လူငယ်များက တံခါးများကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်သွားကြစဉ် သူတို့လက်ထဲရှိ မီးခိုးရောင်တံဆိပ်ပြားလေးများမှာ ခဏမျှ ဝင်းလက်သွားပြီးနောက် ပြန်လည်ငြိမ်သက်သွားကြသည်။
ရှေ့မှ အခြားမျိုးနွယ်စုများအားလုံး ဖြတ်ကျော်ပြီးသောအခါ လူသားများအလှည့်သို့ ရောက်လာသည်။ အက်တလတ်စ် မိသားစုဝင်နှစ်ဦးက ရှေ့မှဦးဆောင်ပြီး ကျန်လူများက နောက်မှ လိုက်သွားကြသည်။
အဖွဲ့၏ နောက်ဆုံးတွင်ရှိနေသော အေ့စ်သည်လည်း သူ၏ကိုယ်ပိုင်တံဆိပ်ပြားလေးကို ကိုင်ကာ တည်ငြိမ်စွာ လိုက်ပါလာသည်။ အေ့စ် ရုပ်တုနှစ်ခုဘေးမှ ဖြတ်လျှောက်သွားစဉ် ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်စစ်ဆေးသည့် စွမ်းအင်တစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သို့သော် သူက ထိတ်လန့်ခြင်းမရှိဘဲ အခြားလူငယ်များကဲ့သို့ပင် ဘာမှမခံစားရသည့်အလား ရှေ့သို့ ဆက်လျှောက်သွားသည်။
ထို့နောက် သူ၏လက်ထဲမှ တံဆိပ်ပြားက ရုတ်တရက် အလွန်အမင်း ဝင်းလက်သွားပြီး အခြားသူများကဲ့သို့ပင် နောက်တစ်စက္ကန့်တွင် ပြန်လည်ငြိမ်သက်သွားတော့သည်။
ယခုအခါ သူက တံခါး၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားပြီဖြစ်ကာ သူ၏နှုတ်ခမ်းများမှာ ကျေနပ်သော အပြုံးတစ်ခုဖြင့် ကွေးညွှတ်သွားသည်။
'ကဲ... အခုတော့ လှေကားထစ်တွေဆီ သွားရအောင်'
အေ့စ်က ဘေးပတ်ဝန်းကျင်မှ လူများကဲ့သို့ တုံ့ပြန်မှုမျိုး မပြဘဲ ဝင်ပေါက်မှ မီတာနှစ်ရာကျော်ဝေးသော ပထမဆုံး ကျောက်လှေကားထစ်ဆီသို့ လျှောက်သွားသည်။
နတ်ဆိုးများ ၊ အသူရာများနှင့် မုဆိုးမျိုးနွယ်များက ရှေ့မှ ဦးဆောင်နေကြပြီး အချို့မှာ ပထမဆုံး လှေကားထစ်ပေါ်သို့ ခြေချနေကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အချို့မှာမူ အဆင်သင့်မဖြစ်သေးဘဲ စိတ်ကို ငြိမ်သက်အောင် လုပ်နေကြဆဲ ဖြစ်သည်။ နောက်ဆုံးအုပ်စုမှာမူ အခြေအနေကို စောင့်ကြည့်ဦးမည်ဆိုသော လူများဖြစ်သည်။
အချိန်ကန့်သတ်ချက်မှာ သုံးရက်ရှိသဖြင့် အချိန်မလောက်မည်ကို စိုးရိမ်ခြင်းမရှိကြပေ။
လူသားများက နောက်ဆုံးအုပ်စုတွင် ပါဝင်နေပြီး အခြားမျိုးနွယ်စုဝင်များ သူတို့အတွက် လမ်းဖောက်ပေးသည်ကို ကြည့်နေကြသည်။
နောက်ဆုံးတွင် မိမိ၏ အရည်အချင်းကသာ အရေးကြီးဆုံးဖြစ်သဖြင့် ယခုလိုစောင့်ကြည့်ခြင်းမှာ အဓိပ္ပာယ်မရှိမှန်း သိကြသော်လည်း သူတို့ စောင့်ဆိုင်းရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ အနည်းဆုံးတော့ အစွမ်းထက်သော မျိုးနွယ်စုများ သူတို့၏ စွမ်းရည်ကို မည်သို့အသုံးချသည်ကို ကြည့်ပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း သိချင်ကြခြင်းဖြစ်သည်။
အက်တလတ်စ် မိသားစုမှ ထိုနှစ်ယောက်တောင်မှ ရှေ့ကမတက်ဘဲ အနီးကပ် စောင့်ကြည့်နေကြသည်။
ယင်းပါဝင်သူများ မသိလိုက်သည်မှာ သူတို့အပေါ်ရှိ တိမ်တိုက်များအထက်တွင် ခရမ်းရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်ဆယ်ဦးက သူတို့ကို အနီးကပ် စောင့်ကြည့်နေခြင်းဖြစ်သည်။ ထိုသူအားလုံးက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပျံသန်းနေသော ဓားများပေါ်တွင် ရပ်နေကြပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူတို့ထဲမှ ငါးဦး၏ ဝတ်စုံများတွင် တောက်ပသော ရွှေရောင်နေမင်းတံဆိပ်များ ပါရှိပြီး ကျန်ငါးဦးတွင်မူ တံခါးများမှာကဲ့သို့ ငွေရောင်လမင်းတံဆိပ်များ ပါရှိသည်။ ထို့အပြင် လမင်းတံဆိပ်ပါသူ ငါးဦးလုံးမှာ အမျိုးသမီးများဖြစ်ကြပြီး နေမင်းတံဆိပ်ပါသူများမှာ အမျိုးသားများ ဖြစ်ကြသည်။
"ဟူး... အသစ်အဆန်းတော့ ဘာမှမရှိပါလား"
ဆံပင်ဖြူအရှည်နှင့် လူသားအဖိုးအို အကြီးအကဲ ဂျိုးဆက်က အောက်ဘက်သို့ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
"ဟဲဟဲ... အကြီးအကဲ ဂျိုးဆက်က ဘာကို မျှော်လင့်နေတာလဲ.. တက်လှမ်းခြင်းလှေကား စမ်းသပ်ပွဲက အမြဲတမ်း ဒီလိုပါပဲ။ သတ္တိနဲ့ ခွန်အားရှိတဲ့သူတွေပဲ အောင်မြင်နိုင်တာ၊ စိန်ခေါ်မှုကိုတောင် ရင်မဆိုင်ရဲတဲ့သူတွေအတွက် မဟုတ်ဘူး"
တောက်ပသော ခရမ်းရောင် အသားအရေနှင့် ကွေးညွှတ်သော ဦးချိုလေးများရှိသည့် ရင့်ကျက်သော အသူရာမလေး ဂျေဒင်က အထင်အမြင်သေးစွာနဲ့ မှတ်ချက်ပေးလိုက်သည်။
လူသားတစ်ဦးဖြစ်သည့် အကြီးအကဲ ဂျိုးဆက်မှာ ယင်းအသူရာမရဲ့ စကားက သူတို့ စောင့်ကြည့်နေသော လူငယ်များကို ဆိုလိုခြင်းဖြစ်ပြီး ထိုအထဲတွင် လူသားများလည်း ပါဝင်နေသည်ကို သိလိုက်သည်။
သို့သော် သူ ပြန်မပြောရသေးမီမှာပင် မုတ်ဆိတ်ရှည်နှင့် အရပ်ပုပု အဖိုးအိုတစ်ဦးက သူမကို တိုက်ရိုက် ပြန်ဟောက်လိုက်၏။
"ဟမ့်..ဂျေဒင်၊ မင်းကိစ္စ မင်းကြည့်စမ်းပါ၊ မင်းတို့ အသူရာမျိုးနွယ်တွေလည်း ဒီစမ်းသပ်ပွဲကို မအောင်မြင်တာ သုံးနှစ်ရှိပြီလေ။ မင်းရဲ့ ပစ္စည်းသေးသေးလေးတွေအတွက် ဘာတွေ ဒီလောက် ဂုဏ်ယူနေတာလဲ"
ဂျေဒင်မှာ ထိုစကားကြောင့် လန့်သွားပြီး '
ပစ္စည်းသေးသေးလေးဆိုသည်မှာ ဘာကိုဆိုလိုမှန်း ချက်ချင်း နားမလည်ခဲ့ပေ။ သို့သော် သူမ၏ ခန္ဓာကိုယ်ကို မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်မိသောအခါမှ နားလည်သွားပြီး မျက်နှာတွင် ဒေါသများ ဖုံးလွှမ်းသွားသည်။
"မင်းလို ကောင်ကများ ဒီလို ယုတ်ညံ့တဲ့စကား ပြောရဲတယ်ပေါ့.. မင်းကို ငါ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေလား"
ဂျေဒင်၏ အရှိန်အဝါမှာ ချက်ချင်း မြင့်တက်လာပြီး ဒေါသထွက်နေသော မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဝင်းလက်သွားသည်။
"မင်း ဘာမှမလုပ်နိုင်တာ မဟုတ်ပါဘူး၊ မင်းလို ဖာသည်မက ဘာမှမလုပ်ရဲတာပါ။ လာလေ... လာစမ်းပါ ကောင်မလေး၊ မင်းမှာ ကိုက်ရဲတဲ့ သတ္တိရှိလား ကြည့်ရအောင်"
ထိုလူပုလေး ဝီလီမှာ အသက်ကြီးသော်လည်း ပါးစပ်က အတော်ကြမ်းပြီး ဂျေဒင်ကို တစ်ခွန်းပြီးတစ်ခွန်း ဆဲဆိုနေတော့သည်။
ဤလုပ်ရပ်ကြောင့် အခြားအမျိုးသမီးလေးဦးမှာ ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြပြီး ဂျေဒင်၏ မျက်လုံးများမှာမူ လူပုလေးကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်သည့်အလား နီမြန်းနေတော့သည်။
သို့တိုင် လူပုလေး ပြောသကဲ့သို့ပင် သူမသည် မတိုက်ခိုက်ရဲဘဲ အံကြိတ်ကာသာ ခံနေရသည်။
"ကဲ... နှစ်ယောက်လုံး တော်ကြတော့"
မီးခိုးရောင် တောင်ပံရှိသော နတ်ဆိုးတစ်ဦးက သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။
"အကြီးအကဲ ဂျေဒင်၊ တခြားသူတွေကို ဝေဖန်တာ ဆင်ခြင်ပါ။ ဝီလီ၊ မင်းလည်း မင်းရဲ့ ယုတ်ညံ့တဲ့ လျှာကို ထိန်းစမ်းပါဦး။ မင်းလို အဆင့်အတန်းရှိတဲ့ အမျိုးသားတစ်ယောက်အတွက် ဒါက အရမ်းရိုင်းရာကျတယ်"
ဝီလီ၏ မျက်လုံးများက နတ်ဆိုးထံသို့ ချက်ချင်း ရောက်သွားပြီး ပြန်ပြောရန် ပြင်လိုက်စဉ် ဂျိုးဆက်က ဝီလီ၏ ပခုံးကို ကိုင်ကာ တားလိုက်သည်။
ဂျိုးဆက်က သူ့သူငယ်ချင်း၏ စိတ်ဓာတ်ကို ကောင်းကောင်းသိသည်။ ဝီလီမှာ သူ့အတွက် ပြောပေးနေခြင်းဖြစ်သောကြောင့် ပြဿနာမတက်စေလိုပေ။
"ဝီလီ... ငါတို့ စောင့်ကြည့်ရုံပဲ ကြည့်ရအောင်။ အဲဒါက မတန်ပါဘူး"
သူက ခေါင်းခါပြလိုက်သည်။
"တောက်... မင်းမျက်နှာ ထောက်လို့ ဒီကောင်မတွေကို လွှတ်ပေးလိုက်မယ်"
ဝီလီက စိတ်ပျက်လက်ပျက်ဖြင့် မှုတ်ထုတ်လိုက်သည်။
သူက လူသားမျိုးနွယ်အတွက်တင် ပြောနေခြင်းမဟုတ်ဘဲ သူ၏ တောင်ပေါ်လူပု မျိုးနွယ်များမှာလည်း နောက်တွင် ရပ်နေကြသောကြောင့် ဖြစ်သည်။
တောင်ပေါ်လူပုမျိုးနွယ်သည် ရွှေကောင်းကင်ကမ္ဘာတွင် အဆင့် ၇ ရှိသော်လည်း ဤနေရာတွင်မူ အဆင့် ၁၀ သာရှိပြီး လူဦးရေလည်း အလွန်နည်းပါးသည်။
သို့သော် သူတို့၏ စရိုက်မှာ အလွန်ပွင့်လင်းရိုးသားပြီး ကမ္ဘာကြီးကို အဖြူနှင့် အမည်းဟူ၍သာ မြင်ကြကာ အကျိုးဆက်ကိုလည်း မကြောက်တတ်ကြပေ။ တခြားနေရာတွင်သာဆိုလျှင် ယင်းအသူရာနှင့် နတ်ဆိုးများက သူတို့ကို မျက်တောင်မခတ်ဘဲ သတ်ပစ်ကြမည်ဖြစ်သော်လည်း ဤနေရာတွင်မူ သူတို့ ဘာမှမလုပ်နိုင်ကြပေ။
"ကြည့်စမ်း... ဟို လူသားအရုပ်လေးက လှုပ်ရှားနေတုန်းပဲလား"
ထိုအချိန်တွင် ဝံပုလွေမျက်နှာနှင့် အရပ်ရှည်ရှည် ဗလကောင်းကောင်း ပုဂ္ဂိုလ်တစ်ဦးက အော်ပြောလိုက်သည်။
သူ့စကားကြောင့် လူတိုင်းက လူသားများရှိရာဘက်သို့ ကြည့်လိုက်ကြရာ ဆံပင်ဖြူနှင့် အမာရွတ်များ ပြည့်နေသော မျက်နှာရှိသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦးက လူသားများကြားမှ တည်ငြိမ်စွာ ဖြတ်လျှောက်သွားသည်ကို မြင်လိုက်ရသည်။
"ကြည့်ကောင်းလိုက်တာ။ အမာရွတ်တွေရှိတာတောင် သူက ဆွဲဆောင်မှုရှိသားပဲ"
နတ်ဆိုးမတစ်ဦးက ထူးဆန်းစွာ မှတ်ချက်ပေးလိုက်သည်။
ထိုနတ်ဆိုးမတင်မကဘဲ ကျန်အမျိုးသမီးလေးဦးစလုံးမှာလည်း ထိုလူငယ်ကို အသေအချာ စိုက်ကြည့်နေကြသည်။
"ဟားဟား... ကောင်လေး ကောင်းတယ်။ သူသာ အောင်မြင်သွားရင် ငါ့ရဲ့ ရွန်းလက်နက်ဌာနမှာ သူ့ကို လက်ခံပေးမယ်"
ဝီလီက ကျေနပ်စွာ ရယ်မောလိုက်သည်။
အခြားသူများကမူ သူ့ကို မျက်စောင်းထိုးလိုက်ကြပြီး ဘာမှဂရုမစိုက်ဘဲ ဆံပင်ဖြူလူသားလေး လှေကားဆီသို့ သွားနေသည်ကိုသာ စောင့်ကြည့်နေကြသည်။
ဂျိုးဆက်၏ မျက်လုံးများမှာမူ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။
'သူ့မှာ တစ်ခုခုတော့ ထူးခြားနေတယ်..'
အေ့စ်ဟာ လှေကားဆီသို့ လျှောက်သွားရုံဖြင့် ကောင်းကင်ပေါ်ရှိ ကြီးကြပ်သူ ၁၀ ဦး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်ကို မသိပေ။ သိလျှင်လည်း သူ ဆက်သွားမည်သာဖြစ်သည်။ အကြောင်းမှာ နေနှင့်လတံခါးကို ဖြတ်ကျော်ပြီးကတည်းက အာရုံစိုက်ခံရမည်ကို သူ မကြောက်တော့သောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် သူ့အား အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ အာရုံစိုက်မှုကို ရရှိရန်ပင် မျှော်လင့်နေသည်။ ၎င်းမှာ မဟာမိတ်အဖွဲ့အကြောင်းနှင့် ဤနေရာမှ ထွက်ခွာမည့်နည်းလမ်းကို သိရှိရန် အလွယ်ကူဆုံးနည်းလမ်း ဖြစ်သောကြောင့်ပင်။
မကြာမီမှာပင် ကျန်လူသားများကလည်း အေ့စ်က အက်တလတ်စ် မိသားစုဝင်များနောက်တွင် မစောင့်ဘဲ ရှေ့သို့ လျှောက်သွားနေသည်ကို သတိထားမိသွားကြသည်။
"ဟေး... မင်း ဘယ်သွားမလို့လဲ"
ခေါင်းပြောင်ပြောင်နှင့် ဗလကောင်းသော လူသားလူငယ်တစ်ဦးက အေ့စ်ကို လှမ်းမေးလိုက်ရာ ရှေ့တွင်ရှိသော လူများ၏ အာရုံကိုပါ ဆွဲဆောင်သွားတော့သည်။
အေ့စ်က ထိုခေါင်းပြောင်လူငယ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဒါပေါ့... ငါက စမ်းသပ်ပွဲကို အောင်မြင်အောင် သွားတက်မလို့လေ”
***