"သတိထားကြ၊ နေလ တက်လှမ်းခြင်းတံခါးတွေ ပွင့်တော့မယ်.."
လူတိုင်းက ဧရာမတံခါးကြီးများရှိရာဘက်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
အေ့စ်သည်လည်း နေနှင့်လ သင်္ကေတများပါရှိသော ကြေးညိုရောင်တံခါးကြီးများကို ကြည့်နေမိသော်လည်း သူက တံခါးတစ်ဖက်တစ်ချက်တွင် ရှိနေသည့် ရွှေရောင်နှင့် ငွေရောင် ဝိုင်ဗန် နဂါးရုပ်တုများကို ပို၍ စိတ်ဝင်စားနေမိသည်။
ထိုရုပ်တုနှစ်ခုကို ကြည့်လိုက်စဉ် အေ့စ်၏ မျက်လုံးများထဲ၌ အမှောင်အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး သူ၏ သူငယ်အိမ်အတွင်းပိုင်း၌ ထူးဆန်းသော ရွှေရောင်သင်္ကေတတစ်ခု ပေါ်လာကာ ဖြည်းညှင်းစွာ လည်ပတ်နေသည်။
ရွှေရောင်ဝိုင်ဗန်ရုပ်တုမှာ နေမင်းသင်္ကေတရှိသော တံခါးဘက်တွင် ရှိနေပြီး၊ ငွေရောင်ဝိုင်ဗန်မှာ လမင်းသင်္ကေတရှိသော တံခါးဘက်တွင် ရှိနေသည်။
ထိုရုပ်တုနှစ်ခုထံမှ ထူးဆန်းသော တုန်ခါမှုလှိုင်းများကို သူ ခံစားနေရသည်။ ထိုလှိုင်းများသည် အထူးသဖြင့် ချီဂိတ်နယ်ပယ်ရှိ လူငယ်များကို ဆွဲဆောင်နေပြီး အချို့မှာမူ ထိုရုပ်တုများကို ကိုးကွယ်သည့်အလား ကြည့်နေကြသည်။
အခြားသူများနှင့်မတူဘဲ သူကတော့ ထိုရုပ်တုများထံမှ အလွန်မှေးမှိန်သော အနီရောင်နှင့် ခရမ်းရောင် မြူခိုးများ ထွက်ပေါ်နေသည်ကို မြင်နေရသည်။
'ရွန်းစာလုံးဆိုင်ရာ မှတ်တမ်းအချို့အရဆိုရင် ဝိုင်ဗန်နဂါးဆိုတာ စစ်ပွဲ၊ မနာလိုမှု၊ ကပ်ရောဂါနဲ့ ခွန်အားတို့ရဲ့ ဒဏ္ဍာရီလာ သားရဲတစ်မျိုးပဲ။ ဒါပေမဲ့ သူတို့ကို အခုလို သင်္ကေတတွေ ဒါမှမဟုတ် ရုပ်တုတွေမှာပဲ တွေ့ရလေ့ရှိပြီး ဘယ်သူမှ အပြင်မှာ တကယ်မမြင်ဖူးကြဘူး၊ သားရဲတိုက်က သားရဲတွေတောင် သူတို့ကို ကိုးကွယ်ကြတာ'
'သူတို့ဟာ ဆိုင်းရပ်စ်နဲ့ အဆင့်အတန်းတူပြီး တခြားကောင်းကင်ဘုံက ဖြစ်ဖို့တောင် များနိုင်တယ်။ ဒီရုပ်တုတွေကတော့ တော်တော်လေး ထူးခြားတယ်၊ နှစ်ခုလုံးကနေ ချီ စွမ်းအင်တွေ အမြောက်အမြား ထွက်နေတာပဲ။ ငွေရောင်ရုပ်တုက နူးညံ့တဲ့ ဝိညာဉ်ချီတွေ ထုတ်ပေးနေပြီး၊ ရွှေရောင်ကတော့ ပြင်းပြတဲ့ သိုင်းချီတွေ ထုတ်ပေးနေတယ်'
'ငါ့ရဲ့ အဆင့်မြင့်သူခိုးအမြင်အာရုံက အစောပိုင်းအဆင့်ပဲ ရှိသေးတာတောင် ဒီရောင်စုံချီနှစ်မျိုးကို မြင်နေရပြီဆိုတော့၊ ဒါတွေဟာ အနည်းဆုံး အဆင့်-၇ ရတနာတွေ ဖြစ်ရမယ်..'
သူ့ မျက်လုံးများထဲတွင် သူခိုးရောင်ဝါမျိုး ခဏတာ ပေါ်လာပြီးမှ ပျောက်ကွယ်သွားသည်။
သူ့အနေနဲ့ ထိုရုပ်တုများကို ခိုးယူချင်သော်လည်း မလုပ်ဝံ့ပေ။ အကြောင်းမှာ သူသာ ထိုသို့လုပ်လိုက်ပါက ဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်ကြောင်း သိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤမဟာမိတ်အဖွဲ့က ထိုရတနာနှစ်ခုကို ဝင်ပေါက်တံခါးများတွင် ထားဝံ့သည်ဆိုကတည်းက ၎င်းတို့ကို ကာကွယ်ရန်လည်း အတော်လေး ယုံကြည်ချက် ရှိပုံရသည်။
သို့သော်လည်း အဆင့်-၇ ရတနာနှစ်ခုကို ဝင်ပေါက်တံခါးမှာတောင် တင်ထားနိုင်တယ်ဆိုရင် သူတို့ တကယ်တမ်း ဘယ်လောက်တောင် ချမ်းသာနေကြသနည်း။
အေ့စ်ဟာ ထိုအန္တရာယ်ရှိသော အတွေးများကို ခေါင်းထဲမှ အမြန်ထုတ်ပစ်လိုက်သည်။
အဆင့်-၈ ကာကွယ်ရေးရတနာ ရှိနိုင်ချေရှိသည့် နေရာမျိုးကို လုယက်ရန် သူ အဆင်သင့်မဖြစ်သေးကြောင်း သိနေသည်။
သူ၏ ကံကြမ္မာမြေပုံပေါ်ရှိ အနက်ရောင်အရောင်မှာ သူ မိုက်မဲသည့်အလုပ် မလုပ်မိစေရန် လုံလောက်သော အကြောင်းပြချက် ဖြစ်နေပြီး၊ ယခုအချိန်တွင် ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကိုရှာရန်နှင့် မိုးပြာလေတိုက် သို့ သွားရန်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤနေရာက ဘယ်မှ ထွက်ပြေးသွားမည် မဟုတ်ပေ။
တည်ကြည်လေးနက်သော အသံက ထပ်မံထွက်ပေါ်လာသည်။
"ငါ စည်းကမ်းသုံးချက်ကို တစ်ခါပဲ ပြောမယ်၊ သေချာနားထောင်ကြ။ မင်းတို့က လူသစ်မဟုတ်ရင်တောင် အချက်အလက်တွေကို မှန်မှန်ကန်ကန် သိထားဖို့ လိုတယ်"
"ပထမအချက်၊ အသက် ၃၀ အောက် ဘယ်သူမဆို တက်လှမ်းခြင်းလှေကားကို တက်ခွင့်ရှိတယ်။ ဒါပေမဲ့ မင်းတို့က အသက် ၃၀ ထက် တစ်ရက်ပဲ ကြီးနေပါစေ၊ တံခါးကို ဖြတ်ကျော်လိုက်တာနဲ့ နှိပ်စက်ခံရပြီး သေဆုံးသွားလိမ့်မယ်။ ဒါကြောင့် မသေချင်သေးရင် အခုပဲ ထွက်သွားကြ"
မည်သူမျှ မလှုပ်ရှားကြပေ။ သူတို့အားလုံး ဤအချက်ကို သိထားပြီးသားဖြစ်ကာ အသံဆက်ထွက်လာရန် ငြိမ်သက်စွာ စောင့်နေကြသည်။
"ဒုတိယအချက်၊ တက်လှန်းခြင်းလှေကားမှာ လှေကားထစ်ပေါင်း ၁,၅၀၀ ရှိပြီး အဆင့်သုံးဆင့် ခွဲထားတယ်။ အဲဒါတွေက မင်းတို့ရဲ့ ကဏ္ဍသုံးရပ်ကို စမ်းသပ်မှာဖြစ်တယ်"
"ပထမအဆင့် (၁ ထစ်မြောက်ကနေ ၅၀၀ ထစ်အထိ) က မင်းတို့ရဲ့ ခွန်အားကို စမ်းသပ်မှာ"
"ဒုတိယအဆင့် (၅၀၁ ထစ်ကနေ ၁၀၀၀ ထစ်အထိ) က မင်းတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်မှာ"
"တတိယနဲ့ နောက်ဆုံးအဆင့် (၁၀၀၁ ထစ်ကနေ ၁၅၀၀ ထစ်အထိ) ကတော့ မင်းတို့ရဲ့ သတ္တိ၊ ခွန်အားနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အားလုံးကို တစ်ပြိုင်နက် စမ်းသပ်မှာ ဖြစ်တယ်"
"ပထမအဆင့် နှစ်ခုကတော့ အသက်အန္တရာယ် မရှိပါဘူး၊ ကြီးကြပ်သူတွေက မင်းတို့ကို ကယ်တင်ပေးလိမ့်မယ်။ ဒါပေမဲ့ ၁၀၀၁ ထစ်မြောက်ကို လှမ်းလိုက်တာနဲ့ မင်းတို့ကို ကယ်တင်ပေးမယ့် အခွင့်အရေး မရှိတော့ဘူး။ အဲဒီအချိန်ကစပြီး ရှေ့ဆက်တိုးမလား ဒါမှမဟုတ် သေမလား ဆိုတာပဲ ရှိတော့တယ်"
"ဒါကြောင့် ကိုယ့်အတိုင်းအတာကို ကိုယ်သိပါစေ၊ အလဟဿ အသေမခံကြနဲ့။ အသက်ရှင်နေသရွေ့ အနာဂတ်မှာ တစ်ခေါက်ပြန်လာပြီး စမ်းသပ်မှု ပြန်ခံယူလို့ ရသေးတယ်"
"တတိယနဲ့ နောက်ဆုံးစည်းကမ်း၊ ပါဝင်သူအချင်းချင်း တိုက်ခိုက်တာ ဒါမှမဟုတ် မရိုးသားတဲ့ နည်းလမ်းတွေ၊ ရတနာတွေ အသုံးပြုတာကို တားမြစ်တယ်။ အကယ်၍ တွေ့ရှိခဲ့ရင် မင်းတို့နဲ့အတူ မင်းတို့ရဲ့ ချစ်ခင်ရသူတွေကိုပါ ဖမ်းဆီးပြီး သေမျိုးလောကရဲ့ ကွပ်မျက်ရာစင်မြင့်မှာ စီရင်ခြင်း ခံရလိမ့်မယ်"
ဤစည်းကမ်းမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အဖန်တလဲလဲ သတိပေးခံရဖူးသဖြင့် လူတိုင်း လေးနက်သော မျက်နှာထားများဖြင့် တိတ်ဆိတ်သွားကြသည်။
အတိတ်ကာလက သြဇာကြီးသော မိသားစုများဖြစ်စေ၊ သာမန်မိသားစုများဖြစ်စေ မရိုးသားသော နည်းလမ်းသုံးရန် ကြိုးစားခဲ့သူတိုင်း ချက်ချင်း အဖမ်းခံရပြီး ဤစည်းကမ်းအတိုင်း ကွပ်မျက်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် ဤစမ်းသပ်ပွဲသည် လူတိုင်းအတွက် တရားမျှတမှု ရှိနေပြီး၊ မည်သူမျှ မရိုးသားသော နည်းလမ်းကို မသုံးရဲကြပေ။
အေ့စ်ကတော့ ပြုံးလိုက်မိသည်။ သူက ဤစမ်းသပ်ပွဲအတွက် အရာရှိတောင်မြို့တော်တွင် တစ်လလုံးလုံး ပြင်ဆင်ခဲ့ပြီးသား ဖြစ်သည်။
ထိုအချိန်တွင် မြေပြင်က ရုတ်တရက် တုန်ခါလာပြီး ကြီးမားသည့် အရာတစ်ခု ရွေ့လျားလာသည်။ ၎င်းမှာ အခြားမဟုတ်ဘဲ နေနှင့်လ တက်လှမ်းခြင်း တံခါးကြီးနှစ်ချပ်ပင် ဖြစ်သည်။
တံခါးများ အတွင်းဘက်သို့ ပွင့်သွားရာနှင့် သိပ်သည်းလှသော ချီ စွမ်းအင်များ ရုတ်တရက် လျှံထွက်လာသည်။ သို့သော် မည်သူမျှ ဂရုမစိုက်ကြဘဲ တိမ်တိုက်များထဲအထိ မြင့်တက်သွားသော ကျောက်လှေကားထစ်များကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
ထိုကျောက်လှေကားမှာ သာမန်ကျောက်ဆစ်သမားတစ်ဦး ထုဆစ်ထားသကဲ့သို့ အလွန်ပင် ရိုးရှင်းလှသော်လည်း၊
ယင်း သာမန်လှေကားကို အထင်မသေးသင့်ကြောင်း လူတိုင်း သိကြသည်။ အကယ်၍ အထင်သေးပြီး ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပါက နာကျင်မှုကမ္ဘာထဲသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။
'ဒီက ချီစွမ်းအင်တွေက အင်ပါယာနယ်မြေ အသူရာနယ်ေမြလိုပဲ သိပ်သည်းတာပဲ'
ရှည်လျားလှသော လှေကားနှင့် တစ်ဖက်ခြမ်းကို ပိတ်ဆို့ထားသည့် တိမ်တိုက်များကို ကြည့်ရင်း အေ့စ်၏ မျက်နှာမှာ တည်ကြည်သွားသည်။
တည်ကြည်လေးနက်သော ဝိညာဉ်သံကြီးက လူတိုင်းကို သတိပြန်ဝင်လာစေသည်။
"ကဲ၊ မင်းတို့ရဲ့ အဖွဲ့ဝင်သက်သေခံတံဆိပ်ကို ထုတ်ပြီး တံခါးကို ဖြတ်ကျော်ကြ။ အကယ်၍ မင်းတို့ရဲ့ မဟာမိတ်ဂုဏ်ပြုမှတ်က ၁၀၀ အောက်ဆိုရင်တော့ အခုပဲ ထွက်သွားကြ၊ ခိုးဝင်တာကို သိလိုက်တာနဲ့ အပြစ်ပေးခံရလိမ့်မယ်"
လူတိုင်းက သူတို့၏ လက်များကို အမြန်လှုပ်ရှားလိုက်ရာ လက်ဖဝါးအရွယ်အစားရှိ မီးခိုးရောင် ကုဗတုံးပုံစံ တံဆိပ်ပြားလေးများ ပေါ်လာကြသည်။ အချို့ကလည်း အိတ်ကပ်ထဲမှ ထုတ်ယူကာ လှေကားဆီသို့ စတင် လျှောက်လှမ်းကြသည်။
အဖွဲ့ဝင်များမှာ ချီစွမ်းအင်ကို အသုံးပြုနိုင်ကြသဖြင့် မဟာမိတ်မှတ်စ် ၁၀၀ ဖြင့် ဝယ်ယူနိုင်သော အနိမ့်ဆုံးအဆင့် သိုလှောင်လက်စွပ်များ ရှိကြသော်လည်း ချမ်းသာသော မိသားစုဝင်များသာ ဝယ်ယူနိုင်ကြသည်။
အေ့စ်သည်လည်း သူ၏ အိတ်ကပ်ထဲမှ မီးခိုးရောင်တံဆိပ်ပြားလေးကို ထုတ်ယူကာ လူအုပ်နောက်မှ လိုက်ပါသွားသည်။
သူ့ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
'ဒီပစ္စည်းလေးကို အတုလုပ်ဖို့ တစ်လလုံး အချိန်ပေးခဲ့ရတာ။ အကျိုးရှိဖို့ပဲ မျှော်လင့်ရတာပဲ..ဟ ဟ’
***