မိုးပြာလေတိုက်ကြီး၏ တော်ဝင်နယ်မြေများသည် တစ်နှစ်ပတ်လုံး တိုက်ခတ်နေသည့် မှိန်ဖျော့ဖျော့ အပြာရောင်လေပြည်များကြောင့် ကျော်ကြားသည်။ ထိုလေဟာ မည်သည့်နေရာမှ လာသည်ကို မည်သူမျှ မသိသော်လည်း ၎င်းမှာ အန္တရာယ်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုလေထဲတွင် လေဒြပ်စင်များပင် ကြွယ်ဝစွာ ပါဝင်နေသည်။
ရှေးဟောင်းဂိုဏ်းကြီး ငါးဂိုဏ်းမှာ တော်ဝင်နယ်မြေများကို အုပ်ချုပ်ကြပြီး နယ်မြေများကို အပိုင်းလိုက် ခွဲဝေယူထားကြသည်။ အရှေ့ဘက်တွင် ဝိညာဉ်မီးလျှံဂိုဏ်း၊ အနောက်ဘက်တွင် သားရဲထိန်းကျောင်းသူများဂိုဏ်း၊ တောင်ဘက်တွင် အမှောင်အိမ်မက်ဆိုးဂိုဏ်း၊ မြောက်ဘက်တွင် ယင်ပန်းဂိုဏ်း နှင့် အလယ်ဗဟိုတွင် မိုးပြာလေ တောင်တန်းဂိုဏ်းတို့ ဖြစ်ကြသည်။
ဂိုဏ်းတစ်ခုစီသည် တစ်ဖက်နှင့်တစ်ဖက် အလုပ်ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိတို့ပိုင် နယ်မြေများကိုယ်စီ စီမံခန့်ခွဲကြသည်။ ထိုနယ်မြေများတွင် ရှေးဟောင်းဂိုဏ်းကြီးများ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌ ရှိသော လူသားတို့၏ အဆင့်နိမ့်ဂိုဏ်းငယ်လေးများစွာ ရှိနေသည်။
ပုံမှန်အားဖြင့် ရှေးဟောင်းဂိုဏ်းကြီးများသည် သီးသန့်နေလေ့ရှိပြီး အဆင့်နိမ့်ဂိုဏ်းငယ်များ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခဲသည်။ သူတို့က တော်ဝင်နယ်မြေ အနှံ့အပြားမှ တပည့်သစ်များကို သုံးနှစ်တစ်ကြိမ်သာ ရွေးချယ်လေ့ရှိပြီး ထိုအချိန်ဆိုလျှင် တော်ဝင်နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ရသည့် တစ်ခုတည်းသော အချိန်ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ရှေးဟောင်းဂိုဏ်းကြီး ငါးဂိုဏ်းက တပည့်သစ်များကို သတ်မှတ်ရက်မရှိဘဲ လစဉ် အစုလိုက်အပြုံလိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သဖြင့် တော်ဝင်နယ်မြေများ၏ အေးချမ်းသော ပတ်ဝန်းကျင်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့သော အခွင့်အရေးမျိုးကို ဂိုဏ်းငယ်လေးများက မည်သို့ လက်လွှတ်ခံပါမည်နည်း။ အထူးသဖြင့် မိမိကိုယ်ကို ရှေးဟောင်းဂိုဏ်းကြီးများမှ ပါရမီရှင်များထက် မနိမ့်ကျဟု ထင်မှတ်နေကြသည့် မာနကြီးပြီး ရည်မှန်းချက်ကြီးသော လူငယ်များအတွက် ပို၍ပင် အခွင့်အရေး ဖြစ်နေသည်။
၎င်းက တော်ဝင်နယ်မြေတစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေခဲ့သည်။ သို့သော် လွန်ခဲ့သော သုံးလခန့်မှစ၍ အခြားသတင်းတစ်ခုလည်း ထပ်မံပျံ့နှံ့လာခဲ့သည်။ ၎င်းမှာ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး သက်ရှိအားလုံး၏ ရန်သူဖြစ်သည့် သူခိုးတစ်ယောက်အကြောင်းနှင့် မျိုးနွယ်စုအားလုံး ပူးပေါင်း၍ သူ့ကို ဖယ်ရှားရန် ပြင်ဆင်နေကြသည့် သတင်းဖြစ်သည်။
ထို့ပြင် ထိုသူခိုးသည် မိုးပြာလေ တောင်တန်းဂိုဏ်း၏ အကြီးအကဲချုပ်ကိုယ်တိုင် ဖမ်းဆီးထားသည့် သူ၏ဆွေမျိုးကို ကယ်တင်ရန် မိုးပြာလေတိုက်သို့ ရောက်ရှိလာနိုင်သည်ဟု ဆိုကြသည်။
ဤသတင်းကို မည်သူက စတင်ဖြန့်ဝေသည် သို့မဟုတ် မှန်ကန်ခြင်း ရှိ၊ မရှိကို မည်သူမျှ မသိသော်လည်း ၎င်းမှာ တောမီးကဲ့သို့ ချက်ချင်းပျံ့နှံ့သွားပြီး လူထုကြားတွင် အလွန်ရေပန်းစားသော ထိပ်သီးခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် အသူရာ တစ်ဦးက ဂိုဏ်းငါးဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့မြင်ခဲ့ရပြီးနောက် နတ်ဆိုးများကလည်း နောက်မှ လိုက်ပါသွားသည်ကို တွေ့ရသောအခါ ၎င်းမှာ အခြေအမြစ်မရှိသော သတင်းသက်သက် မဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။
ကမ္ဘာပေါ်ရှိ ထိပ်သီးမျိုးနွယ်စုကြီး နှစ်ခုမှာ သူတို့၏တိုက်သို့ စုရုံးရောက်ရှိလာခြင်းကို လူသားအားလုံးနီးပါး ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပြီး ထိုမျိုးနွယ်စုနှစ်ခုလုံးက သူခိုးတစ်ယောက်ကို ဘာကြောင့် ဒီလောက်အထိ အာရုံစိုက်နေရသလဲဆိုသည်ကို လူအများက စိတ်ဝင်တစား ရှိနေကြသည်။
ဤအချိန်တွင် အမှောင်အိမ်မက်ဆိုးဂိုဏ်း၏ နယ်မြေအတွင်းရှိ မြို့ငယ်လေးတစ်မြို့၌...
လူတစ်ယောက်ဟာ ညစ်ပတ်နေသော ကျစ်ဆံမြှီး ဆံပင် များကြားတွင် မျက်နှာကို ဝှက်ထားသည်။ သူ၏ အရိုးပေါ် အရေတင်ဖြစ်နေသော အပေါ်ပိုင်းဗလာဖြစ်နေသည့် ရင်ဘတ်တွင် ဒဏ်ရာ အမာရွတ်မျိုးစုံနှင့် မြေကြီးများ ပေကျံနေပြီး ခန္ဓာကိုယ်အောက်ပိုင်းကိုမူ အဝတ်စုတ်တစ်ခုဖြင့် လုံရုံမျှသာ ဖုံးအုပ်ထားသည်။
သူ၏ ဘေးတွင် ဖုန်တက်နေသော ကြေးညိုရောင် ခွက်ဟောင်းတစ်လုံး ရှိနေပြီး ကြည့်ရသည်မှာ ၎င်းကသူတောင်းစားတစ်ဦးနှင့် တူလှသည်။
လူသူပြတ်လပ်ပုံရသော မှောင်မည်းနေသည့် လမ်းကြားဟောင်းတစ်ခုထဲတွင် ထိုင်နေသည်။ သူ၏ ပုံမှန်ရှိနေသော အသက်ရှူသံသာ မရှိပါက တစ်စုံတစ်ဦးက သူ့ကို ထိုနေရာတွင် လာရောက်စွန့်ပစ်ထားသည့် လူသေအလောင်းဟုပင် ထင်မှတ်သွားနိုင်သည်။
ထိုစဉ် လမ်းကြား၏ ကျဉ်းမြောင်းသော အဝင်ဝတွင် အရိပ်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုသူတောင်းစားထံသို့ လမ်းလျှောက်လာသူမှာ အသက် ၁၀ နှစ်မှ ၁၂ နှစ်ဝန်းကျင်ခန့်ရှိသည့် ဖြူဖျော့ဖျော့ မျက်နှာနှင့် တောက်ပသော မီးခိုးရောင် မျက်လုံးဝိုင်းကြီးများရှိသည့် ပိန်ပိန်ပါးပါး ကောင်လေးတစ်ဦး ဖြစ်သည်။
သူက ဟောင်းနွမ်းသော်လည်း သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ပေါင်မုန့်လုံးလေးတစ်လုံးကို ကိုင်ထားကာ သူ၏ တက်ကြွနေသော မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်လျက် သူတောင်းစားရှိရာသို့ လျှောက်လာသည်။
သူတောင်းစားမှာမူ ကောင်လေး ရောက်ရှိလာသည်ကို သတိမပြုမိသကဲ့သို့ လုံးဝ မလှုပ်မယှက်ဘဲ ရှိနေကာ အသက်ရှူသံသာ ကြားနေရသည်။
ကောင်လေးက တွန့်ဆုတ်နေခြင်းမရှိဘဲ သူတောင်းစား၏ ရှေ့ တစ်ပေအကွာတွင် ရပ်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။
လေးနက်သော အမူအရာဖြင့် သူကိုင်ထားသော ပေါင်မုန့်ကို ကြေးညိုရောင်ခွက်ထဲသို့ ထည့်လိုက်၏။ သို့သော် ထိုပေါင်မုန့်ကို လှမ်းကြည့်လိုက်စဉ် သူ၏မျက်လုံးထဲတွင် နှမြောတွန့်တိုသည့် အရိပ်အယောင်လေး တစ်ခုတော့ ရှိနေသည်။
ဒါပေမဲ့လည်း သူက ပြန်ယူခြင်းမရှိဘဲ ကလေးသံဖြင့် ပြောလိုက်သည်။
"ဆရာကြီး... ပြီးခဲ့တဲ့ရက်က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျေးဇူးဆပ်ဖို့ ရောက်လာတာပါ။ ပြီးတော့ ကျွန်တော့်ကို တိုက်ခိုက်နည်း သင်ပေးလို့ ရမလား.."
"ကျွန်တော်လည်း အဲဒီလူမိုက်တွေကို ပြန်တိုက်ချင်တယ်။ ရှေ့လျှောက် အနိုင်ကျင့် မခံချင်တော့ဘူး။ ကျွန်တော့်အမေကို အ
ကာကွယ်ပေးချင်တာကြောင့် ကျေးဇူးပြုပြီး သင်ပေးပါ။ အလကား သင်ခိုင်းတာ မဟုတ်ပါဘူး၊ ကျွန်တော် နေ့တိုင်း ပေါင်မုန့်တစ်လုံး ပေးပါ့မယ်"
သူ၏ မျက်လုံးထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေပြီး သူတောင်းစားအိုကြီးကို စိုးရိမ်တကြီးဖြင့် မျှော်လင့်တကြီး ကြည့်နေသည်။
အကယ်၍ တစ်စုံတစ်ဦးက သူ့စကားကို ကြားပါက ဤမြို့ကို အုပ်ချုပ်သည့် ဂိုဏ်းသို့ သွားမည့်အစား သူတောင်းစားတစ်ဦးထံတွင် တိုက်ခိုက်နည်း သင်ပေးရန် တောင်းဆိုနေသဖြင့် ရူးနေပြီဟု ဆိုကြလိမ့်မည်။
သို့သော် ထိုကောင်လေးကမူ ဤသူတောင်းစားမှာ သာမန်လူ မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ ပြီးခဲ့သည့်ရက်က သူဟာ မြို့၏ လူသူပြတ်လပ်သော ထောင့်တစ်ခုသို့ ဆွဲခေါ်ခံရပြီး လမ်းဘေးလူမိုက်များ၏ လုယက်ခြင်းကို ခံရတော့မည်ဖြစ်စဉ်၊ ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာသော ဤသူတောင်းစားအိုကြီးက ဒဏ်ရာတစ်ချက်မျှ မရဘဲ ထိုလူမိုက်များကို အလဲလဲကွဲကွဲ ဖြစ်အောင် ရိုက်နှက်ပြီး သူ့ကို ကယ်တင်ခဲ့သည်။
ကောင်လေးက သူတောင်းစားအိုကြီး၏ လှုပ်ရှားမှုများနှင့် ဖုံးကွယ်ထားသော စွမ်းရည်များကို အလွန်စွဲလန်းသွားခဲ့သည်။ ထိုစဉ်ကမူ သူက လုယက်ခံရမည်ကို အလွန်ကြောက်ရွံ့နေပြီး ဖျားနာနေသော မိခင်အတွက် ဆေးဝါးများ ဝယ်ယူရန် ရှိနေသဖြင့် နောက်သို့လှည့်မကြည့်ဘဲ ထွက်ပြေးခဲ့သည်။
ထို့နောက် တစ်ညလုံး စဉ်းစားပြီးနောက်တွင် သူက မိခင်ကို ဤနေရာတွင် တစ်ယောက်တည်း မထားခဲ့နိုင်သဖြင့် သူတောင်းစားထံတွင် ပညာသင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ၏မိခင်မှာ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး သူမကို ထောက်ပံ့ရန် သူ အလွန်ကြိုးစား အလုပ်လုပ်နေရသည်။
ဤပေါင်မုန့်တစ်လုံးသည်ပင် သူ့အတွက် အလွန်ကြီးမားသော တန်ဖိုးဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူရှာသမျှမှာ ဈေးကြီးသော ဆေးဝါးများဝယ်ရန်အတွက်သာ လောက်ငှပြီး ပိုလျှံသည်လေးဖြင့် ဈေးပေါသော ပေါင်မုန့်များကို ဝယ်ကာ သူက တစ်လုံးကို တစ်နေ့ သုံးကြိမ်ခွဲစားပြီး မိခင်ကိုမူ တစ်နေ့ သုံးလုံး အပြည့်အဝ ကျွေးမွေးနေရသောကြောင့် ဖြစ်သည်။
သူသာ တတ်နိုင်ပါက ဂိုဏ်းတစ်ခုခုသို့ ဝင်ရန် စဉ်းစားမိမည် ဖြစ်သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနှင့် အရည်အချင်းမှာ မည်သည့်ဂိုဏ်းသို့မျှ ဝင်ရန် မလုံလောက်ပေ။ ဂိုဏ်းဝင်ရန် သတ်မှတ်ချက်များမှာလည်း အလွန်မြင့်မားလွန်းသည်။ ထို့ကြောင့် သူက မဖြစ်နိုင်သည်ကို မမျှော်လင့်တော့ပေ။
ဒါ့ကြောင့်ပဲ သူက ဤသူတောင်းစားထံမှ အကူအညီတောင်းကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် ကျွမ်းကျင်မှုအချို့ကို သင်ယူရန် ရောက်လာခြင်း ဖြစ်သည်။ သို့မှသာ လူမိုက်များကို ရှောင်ပြေးနေစရာ မလိုတော့ပေ။
ကောင်လေး စကားပြောပြီးနောက် လမ်းကြားတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားသည်။
သူတောင်းစား၏ မျက်နှာမှာ ညစ်ပတ်သော ဆံပင်ကျစ်များအောက်တွင် ဖုံးကွယ်နေဆဲဖြစ်သည်။
သူတောင်းစားထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိသောအခါ ကောင်လေးက စတင်စိတ်ပူလာပြီး သွားကိုတင်းတင်းစေ့ကာ အခြားကမ်းလှမ်းချက်တစ်ခု ထပ်ပေးလိုက်သည်။
"ကျွန်တော့်အိမ်မှာလည်း လာနေလို့ ရပါတယ်"
၎င်းမှာ အန္တရာယ်ရှိနိုင်သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ သူက ကိုယ်ပိုင် အမြင်ကို ပိုမိုယုံကြည်ပြီး ဤသူတောင်းစားက သူ့ကို ကယ်တင်ခဲ့သည့်အတွက် လူဆိုးတစ်ယောက် မဟုတ်ဟု သူ ထင်သည်။
ထို့ကြောင့် သူ၏ အိမ်ငယ်လေးတွင် လာနေရန် ဖိတ်ခေါ်ရခြင်း ဖြစ်၏။
ဤကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက် သူ့အိမ်တွင် နေထိုင်ခြင်းမှာ အလွန်ဘေးကင်းနိုင်ပြီး သူ အိမ်ကထွက်သွားသည့် အချိန်တိုင်းတွင်လည်း မိခင်အတွက် စိတ်ပူနေစရာ မလိုတော့ပေ။
သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့သဖြင့် ကောင်လေးမှာ မျှော်လင့်ချက် ပျက်သုဉ်းသွားသည်။ သူ့တွင် ပေးစရာလည်း ဘာမှမရှိတော့သလို သူတောင်းစားကိုလည်း စိတ်မဆိုးစေချင်ပေ။ သူ့ကို ကယ်ခဲ့သည့်အတွက် ကျေးဇူးတင်ရုံသာ ရှိပြီး သူကလည်း ကံစမ်းကြည့်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူက ကြေးညိုရောင်ခွက်ထဲတွင် ပေါင်မုန့်ကို ထားခဲ့ကာ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပြီး ထွက်ခွာဖို့ ပြင်လိုက်သည်။
"ကယ်ပေးခဲ့တဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်"
ကောင်လေး လမ်းကြားအထွက်သို့ ရောက်သောအခါ နောက်မှ အသံသြသြကြီးတစ်ခုကို ကြားလိုက်ရ၏။
"တစ်လအတွင်းမှာ... မင်း အဲဒီလူမိုက်ဂိုဏ်းဆီက အရာအားလုံးကို ခိုးယူနိုင်ခဲ့ရင် ငါ မင်းကို သင်ပေးမယ်"
ကောင်လေးမှာ အံ့အားသင့်သွားပြီး သူကြားလိုက်ရသည်မှာ မှားနေသလားဟု တွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။ ထပ်မေးရန် လှည့်ကြည့်လိုက်သောအခါ သူတောင်းစားမှာ မူလနေရာတွင် မရှိတော့ဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သို့သော် ကြေးညိုရောင်ခွက်မှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ခွက်ထဲရှိ ပေါင်မုန့်မှာ ပျောက်ကွယ်သွားကာ ၎င်း၏နေရာတွင် မျက်စိကျစရာ ရွှေရောင်စာအုပ်တစ်အုပ် အစားထိုး ရောက်ရှိနေသည်။
ကောင်လေးလည်း ထိုစာအုပ်ကို မြင်သောအခါ အလွန်အံ့ဩသွားပြီး သူတောင်းစား ထိုင်နေခဲ့သည့် နေရာကို အမြန်လှည့်ကြည့်လိုက်သည်။
'သူက ကျင့်ကြံသူတွေထဲက တစ်ယောက်များလား..'
သူ့ နှလုံးခုန်သံများ မြန်လာပြီး ခွက်ထဲရှိ စာအုပ်ကို ကြည့်လိုက်သည်။ သို့သော် သတိကြီးစွာဖြင့် ချက်ချင်းသွားမယူသေးပေ။ ထိုသူတောင်းစားအိုကြီးက သူ့ကို အန္တရာယ်မပြုဟု ယုံကြည်သော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အရာမှန်သမျှမှာ သာမန်မဟုတ်နိုင်ပေ။
ထို့ကြောင့် သူက သစ်ကိုင်းခြောက်တစ်ခုကို အရင်ရှာပြီး ခွက်နှင့် ရွှေရောင်စာအုပ်ကို သစ်ကိုင်းဖြင့် တို့ကြည့်သည်။ မည်သည့်အရာမျှ ထူးခြားမလာသောအခါမှ သူက အားတင်းပြီး စာအုပ်စီကို လက်လှမ်းလိုက်သည်။
စာအုပ်မျက်နှာဖုံးကို လက်ဖျားဖြင့် ထိလိုက်မိသောအခါ အေးစက်သော အထိအတွေ့ကြောင့် လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်လိုက်သည်။
မည်သည့်အရာမျှ မဖြစ်ကြောင်း သေချာမှ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး စာအုပ်ကို ကောက်ယူလိုက်၏။
သူက ဝမ်းသာအားရဖြင့် ရွှေရောင်စာအုပ်ကို ကြည့်လိုက်ရာ စာအုပ်မျက်နှာဖုံးပေါ်ရှိ ငွေရောင်စာလုံး အချို့ကို တွေ့လိုက်ရသည်။
'အရောင်မဲ့ ခိုးယူခြင်း ကျင့်စဉ် (ဝိညာဉ်တံခါး ကိုးပေါက် လက်စွဲစာအုပ်)’
***