"ဒါပေါ့... ငါက စမ်းသပ်ပွဲကို အောင်မြင်အောင် သွားတက်မလို့လေ"
အေ့စ်၏ စကားကို ကြားရသောအခါ လူတိုင်းက သူ့ကို ထူးဆန်းသလို ကြည့်နေကြသည်။
သို့တိုင် မည်သူမျှ သူ့ကို တားရန် မကြိုးစားကြပေ။ သူတို့ထဲမှ အများစုမှာ ဤစမ်းသပ်ပွဲကို ဒုတိယအကြိမ် (သို့မဟုတ်) ဆယ်ကြိမ်မြောက်အထိပင် လာရောက်ဖြေဆိုနေကြသူများဖြစ်ပြီး အေ့စ်ကို တစ်ခါမျှ မမြင်ဖူးကြချေ။ ထို့ကြောင့် သူဟာ လူသစ်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ကြသည်။
တစ်ခါတစ်ရံတွင် မိုးကောင်းကင် မည်မျှမြင့်ပြီး မြေကြီးမည်မျှနက်သည်ကို မသိသော အေ့စ်ကဲ့သို့ လူစားမျိုးများ ပေါ်လာတတ်စမြဲပင်။
ထိုသို့သော မောက်မာသူများသည် မိမိကိုယ်ကိုယ် အခြားသူများထက် သာလွန်သည်ဟု ထင်မှတ်ကာ လှေကားထက်သို့ ဇွတ်တိုးတက်သွားလေ့ရှိပြီး နောက်ဆုံးတွင် အခြားသူများထက် ပို၍ အခြေအနေဆိုးကာ အဆုံးသတ်သွားတတ်ကြသည်။
သို့ပေစိ ဤကဲ့သို့ မောက်မာသော ပါဝင်သူမျိုးမှာ အဆင့်အမြင့်ဆုံး မျိုးနွယ်စုကြီး သုံးစုတွင်သာ ပေါ်လာလေ့ရှိသည်။ လူသားများထဲတွင်မူ ဤကဲ့သို့ လုပ်ဆောင်သူ တစ်ခါမျှ မရှိဖူးချေ။ လူသားများသည် အနည်းဆုံး တစ်စုံတစ်ယောက်က လှေကားထစ် တစ်ရာကျော်အထိ ရောက်သွားသည်ကို မြင်ရမှသာ စတင်လှုပ်ရှားလေ့ ရှိကြသည်။
ယခု လူသားမှာမူ အခြားသူများ တတိယလှေကားထစ်၌သာ ရှိနေသေးစဉ် ရှေ့သို့ တက်လှမ်းသွားသောကြောင့် အခြားမျိုးနွယ်စုများ၏ အာရုံစိုက်မှုကို အတော်လေး ရရှိသွားသည်။
ထို့ပြင် သူက ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသော်လည်း လူတိုင်းက သူ့အပေါ် ကောင်းသော အထင်အမြင် ရှိနေကြသည်။ အထူးသဖြင့် အသူရာများနှင့် နတ်ဆိုးများ ဖြစ်သည်။ ထိုခံစားချက်မှာ အလွန်မှေးမှိန်ပြီး ဖုံးကွယ်နေသဖြင့် မည်သူမျှ ထူးဆန်းသည်ဟု မထင်ကြပေ။
အေ့စ်ကလည်း လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် လျှောက်လှမ်းနေသော်လည်း သူ ဘာလုပ်နေသည်ကို သူကိုယ်တိုင် သိနေသဖြင့် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။
သူက လူသားများအုပ်စုကို ဖြတ်ကျော်ခါနီးတွင် အက်တလတ်စ် မိသားစုမှ လူငယ်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
"မင်း မှားနေပြီ"
အေ့စ်က ထိုလူငယ်ကို လေးနက်သော မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထိုစကားများနောက်ကွယ်တွင် စေတနာပါနေသည်ကို သူ သိနိုင်သည်။ ထို့ကြောင့် သူက မထွက်သွားမီ ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။
"မကြာခင် ငါတို့ သိရမှာပေါ့၊ မဟုတ်ဘူးလား.."
နုနယ်သော မိန်းကလေးမှာမူ အေ့စ်ကို စူးစမ်းလိုစိတ်နှင့် ရှက်သွေးဖြာသော မျက်နှာထားဖြင့် ကြည့်နေသည်။ သူမသည်လည်း တစ်ခုခုပြောချင်သော်လည်း အေ့စ်၏ရှေ့တွင် ရှက်နေသဖြင့် သတ္တိစုစည်း၍ မရနိုင်ဘဲ ဖြစ်နေသည်။
ထိုလူငယ်မှာမူ ထပ်မံ၍ စကားမပြောတော့ဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဆံပင်ဖြူလူငယ် လှေကားထစ်များဆီသို့ လျှောက်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေတော့သည်။
ထိုလူငယ်၏ ကိုယ်ဟန်အနေအထားတွင် အနည်းငယ်မျှပင် စိုးရိမ်တုန်လှုပ်မှု မရှိချေ။
အချို့သော အသူရာများ၊ နတ်ဆိုးများနှင့် မုဆိုးများသည်လည်း လှေကားခြေရင်းတွင် စောင့်နေကြသည်။ သူတို့ထဲမှ အရည်အချင်းအရှိဆုံးနှင့် ယုံကြည်မှုအရှိဆုံး လူငယ်များသာ ရှေ့သို့ တက်သွားကြသေးသည်။
စည်းကမ်းကို ဖောက်ဖျက်ရာကျမည်ဖြစ်သောကြောင့် သူတို့ဟာ ဝင်လာသော လူသား၏လမ်းကို မပိတ်ဆို့ကြဘဲ ရယ်စရာတစ်ခုသဖွယ်သာ ကြည့်နေကြသည်။
အေ့စ်ကတော့ မည်သူမျှ သူ့လမ်းကို မပိတ်ဆို့သောကြောင့် မဟာမိတ်အဖွဲ့၏ စည်းကမ်းများကို သဘောကျနေမိသည်။ မဟုတ်လျှင် ထိုသူများကို ဖြေရှင်းနေရသည်မှာ အလုပ်ရှုပ်စရာ ကောင်းလိမ့်မည်။ သူက မီတာငါးရာ အမြင့်ရှိသော လှေကားကြီးကို ကြည့်လိုက်ရာ ပါဝင်သူ တစ်ထောင်ကျော်မှာ ပထမဆုံး လှေကားထစ် သုံးထစ်ပေါ်တွင် ရောက်နေကြပြီး ငါးဆယ်ခန့်မှာ ရှစ်ထစ်မြောက်တွင်လည်းကောင်း၊ လေးဦးမှာ ကိုးထစ်မြောက်တွင်လည်းကောင်း ရောက်ရှိနေကြသည်။
အချို့မှာ ခြေထောက်တစ်ဖက် လှမ်းရန်ပင် ခက်ခဲနေသဖြင့် ချွေးပြန်နေကြသည်။ သို့သော် မည်သူမျှ ချီ စွမ်းအင်ကို အသုံးမပြုကြသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပထမဆုံး လှေကားထစ် ဆယ်ထစ်သာ ရှိသေးပြီး အစကတည်းက ချီစွမ်းအင်ကို ဖြုန်းတီးခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်သောကြောင့်ပင်။
အေ့စ်သည်လည်း ခြေထောက် မြှောက်လိုက်ပြီး ပထမဆုံး လှေကားထစ်ပေါ်သို့ မည်သည့်စိုးရိမ်မှုမျှမရှိဘဲ တက်လိုက်သည်။ သူ ခြေချလိုက်သည်နှင့်တပြိုင်နက် ပြင်းထန်သော ဖိအားတစ်ခုက သူ့ကို ဝန်းရံသွားသည်။
'၁၀၀ ကီလိုဂရမ်း အားလား..'
အေ့စ်ကတော့ ဤဖိအားမှာ သူ့အတွက် ဘာမှမဟုတ်သဖြင့် သဘောကျသွားသည်။ ပါဝင်သူများဟာ ချီဂိတ်နယ်ပယ်မှ ကျင့်ကြံသူများသာ ဖြစ်သဖြင့် လှေကားတစ်ထစ်တက်တိုင်း တိုးလာမည့် ယင်းဖိအားသည် သူတို့၏ ခွန်အားကို စမ်းသပ်ရန် လုံလောက်လှသည်။
မည်မျှ တိုးလာသနည်းဆိုသည်ကို သိရန် အေ့စ်က နောက်ထပ်တစ်ထစ် တက်လိုက်ရာ ဖိအားမှာ ချက်ချင်း ၁၀ ကီလိုဂရမ် တိုးလာသည်။
၎င်းမှာလည်း သူ့အတွက် ဘာမှမဟုတ်သေးပေ။ သူက နောက်ထပ်တစ်ထစ် လှမ်းလိုက်ပြန်ရာ ဖိအားမှာ နောက်ထပ် ၁၀ ကီလိုဂရမ် ထပ်တိုးလာသည်။
'ဒီအားက လှေကားထစ် ၅၀၀ အထိ တစ်ထစ်ကို ၁၀ ကီလိုစီ တိုးသွားမယ်ဆိုရင်၊ ပထမအထစ်က ၁၀၀ ကီလိုကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း ၅,၀၉၀ ကီလိုဂရမ်အား ဖြစ်သွားမယ်။ ချီဂိတ်နယ်ပယ်မှာပဲ ရှိနေသေးတဲ့သူတွေထဲက ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ဒါမှမဟုတ် ချီစွမ်းအင် အမြောက်အမြား ရှိတဲ့သူတွေပဲ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်လိမ့်မယ်'
ဆယ်ထစ်မြောက် လှေကားထစ်သို့ တက်တော့မည့် အသူရာများနှင့် နတ်ဆိုးများကို ကြည့်ကာ အေ့စ် တွေးတောနေမိသည်။
သူ့အမြင်အရဆိုလျှင် ဤစမ်းသပ်မှုသည် လူသားကဲ့သို့ ခန္ဓာကိုယ်အားနည်းသော မျိုးနွယ်စုများအတွက် တရားမျှတမှု မရှိပေ။
ကျင့်ကြံမှုအဆင့်ကို အခြေခံအုဝ်မြစ်တည်ဆောက်ခြင်းနယ်ပယ်အထိ ခွင့်မပြုပါက လူသားမျိုးနွယ်အတွက် အောင်မြင်နိုင်းမှုနှုန်းမှာ အလွန်ပင် သနားစရာ ကောင်းနေမည်ဖြစ်သည်။
သို့သော် ဤကမ္ဘာတွင် တရားမျှတမှုဆိုသည်မှာ မရှိသဖြင့် သူ ဝင်ရောက်မှတ်ချက်ပေးရန် မလိုပေ။ မဟာမိတ်အဖွဲ့သည် မျိုးနွယ်စုတိုင်းမှ အတော်ဆုံးသူများကိုသာ လိုချင်ပုံရသည်။
ထို့နောက် အေ့စ်က လှေကား တစ်ထစ် တက်တိုင်း ၁၀ ကီလိုဂရမ်စီ တိုးလာသော ဖိအားများကြားမှ လေးထစ်မြောက်နှင့် ငါးထစ်မြောက်များကို ဆက်တက်သွားသည်။
အေ့စ်အတွက်မူ သာမန်လှေကားပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဖြစ်သော်လည်း ကြည့်ရှုနေသူများအတွက်မူ သူက အလွန်ပင် ထူးဆန်းနေသည်။ အကြောင်းမှာ ခန္ဓာကိုယ်သန်မာသော အသူရာများနှင့် နတ်ဆိုးများပင်လျှင် ထိုဖိအားအောက်၌ မတ်တပ်ရပ်နေရုံဖြင့် အားအင်ကုန်ခမ်းစေသဖြင့် ခြေလှမ်းတစ်လှမ်းချင်းစီကို အချိန်ယူ လှမ်းနေရသောကြောင့် ဖြစ်သည်။
သို့သော် အေ့စ်မှာမူ တစ်စက္ကန့်မျှပင် မရပ်ဘဲ သာမန်လှေကား တက်နေသည့်အလား တစ်ထစ်ပြီးတစ်ထစ် တက်လှမ်းနေသည်။ သူက ကိုးထစ်မြောက်သို့ ရောက်ရှိနေပြီဖြစ်ကာ အရှေ့ဆုံးအုပ်စု၏ နောက်ကွယ်တွင် တစ်လှမ်းသာ လိုတော့သည်။
"သူက ကြွားချင်လို့ ချီစွမ်းအင်တွေကို သုံးနေတာပဲ။ ဘယ်လောက်တောင် အလိုက်သလဲ.."
ရုပ်ချောသော နတ်သူငယ် လူငယ်တစ်ဦးက အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။ သူ့ စိတ်ထဲတွင် အေ့စ်မှာ လှေကားကို မြန်မြန်တက်နိုင်ရန် ချီစွမ်းအင်ကို အသုံးပြုနေသည်ဟု ထင်နေခြင်းဖြစ်သည်။
ပါဝင်သူအားလုံးကလည်း ထိုအတိုင်းပင် ထင်နေကြပြီး အေ့စ်ဟာ အထစ် နှစ်ဆယ်သို့ မရောက်ခင်မှာပင် အားကုန်သွားလိမ့်မည်ဟု တွေးကာ အထင်သေးစွာ လှောင်ပြောင်နေကြသည်။
အရှေ့ဆုံးမှ ပါဝင်သူများပင်လျှင် အေ့စ် သူတို့ကို ကျော်တက်သွားသည်ကို မြင်သောအခါ လှောင်ပြောင်ရယ်မောလိုက်ကြ၏။ သူတို့မှာ လုံးဝ စိုးရိမ်ခြင်း မရှိကြပေ။
အခြားတစ်ဖက်တွင်မူ လူသားများကလည်း အေ့စ်ကို မကြည်မလင် ကြည့်နေကြသည်။ အေ့စ်၏ လုပ်ရပ်ကြောင့် လူသားတစ်မျိုးနွယ်လုံး အရှက်ရစေသည်ဟု ထင်နေသောကြောင့် ဖြစ်ကာ ယင်းအပြင် သူတို့မှာ ဘာမှမတတ်နိုင်ဘဲ ထိုလူ အမြန်ဆုံး ရှုံးနိမ့်သွားပြီး ဤအရှက်ရမှု ပြီးဆုံးသွားရန်သာ စောင့်ဆိုင်းနေကြသည်။
အေ့စ်ကတော့ အထစ် နှစ်ဆယ်ကို ကျော်လွန်သွားသည့်တိုင်အောင် စတင်တက်ခဲ့စဉ်ကကဲ့သို့ပင် မည်သည့် ခံစားချက်မျှမရှိဘဲ ဆက်တက်နေသည်ကို မြင်သောအခါ လူတိုင်း၏ အထင်သေးသော မျက်နှာထားများ စတင် ပြောင်းလဲလာသည်။
သူ အထစ် လေးဆယ်သို့ ရောက်သွားပြီး မရပ်မနား ဆက်တက်နေသည်ကို မြင်ရသောအခါ သူတို့၏ မျက်နှာများမှာ ဝေခွဲမရဖြစ်ခြင်းသို့ ပြောင်းလဲသွားသည်။
အေ့စ်ကတော့ တစ်ထစ်ပြီးတစ်ထစ် တက်လှမ်းသွားရာ ၁၅ ထစ်မြောက်တွင် ရှိနေသေးသော ကျန်သူများမှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။
အေ့စ် အထစ် တစ်ရာသို့ ရောက်သွားသောအခါ သူတို့ လုံးဝ ငြိမ်သက်မနေနိုင်တော့ဘဲ အေ့စ်ကို လေးနက်စွာ ကြည့်လိုက်ကြသည်။ သို့သော် သူ အထစ် နှစ်ရာသို့ ရောက်သောအခါတွင်မူ သူတို့၏ မျက်နှာများမှာ ဖြူလျော်သွားတော့သည်။
ထိုအချိန်တွင် မည်သူပြောလိုက်သည်မသိသော်လည်း ထိုအသံမှာ သေလုမတတ် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွား၏။
"သူ... သူ မတရားတဲ့နည်းလမ်း သုံးနေတာလား"
လူသားများသည်လည်း ကြောင်နေရာမှ သတိဝင်လာကြပြီး သူတို့၏ မျက်နှာများမှာ ဒေါသကောင့် နီရဲသွားကာ အုပ်စုထဲမှ တစ်ယောက်က ပြန်အော်လိုက်သည်။
"အပေါ်က နတ်မင်းတွေက တစ်စုံတစ်ယောက်ကို ဒီလောက်ကြာအောင် မတရားလုပ်ဖို့ ခွင့်ပြုထားလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား.. သူက ငါတို့မျိုးနွယ်ရဲ့ ပါရမီရှင်ပဲ၊ ဒါကြောင့် အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"
လူသားများအားလုံး ခေါင်းငြိမ့်ထောက်ခံလိုက်ကြပြီး အခြားမျိုးနွယ်စုများကို အေးစက်စွာ ကြည့်လိုက်ကြသည်။ အေ့စ်အပေါ် သူတို့၏ သဘောထားမှာ အခုတော့ ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ အစက သူ၏လုပ်ရပ်ကြောင့် အရှက်ရသလို ခံစားခဲ့ရသော်လည်း၊ အခုတော့ သူက ချွေးတစ်စက်မျှ မထွက်ဘဲ လှေကားကို အမြန်တက်နေသဖြင့် ဂုဏ်ယူသလို ခံစားနေကြရသည်။
အက်တလတ်စ် မိသားစုမှ လူငယ်ပင်လျှင် နှာခေါင်းတစ်ချက် ရှုံ့ကာ ပြောလိုက်၏။
"သူတို့က အရှုံးသမား အစုအဝေးပါပဲ။ သွားကြစို့၊ ငါတို့ သူငယ်ချင်းကို တစ်ယောက်တည်း အထီးကျန်အောင် ပစ်မထားနိုင်ဘူး"
"ဟုတ်တယ်၊ အပေါ်မှာ သူ တစ်ယောက်တည်း ပျင်းနေမှာပေါ့။ ငါတို့လည်း လိုက်သွားပြီး အဖော်လုပ်ပေးကြရအောင်"
လူသားကောင်လေးတစ်ဦးက အထင်သေးစွာ မှတ်ချက်ပေးလိုက်သည်။
အခြားမျိုးနွယ်စုများ၏ မျက်နှာများမှာ ညှိုးငယ်သွားသော်လည်း ပြန်ချေပရန် စကားလုံး မရှိကြပေ။ ထိပ်တန်း မျိုးနွယ်စုကြီး သုံးခုပင်လျှင် တိတ်ဆိတ်နေကြသည်။ အချို့က ယခုအကြိမ် စမ်းသပ်မှုမှာ လွယ်ကူနေသလားဟုပင် ထင်မိကြသော်လည်း သူတို့မျိုးနွယ်မှ ပါရမီရှင်များမှာမူ အထစ် ငါးဆယ်တွင်ပင် ရုန်းကန်နေရသည်ကို မြင်သောအခါ ထိုအတွေးကို ချက်ချင်း ပြန်ဖျက်လိုက်ကြသည်။
ထိုအချိန်တွင် လူသားအားလုံးမှာ စိတ်ဓာတ်တက်ကြွလာကြပြီး အက်တလတ်စ် မောင်နှမနောက်သို့ ချက်ချင်း လိုက်သွားကြသည်။ အေ့စ်၏ တက်လှမ်းနေသော ပုံရိပ်မှာ သူတို့ကို မျှော်လင့်ချက်နှင့် သတ္တိများ ပေးစွမ်းလိုက်သဖြင့် အန္တရာယ်ကို ဂရုမစိုက်တော့ဘဲ တက်လှမ်းကြတော့သည်။
ကောင်းကင်ယံတွင်လည်း ကြီးကြပ်သူ ၁၀ ဦးမှာ အေ့စ်၏ တက်လှမ်းနေသော ပုံရိပ်ကို လေးနက်စွာ စောင့်ကြည့်နေကြသည်။
အေ့စ်က အထစ် ၃၀၁ သို့ တက်လှမ်းလိုက်ပြီးနောက်မှာတောင် သူ၏ အရှိန်မှာ အနည်းငယ်မျှ လျော့မသွားသည်ကို မြင်သောအခါ ဝီလီက မအောင့်နိုင်ဘဲ ပြောလိုက်သည်။
"ဒီကောင်က တကယ်ပဲ လူသားလား"
သူ့တွင် သံသယများ ရှိနေသော်လည်း ဂျိုးဆက်က ဝီလီကို မကြည်မလင် ကြည့်ကာ ပြန်ပြောလိုက်သည်။
"မင်းရဲ့ ဦးနှောက်ကို ပန်းဘဲဖိုထဲမှာ ထားခဲ့တာလား.. သူက လူသားစစ်စစ်ပေါ့"
ဂျိုးဆက်ကိုယ်တိုင်လည်း အစက အေ့စ်မှာ လူသားမဟုတ်ဟု ထင်မိပြီး အိပ်မက်မက်နေသည်ဟုပင် ထင်မိနေသည်။ သို့သော် အခုတော့ ၎င်းမှာ အိပ်မက်မဟုတ်ကြောင်းနှင့် သူ၏မျိုးနွယ်စုမှ နှစ်ပေါင်းများစွာကြာပြီးနောက် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပြီဖြစ်ကြောင်း သိလိုက်ရသည်။
နတ်ဆိုးဘေးမှ အသား ညိုဝါရောင်နဲ့ အသူရာတစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့ ဘာတွေ ဒီလောက်ဖြစ်နေကြတာလဲ.. သူက ဒုတိယအဆင့်ကိုတောင် မရောက်သေးဘူး။ ခန္ဓာကိုယ် သန်မာတော့ရော ဘာဖြစ်လဲ.. စိတ်ဓာတ်ကြံ့ခိုင်မှု ရှိမှသာ ဒီလှေကားကို အောင်မြင်နိုင်မှာ"
ဂျေဒင်ကလည်း ချက်ချင်း ခေါင်းငြိမ့်ထောက်ခံကာ လှောင်ပြောင်လိုက်သည်။
"မမေ့နဲ့ဦး၊ အရင်တုန်းက ငါတို့ အသူရာမျိုးနွယ်မှာလည်း သူလိုပဲ ပါရမီရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ပထမအဆင့်ကို သန့်စင်တဲ့ ခန္ဓာကိုယ်ခွန်အားနဲ့ အောင်မြင်ခဲ့ပေမဲ့ ဒုတိယအဆင့်မှာတော့ ကျရှုံးသွားခဲ့တာပဲ"
ဂျိုးဆက်၏ မျက်နှာမှာ ညှိုးငယ်သွားသည်။ သူ ပြန်ချေပရန် စကားလုံး မရှိတော့သလို ဝီလီလည်း ဘာမှ ထပ်မပြောတော့ဘဲ သူတို့၏ စိတ်လှုပ်ရှားမှုများက ပြန်လည် အေးစက်သွားတော့သည်။
***