၏။
"ဟားဟား... အဘိုးကြီး ရှစ်၊ ထူးဆန်းတဲ့ အရာတစ်ခုခုကို တွေ့သွားရင် အဲဒီကောင်လေးက လူသားမျိုးနွယ်ကို ဒုက္ခပေးမှာ မင်း ကြောက်နေတာမလား.. ငါ လူသားမျိုးနွယ်ကို ပစ်မှတ်မထားဘူးလို့ ကတိပေးရင် မင်း စိတ်သက်သာရာ ရသွားမလား"
ရှစ်ယောက်မြောက် အကြီးအကဲက မျက်လုံးမဖွင့်သေးဘဲ အေးစက်စွာ ပြန်ပြောသည်။
"နေမင်းအရှင်၊ မင်းရဲ့ စိတ်ကူးယဉ်မှုက အရင်အတိုင်း ဖြစ်နေတုန်းပဲ။ ဒါ့အပြင် မဟာမိတ်အဖွဲ့မှာ ငါတို့က စည်းမျဉ်းတွေကို လိုက်နာကြတယ်။ ဘယ်သူပဲ စည်းမျဉ်းချိုးဖောက်ပါစေ၊ ငါ့ရဲ့ လူသားမျိုးနွယ်ပဲဖြစ်ဖြစ်၊ မင်းရဲ့ နတ်ဆိုးမျိုးနွယ်ပဲဖြစ်ဖြစ် တန်းတူ ပြစ်ဒဏ်ပေးခံရမှာပဲ။ နေမင်းအရှင်တောင် အဲဒါကို ပြောင်းလဲလို့ မရဘူး"
"ဟားဟားဟားဟား..."
ထိုစကားကို ကြားသောအခါ နေမင်းအရှင်က ရုတ်တရက် နတ်ဆိုးဆန်စွာ အော်ဟစ်ရယ်မောလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားပြီး အေးချမ်းသော ပတ်ဝန်းကျင်ကို ထိတ်လန့်စရာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
သို့သော် ရှစ်ယောက်မြောက် အကြီးအကဲမှာ တုန်လှုပ်ခြင်းမရှိဘဲ နေမင်းအရှင်၏ ရယ်သံနှင့်အတူ အေးစက်သော အရှိန်အဝါများ ရုတ်တရက် ပျောက်ကွယ်သွားသည်အထိ တည်ငြိမ်နေသည်။
"အဘိုးကြီး ရှစ်... မင်းကတော့ အရင်အတိုင်း ဘာကိုမှ ဂရုမစိုက်ဘဲ စည်းမျဉ်းတွေကိုပဲ တန်ဖိုးထားနေတာပဲ။ မင်းကို စိတ်ဝင်စားစရာ တစ်ခု ပြောပြမယ်။ ငါ့အထင်တော့ အဲဒီကောင်လေးက တိုက်ကြီးဆယ်တိုက်ကနေ လာခဲ့တာပဲ"
နေမင်းအရှင်၏ အသံမှာ အလွန်ညင်သာသော်လည်း ထိုအသံထဲတွင် ရူးသွပ်မှုနှင့် အတိုင်းအထက်အလွန် မုန်းတီးမှုများ ကိန်းအောင်းနေသည်။ ထို့နောက် သူဟာ ပေါ်လာစဉ်ကအတိုင်း ခန်းမထဲမှ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
ရှစ်ယောက်မြောက် အကြီးအကဲလည်း နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေတော့သည်။
***