အဒေါ့ဖ် နှင့် ဒေါက်ဂလပ်စ်တို့ဟာ လူဆယ်ယောက်ပါဝင်သော အဖွဲ့၏နောက်မှနေ၍ ထူထပ်သော တောအုပ်တစ်ခုအတွင်းသို့ လမ်းလျှောက်လာကြသည်။ ထို့ပြင် ဤအဖွဲ့၏ ခေါင်းဆောင်မှာ သူတို့ကို အဖွဲ့အမှတ် (၂) တွင် ခန့်အပ်ခဲ့သည့် အသူရာပင် ဖြစ်နေသည်။
ဤအဖွဲ့တွင် အသူရာ ငါးဦး၊ နတ်ဆိုး နှစ်ဦး၊ မုဆိုး တစ်ဦးနှင့် လူသားနှစ်ဦး ပါဝင်ပြီး လူသားနှစ်ဦးဖြစ်သည့် ဒေါက်ဂလပ်စ်နှင့် အဒေါ့ဖ်တို့မှလွဲလျှင် ကျန်ရှိသူများမှာ သူတို့ထက် အဆင့်အတန်းများစွာ သာလွန်သူများဟု ဆိုနိုင်သည်။
အထူးသဖြင့် လမ်းကြောင်းရှာဖွေရာတွင် အလွန်ကျွမ်းကျင်ပြီး လေးနှင့်မြှားကို အသုံးပြုသော ဆံပင်နီနှင့် မုဆိုးကင်းထောက်မှာ ပို၍ပင် ထူးခြားနေသည်။
အသူရာများမှာ လှံရှည်များကို ကိုင်ဆောင်ထားကြပြီး တောင်ပံခရမ်းရောင်နှင့် နတ်ဆိုးများမှာမူ ဓားရှည်နှစ်လက်ကို အသုံးပြုကြသည်။ ထို့ကြောင့် သူတို့နှင့်နှိုင်းယှဉ်လျှင် အဒေါ့ဖ်နှင့် ဒေါက်ဂလပ်စ်တို့မှာ အလွန်ပင် အားနည်းလွန်းနေသည်။
"အစ်ကို အဒေါ့ဖ်... သူတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာ တကယ်မှန်သွားပြီ။ ဒီလိုလူတွေရှိနေမှတော့ ဒီသားရဲတောအုပ်ထဲမှာ ငါတို့ ဘေးကင်းမှာပဲ"
ဒေါက်ဂလပ်စ်က အဒေါ့ဖ်ကို လေသံတိုးတိုးဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။
"အဲဒီလိုပဲ ထင်တာပဲ"
အဒေါ့ဖ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
သို့သော် စိတ်ထဲတွင်မူ အေ့စ်က ဒေါက်ဂလပ်စ်ကဲ့သို့ အကောင်းမမြင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် သာမန်လူသားတစ်ယောက်ထက် ပိုမိုသိမြင်နိုင်သော အာရုံရှိသောကြောင့်ဖြစ်ပြီး မုဆိုးနောက်သို့ လိုက်ပါလာသော နတ်ဆိုးများနှင့် အသူရာများကို ကြည့်ရင်း သူ၏နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
ထိုသို့ဖြင့် ညအချိန်သို့ ရောက်ရှိလာခဲ့သော်လည်း တစ်နေ့ခင်းလုံး မည်သည့်အန္တရာယ် သို့မဟုတ် သားကောင်နှင့်မျှ မတွေ့ဆုံခဲ့ပေ။ ထို့ကြောင့် အသူရာခေါင်းဆောင် ဂျွန်နီက ကွင်းပြင်တစ်ခုတွင် စခန်းချရန် အမိန့်ပေးလိုက်ပြီး နဆ်ဆိုးများက စခန်းပတ်လည် လုံခြုံရေးအတွက် စတင်အလုပ်ရှုပ်နေကြသည်။ တစ်ချိန်တည်းမှာပင် လူသားနှစ်ဦးကိုမူ ထင်းကောက်ရန် ခိုင်းစေခဲ့သည်။
"ဒီနေရာက ဒီလောက်အေးချမ်းမယ်လို့ ငါတစ်ခါမှ မထင်ထားဘူး။ ဒီနေရာမှာ နတ်ဆိုးသားရဲတွေ ပြည့်နေတယ်ဆိုတဲ့ ကောလာဟလတွေက အခြေအမြစ်မရှိတာပဲ။ အကျိုးအမြတ်တွေကို သူတို့ချည်းပဲ လက်ဝါးကြီးအုပ်ချင်လို့ အဲဒီနတ်ဆိုးတွေနဲ့ အသူရာတွေက ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ထားတာလားလို့တောင် ငါသံသယဖြစ်မိတယ်"
ဒေါက်ဂလပ်စ်က ထင်းကောက်ရင်း အဒေါ့ဖ်ကို ပြောပြနေသည်။
"ဖြစ်နိုင်တာပဲ"
အေ့စ်က ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။
နတ်ဆိုးများနှင့် အသူရာများသည် ရုပ်ပိုင်းဆိုင်ရာ သန်မာမှုရှိသောကြောင့် အမဲလိုက်အဖွဲ့များတွင် သူတို့သာ အများဆုံးပါဝင်လေ့ရှိပြီး အစားအစာရရှိမှုကိုလည်း သူတို့ကပင် ထိန်းချုပ်ထားကြသည်။ သူတို့မှာ အမဲလိုက်၍ရသောအရာများကို အခြားကုန်စည်များအတွက် ဈေးကွက်တွင် ရောင်းချကြရသည်။
'ရှဲ... ရှဲ...'
ထိုစဉ် တောအုပ်ထဲမှ အသံများထွက်ပေါ်လာသဖြင့် ဒေါက်ဂလပ်စ်၏ အာရုံကို ဆွဲဆောင်သွားသော်လည်း အေ့စ်မှာမူ မည်သို့မျှ အံ့ဩခြင်းမရှိဘဲ လှမ်းကြည့်ရုံသာ ကြည့်လိုက်သည်။
"ဘယ်သူလဲ.."
ဒေါက်ဂလပ်စ်က အော်လိုက်ပြီး လက်ထဲမှ ထင်းများကို မြေကြီးပေါ်သို့ ပစ်ချကာ လှံဖြင့် အသံလာရာဘက်သို့ သတိကြီးစွာ ချိန်ရွယ်လိုက်သည်။
အရပ်မျက်နှာ အသီးသီးမှ အသံများ ပိုမိုထွက်ပေါ်လာသည်။
"ငါတို့ကို ဝိုင်းထားပြီ"
အေ့စ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဒေါက်ဂလပ်စ်မှာ ထိုစကားကို ကြားသောအခါ မျက်နှာပြာနှမ်းသွား၏။
"အော်ပြီး အကူအညီတောင်းကြရအောင်။ ငါတို့ စခန်းချတဲ့နေရာနဲ့ မဝေးဘူး။ သူတို့ ကြားနိုင်မှာပါ"
အေ့စ်က ခေါင်းယမ်းလိုက်သည်။
"အစ်ကို ဒေါက်ဂလပ်စ်... အဲဒါ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ ငါတို့ကို ဝိုင်းထားတာ တခြားသူတွေမဟုတ်ဘဲ ငါတို့အဖွဲ့ဝင်တွေ ဖြစ်နေလို့ပဲ"
"ဘာ"
ဒေါက်ဂလပ်စ်က မယုံကြည်နိုင်စွာဖြင့် အဒေါ့ဖ်ကို ကြည့်ရင်း အာမေဍိတ်သံ ထွက်သွားသည်။
အေ့စ်က သူ့ကို ဂရုမစိုက်ဘဲ အသံလာရာဘက်သို့ ကြည့်ကာ အေးစက်သောအပြုံးဖြင့် ပြောလ်ုက်၏။
"ထွက်လာပြီး ငါ့သူငယ်ချင်းကို ရှင်းပြပေးပါဦးလား၊ ခေါင်းဆောင် ဂျွန်နီ"
အဒေါ့ဖ်၏ စကားဆုံးသည်နှင့် ဂျွန်နီ၏ ဟားတိုက်ရယ်မောသံ ထွက်ပေါ်လာပြီး ရှဲရှဲမြည်သံများ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားကာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် သူ၏ ထူးဆန်းသော ရယ်သံကြီးသာ ကျန်ရှိတော့သည်။
အဒေါ့ဖ် ပြောခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်သဖြင့် ဒေါက်ဂလပ်စ်မှာ အံ့အားသင့်သွားရသည်။ သို့သော် သူက ခြောက်ကပ်ကပ် ရယ်မောရင်း တုန်ယင်စွာ ပြာလိုက်၏။
"ခေါင်းဆောင် ဂျွန်နီ၊ ကျေးဇူးပြုပြီး ငါတို့ကို ဒီလိုမျိုး လာမခြောက်ပါနဲ့"
နတ်ဆိုးသားရဲများ ဝိုင်းထားခြင်း မဟုတ်သည့်အတွက် သူ စိတ်သက်သာရာ ရသွားခြင်းဖြစ်သည်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းက တကယ်ကို ထူးခြားတာပဲ"
ပြောရင်း ဂျွန်နီက တောအုပ်ထဲမှ ထွက်လာခဲ့ပြီး ကျန်အဖွဲ့ဝင် ခုနစ်ဦးကလည်း နောက်မှ လိုက်ပါလာကြသည်။
အေ့စ်က သူတို့အားလုံးကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည်။
"ဒါဆို မင်းတို့က ငါတို့ကို ဒီလို လူသူမနီးတဲ့နေရာကို ခေါ်လာတာ ငါတို့ကို ခြောက်လှန့်ဖို့ သက်သက်ပဲလား"
ဂျွန်နီဟာ အဒေါ့ဖ်၏ ပြုံးနေသောမျက်နှာကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် ၎င်းမှာ ခံစားချက်မျှသာဖြစ်သဖြင့် သူ လျစ်လျူရှုလိုက်သည်။ သူက အရင်ကလည်း ယခုကဲ့သို့ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ယခုတစ်ကြိမ်လည်း ထူးခြားမည်မဟုတ်ဟု ထင်နေသည်။
သူက လှောင်ပြောင်လိုက်သည်။
"မင်း ဘယ်တုန်းက သိသွားတာလဲ.. ငါ မင်းတို့ကို ဒီကို မျှားခေါ်လာတာ သိနေရင်တောင် ဘာလို့ ဘာမှမလုပ်တာလဲ"
"မင်းတို့ ဘာတွေ ပြောနေကြတာလဲ"
ဒေါက်ဂလပ်စ်မှာ အလွန်ဆိုးရွားသော အခြေအနေတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း စတင်ခံစားလာရသဖြင့် ကြောင်တောင်တောင် ဖြစ်နေသည်။
အေ့စ်ကတော့ အေးဆေးစွာပင် ရှိနေသည်။
"ငါတို့ကို မင်းတို့အဖွဲ့ထဲ ထည့်လိုက်တဲ့အချိန်ကတည်းက ဘာလို့ ဒီကို မျှားခေါ်လာသလဲဆိုတာကို ငါသိပြီးသားပါ။ အဖြေကိုလည်း ကြာလှပြီ သိခဲ့တာ။ ငါက မင်းတို့ ဒီလို ယုတ်မာတဲ့လုပ်ရပ်ကို နောက်တစ်ခါ ထပ်မလုပ်နိုင်အောင် သေချာအောင် လုပ်ချင်ရုံပါပဲ"
"မင်း ဘာပြောလိုက်တယ်.. ဟားဟား... မင်းက လူအပဲလား..."
အခြားအသူရာတစ်ဦးက လှောင်ပြောင်ရယ်မောရင်း ပြောလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏အသံမှာ ပြတ်တောက်သွားသည်။
'ဘုန်း'
သူ့ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကျန်ရှိနေသော ခုနစ်ဦးမှာ သူတို့အပေါ်သို့ သွေးများ လွင့်စင်လာသည်ကိုပင် သတိမထားနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။ ဒေါက်ဂလပ်စ်၏ မျက်လုံးများမှာလည်း အိမ်မက်မက်နေသကဲ့သို့ ပြူးကျယ်သွားသည်။
"ခြုံခိုတိုက်ခိုက်တယ်.."
ဂျွန်နီက ပြာနှမ်းနေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
အားလုံးက ထိတ်လန့်နေရာမှ သတိဝင်လာပြီး ကြောက်လန့်တကြား ခုခံရန် ပြင်လိုက်ကြ၏။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် သူတို့ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်သည်။ အစမှ အဆုံးအထိ ၎င်းမှာ ဤလူသားနှစ်ဦး၏ လက်ချက်ဖြစ်လိမ့်မည်ဟု သူတို့ မထင်ပေ။
ထိုအချိန်တွင် အေ့စ်က သူတို့ကို အေးစက်သော အကြည့်ဖြင့် ထပ်ပြောလိုက်သည်။ "ခေါင်းဆောင် ဂျွန်နီ... မင်းက လူသားတွေကို အမဲလိုက်ရတာကို သဘောကျပြီး သူတို့ အသက်ဘေးက လွတ်ဖို့ တောင်းပန်တာကို မြင်ရရင် စိတ်လှုပ်ရှားတတ်တယ် မဟုတ်လား။ အထူးသဖြင့် လူသားအသားရဲ့ အရသာကို အရာအားလုံးထက် ပိုကြိုက်တယ်လေ"
"ဒါကြောင့်လည်း လူသားတစ်ယောက်ယောက်က အမဲလိုက်အဖွဲ့မှာ လာမှတ်ပုံတင်တိုင်း မင်းရဲ့အဖွဲ့ထဲ အမြဲထည့်တာပေါ့။ မင်း သူတို့ကို သတ်တာကို ငါလျစ်လျူရှုထားလို့ ရပေမယ့် မင်းလုပ်တဲ့ တခြားအရာတွေကိုတော့ ငါမကြိုက်ဘူး။ အထူးသဖြင့် သူတို့ကို နှိပ်စက်ပြီး စားသောက်တဲ့ အပိုင်းပေါ့။ ပြောစမ်းပါဦး... ဘာလို့ လူသားတွေကိုပဲ ရွေးတာလဲ"
ဂျွန်နီ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး အဒေါ့ဖ်ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ အခြားသူများလည်း ထိုနည်းတူပင်။
"မ မင်း ဘယ်လိုလုပ်..."
သို့သော် ဂျွန်နီ စကားမဆုံးမီမှာပင်
"ဒိုင်း... ဒိုင်း... ဒိုင်း..."
ခြောက်ကြိမ်ဆက်တိုက် ပေါက်ကွဲသံများ ပတ်ဝန်းကျင်တွင် ဟိန်းထွက်သွားပြီး ဂျွန်နီတစ်ဦးတည်းသာ သူ့လုပ်ဖော်ကိုင်ဖက်များ၏ အသားစများနှင့် သွေးများအကြား ရုပ်တုတစ်ခုကဲ့သို့ ရပ်ကျန်ခဲ့သည်။
သူဟာ ပြုံးနေဆဲဖြစ်သော လူသားကို ကြည့်ရင်း သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ထိုအပြုံးက သူ လူသားများကို အမဲလိုက်သည့်အခါ ပြုံးလေ့ရှိသော အပြုံးနှင့် အလွန်တူနေသည်ဟု ခံစားရသည်။
ဆီးထွက်မတတ် ကြောက်ရွံ့လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ လူသားများက နိမ့်ကျပြီး သူတို့အတွက် အစာမျှသာဟု သူ အမြဲထင်ခဲ့သော်လည်း ယခုမူ သူသည် စစ်မှန်သော လူသားတစ်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံနေရသကဲ့သို့ ခံစားနေရသည်။
"အားကိုးရာမဲ့တဲ့ လူသားတွေကို သတ်တာက ဘာအကျိုးဆက်မှ မရှိဘူးဆိုရင်တော့၊ မင်းတို့ကို သတ်တာကလည်း ထူးခြားမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်"
အေ့စ်က အေးဆေးစွာ ပြောလိုက်ပြီးနောက် ဂျွန်နီသည်လည်း သူ၏ အပေါင်းအသင်းများကဲ့သို့ပင် ထိုနေရာ၌ပင် ပေါက်ကွဲသွားတော့သည်။
အေ့စ်က သူတို့၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးဖြစ်သဖြင့် သူ၏ သံသယကို အတည်ပြုပြီးနောက် ထွက်ပြေးသွားရုံသာ ပြုလုပ်နိုင်သော်လည်း၊ ထိုသူများက လူသားများအပေါ် ပြုမူပုံကို သိရှိသွားသောအခါ အားကိုးရာမဲ့ လူသားများအပေါ် သူတို့ ပြုမူခဲ့သည့်အတိုင်း ပြန်လည်သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သူဟာ ယခင်က လူများစွာကို သတ်ခဲ့ဖူးသလို၊ နောင်တွင်လည်း သူ့လက်ချက်ဖြင့် သေကြရဦးမည် ဖြစ်သော်လည်း လူသတ်ရခြင်းကို ဘယ်သောအခါမှ မပျော်ပိုက်ခဲ့သလို ဂုဏ်ယူခြင်းလည်း မရှိခဲ့ပေ။ သူက ခိုးယူခြင်းနှင့် ခိုးယူသည့် လုပ်ငန်းစဉ်ကိုသာ နှစ်သက်သူဖြစ်သည်။
"မင်း... မင်း..."
ဒေါက်ဂလပ်စ်မှာ ရူးမတတ် ဖြစ်နေစဉ် သူ၏ မျက်လုံးများ ရုတ်တရက် ဝေဝါးသွားသည်။
'စိတ်ခိုးယူခြင်းအတတ်- ကြေးညိုရောင် သူခိုးလက်ဝါး'
အေ့စ်၏ မျက်လုံးသူငယ်အိမ်များမှာ ကြေးညိုရောင်အဖြစ် ခဏတာ တောက်ပသွားပြီးနောက် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားသည်။
ထိုအခါ ငိုင်တိုင်တိုင် ရပ်နေသော ဒေါက်ဂလပ်စ်က မြေကြီးပေါ်သို့ မှောက်လျက် လဲကျသွားတော့သည်။
'ဒီလောက်ဆို ရပြီ။ သူ စခန်းချဖို့ ရပ်နားခဲ့တဲ့ အချိန်ကစပြီး ဘာကိုမှ မှတ်မိတော့မှာ မဟုတ်ဘူး'
အေ့စ်က ဒေါက်ဂလပ်စ်ကို ကြည့်ရင်း အေးစက်စွာ တွေးလိုက်သည်။
စိတ်ခိုးယူခြင်းအတတ်၏ ပထမအဆင့်ဖြစ်သော ကြေးညိုရောင် သူခိုးလက်ဝါးကို ကျွမ်းကျင်ပြီးနောက် သာမန်လူတစ်ယောက်၏ မှတ်ဉာဏ်ကို ခိုးယူခြင်းမှာ အေ့စ်အတွက် ကလေးကစားစရာကဲ့သို့ပင် ဖြစ်သည်။ ဒေါက်ဂလပ်စ် နိုးလာပြီး သူ တစ်ယောက်တည်း ဖြစ်နေသည်ကို တွေ့သည့်အခါ ပျောက်ဆုံးနေသော မှတ်ဉာဏ်အကြွင်းအကျန်များကို သူ့ဘာသာသူပင် ပြန်လည်ဖြည့်စွက်နိုင်လိမ့်မည်ဖြစ်သည်။
အေ့စ်ဟာ အလုပ်ပြီးမြောက်သွားသောအခါ သွေးပျက်ဖွယ် မြင်ကွင်းတစ်ခုကိုသာ ချန်ရစ်ခဲ့ပြီး ရိပ်ကနဲ ပျောက်ကွယ်သွားလေတော့သည်။
***