ထိုအချိန်တွင် အေ့စ်မှာ ၁၀၀၁ ထစ်မြောက် လှေကားထစ်သို့ တက်လှမ်းနေပြီး၊ စမ်းသပ်မှု စတင်ခဲ့သည်မှာ နာရီဝက်သာ ရှိသေးသည်။
ထို့ကြောင့် အေ့စ်က တတိယအဆင့်တွင် အရှိန်လျှော့ရန်နှင့် ချီစွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူဟာ ချီစွမ်းအား တစ်စက်မျှမသုံးဘဲ စမ်းသပ်မှုတစ်ခုလုံးကို အောင်မြင်သွားလျှင် အလွန်အမင်း ထူးဆန်းနေပေလိမ့်မည်။
‘ချီ ရောင်ခြည်ဖြာထွက်စွမ်းအား..’
ထိုစွမ်းအား၏ အရိပ်အယောင်ကိုပင် မမြင်ရသဖြင့် အေ့စ် အံ့အားသင့်သွားမိသည်။ ၁၀၀၁ ထစ်မြောက်ကို နင်းလိုက်သည့် အခါကျမှသာ ၎င်းကို ခံစားလိုက်ရခြင်း ဖြစ်သည်။
(မှတ်ချက် - ချီ ရောင်ခြည်ဖြာထွက်ခြင်းဆိုသည်မှာ ဝိညာဉ်ရေးရာနှင့် သိုင်းပညာဆိုင်ရာ ဖြာထွက်ဖိအား နှစ်ခုလုံးကို ဆိုလိုခြင်း ဖြစ်သည်။)
သို့သော်လည်း ၀.၀၁ ပွိုင့်သာရှိသော ချီဖြာထွက်အားအောက်တွင် အေ့စ်က မျက်နှာဖြူဖျော့သွားသည့်ဟန် ပြသလိုက်ပြီး၊ ဝိညာဉ်ဂိတ်အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော ဝိညာဉ်ချီလှိုင်းများကို အားနည်းစွာ ထုတ်လွှတ်လိုက်သည်။
ငါးမိနစ်ခန့် အမောဖြေပြီးနောက်တွင် သူက ၁၀၀၂ ထစ်မြောက်ကို လှမ်းတက်လိုက်သည်။ ထို့နောက် ရှေ့သို့မဆက်မီ တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ထပ်မံရပ်နားပြန်သည်။
ဤပုံစံအတိုင်းပင် အေ့စ်က တတိယအဆင့်သို့ တက်လှမ်းလိုက်သည်။ တစ်ခါတစ်ရံတွင် သူက ပြုတ်ကျတော့မည့်အလား ဟန်ချက်ပျက်ပြသလို၊ တစ်ခါတစ်ရံတွင် ပြင်းထန်သော ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်ပြီးမှ ရှေ့သို့ ဆက်တက်သည်။
အားလုံးက သူ့ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြစဉ်၊ လူသားများကတော့ မိမိတို့၏ လူသားမျိုးနွယ်ဝင်တစ်ဦး နောက်သို့ပင် လှည့်မကြည့်ဘဲ ဆက်တက်နေသည်ကို ကြည့်ကာ လက်သီးများကို တင်းတင်းဆုပ်ထားကြသည်။
အခြားသူများမှာ ၁၀ ထစ်နှင့် ၁၀၀ ထစ်ကြားတွင်သာ ရုန်းကန်နေကြရပြီး၊ ထိုဆံပင်ဖြူလူငယ်ကဲ့သို့ တက်လှမ်းနိုင်ရန် အံကြိတ်ကာ ကြိုးစားနေကြသဖြင့် သူတို့၏ သွေးများက ဆူပွက်နေကြ၏။ လူသားတစ်ဦးက တက်လှမ်းခြင်း လှေကားထစ်ကို တစ်ကြိမ်တည်းဖြင့် အမြန်ဆုံးနှုန်းဖြင့် တက်လှမ်းနိုင်သည့် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာတော့မည်အား မျက်မြင်တွေ့ကြုံရန် မျှော်လင့်စောင့်စားနေမိကြသည်။
လူတိုင်းက သူ၏အမည်ကို သိလိုကြသော်လည်း အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ တတိယအဆင့်သို့ ရောက်သွားပြီးနောက်တွင် နောက်ကြောင်းပြန်လှည့်ရန် မရှိတော့ပေ။ သူက အောင်မြင်ရမည်၊ သို့မဟုတ် ကြိုးစားရင်း သေဆုံးရမည်သာ ဖြစ်သည်။
စာစစ်မှူး ဆယ်ဦးပင်လျှင် အေ့စ်ကို ခံစားချက်မျိုးစုံဖြင့် ကြည့်နေကြ၏။ ဝှိုက်စ်၏ တိုကင်တွင် မှတ်တမ်းတင်ထားသော တစ်လဆိုသည့် အချိန်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ဂျိုးဆက်မှာ အလွန်အမင်း စိုးရိမ်နေမိသည်။
အကယ်၍ သူသာ တတိယအဆင့်တွင် သေဆုံးသွားခဲ့လျှင် ၎င်းမှာ လူသားမျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
အကြောင်းမှာ တစ်လအတွင်း ဝိညာဉ်ဂိတ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်သည့် ဤကဲ့သို့သော ပါရမီရှင်မျိုးသည် နှစ်ပေါင်းတစ်သောင်းမှ တစ်ကြိမ်သာ ပေါ်ထွက်တတ်သောကြောင့် ဖြစ်သည်။
ထိပ်သီးမျိုးနွယ်စု သုံးစုထဲတွင်ပင် ဤကဲ့သို့သော ပါရမီရှင်မျိုးမှာ လက်ချိုးရေတွက်၍ရပြီး၊ သူတို့အားလုံးမှာလည်း မဟာမိတ်၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကာ မဟာမိတ်ခေါင်းဆောင် ရာထူးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။
လူသားများထဲတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး မရှိခဲ့ဖူးပေ။ ယခုအခါ ဂျိုးဆက်က ဝှိုက်စ်ကို မြင်သောအခါ မျှော်လင့်ချက် ရလာသော်လည်း ပြဿနာမှာ ၎င်းကို သူတစ်ယောက်တည်း သိနေခြင်း မဟုတ်ပေ။
ဝီလီကတော့ သူတို့မျိုးနွယ်စုများအကြား ဆက်ဆံရေးကောင်းမွန်သဖြင့် ဂျိုးဆက်အတွက် ဝမ်းသာပေးနေသော်လည်း အခြားသူများမှာမူ ထိုသို့ မဟုတ်ကြပေ။ သူတို့က ဤလူသားကို သူ့တို့ဘက်သို့ ဆွဲဆောင်ရန်၊ ဝှိုက်စ်၏ ကြီးထွားမှုကို နှိမ်နင်းရန် သို့မဟုတ် လုံးဝဖယ်ရှားပစ်ရန် နည်းလမ်းမျိုးစုံ ကြံစည်နေကြသည်။
သို့သော် ပထမနည်းလမ်းမှာ အလွယ်ဆုံးဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ အလွန်ခက်ခဲသည်။
မဟာမိတ်အဖွဲ့ဝင်အချင်းချင်းကို လူသိရှင်ကြား သတ်ဖြတ်ခြင်း သို့မဟုတ် အန္တရာယ်ပေးခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း ပေါ်မလာဖူးသည့် နှစ်တစ်သောင်းပါရမီရှင်မျိုးကို ပို၍ပင် မလုပ်ဝံ့ကြပေ။
ဤကဲ့သို့သောသူနှင့် ရန်ငြိုးဖွဲ့မည့်အစား ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ မဟုတ်ပါက အမုန်းတရားမျိုးစေ့ကို ချမိပြီး သူ့ကို အပြတ်မရှင်းနိုင်လျှင် နောက်ဆက်တွဲမှာ ကောင်းမည်မဟုတ်ပေ။
"တကယ့် လူတော်လေးပဲ။ ၁ ပွိုင့်ရှိတဲ့ ချီဖြာထွက်အားအောက်မှာတောင် သူ စိတ်မလွတ်သွားဘဲနဲ့ ချီစွမ်းအားတွေ ကုန်ခန်းနေတဲ့ ကြားက ရှေ့ကို ဆက်တက်နေသေးတယ်။ သူရဲ့ စိတ်ဓာတ်ခိုင်မာမှုတစ်ခုတည်းနဲ့တင် ကျင့်ကြံခြင်းလမ်းမှာ အဝေးကြီး သွားနိုင်တယ်။ ငါတို့ အဆင့်မြင့်အကြီးအကဲတွေဆီ အစီရင်ခံရင် ဘယ်လိုလဲ"
ဝီလီက ရုတ်တရက် ပြောလိုက်သည်။ အေ့စ်မှာ ယခုအခါ တိမ်တိုက်များရှိရာသို့ ရောက်ရန် လှေကားထစ် ၅၀ သာ လိုတော့သည်။
သူက မောဟိုက်နေပြီး ခြေလှမ်းများ တုန်ယင်နေသော်လည်း အမြဲတမ်း ရှေ့သို့ တက်လှမ်းနိုင်ခဲ့သဖြင့် ဂျိုးဆက်နှင့် ဝီလီတို့မှာ ရင်တထိတ်ထိတ် ဖြစ်နေရပြီး အခြားသူများကမူ စိတ်ပျက်နေကြသည်။
ကလဲရန့်စ်က ဝီလီကို စောင်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မင်း တကယ်ပဲ အဆင့်မြင့်အကြီးအကဲတွေကို သွားနှောင့်ယှက်ချင်တာလား။ သူက နှစ်တစ်သောင်းပါရမီရှင် ဟုတ်မဟုတ်ဆိုတာ မသေချာသေးဘူးလေ။ ဒုတိယနဲ့ တတိယ ကျင့်ကြံခြင်းအဆင့်တွေမှာလည်း ဒီလို ကျင့်ကြံမှုအရှိန်မျိုး ပြသနိုင်မှပဲ အဆင့်မြင့်အကြီးအကဲတွေကို တင်ပြသင့်တယ်"
ကလဲရန့်စ်မှာ ဤကိစ္စသာ အဆင့်မြင့်အကြီးအကဲများ (အထူးသဖြင့် လူသားမျိုးနွယ် အဆင့်မြင့်အကြီးအကဲ) ထံ ရောက်သွားပါက အခြားမျိုးနွယ်စုများအနေဖြင့် သူ့ကို စည်းရုံးရန် အခွင့်အရေး ရတော့မည်မဟုတ်ကြောင်း သိနေသည်။
တိမ်တိုက်ပေါ်ရှိ မဟာမိတ်နယ်မြေကို ကျင့်ကြံခြင်းနယ်မြေဟု ခေါ်ပြီး၊ သေမျိုးလောကကဲ့သို့ပင် အဆင့်အတန်း အမျိုးမျိုး ရှိသည်။ ထို့အပြင် ကျင့်ကြံခြင်းနယ်ပယ်ကို နေနယ်ပယ် နှင့် လနယ်ပယ်ဟု နှစ်မျိုးခွဲထားသည်။
နေနယ်ပယ်မှာ အမျိုးသားများ ကျင့်ကြံရာဖြစ်ပြီး လနယ်ပယ်မှာ အမျိုးသမီးများအတွက် ဖြစ်သည်။ သို့သော် အဆင့်သတ်မှတ်ချက်မှာ အတူတူပင် ဖြစ်သည်။
အနိမ့်ဆုံးအဆင့်မှာ မဟာမိတ်ကျောင်းသား ဖြစ်ပြီး၊ ထို့နောက် မဟာမိတ်ပညာရှင်၊ မဟာမိတ်နည်းပြ၊ မဟာမိတ်အကြီးအကဲ နှင့် မဟာမိတ်အဆင့်မြင့်အကြီးအကဲဟု အဆင့်ဆင့် ရှိသည်။ ထိုငါးဆင့်၏ အထက်တွင် နယ်ပယ်အရှင်နှစ်ပါး (နေသခင် & လသခင်) နှင့် မဟာမိတ်ခေါင်းဆောင် တစ်ဦး ရှိသည်။
နယ်ပယ်နှစ်ခုလုံးတွင် မဟာမိတ်ကျောင်းသားပေါင်း သိန်းချီရှိပြီး၊ အေ့စ်သာ လှေကားထစ်ပေါ် တက်လှမ်းပြီးသည်နှင့် ဤအဆင့်ကို ရရှိမည်ဖြစ်သည်။
ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသူများကို မဟာမိတ်ပညာရှင် အဆင့်ပေးပြီး၊ ဝိညာဉ်သရုပ်ပြခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်သူများကို မဟာမိန်နည်းပြ အဆင့်ပေးသည်။ မဟာမိတ်အကြီးအကဲ အဆင့်ကိုမူ အက်ြုနိယာမသိမြင်ခြင်းအဆင့်သို့ ရောက်မှသာ ရရှိနိုင်သည်။
မဟာမိတ်အဆင့်မြင့်အကြီးအကဲများသည် စစ်မှန်သော နိယာမသိမြင်ခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြပြီး စုစုပေါင်း ၂၈ ဦးရှိကာ သူတို့အချင်းချင်းလည်း အဆင့်သတ်မှတ်ချက် ရှိသည်။ လူသားများတွင် ကံကောင်းထောက်မစွာဖြင့် အဆင့်မြင့်အကြီးအကဲတစ်ဦး ရှိပြီး သူဟာ အဆင့် ၈ နေရာတွင် ရှိသည်။ ထို့ကြောင့် မည်သူမျှ လူသားများကို ပြဿနာမရှာရဲခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ လူသားများ အင်အားအကြီးဆုံးဟု မဆိုလိုပေ။ နတ်ဆိုးများတွင် အဆင့်မြင့်အကြီးအကဲ ၈ ဦးရှိပြီး ၎င်းတို့အနက် ၃ ဦးမှာ ထိပ်တန်း ၅ ဦးစာရင်းတွင် ပါဝင်သည်။ အသူရာများတွင် ၆ ဦးနှင့် မုဆိုးများတွင် ၄ ဦး ရှိသည်။
ကျန်ရှိသော ၁၀ ဦးမှာ- မှော်သားရဲမျိုးနွယ် ၃ ဦး၊ နတ်သူငယ်မျိုးနွယ် ၃ ဦး၊ လူပု ၁ ဦး၊ သစ်ပင်မျိုးနွယ် ၁ ဦး၊ ကျောက်ဂိုလမ် ၁ ဦးနှင့် ပျားမျိုးနွယ် ၁ ဦးတို့ ဖြစ်ကြသည်။
နယ်ပယ်အရှင်နှစ်ပါးနှင့် မဟာမိတ်ခေါင်းဆောင်တို့မှာမူ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များဖြစ်ပြီး အဆင့်မြင့်အကြီးအကဲများသာ သူတို့ကို မြင်ဖူးကြသည်။ သူတို့၏ မျိုးနွယ် သို့မဟုတ် ကျင့်ကြံမှုအဆင့်ကို မည်သူမျှ မသိရှိကြဘဲ သူတို့ဟာ မဟာမိတ်၏ နေ့စဉ်ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပေ။
ထို့ကြောင့် မဟာမိတ်အဆင့်မြင့်အကြီးအကဲများ ကောင်စီကသာ မဟာမိတ်ကို ထိန်းချုပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်သည်။
ထို့အပြင် မျိုးနွယ်စုတစ်ခုသည် အဆင့်မြင့်အကြီးအကဲတစ်ဦးကို မွေးထုတ်နိုင်လျှင်၊ မဟာမိတ်အတွင်း ၎င်းတို့၏ ကိုယ်ပိုင်ဂိုဏ်း တစ်ခုကို ရရှိမည်ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း အရင်းအမြစ်များ ကြွယ်ဝသော ကိုယ်ပိုင်နယ်မြေတစ်ခု ရရှိခြင်းပင် ဖြစ်သည်။
မျိုးနွယ်တစ်ခုအနေဖြင့် ဂိုဏ်းမည်မျှ ရယူနိုင်သည်ဟူသော ကန့်သတ်ချက် မရှိပေ။ ဂိုဏ်းများလေလေ၊ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ပိုမိုကြွယ်ဝသော အရင်းအမြစ်များ ရှိလေလေ ဖြစ်သည်။
ဂိုဏ်းမရှိသော မျိုးနွယ်များသည် မဟာမိတ် ဘုံနယ်မြေတွင် နေထိုင်ရပြီး ဂိုဏ်းနှင့် ဘုံနယ်မြေကြား ခြားနားချက်မှာ နေ့နှင့်ညကဲ့သို့ ကွာခြားသည်။ ၎င်းတို့ရှိ ချီစွမ်းအားမှာလည်း ကောင်းကင်နှင့် ရွှံ့နွံကဲ့သို့ပင် ဖြစ်သည်။
နောက်ဆုံးအနေဖြင့် အဆင့်မြင့်အကြီးအကဲတစ်ဦးတွင် သူ၏ တစ်သက်တာ၌ သုံးကြိမ် အသုံးပြုနိုင်သော လုပ်ပိုင်ခွင့်တစ်ခု ရှိသည်။
၎င်းမှာ သူတို့မျိုးနွယ်မှ ကျောင်းသား ၃ ဦးကို အချိန်မရွေး ရွေးချယ်ခေါ်ယူနိုင်ခြင်း ဖြစ်ပြီး၊ အခြားမျိုးနွယ်များ သို့မဟုတ် ရွေးချယ်ခံရသူကိုယ်တိုင်ကပင် ငြင်းပယ်ခွင့် မရှိပေ။
အကယ်၍ ရွေးချယ်ခံရသော ကျောင်းသားကို မိမိမျိုးနွယ်ရှိ အဆင့်မြင့်အကြီးအကဲ တစ်ဦးထက်ပို၍ လိုချင်ပါက ကျောင်းသားက ရွေးချယ်ခွင့်ရှိသော်လည်း၊ ငြင်းပယ်ရန်ကား မဖြစ်နိုင်ပေ။
သို့သော် ထိုအဆင့်မြင့်အကြီးအကဲများသည် ထူးချွန်ထက်မြက်သူများကိုသာ အလိုရှိကြသဖြင့် ဤလုပ်ပိုင်ခွင့်ကို အလွန်ခဲယဉ်းစွာ အသုံးပြုကြသည်။
လူသားမျိုးနွယ်၏ အဋ္ဌမမြောက် အဆင့်မြင့်အကြီးအကဲမှာ တောရဆောက်တည်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ သူသည် ရုပ်ဝတ္ထုပစ္စည်းများနှင့် သူ၏မျိုးနွယ်အရေးကို ဂရုမစိုက်လှပေ။ လူသားများကိစ္စတွင်ပင် စိတ်ဝင်စားမှု မပြဖူးဘဲ၊ အဆင့်မြင့်အကြီးအကဲ ဖြစ်လာပြီးကတည်းက လူသားများရှေ့သို့ သုံးကြိမ်သာ ထွက်ပေါ်လာဖူးသည်။
ဝီလီ၏ အကြံပြုချက်ကြောင့် ဂျိုးဆက်၏ မျက်လုံးများ တောက်ပသွားသော်လည်း၊ သူသည်လည်း အဋ္ဌမမြောက် အဆင့်မြင့်အကြီးအကဲ၏ အကြောင်းကို ကောင်းစွာ သိထားသဖြင့် သူက အေ့စ်ကို စိတ်ဝင်စားရန် အခွင့်အရေးမှာ ၁ ရာခိုင်နှုန်းပင် မပြည့်ပေ။
ယခင်ကလည်း သူတို့မျိုးနွယ်မှ ပါရမီရှင်အချို့ကို အဋ္ဌမမြောက် အဆင့်မြင့်အကြီးအကဲနှင့် မိတ်ဆက်ပေးရန် ကြိုးစားခဲ့ဖူးသော်လည်း သူက အားလုံးကို ရက်ရက်စက်စက် ငြင်းပယ်ခဲ့သည်။
'ဒါပေမဲ့ သူ့ကို တခြားမျိုးနွယ်တွေလက်ထဲ ထည့်လိုက်ရတာထက်စာရင် ဒါက အများကြီး သာပါသေးတယ်။ ငါကြည့်ရသလောက် သူက အင်အားကို တောင့်တတဲ့ပုံပဲ၊ တခြားလူတွေက ငါတို့ထက် ပိုကောင်းတဲ့ အကျိုးခံစားခွင့်တွေ ပေးမယ်ဆိုရင် သူက တခြားဘက်ကို ကူးသွားနိုင်တယ်။ ဒါက ငါ့ရဲ့ စိုးရိမ်စိတ်သက်သက်လည်း ဖြစ်နိုင်ပေမယ့်၊ ငါ ဒီစွန့်စားမှုကို မလုပ်နိုင်ဘူး။ သူက ငါတို့ လူသားဂိုဏ်းထဲကိုပဲ ဝင်လာရမယ်'
ဂျိုးဆက် တွေးလိုက်သည်။
ထို့နောက် သူက ကလဲရန့်စ်နှင့် အခြားသူများကို ကြည့်လိုက်ရာ၊ သူတို့က ဝီလီ၏ အကြံပြုချက်ကို မနှစ်မြို့ကြသည်မှာ သိသာနေသည်။ အကယ်၍ အဋ္ဌမမြောက် အဆင့်မြင့်အကြီးအကဲကသာ တကယ် စိတ်ဝင်စားသွားခဲ့လျှင် သူတို့အတွက် အခွင့်အရေး ကုန်သွားမည် ဖြစ်သည်။
ဂျိုးဆက်က အေးစက်စွာ ပြုံးလိုက်ရင်း ဝီလီကို ပြန်ပြောလိုက်သည်။
"မင်းရဲ့ အကြံပြုချက်က မဆိုးဘူးလို့ ငါထင်တယ်။ နောက်ဆက်တွဲ ပြဿနာတွေကို ငါပဲ ကိုင်တွယ်မယ်"
သူက တွန့်ဆုတ်မနေတော့ဘဲ အဝါရောင် စွယ်စုံတစ်ခုကို ထုတ်ယူကာ ချီစွမ်းအားကို သုံးလိုက်သည်။ စွယ်စုံမှာ စတင်လောင်ကျွမ်းလာပြီး လုံးဝ လောင်ကျွမ်းမသွားမီ သူ၏ အတွေးများကို အမြန်ပေးပို့လိုက်သည်။
ခဏအကြာတွင် စွယ်စုံမှာ လုံးဝလောင်ကျွမ်းသွားပြီး အဝါရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လျှပ်စီးကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
ကျန်ရှိသော အကြီးအကဲ သုံးဦးမှာ နှာခေါင်းရှုံ့လိုက်ကြပြီး၊ သူတို့လည်း အဝါရောင်စွယ်စုံများကို ထုတ်ကာ ဂျိုးဆက်ကဲ့သို့ပင် သူတို့မျိုးနွယ်စု အဆင့်မြင့်အကြီးအကဲများထံသို့ သတင်းပို့လိုက်ကြသည်။
အဋ္ဌမမြောက် အဆင့်မြင့်အကြီးအကဲက တုံ့ပြန်မည်မဟုတ်သော်လည်း၊ သူတို့၏ အဆင့်မြင့်အကြီးအကဲများကမူ တုံ့ပြန်လာမည်ကို သူတို့ သိရှိနေကြသည်။
***