ဟဲရှန့်ရှိရာသို့ မြင်းစီးနှင်လာသော ကျန်းလျောင်သည် ဟွာအန်းကဲ့သို့ ကိုယ့်သေတွင်းကိုယ်တူးသည့် မိုက်ရူးရဲဆန်သော အပြုအမူမျိုးကို မပြသခဲ့ပေ။ အမှန်တကယ်တော့ သူသည် ရှေ့မှ မြင်ကွင်းမှာ အုပ်စုဖွဲ့ ရိုက်နှက်နေကြခြင်း မဟုတ်တော့သည်ကို မြင်လိုက်ရကတည်းက မြင်းအရှိန်ကို လျှော့ချလိုက်ပြီး ရှောင်တိမ်းရန် အချိန်မရနိုင်သော သာမန်အရပ်သားများကို တက်ကြွစွာ ရှောင်ရှားခဲ့သည်။
ဟွာအန်း၏ မောက်မာမှုနှင့် နှိုင်းယှဉ်လျှင် ဤအချက်က ကျန်းလျောင်သည် အားနည်းသူများကို နှိပ်စက်ရခြင်းအား စက်ဆုပ်ရွံရှာသူ ဖြစ်ကြောင်းပြသနေသည်။
မှန်ပေသည်။ ကျန်းလျောင်က အရပ်သားများကို မနှိပ်စက်ခြင်းမှာ စစ်သည်တော်တစ်ဦး၏ ကျင့်ဝတ်ကို လိုက်နာခြင်းကြောင့်သာဖြစ်သည်။ ၎င်းမှာ သူက အရပ်သားများကို အလွန်အရေးကြီးသူများအဖြစ် ရှုမြင်နေခြင်းကြောင့်တော့ မဟုတ်ပေ။ ထိုကာလ၌ ဟန်မင်းဆက်တစ်ခွင်ရှိ ပညာအရှိဆုံးသော ပညာရှိအမတ်ကြီးများပင်လျှင် သာမန်အရပ်သားများအပေါ်တွင် အလွန်ဆုံး သနားစောင့်ရှောက်လိုသည့် စိတ်ထားမျိုးသာ ရှိကြသည်။
ဟန်မင်းဆက်မတိုင်မီက 'ဒုတိယမြောက် ပညာရှိကြီး' မုန့်ကျိက 'တိုင်းပြည်တစ်ခုတွင် လူထုသည် အရေးကြီးဆုံးဖြစ်ပြီး၊ မြေစောင့်နတ်နှင့် ကောက်ပဲသီးနှံနတ်တို့မှာ ဒုတိယ၊ အုပ်ချုပ်သူမင်းမှာမူ အရေးပါမှု အနည်းဆုံးသာ ဖြစ်သည်' ဟူသော အတွေးအခေါ်ကို တင်ပြခဲ့သော်လည်း အုပ်ချုပ်သူလူတန်းစားများမှာ ၎င်းကို လက်တွေ့ဘဝတွင် အလေးအနက် ကျင့်သုံးခဲ့ခြင်းမရှိပေ။ ထန်မင်းဆက်မှ ဧကရာဇ်ထိုက်ကျုံးက 'ရေသည်လှေကို သယ်ဆောင်နိုင်သကဲ့သို့၊ မှောက်လှန်ပစ်နိုင်စွမ်းလည်းရှိသည်'ဟု အုပ်ချုပ်သူနှင့် လူထု၏ ဆက်ဆံရေးကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးမှသာ အုပ်ချုပ်သူလူတန်းစားများမှာ သာမန်အရပ်သားများသည် မင်းဆက်တစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း တဖြည်းဖြည်း အသိအမှတ်ပြုလာခဲ့ကြသည်။ ထိုအချိန်မတိုင်မီအထိ မင်းဆက်များသည် အရပ်သားများကို ပဒေသရာဇ်စနစ်အောက်ရှိ အနိမ့်ဆုံးသော ကျွန်ပြုခံများအဖြစ်သာ ဆက်ဆံနေကြဆဲဖြစ်သည်။
သို့သော်လည်း ထိုအချိန်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသော ကျန်းလျောင်အတွက်မူ ဤကဲ့သို့ ခိုင်မာသော စည်းကမ်းချက်များရှိနေခြင်းမှာ ဟဲရှန့်၏ အမြင်တွင် အတော်လေး ချီးကျူးစရာ ကောင်းလှပေသည်။ ထို့အပြင် ကျန်းလျောင်သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသောအခါ သူ၏ လူအင်အား အသာစီးရမှုကို အသုံးချ၍ ကြွားဝါခြင်း မရှိဘဲ၊ မြင်းပေါ်မှဆင်းကာ တလေးတစား နှုတ်ဆက်ခဲ့သည်။
ဤအခိုက်အတန့်တွင် ဟဲရှန့်သည် နောင်တစ်ချိန်၌ ချောင်ဝေ့၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်လာမည့်သူကို ဂရုတစိုက် မကြည့်ဘဲ မနေနိုင်တော့ပေ။ ကျန်းလျောင်သည် ငယ်ရွယ်သော်လည်း အရပ်ရှစ်ပေခန့် မြင့်မားကာ၊ ခိုင်ခံ့သော သံချပ်ကာအင်္ကျီနှင့် ကျားစွယ်ပုံစံ စစ်ဦးထုပ်ကို ဆောင်းထားသဖြင့် ကြောက်မက်ဖွယ်ကောင်းသော စစ်ဗိုလ်ချုပ်တစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သူ၏ ကြေးနီရောင်အသားအရေ၊ ပြတ်သားသော မျက်နှာပေါက်နှင့် ချောမောသော ရုပ်ရည်တို့ကလည်း ရဲရင့်သော သူရဲကောင်းပီသမှုကို ဖော်ပြနေပေသည်။
အားနည်းချက်တစ်ခုတည်းမှာ ကျန်းလျောင်၏ ရှည်လျားကျဉ်းမြောင်းသော မျက်နှာ၊ ချိတ်ကွေးပုံသဏ္ဌာန် နှာခေါင်းနှင့် တစ်ဖက်သားကို မထီမဲ့မြင်ပြုတတ်ကာ ထိန်းချုပ်ရခက်သော အမူအရာတို့ပင် ဖြစ်သည်။ ရုပ်ရည်ပိုင်းဆိုင်ရာ လေ့လာသည့် ကျမ်းစာများအရ ၎င်းကို 'အစိမ်းရောင်ဓားသွား' မျက်နှာဟု ခေါ်ဆိုလေ့ရှိပြီး၊ ထိုကဲ့သို့သော သူများသည် အများအားဖြင့် မောက်မာကာ၊ စိတ်ထားကျဉ်းမြောင်းပြီး ရက်စက်တတ်သူများဖြစ်ကြသည်။
“ကျုပ်က ပမ်းကျိုးရဲ့ လက်ထောက်အရာရှိ ကျန်းလျောင်ပါ... ကျုပ်လက်အောက်က တပ်သားတွေ လမ်းပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေတယ်လို့ ကြားတာနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖို့ အရောက်လာခဲ့တာပါ...”
ကျန်းလျောင်က လက်သီးဆုပ်ကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။ သို့သော် သူ၏ နှုတ်ဆက်မှုမှာ ဟဲရှန့်ကို ဦးတည်ခြင်း မဟုတ်ဘဲ၊ ဟဲရှန့်က အမည်မဲ့သူရဲကောင်းအား လွှတ်ပေးရန် အချက်ပြလိုက်သည့် ဟွာအန်းကိုသာ ဦးတည်ခြင်း ဖြစ်သည်။
လက်ထောက်အရာရှိဆိုသည်မှာ ခရိုင်အုပ်ချုပ်ရေးမှူး သို့မဟုတ် ပြည်နယ်စစ်ဆေးရေးမှူးက ကိုယ်တိုင်ခန့်အပ်ထားသည့် အရာရှိတစ်ဦးဖြစ်ပြီး ရိက္ခာ ၆၀၀ရှီ အဆင့် ရှိသည်။ သီအိုရီအရ ကျန်းလျောင်၏ ရာထူးမှာ ဟဲရှန့်နှင့် အဆင့်တူသော်လည်း၊ ဟဲရှန့်မှာ နန်းတွင်းက တိုက်ရိုက်ခန့်အပ်ထားသော စစ်ရေးအရာရှိ ဖြစ်သဖြင့် ပြင်ပအရာရှိဖြစ်သည့် ကျန်းလျောင်မှာ ဟဲရှန့်ထက် ရာထူးတစ်ဝက်ခန့် နိမ့်ကျနေပေသည်။ အကယ်၍ ကျန်းလျောင်က ဟဲရှန့်ကို နှုတ်ဆက်ခဲ့လျှင်ပင် နားလည်ပေးနိုင်စရာ ရှိသည်။ သို့သော် သူက ရာထူးနိမ့်လှသော တပ်ခွဲမှူးဟွာအန်းကိုသာ နှုတ်ဆက်ခဲ့သဖြင့် ၎င်းမှာ မိမိကိုယ်ကို နှိမ့်ချကာ လေးစားမှုပြသည့် အမူအရာပင် ဖြစ်သည်။
ထို့အပြင် ကျန်းလျောင်၏ စကားစတင်ပုံမှာ မိမိတပ်သားများ၏ အမှားကို ဝန်ခံခြင်းဖြစ်ပြီး လျန့်ပြည်နယ်တပ်သားများ၏ အမှားကို တစ်ခွန်းမှ ထည့်မပြောခဲ့သဖြင့် သူသည် အားနည်းသူကို နှိပ်စက်ခြင်းအား စက်ဆုပ်ရုံသာမက ဆင်ခြင်တုံတရားကိုလည်း တန်ဖိုးထားသူဖြစ်ကြောင်း ထင်ရှားနေသည်။
ထို့ကြောင့်ပင် ကျန်းလျောင်က ဟဲရှန့်ကို အရေးမပါသော ဘေးလူတစ်ယောက်ကဲ့သို့ သဘောထားနေသော်လည်း ဟဲရှန့်မှာ ကျန်းလျောင်အပေါ် အလွန်ကောင်းမွန်သော ပထမဦးဆုံး အထင်အမြင်မျိုး ရရှိသွားခဲ့သည်။
ယခုအချိန်တွင်မူ ဟဲရှန့်ကြောင့် မောက်မာမှုများ ကျဆင်းသွားသော ဟွာအန်းသည် ကျန်းလျောင်က ပမ်းပြည်နယ်(ပမ်းကျိုး) မြင်းတပ်သား အယောက်ငါးရာကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသဖြင့် ပြန်လည်အာခံရန် မဝံ့တော့ပေ။ သူက တည်ငြိမ်စွာပင် ပြန်လည်နှုတ်ဆက်လိုက်ပြီး ပြောလိုက်၏။
“အရှင်က ကျွန်တော့်ကို အလွန်အမင်း ချီးမြှောက်နေပါပြီ... ဒီကိစ္စက နားလည်မှုလွဲတာလေးပါ... ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်တဲ့ လျန့်ပြည်နယ်က ကျွန်တော့်လက်အောက်ငယ်သားတွေကို ကျွန်တော်ကိုယ်တိုင် သတ်ပစ်လိုက်ပါပြီ... အရှင်ကပဲ မျှမျှတတ ဆုံးဖြတ်ပေးပါဦး...”
ထိုသို့ပြောပြီးနောက် ဟွာအန်းက လမ်းဖယ်ပေးလိုက်ရာ သံလှံများဖြင့် ထိုးသတ်ခံထားရသော သူ၏နောက်ကွယ်မှ လျန့်ပြည်နယ်တပ်သားများကို တွေ့လိုက်ရသည်။ ထိုအခိုက်၌ ကျန်းလျောင်၏ မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားတော့သည်။
ဟွာအန်းသည် အပြင်ပန်းတွင် အရှုံးပေးနေသကဲ့သို့ ရှိသော်လည်း၊ အမှန်တကယ်မှာမူ 'နောက်ဆုတ်၍ အသာစီးရယူခြင်း' ဗျူဟာကို အသုံးပြုနေခြင်းဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။ သူ၏ ရည်ရွယ်ချက်မှာ ကျန်းလျောင်အား 'ငါကတော့ ပြဿနာရှာတဲ့ ငါ့တပ်သားတွေကို သတ်ပစ်လိုက်ပြီ... မင်းရဲ့ ပမ်းပြည်နယ် တပ်သားတွေကိုတော့ မင်း ကြိုက်သလိုသာ လုပ်တော့!' ဟု ပြောလိုက်ခြင်းပင်ဖြစ်သည်။
ဟဲရှန့်သည် ဤအချိန်အထိ တစ်ခွန်းမှ ဝင်မပြောသေးပေ။ လျန့်ပြည်နယ်မှ သောင်းကျန်းသူများနှင့် နှိုင်းယှဉ်လျှင် ဤပမ်းပြည်နယ် တပ်သားများသည် အရပ်သားများကို တမင်သက်သက် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း သူ သိထားသော်လည်း၊ တိုက်ပွဲအရှိန်တက်နေစဉ်အတွင်း အရပ်သားများအပေါ် လက်ရှောင်ခဲ့ခြင်း မရှိသည်မှာ ကျန်းလျောင်၏ ကွပ်ကဲမှုနှင့် စည်းကမ်းပိုင်းတွင် အားနည်းချက် ရှိနေသည်ကို ပြသနေသည်။
ကျန်းလျောင်အနေနှင့် ဤကိစ္စကို မည်သို့ကိုင်တွယ်မည်ကို သူက စောင့်ကြည့်ချင်နေမိသည်။
“ကျန်းမင်... ရှေ့ကို ထွက်ခဲ့စမ်း!”
ကျန်းလျောင်သည် သူ၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီး ခေါင်းကိုပင် လှည့်မကြည့်ဘဲ အော်ဟစ်လိုက်သည်။
“လက်အောက်ငယ်သား ရောက်ပါပြီ!”
စောစောက ဟဲရှန့် မေးမြန်းခြင်းခံခဲ့ရသော ပမ်းပြည်နယ် တပ်စုမှူးမှာ ရင်ကိုမတ်ကာ ချက်ချင်း ရှေ့သို့ ထွက်လာခဲ့သည်။ ကျန်းလျောင်၏ ဒေါသသံထဲတွင် သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပါနေသည်ကို သူ သတိပြုမိသော်လည်း၊ ရှေ့သို့ ထွက်လာရန် တစ်စက္ကန့်လေးမှ တွန့်ဆုတ်မနေခဲ့ပေ။
“ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအဝဝကို အစကနေ အဆုံးအထိ ငါ့ကို အတိအကျ ပြောစမ်း!”
ကျန်းလျောင်က လှည့်ကြည့်လိုက်ပြီး ထိုကျန်းမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ဖုံးကွယ်ထား၍ မရတော့ပေ။
“သတင်းပို့ပါတယ် အရှင်... ကျွန်တော်က အသစ်စုဆောင်းထားတဲ့ တပ်သား အယောက်သုံးဆယ်ကျော်ကို စခန်းထဲ ခေါ်လာဖို့ အရှင့်ရဲ့ အမိန့်ကို ဆောင်ရွက်နေတာပါ... ဒါပေမဲ့ လမ်းမှာ ဒီလျန့်ပြည်နယ် တပ်သားတွေက ကျွန်တော်တို့ကို ပိတ်ဆို့ပြီး စော်ကားကြပါတယ်... ကျွန်တော်တို့လည်း အဲ့ဒီစော်ကားမှုကို သည်းမခံနိုင်တာနဲ့ သူတို့နဲ့ ပဋိပက္ခဖြစ်ပြီး... ပြီးတော့... မှားယွင်းပြီး အရပ်သားအချို့ကို သတ်မိသွားပါတယ်...”
(သမိုင်းအရ သုံးပြည်ထောင်ခေတ်မှာ ရာထူးနိမ့်သူ/ နိမ့်ကျသူများက တပ်အုပ်ချုပ်သူ ရာထူးအာဏာကြီးသူကို အရှင်လို့ခေါ်ပါတယ်။ နန်းတွင်းအုပ်ချုပ်ရေးပိုင်းက ရာထူးအာဏာကြီးသူများကိုတော့ အမတ်/အမတ်ကြီးလို့ခေါ်ပါတယ်)
“မှားယွင်းပြီး သတ်မိတယ် ဟုတ်လား”
သူ၏ တပ်သားများက အရပ်သားများကို အမှန်တကယ် သတ်ဖြတ်ခဲ့ကြောင်း ကြားလိုက်ရသဖြင့် ကျန်းလျောင်၏ ရှည်လျားကျဉ်းမြောင်းသော မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။ ထို့နောက် သူက ထပ်မေးလိုက်၏။
“ဒီလျန့်ပြည်နယ် တပ်သားတွေက ဒီနေ့ လမ်းကင်းလှည့်ဖို့ အမိန့်ရထားတယ်လို့ ငါ သိထားတယ်... သူတို့ မင်းကို တားတဲ့အချိန်မှာ ဒီအကြောင်းမပြောပြဘူးလား”
“ပြော... ပြောပြပါတယ်... ဒါပေမဲ့ သူတို့က ဆဲဆိုပြီး၊ ကျွန်တော်တို့ကို ကန်ကျောက် ရိုက်နှက်ကြတယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ လက်နက်တွေကို အပ်ဖို့ တောင်းဆိုကြပါတယ်...”
ကျန်းလျောင်၏ ဒေါသမီးကို မြင်လိုက်ရသဖြင့် ကျန်းမင်ဟု အမည်ရသော တပ်သားမှာ အလျင်အမြန်ပင် ပြန်လည်ချေပလိုက်သည်။
“ဒါဆို မင်းက မင်းရဲ့အဆင့်အတန်းကို သက်သေပြဖို့ မင်းရဲ့ အမှတ်အသား တံဆိပ်ပြားကိုရော သူတို့ကို ပြခဲ့လား”
သို့သော် ကျန်းလျောင်က သူ၏ ချေပချက်ကို ဂရုမစိုက်ဘဲ ပြတ်သားစွာ ဖြတ်မေးလိုက်သည်။
“မ... မပြခဲ့ပါဘူး...”
“ကောင်းပြီ! အနည်းဆုံးတော့ မင်းက တာဝန်ယူရဲသေးတာပဲ...”
ကျန်းလျောင်က ကျန်းမင်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး သူ၏နောက်ကွယ်မှ တပ်သားများကို အမိန့်ပေးလိုက်သည်။
“ကျန်းမင်ဟာ အခြေအနေအရပ်ရပ်ကို သေသေချာချာ မစဉ်းစားဘဲ၊ စစ်စည်းကမ်းကို လျစ်လျူရှုခဲ့တယ်... လမ်းပေါ်မှာ တပ်ဖွဲ့နှစ်ခုကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ပြီး ကြီးမားတဲ့ ဘေးဒုက္ခကို ဖြစ်စေခဲ့တယ်... သူ့ကို ကွပ်မျက်ရမယ်!”
“အရှင်... ဒါပေမဲ့ ဒီလျန့်ပြည်နယ် တပ်သားတွေက ကျွန်တော်တို့ ပမ်းပြည်နယ်သားတွေကို အမြဲတမ်း အထင်သေးပြီး အကြောင်းမရှိဘဲ ရန်စနေတာပါ...”
မိမိ၏ အပြစ်က သေဒဏ်ထိုက်သည်ဟု ကြားလိုက်ရသည့်အခါ ကျန်းမင်သည် ကျန်းလျောင်ကို အတင်းအကျပ် အသနားခံရန် ပြင်လိုက်သည်။
သို့သော် ကျန်းလျောင်က သူ့ကို ထပ်မံကန်ချလိုက်ပြီးနောက် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ ရောယှက်နေသော အသံဖြင့် ဟိန်းဟောက်လိုက်၏။
“တော်စမ်း! အဲ့ဒါက မင်း ဒီနေ့လုပ်ခဲ့တဲ့ ပြဿနာအတွက် ဆင်ခြေပေးလို့ မရဘူး!”
ထိုသို့ပြောပြီးနောက် ကျန်းလျောင်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး အသစ်စုဆောင်းထားသော တပ်သား အယောက်သုံးဆယ်ကို အော်ဟစ်လိုက်သည်။
“မင်းတို့ထဲက ဘယ်သူတွေက ခုနက ပဋိပက္ခဖြစ်တုန်းက အရပ်သားတွေကို သတ်ခဲ့တာလဲ... မင်းတို့က ပမ်းပြည်နယ်ရဲ့ စစ်သည်တော် အစစ်အမှန်တွေဆိုရင် ကိုယ့်ဖာသာကိုယ် ရှေ့ကို ထွက်ခဲ့စမ်း!”
ကျန်းလျောင်၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါအောက်တွင် စောစောက မောက်မာနေသော ပမ်းပြည်နယ် တပ်သားများမှာ ကြီးလေးသော နောက်ဆက်တွဲ ရလဒ်များကို သိရှိသွားကြသည်။ တစ်ခဏမျှ မည်သူမှ ရှေ့သို့ ထွက်မလာဝံ့ကြပေ။
ဤရလဒ်ကို မြင်လိုက်ရသည့်အခါ ဘေးတွင်ရပ်နေသော ဟွာအန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် ဟဲရှန့်က သူ၏ ယုတ်ညံ့သော အမူအရာကို သည်းမခံနိုင်သဖြင့် သူ့ကို ရိုက်မည့်ပုံစံဖြင့် လက်ရွယ်လိုက်ရာ၊ ဟွာအန်းမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏ ရိုင်းစိုင်းသော အမူအရာကို ပြန်လည်သိမ်းဆည်းလိုက်ရသည်။
“မင်းတို့က သတ်ရဲပြီးတော့၊ ဝန်မခံရဲဘူးလား”
ကျန်းလျောင်က ပို၍ပင် ဒေါသထွက်လာကာ စိတ်ပျက်သွားမိသည်။ သူသည် မြင်းပေါ်မှ သူ၏ လှံရှည်ကို ဆွဲယူလိုက်ပြီး ပမ်းပြည်နယ် တပ်သားများကို ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်၏။
“ငါ ကျန်းလျောင်က မင်းတို့ကို စုဆောင်းခဲ့တာဟာ ရန်သူတွေကို အတူတူတိုက်ခိုက်မယ့် ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တော်တွေ ဖြစ်လာဖို့ကွ... ရန်သူကိုကျတော့ ဘာမှမလုပ်နိုင်ဘဲ အရပ်သားတွေကို သတ်ဖြတ်ရာမှာ ဆရာကျတဲ့ အမှိုက်တွေ ဖြစ်လာဖို့ မဟုတ်ဘူး!”
“မင်းတို့အားလုံးက မှန်ကန်တာနဲ့ မှားယွင်းတာကို ခွဲခြားနိုင်တဲ့၊ သံမဏိလို စိတ်ဓာတ်ရှိတဲ့ ပမ်းပြည်နယ်သားတွေပါ... အခု ငါ ကျန်းလျောင်က လောယန်က အရပ်သားတွေရှေ့မှာ မတ်တတ်ရပ်ပြီး၊ ပမ်းပြည်နယ်သားတွေဟာ ကိုယ့်အမှားကိုယ် ဝန်မခံရဲတဲ့ လူရည်ညံ့တွေပါလို့ ပြောစေချင်တာလား”
ဖြောင့်မတ်မှန်ကန်မှု၊ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ ပြည့်နှက်နေသော ဤစကားများက လူတို့၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေသည်။ ကျန်းလျောင်၏ လှံဖြင့် ချိန်ရွယ်ခြင်း ခံထားရသော ပမ်းပြည်နယ် တပ်သားအသစ်များမှာ မီးပေါ်တင်ထားသကဲ့သို့ ခံစားလိုက်ရတော့သည်။ သိပ်မကြာခင်မှာပင် လူတစ်ယောက် ရှေ့သို့ ထွက်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ ပြောလိုက်၏။
“အရှင် ပြောတာ မှန်ပါတယ်! ကျွန်တော် ခုနက အရပ်သားတစ်ယောက်ကို မှားယွင်းပြီး သတ်မိခဲ့ပါတယ်... ကျွန်တော့်အသက်နဲ့ ပေးဆပ်ဖို့ ထိုက်တန်ပါတယ်!”
“ကျွန်တော်လည်း ပါပါတယ်!”
“ကျွန်တော်လည်း အတူတူပါပဲ!”
ခဏအတွင်းမှာပင် ကျန်းလျောင်၏ စိတ်လှုပ်ရှားဖွယ် စကားများကြောင့် ဤတပ်သားများမှာ ရှေ့သို့ တဖွဲဖွဲ ထွက်လာကြသည်။ ဟဲရှန့် ရေတွက်ကြည့်ရာ စုစုပေါင်း ခုနစ်ယောက် ရှိပေသည်။
“ကောင်းပြီ!”
ဤအခိုက်အတန့်တွင် ကျန်းလျောင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့သည်။ သူက သူ၏နောက်ကွယ်မှ တပ်သားများကို ညွှန်ကြားလိုက်၏။
“ဒီလူတွေရဲ့ နေရပ်နဲ့ နာမည်တွေကို မှတ်သားထားလိုက်... သူတို့ရဲ့ မိသားစုတွေဆီကို တိုက်ပွဲကျ စစ်သည်တွေရဲ့ ခံစားခွင့်အတိုင်း နစ်နာကြေးတွေ ပေးပို့လိုက်ပါ...”
ထိုသို့ပြောပြီးနောက် ကျန်းလျောင်က နာကျင်စွာဖြင့် မျက်နှာလွှဲလိုက်ပြီး သူတို့ကို ထပ်မံမကြည့်လိုတော့ပေ။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ မြှောက်ထားသော လက်ကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်တော့သည်!
“ဒီဘဝမှာတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး... နောက်ဘဝမှာတော့ အရှင့်ရဲ့ လက်အောက်မှာပဲ တပ်သား ပြန်ဖြစ်ချင်ပါသေးတယ်!”
ထိုလူခုနစ်ယောက်နှင့် ကျန်းမင်တို့က တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့သည် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်ပင် အမူအရာ ပျက်ယွင်းသွားခြင်း မရှိပေ။
ဓားများကျလာပြီး၊ ခေါင်းများ ပြတ်ကျသွားတော့သည်။
သူ့နောက်ကွယ်မှ ခန္ဓာကိုယ်များ မြေပေါ်သို့ ကျသွားသည့် အသံကို ကြားလိုက်ရသော်လည်း ကျန်းလျောင်မှာ လှည့်မကြည့်ခဲ့ပေ။ ယင်းအစား သူက ဟွာအန်းကို တောင်းပန်တိုးလျှိုးသည့် ပုံစံဖြင့် ဦးညွှတ်လိုက်ပြီး မျက်ရည်များဖြင့် မေးလိုက်၏။
“ကျွန်တော် ဒီကိစ္စကို ဒီလို ကိုင်တွယ်လိုက်ပါပြီ... အရှင်ကော ဒီအခြေအနေကို ကျေနပ်ရဲ့လား”
“ဒါ... ဒါကတော့...”
ဟွာအန်းမှာ ယခုတော့ အလုံးစုံ မှင်တက်သွားရသည်။ သူက ဟဲရှန့်ကို တစ်လှည့်၊ ကျန်းလျောင်ကို တစ်လှည့်ကြည့်ရင်း၊ တစ်နေ့တည်းမှာပင် အရူးနှစ်ယောက်နှင့် ဘယ်လိုလုပ် ဆုံတွေ့နေရသည်ကို လုံးဝ နားမလည်နိုင်တော့ပေ။
“အရှင်ကျန်း... အရှင့်ရဲ့ စစ်စည်းကမ်းအပေါ် ပြတ်သားမှုက... တကယ့်ကို လေးစားစရာပါပဲ... ဒီကိစ္စက အခုတော့ ပြေလည်သွားပြီဆိုတော့ ကျွန်တော်... ကျွန်တော်လည်း ခွင့်ပြုပါဦး...”
ထိုသို့ပြောပြီးနောက် ဟွာအန်းသည် မြင်းပေါ်သို့တက်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးရန် ပြင်လိုက်သည်။ ဤအရူးနှစ်ယောက်ရှေ့တွင် ရပ်နေရသည်မှာ သူ့အတွက် ကြီးမားသော ဖိအားတစ်ခု ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ကျန်းလျောင်က ရုတ်တရက် စကားပြောလာပြီး သူ၏လေသံမှာ အေးစက်သွားတော့သည်။
“ခေတ္တစောင့်ဦး!”
***