အေ့စ်ကတော့ နောက်သို့ပင် လှည့်မကြည့်ဘဲ၊ တိုးမြင့်လာသော ဖိအားများကြားမှ အထက်သို့ ဆက်လက်တက်လှမ်းနေခဲ့သည်။ ထိုဖိအားများက သူ့အတွက်မူ စိန်ခေါ်မှု အနည်းငယ်မျှသာ ရှိပေသည်။
ထိုအချိန်တွင် သူက အဆင့် ၅၀၀ မြောက် လှေကားထစ်ပေါ်သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ၅၀၁ ထစ်မြောက်မှစ၍ ဒုတိယအဆင့် စိတ်စွမ်းအားစမ်းသပ်မှု စတင်မည်ဖြစ်ရာ ၎င်းမှာ ဝိညာဉ်ရေးရာနှင့် သက်ဆိုင်ပေလိမ့်မည်။
အဆင့် ၅၀၀ မြောက် လှေကားထစ်ပေါ်သို့ ရောက်သောအခါ အေ့စ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်ရှိနေသော ပါဝင်ယှဉ်ပြိုင်သူများမှာ အဝေးကြီးတွင် ကျန်ရစ်နေသည်ကို တွေ့လိုက်ရသည်။ အဝေးဆုံးရောက်နေသည့် ပြိုင်ပွဲဝင်မှာ ၃၄ ထစ်မြောက်တွင်သာ ရှိသေးပြီး၊ သူမှာ အေ့စ်အား နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော မျက်နှာဖြူဖျော့ဖျော့နှင့် နတ်ဆိုးလူငယ်တစ်ဦး ဖြစ်သည်။
အေ့စ်ကလည်း ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီးနောက် ရှေ့သို့ပြန်လှည့်ကာ နောက်ထပ် တစ်လှမ်း လှမ်းလိုက်သည်။ ၅၀၁ ထစ်မြောက်ကို နင်းလိုက်သည်နှင့် အေ့စ်၏ စိတ်အာရုံကို တိုက်ခိုက်လာသော အားနည်းသော ဝိညာဉ်စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သို့တိုင် ထိုဝိညာဉ်စွမ်းအားမှာ သူ၏ အရေပြားကိုပင် နာကျင်အောင် မလုပ်နိုင်သဖြင့်၊ သူ၏ စိတ်အာရုံကို ထိခိုက်ရန်ကား ဝေးသေးသည်။
ထို့ကြောင့် သူက ယင်းဝိညာဉ်စွမ်းအားကို ဂရုမစိုက်ဘဲ အရှိန်မပျက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်။
အေ့စ်၏ ယင်းခြေလှမ်းက ကောင်းကင်ထက်မှ စောင့်ကြည့်နေသော စာစစ်မှူးများကို သိသိသာသာ အံ့အားသင့်သွားစေသည်။
အတောင်ပံမီးခိုးရောင်နှင့် နတ်ဆိုးကြီး၏ မီးခိုးရောင်မျက်လုံးများက နက်မှောင်သော အရောင်အဝါများ တောက်ပလာပြီး စိတ်ဝင်တစားဖြင့် ပြောလိုက်၏။
"သူက အခုထိ ချီစွမ်းအားကို မသုံးသေးဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှု သက်သက်နဲ့ တက်နေတာပဲ၊ ဝိညာဉ်စွမ်းအားကလည်း သူ့ကို ဘာမှမလုပ်နိုင်သလိုပဲ။ လူသားတစ်ယောက်မှာ ဒီလို ခန္ဓာကိုယ်မျိုး ရှိနိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ သူ့ရဲ့ မှတ်တမ်းတွေကို ထုတ်ကြည့်ပြီး သူ ဘာကြောင့် ဒီလောက် ထူးခြားနေရတာလဲ၊ ဘာလို့ အခုမှ ပေါ်လာတာလဲဆိုတာ ကြည့်ရအောင်လား"
ဝိညာဉ်စွမ်းအား ဖိအားအောက်တွင်ပင် အေ့စ်၏ အဆက်မပြတ် တက်လှမ်းနေမှုမှာ အထူးသဖြင့် ထိပ်သီးမျိုးနွယ်စု သုံးစုမှ အကြီးအကဲများ၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်သွားသည်။ ခန္ဓာကိုယ်အင်အား သာမက အစွမ်းထက်သော ဝိညာဉ်စွမ်းအားပါ ပိုင်ဆိုင်သည့် လူသားမျိုးနွယ်ကို သူတို့ ယခင်က တစ်ခါမျှ မတွေ့ဖူးချေ။
သူတို့မျိုးနွယ်စုများထဲတွင်ပင် ဤကဲ့သို့သော လူငယ်မျိုးမှာ နှစ်ပေါင်းတစ်ထောင်လျှင် တစ်ကြိမ်သာ ပေါ်ထွက်တတ်ပြီး၊ ၎င်းမှာလည်း လူသားတို့နေထိုင်ရာ လောကတွင် မဟုတ်ပေ။
အကြီးအကဲများထဲမှ တစ်ဦးတည်းသော လူသားဖြစ်သူ ဂျိုးဆက်မှာလည်း အေ့စ်၏ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် ထိတ်လန့်သွားသည်။
'ငါ သူ့ကို လူသားဂိုဏ်းထဲ ရောက်အောင် ခေါ်ရမယ်'
ထို့နောက် သူက နတ်ဆိုးအကြီးကဲကို ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် မေးလိုက်၏။
"အကြီးအကဲ ကလဲရန့်စ် မင်းက လူသားတစ်ယောက်ကို မင်းတို့ရဲ့ နတ်ဆိုးဂိုဏ်းထဲ ဖိတ်ခေါ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်"
ကလဲရန့်စ်က သူ့ကို တစ်ချက်ကြည့်ကာ ထက်ရှသော သွားများကို ထုတ်ပြကာ ပြုံးပြရင်း ပြောလိုက်၏။
"သူက ပါရမီရှင်တစ်ယောက် ဖြစ်နေသရွေ့ သူ့ရဲ့ မျိုးနွယ်က အရေးမကြီးပါဘူး။ မဟာမိတ်ထဲမှာ လူတိုင်းက တန်းတူပဲလေ၊ ဒါက မဟာမိတ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းပဲ မဟုတ်လား။ အခု အချက်အလက်တွေကို ကြည့်ကြမလား"
"မင်းတို့.. ကောက်ကျစ်တဲ့ကောင်တွေ မျိုးနွယ်စုအားလုံးထဲမှာ မင်းတို့က စိတ်ထားအကျဉ်းမြောင်းဆုံးဖြစ်ပြီးတော့မှ စည်းမျဉ်းတွေအကြောင်း ပြောရဲသေးတယ်ပေါ့"
ဝီလီက ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်သည်။
ကလဲရန့်စ်က သူ့ကို လျစ်လျူရှုကာ အသူရာ အကြီးအကဲနှင့် ဆံပင်နီ မုဆိုး အကြီးအကဲတို့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ထိုနှစ်ဦးစလုံးက ကလဲရန့်စ် ဘာကို ဆိုလိုသည်ကို သိသဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။
"ငါလည်း သူ့ရဲ့မှတ်တမ်းတွေကို ကြည့်ဖို့ သဘောတူတယ်"
အသူရာအကြီးအကဲက ခေါင်းငြိမ့်သည်။
"သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနှစ်တွေမှာ သူ ဘယ်မှာ ပုန်းနေခဲ့လဲဆိုတာ ကြည့်ရအောင်။ ငါလည်း အကြီးအကဲ ကလဲရန့်စ်နဲ့ သဘောတူတယ်"
မုဆိုးက ရယ်မောကာ ပြောလိုက်သည်။
"မင်းတို့ကော ဘယ်လိုလဲ"
ကလဲရန့်စ်က အမျိုးသမီး ငါးဦးကို အသာအယာ ပြုံးကြည့်လိုက်သည်။
နတ်ဆိုး အမျိုးသမီး ဂျေဒင်၊ မုဆိုး နှစ်ဦးနှင့် ပညာရှိ နတ်သူငယ် တစ်ဦး အပါအဝင် အားလုံးသည်လည်း အေ့စ်၏ အတိတ်ကို စိတ်ဝင်စားနေကြသဖြင့် သဘောတူ ခေါင်းငြိမ့်လိုက်ကြသည်။
အားလုံးက ကလဲရန့်စ်၏ တောင်းဆိုချက်ကို သဘောတူလိုက်သောအခါ ဂျိုးဆက်နှင့် ဝီလီတို့ မျက်နှာများ ပျက်သွားသည်။ အားလုံးက သူတို့ကို လေထဲက ဖုန်မှုန့်လိုပင် သဘောထားနေကြသည်။
အခြားမျိုးနွယ်များက အေ့စ်၏ အချက်အလက်များကို အသုံးချပြီး သူတို့ဘက်ပါအောင် ဆွဲဆောင်ခြင်း သို့မဟုတ် သူ၏ အားနည်းချက်ကို အသုံးချကာ ခြိမ်းခြောက်ခြင်းများ ပြုလုပ်မည်ကို ဂျိုးဆက် မလိုလားပေ။
ယခင်ကလည်း ဤကဲ့သို့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသော်လည်း၊ လူသားမျိုးနွယ်သည် မဟာမိန်အတွင်း အခြားမျိုးနွယ်များ၏ နေရာကို တစ်ခါမျှ မခြိမ်းခြောက်နိုင်ခဲ့ဖူးသဖြင့် လူသားတစ်ဦးအတွက် ယခုကဲ့သို့ ဖြစ်လာခြင်းမှာ ပထမဆုံးပင် ဖြစ်သည်။
သို့သော် အေ့စ်ကတော့ သိသိသာသာပင် ပါရမီထူးသူ ဖြစ်ရာ၊ သူဟာ နောင်တစ်ချိန်တွင် မဟာမိတ်၌ ဩဇာရှိသူတစ်ဦး ဖြစ်လာပြီး လူသားများအတွက် အရင်းအမြစ်များကို ရှာဖွေပေးနိုင်မည် ဖြစ်သည်။ အကယ်၍ ဤလူများက သူ့ကို လူသားများလက်ထဲမှ လုယူသွားနိုင်လျှင် လူသားမျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
သို့သော် ဂျိုးဆက်အနေဖြင့် ဘာမှ မတတ်နိုင်ပေ။ အကြောင်းမှာ မဟာမိတ်အတွင်း ဤကဲ့သို့သော အကြံအစည်များက ပုံမှန်ကိစ္စတစ်ခုလို ဖြစ်နေပြီး၊ စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရန် မည်သူကမျှ တားဆီးခြင်း မပြုကြသောကြောင့် ဖြစ်သည်။
လူတိုင်းက မိမိဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြသည်။ဒါ့အပြင် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ဆိုသည်မှာလည်း အတင်းအကျပ် ဖိအားပေးစေခိုင်းမှုဟု သက်သေမပြနိုင်သရွေ့ ခွင့်ပြုထားသည့် သဘောမျိုးသာ ဖြစ်သည်။
ထို့ကြောင့် မျိုးနွယ်စုကြီး သုံးစုက အေ့စ်၏ အားနည်းချက်ကို ရှာဖွေရန်နှင့် သူ့ကို သူတို့၏ လက်အောက်ခံဖြစ်အောင် ဆွဲဆောင်ရန်အတွက် အတိတ်ကို ကြည့်လိုခြင်း ဖြစ်သည်။
သေမျိုးလောကရှိ သူ့အချက်အလက်များကို ကြည့်ရှုရန်အတွက် မဲအများစု ရရှိရန်သာ လိုအပ်သည်။
၎င်းကို အေ့စ် စမ်းသပ်မှု မအောင်မြင်ခင် ယခုအချိန်တွင်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အကယ်၍ သူသာ အစစ်အမှန် မဟာမိတ်အဖွဲ့ဝင် ဖြစ်သွားပါက သူ၏ အချက်အလက်များကို ပိတ်သိမ်းထားမည်ဖြစ်ပြီး မဟာမိတ်၏ အကြီးအကဲအဆင့်ရှိသူများသာ ကြည့်ရှုနိုင်တော့မည် ဖြစ်သည်။
တစ်စုံတစ်ယောက်၏ ဘဝရာဇဝင်တစ်ခုလုံးကို မည်သို့ မြင်နိုင်သနည်းဆိုသော် ၎င်းမှာ မီးခိုးရောင် အမှတ်အသား တိုကင်များကြောင့် ဖြစ်သည်။ မဟာမိတ်၏ တရားဝင်အဖွဲ့ဝင် ဖြစ်လာသောအခါ အဖွဲ့ဝင်ဖြစ်ကြောင်း သက်သေအဖြစ် အမှတ်အသား တိုကင်တစ်ခုကို ပေးအပ်သည်။
၎င်းတွင် အခြားလုပ်ဆောင်ချက်တစ်ခု ရှိသေးသည်။ ၎င်းမှာ ထိုသူ၏ ဘဝအတွေ့အကြုံများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ၎င်းကို သိုလှောင်လက်စွပ်ထဲတွင် ထည့်ထားလျှင်ပင်၊ ထိုလက်စွပ်များ၏ အဆင့်မှာ နိမ့်ပါးသဖြင့် မည်သည့်ကန့်သတ်ချက်မှမရှိဘဲ မှတ်တမ်းတင်နိုင်သည်။
တရားဝင်အဖွဲ့ဝင် တစ်ဦးသည် မဟာမိတ်၏ အစစ်အမှန် အဖွဲ့ဝင် ဖြစ်လာနိုင်သောကြောင့်၊ အခြားသူများက အမည်လွှဲဖြင့် အဖွဲ့ဝင် ဖြစ်မလာစေရန် ထိုတိုကင်များက ဘဝရာဇဝင်တစ်ခုလုံးကို ပြောပြနိုင်ခြင်း ဖြစ်သည်။
သို့သော် မဟာမိန်သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ခိုးဝင်မှုမျိုး တစ်ခါမျှ မဖြစ်ဖူးသဖြင့် မည်သူမျှ သတိမထားမိကြပေ။ မဟာမိတ်သည် သေမျိုးလောက၏ အင်အားအဆင့်အတန်းကို အပြည့်အဝ ထိန်းချုပ်ထားပြီး၊ ထူးခြားမှုတစ်ခုခုရှိလျှင် ဖွဲ့စည်းမှုကြီးက ချက်ချင်း သိရှိနိုင်သောကြောင့် ခိုးဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ထို့အပြင်၊ မဟာမိတ်မှာ စမ်းသပ်မှုအောင်မြင်သရွေ့ မည်သူမဆို အဖွဲ့ဝင်ဖြစ်ရန် ခွင့်ပြုထားသဖြင့်၊ မိမိချစ်ခင်ရသူများနှင့်အတူ အသတ်ခံရနိုင်သည့် ထိုကဲ့သို့သော စွန့်စားမှုကို ပြုလုပ်ရန် အကြောင်းရင်း မရှိပေ။
ထို့ကြောင့် အေ့စ်က တခြားလူတစ်ဦး ဖြစ်နေလိမ့်မည်ဟု ထိုစာစစ်မှူးများ စိတ်ထဲမှာ တစ်ခါမျှပင် မတွေးမိကြချေ။
သို့တိုင် ဤတိုကင်က ပါရမီရှင်တစ်ဦး၏ လျှို့ဝှက်ချက်အားလုံးနှင့် စိတ်နေစိတ်ထားများကိုပါ သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ဖော်ပြနိုင်စွမ်း ရှိသည်။ ဒါပေမဲ့လည်း မည်သူကမျှ သေမျိုးလောကမှ လာသူတစ်ဦး၏ ခံစားချက် သို့မဟုတ် ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်ကြပေ။
ထို့ကြောင့် မဲ ၈ မဲ ရရှိပြီးနောက်၊ ကလဲရန့်စ်က အေ့စ်၏ ကိုယ်ရေးမှတ်တမ်းကို သူ၏ တိုကင်မှတစ်ဆင့် စစ်ဆေးခွင့် ရရှိသွားသည်။
သူက အချိန်ဆွဲမနေတော့ဘဲ လက်ထဲတွင် သလင်းကျောက်တုံးလေးတစ်ခု ပေါ်လာစေကာ၊ သူ၏ ချီစွမ်းအားကို ထည့်သွင်းလိုက်ရာ ၎င်းမှာ မှောင်မည်းသော အလင်းရောင်များ တောက်ပလာသည်။
ထို့နောက် သူပ ထိုကျောက်တုံးကို အဆင့် ၅၅၈ တွင် ရောက်နေသော အေ့စ်ရှိရာဘက်သို့ ဦးတည်လိုက်ရာ၊ ကျောက်တုံးထဲမှ ခံစားချက်ကင်းမဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ပြိုင်ပွဲဝင် အမှတ် ၄,၃၄၉၊ အမည် - ဝှိုက်စ် (လူသား)၊ အရိုးအသက် - ၂၇ နှစ်"
ကလဲရန့်စ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"ငါတို့ ပြိုင်ပွဲဝင် ဝှိုက်စ်ရဲ့ သေမျိုးလောကက တိုကင်မှတ်တမ်းကို ကြည့်ချင်တယ်"
"မြေခွေးအုပ်စုတွေ.."
ဝီလီက နောက်ကျသွားပြီဖြစ်ကြောင်း သိသဖြင့် ကျိန်ဆဲလိုက်သည်။ ဂျိုးဆက်ကမူ တိတ်ဆိတ်စွာဖြင့် ထိုအကြီးအကဲ ရှစ်ဦးကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"ခွင့်ပြုချက် ရရှိပါသည်"
နောက်တစ်စက္ကန့်တွင် သလင်းကျောက်တုံးမှာ တောက်ပလာပြီး ပုံရိပ်တစ်ခု စတင်ပေါ်ထွက်လာသည်။ ဝီလီနှင့် ဂျိုးဆက် အပါအဝင် အားလုံးက ထိုပုံရိပ်ကို အာရုံစိုက် ကြည့်လိုက်ကြသည်။
သို့ပေမဲ့လည်း သူတို့မြင်လိုက်ရသည့်အရာကြောင့် အားလုံး ဆွံ့အသွားကြသည်။ အကြောင်းမှာ ထိုမှတ်တမ်းသည် ဝှိုက်စ် မွေးဖွားစဉ်ကတည်းက စတင်ခြင်းမဟုတ်ဘဲ၊ သူ ယခုရှိနေသည့် ပုံစံအတိုင်း အဆောက်အအုံတစ်ခုထဲမှ လမ်းလျှောက်ထွက်လာစဉ်ကစ၍ ပြသနေခြင်းကြောင့် ဖြစ်သည်။
ထိုအဆောက်အအုံ၏ အမည်မှာ မဟာမိတ် အရာရှိ မှတ်ပုံတင်ဌာနပင် ဖြစ်သည်။
"သူက အဆင့်နိမ့် အဖွဲ့ဝင်ကနေ တရားဝင်အဖွဲ့ဝင်အဖြစ် အခုမှ ပြောင်းလိုက်တာလား"
ကလဲရန့်စ်က မျက်မှောင်ကြုတ်ကာ အံ့ဩနေသည့်လေသံဖြင့် ပြောသည်။
တိုကင်ကို တရားဝင်အဖွဲ့ဝင်များအားသာ ပေးအပ်ခြင်းဖြစ်ပြီး၊ ထိုအောက်အဆင့်ရှိသူများကို မပေးကြောင်း သူတို့ သိထားကြသည်။
ထို့အပြင်၊ ပုံရိပ်ကို အရှိန်မြှင့်ကြည့်လိုက်သောအခါ သူတို့အားလုံး လုံးဝ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြ၏။ ဝှိုက်စ်မှာ အခြားအဆောက်အအုံတစ်ခုသို့ သွားကာ သူ၏ မဟာမိတ်အမှတ်များကို သုံးပြီး တရားဝင်အဖွဲ့ဝင်များအတွက် ရရှိနိုင်သော ဝိညာဉ်ကျင့်စဉ်တစ်ခုနှင့် လဲလှယ်နေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ထို့နောက်တွင် ဖြစ်ပျက်သမျှမှာ အဓိပ္ပာယ်မရှိသော အိပ်မက်တစ်ခုကဲ့သို့ ဖြစ်လာနေသည်။ ဝှိုက်စ်ဟာ မြို့ထဲမှ ထွက်ခွာကာ တောအုပ်တစ်ခုထဲတွင် နေရာရှာပြီး စတင်ကျင့်ကြံရာ၊ နှစ်နာရီအတွင်းမှာပင် ပထမဆုံး ဂိတ်ကို ဖွင့်နိုင်ခဲ့ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
"ဒီလောက် လွယ်တာလား..."
သူ၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည့်အခါ စာစစ်မှူးများ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ခါသွားကြ၏။
တစ်ရက်အကြာတွင် သူက ဒုတိယ ဝိညာဉ်ဂိတ်ကို ဖွင့်နိုင်ခဲ့ပြီး၊ နှစ်ရက်အကြာတွင် တတိယဂိတ်၊ ကျင့်ကြံမှု စတင်ပြီး ခုနစ်ရက်မြောက်နေ့တွင် စတုတ္ထမြောက် ဝိညာဉ်ဂိတ်ကို ဖွင့်နိုင်ခဲ့သည်။
"ဒါက မသေမျိုးဖြစ်မယ့် လမ်းစဉ်လား၊ ဘယ်လောက်တောင် လွယ်လိုက်သလဲ.."
ဝှိုက်စ်ဟာ ကျင့်ကြံမှုကို စွဲလန်းနေသူတစ်ဦးကဲ့သို့ ရူးသွပ်စွာ ရယ်မောရင်း ဆက်လက်ကျင့်ကြံနေသည်။
ဝှိုက်စ် တစ်ဘဝလုံး၏ မှတ်တမ်းမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ အကြောင်းမှာ ဝှိုက်စ်က တရားဝင်အဖွဲ့ဝင် ဖြစ်ပြီး တစ်လအကြာတွင် ယခုစမ်းသပ်မှုကို လာရောက်ဖြေဆိုခြင်း ဖြစ်သောကြောင့်ပင်။
သူတို့က မှတ်တမ်းကို အရှိန်မြှင့်ကြည့်ခဲ့သော်လည်း အရာအားလုံးကို အနှေးပြကွက်ကဲ့သို့ အသေးစိတ် မြင်ခဲ့ကြရသည်။ မဟာမိတ်၏ သမိုင်းတစ်လျှောက်တွင် အဆင့်နိမ့်အဖွဲ့ဝင်မှ တရားဝင်အဖွဲ့ဝင်အဖြစ် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ရောက်ရှိလာပြီး၊ တစ်လအတွင်းမှာပင် ဂိတ်ကိုးခု ကျင့်ကြံသူတစ်ဦး ဖြစ်လာကာ စမ်းသပ်မှု လာဖြေသည့် အဖြစ်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ပုံမှန်အားဖြင့် အသစ်ခန့်အပ်ခံရသော အဖွဲ့ဝင်များက မြို့ထဲတွင် အခြေချနေထိုင်ပြီးမှသာ သူတို့၏ သားစဉ်မြေးဆက်များကို မဟာမိန်အဖွဲ့ဝင်အဖြစ် မွေးဖွားစေကာ အဖွဲ့ဝင်အစစ်အမှန်ဖြစ်အောင် လေ့ကျင့်ပေးတတ်ကြသည်။
ဂျိုးဆက်ကတော့ ထိုအချိန်တွင် ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟားဟားဟား... ငါတို့ လူသားမျိုးနွယ်ထဲမှာ နှစ်ပေါင်းတစ်သောင်းမှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာပြီဟေ့"
***